ဆောင်းပါး

ဝူဟန်တုတ်ကွေး၊ ဖေ့ဘွတ်နှင့် မြန်မာ့သတင်းတုများ

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံနှင့်ပတ်သက်သော သတင်းတုမုန်တိုင်းကို စိတ်ဖမ်းစားသည့် ဖေ့ဘွတ်ပို့စ်များက ဖြစ်စေ၊ အင်တာနက်ထိုးဖောက်မှု မြင့်မားခြင်းနှင့် ဒီဂျစ်တယ် သိရှိနားလည်မှု နိမ့်ကျခြင်းကြောင့် ဖြစ်စေ မြန်မာနိုင်ငံတွင် ရိုင်းစိုင်းသော ပြောဆိုမှုများနှင့် သတင်းမှားများကို အားပေးသည့် အခြေအနေကို ဖြစ်စေသည်။

ကြက်သွန်နှင့် အရက်သည် ကိုရိုနာဗိုင်းရပ်ကို ကာကွယ်ပေးသည် ဟူသော မှားယွင်းသည့် ကောလာဟလများကို မြန်မာနိုင်ငံမှ လူတချို့က ယုံကြည်နေကြပြီး တချို့က အတင်းအဖျင်း ရေးသည့် သတင်းစာမျက်နှာများတွင် အမှန်တရားကို ရှာဖွေနေကြသည်။

“ဝူဟန်သို့ အလည်တခေါက်” အမည်ရှိ ဗီဒီယိုသည် အပျော်အပျက်သဘောဖြင့် စတင်ခဲ့ပြီး ထို မြို့သည် တိုးတက်သော စီးပွားရေးအချက်အခြာဖြစ်ကာ လူဦးရေ ၁၁ သန်းရှိကြောင်း စတင်မိတ်ဆက်သည်။ ဝမ်းနည်းစရာကောင်းသော တယောသံဖြင့် စတင်ပြီးနောက် ဇာတ်ကြောင်းပြောသူက ဝူဟန်မှ လူများသည် အခြားနိုင်ငံများမှ လူများ စားသောက်သည့် အစားအသောက်နှင့်မတူသော အစားအသောက်၊ အထူးသဖြင့် သားရိုင်းတိရစာ္ဆန်များကို စားကြောင်းနှင့် ထိုမြို့တွင် လင်းနို့စွတ်ပြုတ်သည် အမှန်တကယ်ပင် ကျော်ကြားလှကြောင်း ပြောသည်။

ကြီးမားလှသော မြွေကြီးတကောင်ကို ဈေးသည်တဦးက ခုတ်ထစ်နေသည့်ပုံကို မှန်ဘီလူးဖြင့် ဆွဲပြပြီးနောက် ထိုဗီဒီယိုသည် မိန်းကလေးငယ်တဦး လင်းနို့တောင်ပံကို ကိုက်စားနေပုံကို ပြသသည်။

“ထူးဆန်းတဲ့ ဗိုင်းရပ်ရောက်လာပြီး လူတွေအများကြီးသေတယ်။ ဒီဗိုင်းရပ်မြန်မာနိုင်ငံကို ရောက်မလာဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မယ်ဆိုတာကို စဉ်းစားရမယ်” ဟု ထို ဇာတ်ကြောင်းပြောသူကပြောပြီး ကျန်းမားရေး ကျွမ်းကျင်သူများ အကြံပြုထားသည့် ကာကွယ်ရေးအစီအမံ ၅ ခုကို ပြောသည်။

ကောင်းစွာချက်ပြုတ်ထားသော အစားအသောက်များကို စားပါ၊ ကောင်းကောင်းအိပ်ပါ၊ အနီးတွင် တစုံတဦးချောင်းဆိုလျှင် အသက်ရှူအောင့်ထားပါ၊ လက်ကိုမှန်မှန်ဆေးပါ၊ အရက်သောက်ပါ စသည်တို့ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်ကူးစက်မှုနှင့် ပတ်သက်သော သတင်းမှားများ ပျံ့နှံ့သွားသည်မှာ မြန်မာနိုင်ငံတွင် ထူးခြားလှသည် မဟုတ်ပေ။

သို့သော် ပျံ့နှံ့သည့်နှုန်းမှာ လူ ၅၂ သန်းရှိသော မြန်မာနိုင်ငံတွင် သတင်းတုကို ထိန်းချုပ်ရာတွင် စိန်ခေါ်မှု ကြီးမားကြောင်း ပြသနေသည်။ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုမှုသည် ၂၀၁၃ ခုနှစ်တွင် ၇ ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၉၀ ရာခိုင်နှုန်းသို့ ခုန်တက်သွားသော်လည်း လူဦးရေ၏ ၇၈ ရာခိုင်နှုန်းသည် ဒီဂျစ်တယ် သိရှိနားလည်မှု Digital literacy နိမ့်ကျကြောင်း ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောက ပြုစုသည့် ၂၀၁၈ ခုနှစ်က အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖေ့ဘွတ်စာမျက်နှာတခုဖြစ်သည့် BBM TV က ဖြန့်ချိသော ဝူဟန်သို့အလည်တခေါက် ဗီဒီယိုသည် ၄ ရက်အတွင်း ကြည့်ရှုမှု ၅.၄ သန်း လက်ခံရရှိခဲ့သည်။

ထိုအင်တာနက်ပျံ့နှံ့မှု မြင့်မားခြင်းနှင့် ဒီဂျစ်တယ် သိနားလည်မှု နိမ့်ကျခြင်းတို့ ပေါင်းစပ်လိုက်သောအခါ လုံး၀ပြီးပြည့်စုံသည့် သတင်းမှားမုန်တိုင်းသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ် ကီလိုမီတာ ၂၂၀၀ (၁၄၀၀ မိုင်) ထိစပ်နေသော မြန်မာနိုင်ငံတွင် ပျံ့နှံ့သွားသည်။

Yaw Na Than Media က ရောဂါကိုကာကွယ်သည့် အနေဖြင့် အရက်သောက်ရန် အကြံပေးသည်

မြန်မာနိုင်ငံမှ ဖေ့ဘွတ်စာမျက်နှာများ၏ လူစိတ်ဝင်စားမှု ဆွဲဆောင်သည့် သတင်းများမှာ အင်္ဂလိပ်ဘာသာဆောင်းပါးများမှ ဘာသာပြန်များဖြစ်ပြီး အများအားဖြင့် အရည်အသွေးနိမ့်သော ဘာသာပြန်များဖြစ်ကာ တခါတရံ မူရင်းကို ဖြည့်စွက်ထည့်သွင်း ပြန်လည်ရေးသားထားသည့် စာမျက်နှာများဖြစ်သည်။

ထိုဆောင်းပါးများသည် အင်တာနက်စာမျက်နှာများစွာတွင် ပါဝင်နေသော်လည်း ထိုစာမျက်နှာများက ၎င်းတို့၏ စာရေးဆရာများကိုသာ အမည်ဖော်ပြပြီး အင်္ဂလိပ်စကား မပြောဆိုသူများအတွက် ခြေရာခံရခက်အောင် ပြုလုပ်ထားသည်။

XYZ News မှ ဆောင်းပါးတပုဒ်တွင် ကိုရိုနာဗိုင်းရပ်သစ်သည် ဇီဝလက်နက်မှ စတင်ဖြစ်ပေါ်ကြောင်း Hulk အမည်ရှိ စာရေးဆရာအမည်ဖြင့် ဖော်ပြသည်။ ထိုဆောင်းပါးသည် Washington Times က ဖော်ပြသော ဆောင်းပါးဖြစ်ပြီး ဖော်ပြပြီးလျှင်ပြီးချင်း မှားယွင်းကြောင်း ပြသနိုင်ခဲ့သည်။

အခြားဆောင်းပါးတခုတွင်မူ မြန်မာနိုင်ငံမှ စတင်ရေးသားသော ဆောင်းပါးဖြစ်ပုံရသည်။ Shwe Yaung Lan News and Entertainment စာမျက်နှာမှ ဆောင်းပါးတပုဒ်က ကြက်သွန်နီသည် ထိုဗိုင်းရပ်ကုသနိုင်သည့် ဆေးဖြစ်ကြောင်း  ဖော်ပြပြီး သေလုမျောပါး ဖြစ်နေသော လူနာတဦးသည် ကြက်သွန်နီများအနီးတွင် အိပ်သောကြောင့် ရောဂါပျောက်ကင်းသွားကြောင်း ဖော်ပြကာ Yaw Na Than Media က ရောဂါကိုကာကွယ်သည့် အနေဖြင့် အရက်သောက်ရန် အကြံပေးသည်။ ရောဂါထိန်းချုပ် ကာကွယ်ရေးဌာနက ဆပ်ပြာမရှိလျှင် အယ်ကိုဟော အခြေခံ လက်ဆေးရည်ကို သုံးရန်အကြံပေးသည်ကို တီထွင်ဆန်းသစ်စွာ ဘာသာပြန်လိုက်ခြင်း ဖြစ်နိုင်သည်။

South China Morning Post သတင်းစာ၏ This Week in Asia ကဏ္ဍက တွေ့ဆုံမေးမြန်းမှုများနှင့် ဖေ့ဘွတ်စာမျက်နှာများကို သုတေသနပြုချက်များအရ လူအများအပြားသည် သတင်းရင်းမြစ်များအပေါ် ယုံကြည်နိုင်မှု သေချာအောင်လုပ်ပြီး သတင်းကို အပြန်အလှန် တိုက်ဆိုင်စစ်ဆေးကြသော်လည်း မှားယွင်းသော အယူအဆများမှာ ပျံ့နှံ့နေပြီး အကြောင်းအရာတခုကို လူမှုကွန်ရက်သုံးသူက မည်မျှ ယုံကြည်သည်ကို မကြည့်ဘဲ၊ ပြန်လည်မျှဝေသည့် အလေ့အထလည်း ပျံ့နှံ့နေသည်။

“ဝူဟန်ဗိုင်းရပ်နဲ့ပတ်သက်တဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သတိထားရမယ်။ သတင်းရင်းမြစ်တွေနဲ့ တူတာ၊ မတူတာတွေကို နှိုင်းယှဉ်ဖို့လိုတယ်” ဟု ရန်ကုန်မှ ထမင်းဆိုင်ပိုင်ရှင် အသက် ၆၅ နှစ်အရွယ် ဦးထွန်းမြင့်နိုင်က ပြောသည်။

သို့သော် သတင်းအပေါ် ယုံကြည်နိုင်စွမ်းကို ဆုံးဖြတ်ရာတွင် ထိုသတင်းကို မည်မျှပြန်လည် မျှဝေထားသည်ဆိုသည့် အချက်ကို ထည့်သွင်းစဉ်းစားကြောင်း သူက ပြောသည်။ ထိုနည်းလမ်းကြောင့်ပင် ကိုရိုနာဗိုင်းရပ်သစ်သည် လင်းနို့စွပ်ပြုတ်မှ စတင်ခြင်းဖြစ်နိုင်သည်ဟု သူယုံနေခြင်းဖြစ်သည်။ ထိုအယူအဆသည် တကမ္ဘာလုံးတွင် လူသိများပြီး မှားယွင်းကြောင်း သက်သေပြပြီးဖြစ်သည်။ သူသည် ဗိုင်းရပ်ကို ကာကွယ်ရန် မျက်နှာဖုံးစွပ်၊ လက်ဆေးပြီး ကြက်သွန်နီစားကြောင်းလည်း ပြောသည်။

အခြားတွေ့ဆုံမေးမြန်းခဲ့သူများကဲ့သို့ ရန်ကုန်မှ အသက် ၅၀ အရွယ် အသုပ်ဆိုင်ပိုင်ရှင် ဒေါ်ချိုကလည်း ဗိုင်းရပ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်သစ်များကို လက်ခံရာတွင် ဝေဖန်စမ်းစစ်ရန် အရေးကြီးကြောင်း ပြောသည်။

“ကိုယ်ဖတ်ထားတာတွေကို ပြန်ပြီးချိန်ညှိဖို့ လိုတယ်။ ကျမကတော့ ကျမ တတ်နိုင်သမျှ များများဖတ်ပြီး မှန်မမှန် ခေါင်းသုံးဆုံးဖြတ်တယ်” ဟု သူက ပြောသည်။

အချို့သောသူများကမူ ထိုသို့စိတ်ဝင်စားအောင်တင်သည့် ဖေ့ဘွတ်ပို့စ်များထက် ပင်မရေစီး မီဒီယာများကို ပိုမိုနှစ်သက်ကြောင်း အချို့ကပြောသော်လည်း အချို့သူများက ပင်မရေစီးမီဒီယာများကို သတင်းရင်းမြစ်တခုအဖြစ် ထည့်သွင်းပြောဆိုခြင်း မရှိပေ။

ကိုရိုနာဗိုင်းရပ်သစ်သည် လင်းနို့စွပ်ပြုတ်မှ စတင်ခြင်းဖြစ်သည်ဟု ထိုဗီဒီယိုက လူတွေကို ယုံလာစေသည်

ရန်ကုန်မှ အသက် ၂၁ နှစ်အရွယ် လက်ဖက်ရည်ဆိုင်အလုပ်သမား ကိုဇင်က သူသည် မီဒီယာများကို ယေဘုယျအားဖြင့် မယုံကြည်ကြောင်းနှင့် သတင်းအချက်အလက်မှန် ရရှိရေးအတွက် Myanmar Celebrities News ဖေ့ဘွတ်စာမျက်နှာကို သုံးကြောင်းပြောသည်။ သူ၏ ဖောက်သည်များ ဖေ့ဘွတ်မှ ဖတ်ထားသည့် ဆောင်းပါးများအကြောင်း ပြောသည်ကို နားထောင်ကြောင်း သူက ပြောသည်။

အလားတူစွာပင် ရန်ကုန်မှ အသက် ၃၀ အရွယ် ထီလက်မှတ်ရောင်းသူ ကိုသက်ကလည်း သူသည် သတင်းများကို “အထွေထွေ ဗဟုသုတ”နှင့် “ဘဝအောင်မြင်ရေး” စသည်တို့အပါအဝင်ကို မြန်မာဘာသာ ဖေ့ဘွတ်စာမျက်နှာများမှ ယူသည်ဟု ပြောသည်။

“ပို့စ် တခုတွေ့ရင် အဲဒါမှန်လား မမှန်လား စဉ်းစားတယ်။ သတိရှိဖို့ လိုတယ်” ဟု သူက ပြောသည်။

လူမှုအပြောင်းအလဲများအတွက် နည်းပညာအသုံးပြုခြင်းကို အာရုံစိုက်လုပ်ကိုင်သည့် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းတခုဖြစ်သော ဖန်တီးရာမှ Tech4Peace မန်နေဂျာ မအေးမင်းသန့်က ထိုကဲ့သို့သော တုန့်ပြန်မှုများကို ၎င်း၏ အဖွဲ့အစည်းကလည်း တွေ့နေရကြောင်း ပြောသည်။

“လူမှုအခြေပြုအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အဓိကကျတဲ့ အယူအဆတွေကို ပျံ့နှံ့အောင် ကောင်းကောင်းလုပ်နိုင်ကြတယ်။ အမုန်းစကားဆိုတာ မကောင်းဘူး၊ အင်တာနက်မှာတွေ့သမျှ အရာရာကို မယုံကြည်သင့်ဘူး၊ သတင်းတွေကို အပြန်အလှန် စစ်ဆေးအတည်ပြုသင့်တယ်ဆိုတဲ့ အချက်တွေပေါ့။ သူတို့ဘာလုပ်ဖို့လိုတယ်ဆိုတာကို လူတွေသိကြပေမယ့် ဒါကို ထိထိရောက်ရောက် လုပ်နိုင်မယ့် ကျွမ်းကျင်မှု သူတို့မှာ မရှိဘူးဖြစ်နေတာ” ဟု သူက ပြောသည်။

“သတင်းအချက်အလက် အစစ်အမှန်မရှိလို့ သတင်းမှားတွေ ဖြစ်ထွန်းနေတာ။ သတင်းမှားဟာ သတင်းမှန်တွေနဲ့ ရောနှောနေတတ်တယ်ဆိုတာကို လူတွေက နားလည်လာပြီ။ ကျမတို့အနေနဲ့ လူတွေ ဘယ်လောက်များများက မြင်တာ နှိပ်မယ်၊ ဖတ်မယ်၊ ရှယ်မယ်၊ နောက် ဖတ်တဲ့အကြောင်းအရာပေါ် ယုံသလဲဆိုတာ ခွဲခြမ်းစိတ်ဖြာခြင်း မလုပ်နိုင်သေးဘူး။ တချို့လူတွေက သတင်းအချက်အလက်ရှာဖို့ပဲ သုံးကြတာ။ အထူးသဖြင့် မြန်မာလို လူသုံးနည်းတဲ့ ဘာသာစကားနဲ့ပေါ့” ဟု သူက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးပညာပေးဌာန ဖေ့ဘွတ်စာမျက်နှာသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည့် အသိပညာပေးချက်များကို အင်္ဂလိပ်ဘာသာဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့ရောက်မှသာ ထုတ်ပြန်ပြီး မြန်မာဘာသာပြန်မူကို ဇန်နဝါရီလ ၂၉ ရက်နေ့ရောက်မှသာ ထုတ်ပြန်သည်။ သို့သော် ထိုပို့စ်ကို မျှဝေမှု အကြိမ် ၂၀ အောက်သာရှိနေသည်။

ထိုစာမျက်နှာတွင် ဗိုင်းရပ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်သစ်များအတွက် QR ကုတ်များပါဝင်ပြီး ထိုစာမျက်နှာကို မျှဝေမှု ၆ ခုပင်မပြည့်ပေ။

ဝန်ကြီးဌာန၏ စာမျက်နှာတွင် မျှဝေမှု အတန်အသင့်ကောင်းမွန်သော်လည်း ကာကွယ်ရေး အစီအစဉ်များနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ဖော်ပြခြင်း မရှိခဲ့ပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်သည့် အချက်အလက်များကို ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပြီး မျှဝေမှု ၁၂၀၀ ကျော်ရှိသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန်သည့် ဝန်ကြီးဌာန၏ အချက်အလက်များကို အကြိမ် ၈၀၀ ကျော်သာ မျှဝေမှုရှိသည်။

သတင်းမှားများကို ချေဖျက်သည့် မည်သည့်ပို့စ်ကိုမျှ မတွေ့ရပေ။ ဝန်ကြီးဌာနပြောခွင့်ရသူ ဒေါက်တာ ခင်ခင်ကြီးကို This Week in Asia က ဆက်သွယ်သော်လည်း ဝေဖန်ပြောကြားခြင်း မပြုနိုင်ကြောင်း အကြောင်းပြန်သည်။

ဝန်ကြီးဌာန၏ အချက်အလက်များကို အကြိမ် ၈၀၀ ကျော်သာ မျှဝေမှုရှိသည်

ဖန်တီးရာမှ မအေးမင်းသန့်၏ အဆိုအရ အစိုးရအနေဖြင့် သတင်းအချက်အလက် ပိုမိုသိရှိသော လူ့အဖွဲ့အစည်းတခု ထူထောင်ရန်အတွက် ပိုမိုလုပ်ဆောင်ရန် လိုနေသေးကြောင်း သိရသည်။

“အစိုးရအနေနဲ့ အဓိကကျတဲ့ ကျန်းမာရေးအချက်အလက်နဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ ဘယ်လိုဆက်သွယ်တယ်ဆိုတာကို လူမှုအသိုင်းအဝန်းကို ပြသဖို့ အခွင့်အလမ်းကို ဝူဟန်ဗိုင်းရပ်က ပေးလိုက်တာပဲ” ဟု သူက ပြောသည်။

တရားဝင်သတင်းများကို ယုံကြည်ရသော ရင်းမြစ်မှ ပေးရန်၊ နောက်ဆုံးအခြေအနေကို ထုတ်ပြန်နေရန်နှင့် နိုင်ငံသားများကို ကာကွယ်ရန်ု လုပ်ဆောင်နေသော အစီအစဉ်များကို ပြည်သူလူထုအား မျှဝေရန် အစိုးရတွင် အများပြည်သူကျန်းမာရေးဆိုင်ရာ ဆက်သွယ်ရေးစနစ် အခြေခံ အဆောက်အအုံ မရှိသေးကြောင်း ထိုဗိုင်းရပ်ပိုးက ခိုင်မာသည့် ဥပမာပေးလိုက်ခြင်းဖြစ်ကြောင်းလည်း သူက ပြောသည်။

ထိုလစ်ဟာမှုကို ဖြေရှင်းရန်အတွက် လူထုတွင် ခွဲခြမ်းစိတ်ဖြာနိုင်သော ကျွမ်းကျင်မှု ပေးရေးအတွက် လုပ်ဆောင်နေသော အစီအစဉ်တခုမှာ MIDO အမည်ရှိ လူမှုအခြေပြုအဖွဲ့အစည်းက ပြုလုပ်နေသည့် “Real or Not” အမည်ရှိ စာမျက်နှာဖြစ်သည်။ ၂၀၁၅ ခုနှစ်က ဖန်တီးခဲ့သည့် ထိုစာမျက်နှာတွင် ကြည့်ရှုသူများသည် မေးခွန်းများ၊ လင့်ခ်များနှင့် စခရင်ရှော့များတို့ ပေးပို့နိုင်သည်။

ထို့နောက် MIDO ဝန်ထမ်းများက ထိုအကြောင်းအရာ၏ မှန်ကန်မှုကို အပြန်အလှန်စစ်ဆေးပြီး တဦးချင်း တုန့်ပြန်ဖြေရှင်းပေးကာ ထိုကောက်ချက်ကို မည်သို့ချခဲ့ကြောင်းကိုပါ ဖော်ပြပေးသည်။ ဝူဟန်ဗိုင်းရပ်ကဲ့သို့ အရေးပါသော ပြဿနာများ နှင့်ပတ်သက်ပြီး MIDO တွေ့ရများသော ပြဿနာများနှင့် မှားယွင်းသော အယူအဆများကို ဖြေရှင်ပေးသော ပို့စ်များကို တင်ခဲ့သည်။

အသုံးပြုသူအများအပြားသည် လူကြည့်များအောင်လုပ်ထားသည့် ဆောင်းပါးများအကြောင်း စုံစမ်းကြပြီး တိကျခိုင်မာသော နောက်ဆုံးသတင်းများနှင့် စစ်မှန်သော သတင်း မည်သည့်နေရာတွင် မည်သို့ရရှိမည်ကို ပညာပေး နည်းလမ်းကို အစိုးရက အဆင့်မြှင့်တင်စေလိုကြောင်း ပြောသည်ဟု MIDO ဒါရိုက်တာ မဖြူဖြူသီက ပြောသည်။

“သတင်းမှားကို တိုက်ဖို့ သတင်းမှန်ကို သုံးသင့်တယ်” ဟုလည်း သူက ပြောသည်။

မှန်ကန်သော ကြိုတင်ကာကွယ်မှု အစီအစဉ်များ ချမှတ်ပြီး လူထု တုန်လှုပ်မှုမှ တားဆီးကာကွယ်ရာတွင် အစိုးရက ဦးဆောင်သည်ကို မြင်လိုကြောင်း တရုတ်နယ်စပ် မူဆယ်တွင် နေထိုင်သော အသက် ၂၂ နှစ်အရွယ် ကျောင်းသား ကိုတင်အောင်လင်းက ပြောသည်။

“ကျနော်တို့က အရာရာကို မယုံကြည်သင့်ဘူး။ ဗိုင်းရပ်ပျံ့နှံ့မှုကိုတားဆီးဖို့ အစိုးရရဲ့ညွှန်ကြားချက်ကို ကျနော်တို့လိုက်နာသင့်တယ်။ ကျနော်တို့ကိုယ်ကျနော်တို့ ဘယ်လိုကာကွယ်မယ်ဆိုတာကို အသိပညာပေးမှုလုပ်ရာမှာ အစိုးရက တက်ကြွတဲ့အခန်းက ပါသင့်တယ်” ဟု သူက ပြောသည်။

(South China Morning Post ပါ Coronavirus: how Facebook clickbait fuels a perfect storm of fake news on China’s doorstep ကို ဘာသာပြန်ဆိုသည်။)

You may aslo like these stories:

တုတ်ကွေးနှင့် HIV ဆေးဝါးများရောစပ်မှုက ကိုရိုနာဗိုင်းရပ်ကို ကုသနိုင်ဟု ထိုင်းဆရာဝန်များပြော

ဆိုရှယ်မီဒီယာထဲက ဗိုင်းရပ်က တကယ့်ဗိုင်းရပ်ထက် ပိုဆိုးသည်

ဝူဟန်တုပ်ကွေးကို လူတွေ ဘာကြောင့် တုန်လှုပ် ချောက်ချားကြသလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading