ဆောင်းပါး

အလှမ်းဝေးနေဆဲ ရွှေ့ပြောင်းလုပ်သားများရဲ့ မဲပေးနိုင်ခွင့် အိပ်မက်များ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများစွာသည် လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး အတွက် စိတ်အားထက်သန်စွာ စောင့်မျှော်လျက် ရှိကြသော်လည်း လတ်တလော အခြေအနေအရ မဲပေးခွင့်ရရန် မရေရာသည့် အခြေအနေတွင် ရှိနေသည်။

မရေရာမှုများက မဲပေးနိုင်သော မြန်မာရွှေ့ပြောင်းလုပ်သား ၄သန်းခန့် မဲထည်ရန် ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးနှင့် ချင်းမိုင် မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးတွင်သာ အစိုးရမှ စီစဉ်ပေးနိုင်သဖြင့် နိုင်ငံအနှံ့ပြန့်ကျဲနေသည့် လုပ်သားများ အတွက် လက် လှမ်းမီ အားလုံးပါဝင်မဲပေးနိုင်သည့် အနေအထား မရှိခြင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အသိပညာပေးမှု အားနည်း သဖြင့် ရွှေ့ပြောင်းလုပ်သားများမှာ မည်သို့မည်ပုံ မဲပေးရမည်ကို မသိခြင်း၊ အများစုမှာ နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ သိရှိမှု အားနည်းခြင်းကြောင့် မည်သူ့ မည်သည့်ပါတီကို ရွေးချယ်ရမည်ကို သဲသဲကွဲကွဲ မရှိခြင်းတို့ဖြစ်၏။

ထိုင်းတောင်ပိုင်း ဖန်ငခရိုင်ရှိ ရွှေ့ပြောင်းလုပ်သား တဦးဖြစ်သည့် ဦးမိုးဌေးက “အစိုးရကို ဖြစ်နိုင်တယ်ဆိုရင် သူ့ရဲ့ ဆက် သွယ်မှု တွေနဲ့ လက်တွေ့ကျကျ မဲပေးခွင့် ရှိတယ်ဆိုရင်၊ ပေးမယ့်သူတွေကတော့ တပုံကြီးပါပဲ။ အခုက လူတွေက မဲတော့ ပေးချင် တယ်။ ဘာကိုပေးလို့ ပေးရမယ် မသိဘူး။ ဘယ်ကို ပေးလို့ပေးရမယ် မသိဘူး ဆိုတာတွေ ဖြစ်တယ်” ဟု ဧရာဝတီ အား ပြောပြသည်။

ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမား အဖြစ် သွားရောက်လုပ်ကိုင်နေသည့် တရားဝင် မြန်မာလုပ်သား အရေအတွက်မှာ ၁ ဒသမ ၇ သန်းရှိသည်ဟု အစိုးရ၏ စာရင်းများက ဖော်ပြပြီး၊ ထိုကိန်းဂဏန်းများသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အလုပ်သမားဝန်ကြီးဌာနက လစဉ်ထုတ်ပြန်သော အလုပ်အကိုင် ရရှိမှု အခြေအနေပြ ကိန်းဂဏန်း များနှင့် ၂၀၁၅ ခုနှစ် လုပ်သားအင်အားစစ်တမ်း အစီရင်ခံစာ တို့အပေါ် မူတည်တွက် ချက်ထားခြင်း လည်းဖြစ်သည်။

သို့သာ်လည်း အလုပ်သမားအရေး ဆောင်ရွက်သူများ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတဝန်း အလုပ်လုပ်ကိုင် နေသည့် မဲပေးခွင့်ရှိသည့် မြန်မာအလုပ်သမား စုစုပေါင်း ၄ သန်းဝန်းကျင် ရှိသည်ဟု ဆိုကြသည်။

မြန်မာလုပ်သား အများဆုံး လုပ်ကိုင်နေသည့် ဒေသများမှာ ဘန်ကောက်ခရိုင်၊ စမွတ်စာခွန် ခရိုင်နှင့် တပ်(ခ) ခရိုင် တို့ဖြစ် ပြီး အများဆုံး လုပ်ကိုင်သည့် အလုပ်များမှာ အဝတ်အထည်၊ ပလတ်စတစ်လုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများ ဖြစ်သည်။

“မဲပေးချင်စိတ် ရှိတာပေါ့။ ကိုယ့်နိုင်ငံ ကောင်းဖို့အတွက် ဆိုရင် ကျနော်တို့ ရှိပါတယ်”ဟု ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း လုပ်သား ဦးမြတ်သူ ကလည်း ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ/မျိုးမင်းစိုး/ဧရာဝတီ

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင်လည်း ဘန်ကောက်နှင့် ချင်းမိုင်ရှိ သံရုံးများတွင်သာ သွားရောက် မဲပေး ရသဖြင့် ထိုင်းနိုင်ငံတွင်း နေရာ အနှံ့အပြားတွင် ပြန့်ကျဲနေသည့် ရွှေ့ပြောင်းလုပ်သားများ အတွက် သွားရေးလာရေး အခက်အခဲများကြောင့် မဲပေးခွင့် ဆုံးရှုံးမှုများ ရှိခဲ့သည်။ သွားလာရန် အချိန်ယူရသဖြင့် လုပ်ငန်းရှင်များက ခွင့်မပြုခြင်း ကြောင့် မဲပေးခွင့်များ ဆုံးရှုံးခဲ့ရဖူးသည်။

ထို့အတွက် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံရောက်လူဦးရေ ၆၀၀ ကျော်သာ မဲထည့်ခဲ့ရကြောင်း ထိုင်း နိုင်ငံရှိ ရွှေ့ပြောင်း လုပ်သားများကို ကူညီပံ့ပိုးပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများ အခွင့်အရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “၂၀၁၅ မှာ လူသန်းပေါင်းများစွာ လူတွေထဲမှာ မဲ ရာဂဏန်းပဲ ထည့်ရတယ်။ ၂၀၁၅ လိုပဲ မဲထည့်ရမယ်ဆိုရင် အစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မဲမထည့်ခိုင်းချင်တဲ့ သဘော သက်ရောက်နေတယ်လို့ ပြောချင်တယ်” ဟု ထောက်ပြသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာ သံရုံးမှတဆင့် မဲထည့်သူ စုစုပေါင်း ၅၄၂ ဦးနှင့် ချင်းမိုင်မြို့ ကောင်စစ်ဝန်ရုံးမှတဆင့် ၆၀ ဦး မဲပေးခဲ့သည်ဟု မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ်ပြန် ထားရာ ထိုအချိန်က တရားဝင်ရွှေ့ပြောင်းလုပ်သား ၁.၇သန်းရှိသဖြင့် မဲပေးသည့် ရာခိုင်နှုန်းမှာ ၀.၀၃ ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုရမည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော နိုင်ငံသားများကို သက်ဆိုင်ရာ သံရုံးများတွင် ကြိုတင်မဲပေးခွင့် ပြုခဲ့ခြင်းဖြစ်ပြီး တရားမဝင် ရောက်ရှိနေသူများမှာမူ နေရပ်ပြန်မှသာ မဲပေးခွင့်ရမည် ဖြစ် သည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ များအရ အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသူများသည် တရားဝင် ကြိုတင်မဲပေးခွင့်ရှိကြောင်း ပြဋ္ဌာန်း ထားသည်။

ဥပမာအားဖြင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၅ တွင် ကော်မရှင်သည် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက် သို့မဟုတ် နေ့ရက်များကို မကြေညာမီတွင် ပုံစံ ၁၅ ကို အချိန်မီ ဖြန့်ဖြူးရန်နှင့် ကောက်ခံရန်လုပ်ငန်းစဉ်များကို ထည့်သွင်း ပြဋ္ဌာန်းထားသည်။

သို့သော်လည်း တရားဝင် ကိန်းဂဏန်း အရပင် သန်းနှင့်ချီနေသည့် ရွှေ့ပြောင်းလုပ်သားများ ရှိသော နိုင်ငံများတွင် သံရုံး တခုတည်းမှ အဆိုပါ ဖြန့်ဖြူးခြင်း၊ ကောက်ခံခြင်းလုပ်ငန်းများကို ပြုလုပ်ခြင်းသည် မည်သို့မှ ထိရောက်မည် မဟုတ်ကြောင်း ထိုင်းနိုင်ငံရောက် အလုပ်သမားများ အရေး ကူညီဆောင်ရွက်ပေးနေသူများက ဝေဖန်နေကြသည်။

(FED) ၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က “အစိုးရ လက်ရှိလုပ်နေတဲ့ ပုံစံမျိုးနဲ့ကတော့ ဘယ်လိုမှ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ ၂၀၂၀ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခုရမယ့် အချိန်နဲ့ ပြင်ဆင်နိုင်ပါ့မလားပေါ့။ ကျနော်တို့ တအားကို စိုးရိမ်နေတယ်” ဟု ပြောသည်။

“အစိုးရ အနေနဲ့က စနစ်တကျ နိုင်ငံသား အခွင့်အရေးကို လေးစားတယ် ကိုယ့်နိုင်ငံသားတွေကို မဲထည့်စေချင်တဲ့ ဆန္ဒ လေး နည်းနည်းလောက် ရှိတယ်ဆိုရင် ပြင်ဆင်သင့်ပြီ။ ဘယ်လို အလွယ်ကူဆုံး ဖြစ်အောင် လုပ်မှာလဲ။ သံရုံးကို သွားဖို့ ဆိုတာ မဖြစ်နိုင်ဘူး ဘန်ကောက်ထဲမှာ ရှိတဲ့ အလုပ်သမားတွေတောင် သံရုံးကို သွားထည့်ဖို့ ဆိုတာ အခက်အခဲ ရှိနိုင် တယ်” ဟု ဦးထူးချစ်က ဆက်လက် ပြောသည်။

ထိုင်းနိုင်ငံရောက် အဖွဲ့အစည်းများက ထိုသို့ဆော်သြနေကြသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကမူ ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ အတိုင်းသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက “ကျနော်တို့ ပြဋ္ဌာန်းထားတဲ့ ပြည်ပ ရောက် နိုင်ငံသားများ မဲပေးဖို့ သတ်မှတ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ အဲဒီအတိုင်းပဲ ဖြစ်မှာပါ။ လက်ရှိ ဥပဒေတွေ နည်းဥပဒေတွေ ရှိပါတယ်” ဟုပြောသည်။

လက်တလောတွေင် သန်းနှင့်ချီပြီး နိုင်ငံသား အခွင့်အရေး ဆုံးရှုံးနေသည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရေး ဖြစ်ပေါ်နေသည့် အဟန့်အတား အခက်အခဲများနှင့် ပတ်သက်ပြီး သိရှိရန် ရွေး ကောက်ပွဲ ဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့တခုဖြစ်သည့် PACE အဖွဲ့မှ စစ်တမ်း ကောက်ယူမည်လည်း ဖြစ်သည်။

PACE အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့် က “သူတို့မှာ ဘာအခက်အခဲတွေရှိလဲ မဲပေးပိုင်ခွင့်မှာ ဥပဒေ မူဘောင်ဆိုင်ရာမှာ အတားအဆီးတွေ ရှိနေလို့လား ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အတားအဆီးလား ဒါမှမဟုတ် ဘယ်လိုပြဿနာတွေ ရှိလဲ သိချင်တယ်။ သိချင်လို့ လေ့လာမှု စစ်တမ်းငယ် ကောက်ဖို့ လာပြီးပြင်ဆင်တာပါ” ဟု ဆိုသည်။

စစ်တမ်းကောက်ယူမှုကို ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့၊ ဖူးခက်၊ ဖန်င၊ ချင်းမိုင်နှင့် ချင်းရိုင် အပါအဝင် နယ်ပယ် ၁၈ ခုတွင် လာမည့် မတ်လတွင် အပြီး ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ရရှိချက်တွေပေါ်မှာ မူတည်ပြီးတော့မှ ကော်မရှင် အနေနဲ့ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံး မရှိတဲ့ နေရာတွေမှာ မြန်မာနိုင်ငံ သားတွေ မဲပေးခွင့်ရအောင် သူတို့အနေနဲ့ ဘယ်လို အထူးစီမံချက်တွေ ပြုလုပ်လို့ရမယ်ဆိုတာ အကြံပြုချင်တာ။ အဓိက ကတော့ အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ရည်ရွယ်တယ်” ဟု ကိုစိုင်းရဲကျော်စွာမြင့်က ရှင်းပြသည်။

ရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီပြီး မဲပေးခွင့် ဆုံးရှုံးနေရမှုမှာ မြန်မာနိုင်ငံ တနိုင်ငံတည်း မဟုတ်ဘဲ အာဆီယံ ဒေသတွင်း နိုင်ငံများတွင်လည်း အလားတူ ဆုံးရှုံးမှု ရှိနေသည်ဟု သိရသည်။

အယ်လ်ဂျားဇီးရား၏ သတင်း တရပ်အရ နိုင်ငံပြင်ပရောက် အင်ဒိုနီးရှားနိုင်ငံသား ၉ သန်းတွင် ၂ သန်းခန့်သာ မဲပေးရန် အတွက် စာရင်းသွင်းခွင့်ရပြီး ကျန် ၇ သန်းခန့်မှာ ၎င်းတို့၏ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

သို့သော်လည်း အဆိုပါ ကိန်းဂဏန်းသည်ပင် နိုင်ငံပြင်ပရောက် မြန်မာနိုင်ငံသားများ မဲပေးခွင့်ရရှိသည့် အခြေအနေ ထက်များစွာ မြင့်မားနေသည်။

ထိုင်းရောက် မြန်မာနိုင်ငံသားအများစုမှ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း အစိုးရကမူ အဆိုပါ သန်းချီနေသည့် ရွှေ့ပြောင်းလုပ်သားများအတွက် မဲပေးနိုင်ခွင့် တစုံတရာ ဆောင်ရွက်ချက်ကို ယနေ့အထိ ရှင်းလင်းစွာ မတွေ့မြင်ရသေးကြောင်း သုံးသပ်မှုများ ရှိသည်။

“ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ကျမတို့ ရွှေ့ပြောင်း အလုပ်သမားတွေလည်း ကိုယ့်အမိနိုင်ငံကို ပြန်နိုင်အောင် မဲပေးချင်တယ် မြန်မာနိုင်ငံကြီး တိုးတက်လာတယ် ဆိုရင် အပြီးကို ပြန်ချင်တယ်။ ဒီထိုင်းနိုင်ငံမှာ မနေချင်ဘူး” ဟု ကော့သောင်းမြို့နယ် မှ ထိုင်းနိုင်ငံသို့ လာရောက်လုပ်ကိုင်သည့် ရာဘာခြံအလုပ်သမ တဦးဖြစ်သူ ဒေါ်နီနီလှိုင်က ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်မူ ရွာပြန်သည့် အချိန်နှင့် တိုက်ဆိုင်သဖြင့် မဲပေးခွင့်ရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ဒေါ်နီနီလှိုင်ကဲ့သို့ တိုက်တိုက်ဆိုင်ဆိုင် မဲပေးခွင့်ရသူမှာ အနည်းငယ်မျှသာဖြစ်ပြီး အများစုမှာ နေရပ်ပြန် မဲပေးရန်မှာ မလွယ်ကူသလို ထိုင်းနိုင်ငံအတွင်းတွင်ပင် သွားရောက်ကာ မဲပေးရန် အခက်အခဲ ရှိနေခြင်း ဖြစ်သည်။

ဧရာဝတီမှ သွားရောက် တွေ့ဆုံခွင့် ရရှိခဲ့သည့် ထိုင်းနိုင်ငံ ဖန်ငခရိုင်မှ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် အစိုးရ၏ ရွေးကောက်ပွဲ ပညာပေးမှု အားနည်းခြင်းကြောင့် အချို့လုပ်သားများမှာ မည်သို့ မဲပေးရမည်ကိုပင် မသိရှိဘဲ ဖြစ်နေသည်ကို တွေ့ရသည်။

“အခုက လူတွေက မဲတော့ ပေးချင်တယ်။ ဘာကိုပေးလို့ ပေးရမယ် မသိဘူး။ ဘယ်ကို ပေးလို့ပေးရမယ် မသိဘူး ဆိုတာတွေ ဖြစ်တယ်” ဟု ဆီအုန်းခြံလုပ်သား ဦးမိုးဌေးက ပြောသည်။

ဒီမိုကရေစီ အစိုးရ အဖြစ် စတင်သည့် ၂၀၁၀ ခုနှစ်မှ စတင်ပြီး ရွေးကောက်ပွဲများကို ၅ နှစ် ၁ ကြိမ် ကျင်းပလာခြင်းဖြစ်ရာ ယခု ၂၀၂၀ ခုနှစ်တွင်လည်း တတိယအကြိမ်မြောက် ရွေးကောက်ပွဲကို ကျင်းပရန် NLD အစိုးရက ပြင်ဆင် လျက်ရှိသည်။

၂၀၁၀ ခုနှစ်တွင် ပြည်ခိုင်ဖြိုးပါတီက အစိုးရဖွဲ့ခွင့်ရကာ အနိုင်ရရှိခဲ့ပြီး၂၀၁၅ ခုနှစ်တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရခဲ့သည်။ ထို အစိုးရ ၂ ဆက်လုံး၏ အထွေထွေရွေးကောက်ပွဲကာလများတွင် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း လုပ်သား အများအပြား မဲပေးနိုင်ခွင့် မရခဲ့ကြပေ။

ထို့နည်းတူပင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများ အတွက် မဲပေးခွင့်ရရေးမှာ မသေချာ၊ မရေရာ ဖြစ်နေရာ ထိုအချိန်တွင် မဲပေးနိုင်သည့် နေရာများ ပိုမိုများပြားပြီး လွယ်လင့်တကူ မဲပေးခွင့် ရရှိရေး အတွက် ရွှေ့ပြောင်းလုပ်သားများစွာက မျှော်လင့်နေကြသည်။

ဆက်စပ်လင့်

ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့်သည် နိင်ငံသားအခွင့်အရေး ဖြစ်သည်

နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ရွှေ့ပြောင်းအလုပ်သမားများလည်း ရသင့်သည်

Did you find apk for android? You can find new Free Android Games and apps.
Loading