နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ကြိုးစားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေဟာ ပြည်ထောင်စု နယ်မြေ ၁ ခု ဖြစ်တဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားတွေ အတွက်လည်း အရေးပါတဲ့ အခြေအနေမှာ ရှိနေပါတယ်။
တိုင်းရင်းသားတွေ အားလုံး မျှော်လင့်နေတဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အိမ်မက်တွေအတွက် လက်ရှိ ရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရမယ်ဆိုတာ ကချင်ခေါင်းဆောင် အားလုံးက လက်ခံထားကြပါတယ်။
ကချင်ပြည်နယ်မှာ ဧရာဝတီ သတင်းဌာနက တွေ့ဆုံခွင့်ရခဲ့တဲ့ ကချင်ခေါင်းဆောင်အားလုံးဟာ ပြည်ထောင်စုကနေ ခွဲ ထွက်ဖို့ တခွန်းတောင် မပြောကြဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အာမခံတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမျိုးကိုသာ မျှော်လင့်နေကြတာပါ။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ ဒီမိုကရေစီ၊ ဖက်ဒရယ် စနစ်တို့နဲ့ မကိုက်ညီတဲ့ ပုဒ်မ ဘယ်နှစ်ခုလောက် ပြင်နိုင်လဲဆိုတဲ့ အပေါ် မူတည်ပြီး အဲဒီ ပြင်ဆင်မှုဟာ ကချင်ပြည်နယ်ရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်လို့ ပြင်ဆင်နိုင် မယ်ဆိုရင် ကချင်အတွက်လည်း အကျိုး ရှိမှာလို့ ကချင် တိုင်ရင်းသား ခေါင်းဆောင် ဒေါက်တာ တူးဂျာက ပြောပါတယ်။
ဒေါက်တာ တူးဂျာဟာ တပ်မတော်နဲ့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲနေတဲ့ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ဒုတိယ ဥက္ကဋ္ဌဟောင်း ၁ ဦး ဖြစ်ပြီး လက်ရှိမှာတော့ တရားဝင် နိုင်ငံရေးပါတီ ၁ ခု ဖြစ်တဲ့ ကချင်ပြည်နယ် ပြည်သူ့ ပါတီကို ဦးဆောင်နေတာပါ။
“ဖွဲ့စည်းပုံ ပြင်လိုက်နိုင်ရင် ငြိမ်းချမ်းရေး အပြီးပိုင်ရတာ မဟုတ်သေးသည့် တိုင်အောင် ဖက်ဒရယ်ပုံစံမျိုးကို ဖော်ဆောင် သွားလို့ရတယ်။ တဖြည်းဖြည်း ဖော်ဆောင်သွားရမှာ အာဏာ ခွဲဝေရေးတွေက ဖြည်းဖြည်း လုပ်ဆောင်သွားရမှာ။ ဒါကြောင့်မို့လို့ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ကချင်ပြည်နယ်အတွက် အရေးကြီးပါတယ်။ တခြားဒေသအတွက်လည်း အရေးကြီးပါတယ်”လို့ ဒေါက်တာ တူးဂျာက ပြောပါတယ်။
ကချင်ပြည်နယ်က ဘာသာရေး ခေါင်းဆောင်တဦးဖြစ်သူ ကချင် နှစ်ခြင်း ခရစ်ယန် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ခလန် ဆမ်ဆွန်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးလို့ ဘယ်လောက် အရေးကြီးလဲ ဆိုတာကို ဒီထက်ပိုတဲ့ စကားလုံးမျိုး ရှိရင်တောင် ပြောပြချင်တယ်လို့ ဆိုပါတယ်။
“၂၀၀၈ ကို ပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ လုပ်ဖို့ သူ့မှာ အစီအစဉ်တွေ အများကြီး ရှိမယ် လို့ ယုံကြည်ပါတယ်။ တပ်မတော်ဘက်ကလည်း ဒါကို ခိုင်ခိုင်မာမာ ကိုင်ထားတယ်ဆိုတော့ သူတို့ရဲ့ သဘောထား ကိုလည်း ညှိနှိုင်းပြီးတော့မှ ပြောင်းလဲမှု လုပ်သွားရင် ပိုကောင်းပါတယ်”လို့ ဒေါက်တာ ခလန်ဆမ်ဆွန်က ပြောပါတယ်။
ဒါပေမယ့် NLD အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ ဆောင်ရွက်နိုင်မယ်လို့ မထင်ကြောင်း၊ ၂၀၂၀ အလွန်မှာတော့ ကိုင်တွယ်နိုင်မှာ ဖြစ်ပြီး လက်ရှိ နိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့ဆိုရင် လက်ရှိ အခြေခံ ဥပဒေကို ပြောင်းလဲနိုင်မှ ဖြစ်မယ်လို့ သူက ဆက်ပြောပါတယ်။
“လက်နက်ကိုင် အဖွဲ့ တွေကလည်း ၂၀၀၈ အခြေခံ ဥပဒေအောက်မှာ ပါတီ မဖွဲ့ချင်ဘူး။ ၂၀၀၈ ပြင်လိုက်ပြီ ဆိုရင် လက် နက်ကိုင် အဖွဲ့တွေကလည်း ပါတီအနေနဲ့ ပါဝင်လာဖို့ အဆင်သင့် ရှိတယ်။ NCA လမ်းကြောင်းကတော့ လုပ်ရမယ့် အလုပ် တော့ ဟုတ်တယ်။ ဒီလောက်ကြီး မြန်မယ် မထင်ဘူး။ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ပြီးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်မယ်ဆိုရင် ပိုထိရောက်မယ်လို့ ထင်တယ်”လို့ ဒေါက်တာ ခလန်ဆမ်ဆွန်က သုံးသပ်တယ်။
လက်ရှိ အစိုးရက ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်လို့ ကြွေးကြော်ထားပြီး လွှတ်တော်တွင်း လမ်း ကြောင်းကနေ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကြိုးစားနေသလို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကဆင့် ဖက်ဒရယ် အခြေခံ မူတွေ ချမှတ်နိုင်ဖို့ ကြိုးစားနေပါတယ်။
အာဏာရ NLD ပါတီရဲ့ မူဝါဒက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှာ ဖြစ်လို့ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှုတွေ ကို တိုင်းရင်းသားတွေကို ပေးမှာ ဖြစ်ပြီး လွှတ်တော်တွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးကိုလည်း ရအောင် ဆောင်ရွက်သွား မှာ ဖြစ်လို့ စောင့်ကြည့်စေချင်တယ်လို့ ကချင်ပြည်နယ်က NLD ပါတီဝင်လည်း ဖြစ်၊ ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဇာနည်မင်းက ပြောပါတယ်။
“၂၀၀၈ ရဲ့ ဝင်ရမယ့်အပေါက်တွေ အများကြီးရှိတယ်။ သူတို့ (တပ်မတော်) မသိတဲ့အပေါက်တွေ ကျနော်တို့ တွေ့ထား တာရှိတယ်။ မြင်ထားတာရှိတယ်။ ကျနော်တို့ NLD ကလည်း မဖြစ်နိုင်ဘဲနဲ့ မလုပ်ဘူး၊ ဝင်ပေါက်တွေလည်း နောက်ထပ် ရှိပါသေးတယ်။ လာပါလိမ့်မယ်”လို့ ဦးဇာနည်မင်းက ပြောပါတယ်။
ဒီအခြေခံ ဥပဒေဟာ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီဖို့ အလုံးစုံ ပြင်ရမှာ ဖြစ်ကြောင်း၊ နည်းနည်းချင်းစီ ပြုပြင်နေပါက အဆီ အငေါ် မတည့်နိုင်သလို အသုံးတည့်မှာလည်း မဟုတ်ကြောင်း၊ တစုတဖွဲ့ ကောင်းစားဖို့ထက် ပြည်သူလူထု ကောင်းစားဖို့ နိုင်ငံ အကျိုးစီးပွားကို ကြည့်ရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ရမှာ ဖြစ်သလို ကချင်ပြည်နယ်အတွက်လည်း ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမျိုး လိုအပ်တဲ့အတွက် ပြင်ဆင်နေတယ်လို့ ကချင်တိုင်းရင်းသား ခေါင်းဆောင် ၁ ဦး ဖြစ်သူ ကွမ်ဂေါင်အောင်ခမ်းက ပြောပါတယ်။
“ပြည်ထောင်စုကြီးအတွက်လည်း ကြည့်ရမှာ ဖြစ်သလို ပြည်နယ်အတွက်လည်း ကြည့်ရမယ်။ ဒါကြောင့် ပြည်ထောင် စုအတွက် ကွန်စတီကျူးရှင်း ရှိသလို ပြည်နယ်အတွက်လည်း ရှိရမယ်။ ကိုယ့်ပြည်နယ် ဝန်ကြီးချုပ်ကို တိုက်ရိုက် ရွေးချယ်ခွင့် ရှိရမယ်။ ဒီ ၂ ခုဟာ ခေါင်းနဲ့ပန်းလို့ တွဲပြီးတော့မှ လုပ်သွားရမယ့် အလုပ်တွေ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲစဉ်ကလည်း ကချင် တိုင်းရင်းသား ခေါင်းဆောင်တချို့ အပါအဝင် လက်ရှိ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်တောင် ပါဝင်ခဲ့ပါတယ်။ ဦးတီခွန်မြတ်ဟာ ကချင် တိုင်းရင်းသား ၁ ဦးလည်း ဖြစ်ပါတယ်။
အခု ဖွဲ့စည်းပုံကို ရေးဆွဲဖို့ အမျိုးသား ညီလာခံကို သွားတက်ခဲ့တဲ့ ကချင်ခေါင်းဆောင်တွေဟာ သူတို့ မျှော်လင့်တဲ့ ပြည် ထောင်စုမျိုးအတွက် စာတမ်းတွေ၊ အချက်အလက်တွေ ပြုစုတင်ပြခဲ့ပေမယ့် အဲဒီတုန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေက မှတ်တမ်းတင် ပေးထားပါ့မယ်ဆိုပြီး နောက်ဆုံးမှာတော့ အခြေခံ ဥပဒေ ထွက်လာတဲ့အခါ သူတို့ တောင်းဆိုတာတွေ မပါဝင်ခဲ့ဘူးလို့ ဧရာဝတီကို ပြောပြခဲ့ကြပါတယ်။
“ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သွားလုပ်တဲ့သူတွေလည်း ရှိပါတယ်။ ကျနော်လည်း သိပါတယ်။ သူတို့လည်း သွားပြီး လေးလေးနက်နက် ဆွေးနွေးခဲ့ခြင်း မရှိပါဘူး။ ပျော်ပွဲရွှင်ပွဲ သွားသလို စားလိုက် သောက် လိုက် အိပ်လိုက်နဲ့ ဖြစ်သွားတဲ့ အခြေခံ ဥပဒေပါ”လို့ ဒေါက်တာ ခလန်ဆမ်ဆွမ်က ပြောပြပါတယ်။
ဒေါက်တာ ခလန်ဆမ်ဆွမ်ဟာ ၂၀၀၈ အခြေခံ ဥပဒေ အတည်ပြုရေး ကြိုးစားခဲ့စဉ်က ကချင်ပြည်နယ်ကနေ ပြင်းပြင်း ထန်ထန် ကန့်ကွက်မှုတွေ လုပ်ပြီး ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘာမှမတတ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။
အခုလည်း လက်ရှိ ကြိုးစားနေတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး မအောင်မြင်ခဲ့ဘူးဆိုရင် တိုင်းရင်းသားတွေ၊ နိုင်ငံသူ နိုင်ငံ သားတွေ လိုချင်နေတဲ့ ဒီမိုကရေစီ စနစ်ကို မသွားနိုင်သေးဘဲ နိုင်ငံရဲ့ ရှေ့ဆက်ရမယ့် နိုင်ငံရေး ဖြစ်စဉ်တွေက အခက်ခဲ ကြုံရဦးမှာလို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်က ပြောပါ တယ်။
NLD ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင်တဦးလည်း ဖြစ်သူ ၎င်းက“ကျနော်တို့ ပါတီ အနေနဲ့ကတော့ အောင်မြင် လိမ့်မယ်လို့ ထင်တာပဲ။ ဒါပေမယ့် လုပ်ရင်း ကိုင်ရင်းနဲ့ ဘယ်လိုမျိုးတွေ အနှောက်အယှက်တွေ ဖြစ်လာမလဲတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် ပါတီကတော့ ရောက်တဲ့ နေရာအထိတော့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ဆိုတဲ့ ဆန္ဒတော့ ရှိနေတယ်”လို့ ပြောပါတယ်။
နောက်ဆုံး ဆွေးနွေးစရာတခု ဖြစ်တဲ့ တပ်မတော်ကိုတော့ တခုတည်းသော တပ်မတော် ဖြစ်ရမယ်ဆိုတာကို ကချင် ခေါင်းဆောင်တွေက သဘောတူကြပြီး တိုင်းရင်းသားအားလုံး ပါဝင်တဲ့ တခုတည်းသော ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ်လို့ ဆိုကြပါတယ်။
ဒေါက်တာ တူးဂျာက “ဖက်ဒရယ် တပ်မတော်ပဲ ခေါ်ခေါ် ပြည်ထောင်စု တပ်မတော်ပဲ ခေါ်ခေါ် နိုင်ငံတခုမှာတော့ တပ်မတော် တခုပဲ ရှိရမှာပေါ့။ ဒါပေမယ့် အဲဒီတပ်မတော်ကို ပြည်သူလူထုကို အခြေခံတဲ့ တပ်မတော်၊ ပြည်သူလူထုရဲ့ လက်အောက်ခံ တပ်မတော်ဖြစ်ရမယ်။ ခွဲခြားဆက်ဆံတာ မရှိရဘူး။ နိုင်ငံရေးနဲ့ ကင်းရှင်းရမယ်”လို့ ပြောပါတယ်။
ပြီးတော့ ကချင်ခေါင်းဆောင်တွေက ပြည်မက နိုင်ငံရေးပါတီတွေနဲ့ အတူတူတွဲပြီး အလုပ်လုပ်နိုင်ဖို့ မျှော်လင့်ချက် ရှိသလို လက်ရှိ အာဏာရ NLD ပါတီကိုတော့ ပိုပြီး စိတ်ဝင်စားပုံ ရပါတယ်။
NLD ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင် ဦးအင်ထုံးခါနော်ဆန်ကတော့ “ကျနော်တို့ ပါတီ အနေနဲ့က ဘယ်ပါတီနဲ့မှ မဟာမိတ် လုပ်မယ်ဆိုတဲ့ အနေအထား မရှိသေးပါဘူး။ ဒါကတော့ ပါတီခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ပါ။ လက်ရှိ အချိန်အထိတော့ မဟာမိတ်ဆိုတဲ့ အနေအထား မရှိသေးပါဘူး”လို့ ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။
You may also like these stories:
သမ္မတ၊ ဝန်ကြီးများ နှင့် တရားရေး ဆိုင်ရာ စသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း အဆိုပြုချက်များ
တပ်မတော် အာဏာလျှော့ချရန် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း အဆိုပြုချက်များ
၂၀၂၀ ရွေးကောက်ပွဲမှာ လူငယ်ကိုယ်စားလှယ်လောင်းပါဝင်မှု ပိုများလာမလား