ဆောင်းပါး

၂၀၂၀ ရွေးကောက်ပွဲမှာ လူငယ်ကိုယ်စားလှယ်လောင်းပါဝင်မှု ပိုများလာမလား

Want create site? Find Free WordPress Themes and plugins.

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွင်း လူငယ်ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်မှုများ ပိုမိုများပြား လာနိုင်သည်ဟု သုံးသပ်ကြသလို အတားအဆီးများလည်း ရှိနေသည်ဟု ဝိဝါဒ ကွဲပြားစွာ သုံးသပ်မှုများ ရှိနေသည်။

လူငယ်အချို့သည် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားနေကြသလို ပြုပြင်ပြောင်းလဲရေးအတွက် တတ်အားသရွေ့ ပါဝင်ရန် ဆန္ဒရှိနေပြီး ရွေးကောက်ပွဲ ဝင်ရန် ဆန္ဒရှိနေသကဲ့သို့ နိုင်ငံရေးပါတီ အချို့ကလည်း လူငယ်များကို နေရာပေးရန် ပြင်ဆင်နေကြသည်။

ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကမူ ၎င်းတို့ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသော အရည်အချင်းရှိသည့် လူငယ်များကို လိုက်လံရှာဖွေနေကြောင်း ပြောသည်။

“ကျနော်တို့က လူငယ်တွေကို အလေးအနက်ထားပြီး ဖိတ်ခေါ် ကမ်းလှမ်းနေပါတယ်။ နိုင်ငံရေးမှာက လူငယ် တွေကို မက်လုံးကောင်းကောင်း မပေးနိုင်တာလည်း ရှိတော့ လူငယ်တွေက နိုင်ငံရေးမှာ ပါဝင်ဖို့ စိတ်ဝင်စားမှု နည်းတာလည်း ရှိနိုင်ပါတယ်” ဟု ဦးကိုကိုကြီးက သုံးသပ်သည်။

အသက်အပိုင်းအခြား အလိုက် လူငယ်အဖြစ် သတ်မှတ်မှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် လူငယ်ရေးရာမူဝါဒတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အထိဟု သတ်မှတ်ပြဋ္ဌာန်းထားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်တွင် ပြုလုပ်ခဲ့သော ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် အသက် ၂၅ နှစ်အရွယ်ရှိ လူငယ်ကိုယ်စားလှယ်လောင်း ကိုအောင်ခန့်နှင့် အသက် ၂၇ နှစ်အရွယ်ရှိ အလှမယ် မထက်ထက်ထွန်း တို့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်နေရာသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သော်လည်း ရှုံးနိမ့်ခဲ့သည်။

ထိုသို့ ရှုံးနိမ့်ခဲ့သဖြင့် ၎င်းတို့ကို ထောက်ခံသူအချို့က ရန်ကုန် စည်ပင်ရွေးကောက်ပွဲသည် လူငယ်များကို နေရာမပေးဟူ၍ လူမှုကွန်ရက် ဖေ့စ်ဘုတ်တွင် ဝေဖန်ခဲ့ကြသေးသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် လူငယ်များ၏ ပါဝင်ခွင့် အနည်းအများသည် နိုင်ငံရေးပါတီများပေါ်တွင် ပိုမိုမူတည် နေကြောင်း၊ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ရန် စိတ်ဝင်စားသည့် လူငယ်များ မြန်မာနိုင်ငံတွင် ရှိသော်လည်း နိုင်ငံရေးပါတီအများစုက အားတက်သရော လိုက်လံစုဆောင်းသည်ကို မတွေ့ရသေးကြောင်း ၂၀၁၉ ခုနှစ် စည်ပင်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် အသက် ၂၆ နှစ်အရွယ်ရှိ ကိုအောင်ခန့်က ပြောသည်။

လူငယ်များ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက် အရွေးခံရပါက ငွေကြေးအင်အားစိုက်ထုတ်မှု နှင့် စည်းရုံးရေးအတွက် လူအင်အား အများအပြား သုံးစွဲရနိုင်သဖြင့် တဦးတယောက်တည်း ရပ်တည်လုပ်ကိုင်ရန် မလွယ်ကူကြောင်းလည်း ၎င်းကသုံးသပ်သည်။

ကိုအောင်ခန့်က “တသီးပုဂ္ဂလပြိုင်ရင် ပိုပြီး ခက်လိမ့်မယ်။ သူတို့အနေနဲ့ ရွေးခံရမလား။ အရွေးမခံရဘူးလား ဆိုတာ က ပါတီတွေကသာ စိတ်ပြောင်းပြီးတော့ ဆွဲတင်မှသာပါမယ်။ ပါတီတွေအားလုံးပေါ့။ လူငယ်တွေပါလား မပါဘူး လား ဆိုတာက နောက်ဆုံးကျတော့ ပါတီတွေမှာပဲ မူတည်တယ်” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “ပြောရရင် Demand မပေးဘူး။ Supply ကရှိတယ်။ ကျနော်တို့က တံခါးသာ လိုက် ခေါက်နေတယ်။ တံခါးတွေက မဖွင့်ပေးဘူးဆိုရင် ဘာထူးမှာလဲ။ လောလောဆယ်တော့ ဘယ်ပါတီကမှ ခိုင်ခိုင်မာမာ မပြသသေးဘူး။ လူငယ်တွေကို အနာဂတ်နဲ့ပဲ ပြောနေတုန်းပဲ” ဟု ထောက်ပြသည်။

နိုင်ငံရေးပါတီများသည် လူငယ်များကို ကိုယ်စားလှယ်လောင်းအဖြစ် ရှေ့တန်းတင်ပါက ယင်းပါတီသည် လူကြီးများ ပွဲထုတ်သည့် ပါတီနှင့် မတူဘဲ ဆန်းသစ်နေမည်ဖြစ်ပြီး အသက် ၁၈ နှစ်နှင့်အထက် မဲပေးနိုင်သည့် လူငယ်အင်အားစုများကို ပိုမိုစည်းရုံးနိုင်သည့် အခွင့်အလမ်း ရနိုင်ကြောင်းလည်း ကိုအောင်ခန့်က ပြောသည်။

အသက် ၃၃ နှစ်အရွယ်ရှိ ကိုနေယံဦးသည် “တက္ကသိုလ်အတု၊ မေးခွန်းထုတ်စရာ ဒေါက်တာအမည်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့” ဆောင်းပါးမှ တဆင့် ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ ဘွဲ့အတုကိစ္စကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်ချခဲ့ရာ လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။

သူသည် အမေရိကန်နိုင်ငံ Northern Illinois University မှ နိုင်ငံရေးသိပ္ပံမဟာဘွဲ့ နှင့် အင်္ဂလန်ရှိ Oxford University မှ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ရ ရှိထားသူလည်းဖြစ်ပြီး မြန်မာ့နိုင်ငံရေးတွင် တထောင့်တနေရာ မှ ပါဝင်လိုသည့် ဆန္ဒ ရှိနေသည်။

သူသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် အာသီသ ရှိနေပြီး နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို တတ်အားသရွေ့ ပါဝင် ဆောင်ရွက်ရန် လိုလားသူ ဖြစ်သည်။

“ကျနော့်ဇာတိ ဖြစ်တဲ့ ဧရာဝတီတိုင်း အိမ်မဲ ၊ ကျနော် လက်ရှိနေနေတဲ့ ရန်ကုန်။ အဲဒီထဲက တစ်ခုခုရွေးဖြစ်မယ် ထင်တယ်။ အခုတော့ကြည့်နေတုန်းပါ” ဟု ၎င်းက ပြောသည်။

လက်ရှိမြန်မာ့နိုင်ငံရေးသည် မူဝါဒများကို အခြေမပြုဘဲ လူပုဂ္ဂိုလ်ကို အခြေပြုသည့် နိုင်ငံရေးပုံစံ အဟောင်း ဖြင့်သာ သွားနေပြီး နိုင်ငံရေးသမားများသည် နိုင်ငံရေးပုံစံအသစ်ဖြင့် ပါဝင်ဆောင်ရွက်ခြင်း မရှိကြကြောင်း ၎င်းက အားမလိုအားမရ ပြောပြီး “ဒီအချက်တွေကြောင့်ပဲ ကျနော်ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတယ်” ဟု ဆိုသည်။

ဧရာဝတီအနေဖြင့် နိုင်ငံရေး ပါတီ အချို့ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ စသည်တို့ကို လူငယ်ရေးရာ မူဝါဒနှင့် ပတ်သက်ပြီး မေးမြန်းကြည့်ရာ လတ်တလောတွင် ကြိုတင် ဆုံးဖြတ်ချက်များ မရှိသေးသည့် သဘော တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပါတီတွင် ကိုယ်စားလှယ် လောင်း ရွေးချယ်မှုများ မလုပ်ရသေးသကဲ့သို့ လူငယ်ပါဝင်မှုကို ရာခိုင်နှုန်း သတ်မှတ်ထားခြင်းလည်း မရှိသေးကြောင်း ဆိုသည်။

“လူငယ်တွေပါဝင်ဖို့ ရာခိုင်နှုန်း မသတ်မှတ်ထားပါဘူး။ ဒါပေမယ့် အရည်အချင်း တူရင်တော့ အမျိုးသမီး၊ လူငယ်၊ တိုင်းရင်းသားကို ရွေးရမယ်ဆိုပြီး မူဝါဒ ချထားတာ ရှိပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ရှင်းပြသည်။

တိုင်းရင်းသား နိုင်ငံရေးပါတီဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကမူ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူငယ်နှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၀ ရာခိုင်နှုန်း ပါဝင်ရန် ပါတီမူဝါဒ ချမှတ်ထားကြောင်း ပြောဆိုထားသည်။

USDP ကမူ ကိုယ်စားပြု လူငယ်နှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်းများ ပါဝင်လာမည် ဖြစ်သော်လည်း လူငယ်ပါဝင်မှုကို ရာခိုင်နှုန်း သတ်မှတ်ချက် မရှိကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဧရာဝတီသို့ပြောသည်။

၎င်းက “လူငယ်တွေ ပိုမို ပါဝင်လာဖို့ မြင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က လူငယ်တွေက နိုင်ငံရေးမှာ ကိုယ်နဲ့ မဆိုင်သလိုနေခဲ့ကြတာလေ။ ကျနော်တို့အပါအဝင်ပေါ့။ ပရဟိတလောက်ပဲ လုပ်ခဲ့ကြတာ။ အခုကျ တော့ ပြောင်းလဲလာတဲ့ နိုင်ငံရေးစနစ်အရ နိုင်ငံရေး အခင်းအကျင်းမှာ လူငယ်တွေဟာ နိုင်ငံရေးကို စိတ်ပါဝင်စားမှုတွေ မြင့်တက်လာတယ်” ဟု သုံးသပ်သည်။

“ဘယ်လိုလူမျိုး ဘယ်လို Level မှာပဲ ဖြစ်ဖြစ် အဓိကက အဲဒီဒေသပါတီက ကြိုက်ဖို့လိုတယ်။ အဲဒီဒေသက လူက သဘောကျဖို့လိုတယ်။ အဲဒီဒေသရဲ့ အကျိုးကို လုပ်နိုင်စွမ်းရှိဖို့ပဲလိုတာ။ အဲဒီပုဂ္ဂိုလ်က လူငယ်ဖြစ်လည်း ရတယ်။ အမျိုးသမီးဖြစ်လည်း ရတယ်” ဟု ၎င်းက ဆိုသည်။

ဒေသအလိုက် မြို့နယ်ပါတီနှင့် ပြည်သူလူထုက ကြိုက်နှစ်သက်သူများကိုသာ ကိုယ်စားလှယ်လောင်း အဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောဆိုသည်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့အစည်းဖြစ်သော ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်ကမူ “နိုင်ငံရေးပါတီတွေ အနေနဲ့ လူငယ်တွေကို ဘယ်လောက်များများထည့်မလဲ။ အဓိကတော့ နိုင်ငံရေးပါတီတွေက လူငယ်ကိုယ်စားလှယ်လောင်း များများ တင်သွင်းမယ်ဆိုရင် လူငယ်တွေ ရွေးကောက်ပွဲမှာ များများပါမှာပေါ့” ဟု မှတ်ချက်ပေးသည်။

ရွေးကောက်ပွဲတွင် လူငယ်ကိုယ်စားလှယ်လောင်းပါဝင်မှုသည် ပြီးခဲ့သည့် စည်ပင်ရွေးကောက်ပွဲတွင်သာ စတင်တွေ့ရှိခဲ့သည်ဖြစ်ရာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူငယ်ပါဝင်မှု အနည်းအများသည် သုံးသပ်ရန် ခက်ခဲကြောင်းလည်း ၎င်းက ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လူငယ်ကိုယ်စားလှယ်လောင်းများ ပိုမိုပါဝင်လာပါက ရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှု ပြင်းထန်လာမည်ဖြစ်ပြီး စိတ်ဝင်စားဖွယ်ကောင်းလာမည်ဟု ယူဆကြသူများလည်း ရှိသည်။

“ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ လူငယ်ဆိုတော့ သိတဲ့အတိုင်းပဲ ပိုပြီးတော့ တက်ကြွတယ်။ လှုပ်ရှားတယ်ပေါ့။ နောက်ပြီးတော့ ကျနော်တို့ နိုင်ငံမှာ ဆိုရှယ်မီဒီယာ သုံးတာများပြီးတော့ အဲဒီမှာကျတော့ လူငယ်တွေက ပိုပြီး Friendly ဖြစ်တယ်ပေါ့။ ပိုပြီးပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ဖြစ်လာမယ်လို့ ကျနော်က မျှော်လင့်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က သုံးသပ်သည်။

လူငယ်များအနေနှင့် အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ရွေးချယ်ခြင်း တခုတည်းကိုသာ နိုင်ငံရေးအရ ပါဝင်သည်ဟု မယူဆသင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။

“လွှတ်တော်ရွေးကောက်ပွဲမှာလည်း လူငယ်တွေ ပါဝင်ခွင့်ရှိသလို တဖက်မှာ ရန်ကုန်တိုင်းမှာဆိုရင် ရန်ကုန် စည်ပင်လိုမျိုးတွေ ရွေးကောက်ပွဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးလိုမျိုးတွေလည်း Political Position တွေပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေမှပဲ political position မဟုတ်ဘူးဗျာ။ ကိုယ်စားလှယ် လုပ်ခွင့်ရှိသလို တဖက်မှာလည်း စည်ပင်လူကြီးတွေ လုပ်ခွင့်ရှိတယ်” ဟု ဦးနေဘုန်းလတ်က ထောက်ပြသည်။

သို့သော်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး ကဏ္ဍမှ အုပ်ချုပ်ရေးကဏ္ဍအထိ လူငယ်များ၏ ပါဝင်ခွင့်ကို ကန့်သတ်ထားသည်များလည်း ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနှင့် ဒုတိယသမ္မတများ အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ် ရှိရမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရသူသည် အနည်းဆုံး အသက် ၄၀ ရှိရမည်ဟု ဖော်ပြထားသည်။

သို့သော်လည်း အခြေခံဥပဒေပုဒ်မ ၁၂၀ အရ ပြည်သူ့လွှတ်တော်တွင် အသက် ၂၅ နှစ်ပြည့်ပါက လွှတ်တော် ကိုယ်စားလှယ်ဖြစ်နိုင်ပြီး အခြေခံဥပဒေပုဒ်မ ၁၅၂ အရ အမျိုးသားလွှတ်တော်တွင် အသက် ၃၀ နှစ်ပြည့်မှသာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်နိုင်သည်။

သို့ဖြစ်ရာ အသက် ၁၈ နှစ်နှင့် ၂၅ နှစ်အောက်လူငယ်များသည် နိုင်ငံသမ္မတရာထူးနှင့် ဝန်ကြီးချုပ်ရာထူးများ အပါအဝင် လွှတ်တော်အမတ်ပင် ဖြစ်ခွင့်မရှိသည့် သဘောဖြစ်နေသည်။

ယင်းနှင့်ပတ်သက်၍ ကိုစိုင်းရဲကျော်စွာမြင့်က “ဒီမိုကရေစီမှာ မဲပေးခွင့်ရရုံ မဟုတ်ဘူး။ ဝင်ရောက် ယှဉ်ပြိုင်ပိုင်ခွင့်လည်း ရှိရမယ်။ ကျနော့်အမြင်အရတော့ အသက်က ကန့်သတ်စရာ မလိုဘူးလို့ မြင်တယ်။ ပြည်သူလူထုက သူတို့ကြိုက်ရင် သူတို့ရွေးမှာပဲ” ဟု သုံးသပ်သည်။

လူငယ်များ၏ ပါဝင်ခွင့်ကို ကန့်သတ်ထားသည့် နောက်ထပ် အဟန့်အတားတခုမှာ မြန်မာလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဓလေ့ဖြစ်နေပြီး လူငယ်များသည် အတွေ့အကြုံနုနယ်သည်ဟုဆိုကာ လူကြီးများက လူငယ်များကို နေရာမပေးခြင်း ဖြစ်ကြောင်းလည်း ကိုစိုင်းရဲကျော်စွာမြင့်က ထောက်ပြသည်။

“မြန်မာလူ့အဖွဲ့အစည်းမှာက လူငယ်တွေမှ မဟုတ်ပါဘူး။ အမျိုးသမီးပါဝင်မှုလို ကိစ္စတွေမှာ အခုအချိန်အထိ နည်းနည်းစိမ်းနေသေးတယ်” ဟု ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

နိုင်ငံရေးတွင် လူငယ်များ၏ ပါဝင်ခွင့် များပြားရန်လိုအပ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံနှင့်မတူဘဲ အခြားသောနိုင်ငံများတွင်မူ လူငယ်များ ရွေးကောက်ပွဲဝင်ခြင်း များပြားနေပြီး နိုင်ငံခေါင်းဆောင် အဖြစ် နေရာရခြင်းများ ရှိနေသည်။

မလေးရှားနိုင်ငံတွင် အသက် ၂၅ နှစ်အရွယ် လူငယ် ၁ ဦးကို အားကစားဝန်ကြီးအဖြစ် ခန့်အပ်ထားသလို ယူကရိန်းနိုင်ငံတွင် အသက် ၂၉ နှစ်အရွယ်ရှိ ရှေ့နေ ၁ ဦးဖြစ်သူ Oleksiy Honcharuk ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားသည်။

ထို့အတူ ဖင်လန်နိုင်ငံအစိုးရအဖွဲ့တွင်လည်း ဝန်ကြီးချုပ်ဖြစ်သူမှာ အသက် ၃၄ နှစ်အရွယ် အမျိုးသမီး Sanna Marin ဖြစ်ပြီး ၎င်း၏ ပညာရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး နှင့် နိုင်ငံခြားရေးဝန်ကြီးတို့မှာလည်း အသက် ၃၅ နှစ် မကျော်သေးသည့် အမျိုသမီးများဖြစ်သည်။

မြန်မာနိုင်ငံ၌မူ လူငယ်များ၏ နိုင်ငံရေးတွင် ပါဝင်ခွင့် နှင့် ပါဝင်မှုမှာ နည်းပါးနေဆဲဖြစ်ပြီး လွှတ်တော်တွင်း အသက် ၃၅ နှစ်အောက် လူငယ်လွှတ်တော်ကိုယ်စားလှယ် ပါဝင်မှုမှာ ၁၂ ရာခိုင်နှုန်းကျော်ရှိပြီး ကျန်လွှတ်တော် ကိုယ်စားလှယ်များသည် လူကြီးများသာ ဖြစ်သည်။

NLD အစိုးရအုပ်ချုပ်ရေးအာဏာ စတင်ရယူချိန်တွင် အသက် ၄၀ ဝန်းကျင်အရွယ် လူလတ်ပိုင်းများကို တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် အဆင့်အထိ နေရာပေးခဲ့သော်လည်း ပြည်ထောင်စုဝန်ကြီးအဆင့်တွင် ပျမ်းမျှအသက် ၆၀ အထက် လူကြီးများကို နေရာပေးထားသည်။

အသက်အငယ်ဆုံး ပြည်ထောင်စုဒုတိယဝန်ကြီး၏ အသက်မှာ အသက် ၄၁ နှစ်အရွယ်ရှိ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းဖြစ်ပြီး အခြားသော ပြည်ထောင်စုဝန်ကြီးများမှာ အသက် ၆၀ အထက်သာ များသည်။

ထို့ကြောင့် အခြားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံတွင်လည်း လူငယ်များကို နိုင်ငံရေးတွင်ပါဝင်ခွင့် အတွက် ပိုမိုလမ်းဖွင့်ပေးရန်လိုအပ်ကြောင်း၊ လူကြီးများက နေရာပေးသင့်ကြောင်း လူငယ်များက ဆိုကြသည်။

လက်ရှိအချိန်တွင် လူငယ်အချို့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေမှု ရှိနေသကဲ့သို့ နိုင်ငံရေးပါတီအချို့ကလည်း လူငယ်များကို ကိုယ်စားလှယ်လောင်းအဖြစ်ရွေးချယ်ရန် စီစဉ်ထားရာ ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေတွင်ရှိသည်။

You may also like these stories:

သတင်းတု၊ သတင်းမှားများက ၂၀၂၀ ရွေးကောက်ပွဲကို ထိခိုက်နိုင်ဟု ကော်မရှင် ပြော

သမ္မတ၊ ဝန်ကြီးများ နှင့် တရားရေး ဆိုင်ရာ စသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း အဆိုပြုချက်များ

၂၀၂၀ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိ UEC ပြော

ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့်သည် နိင်ငံသားအခွင့်အရေး ဖြစ်သည်

ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ရေး မျှော်မှန်းချက်ဖြင့် ရွေးကောက်ပွဲဝင်ရန် UNA ပြင်ဆင်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading