အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ကျင်းပရမည့် အထွေထွေ ရွေးကောက်ပွဲအား ၂၀၂၀ ပြည့် နှစ်အတွင်း ကျင်းပလိမ့်မည်ဟု လူအများက မျှော်လင့်နေကြသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလ ကို သိခွင့် မရရှိကြသေးပေ။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က တရားဝင် ထုတ်မပြောသေးသဖြင့် လူအများ မသိရခြင်းလည်း ဖြစ် သည်။
နိုင်ငံရေး ပါတီများ နှင့် နိုင်ငံရေး စိတ်ဝင်စားသူ လူအများ သိချင်နေသည့် “ရွေးကောက်ပွဲ ဘယ်နေ့ကျင်းပမလဲ” ဟူသော မေးခွန်းကို UEC ထံ ဧရာဝတီက မေးမြန်းသော်လည်း မရေရာသည့် အဖြေသာရသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မသတ်မှတ်ရသေးကြောင်း UEC ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က နေပြည်တော်ရှိ UEC ရုံးတွင် ဖေဖော်ဝါရီ ၆ ရက်က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ဧရာဝတီ သတင်းဌာန သို့ ပြောကြားထားသည်။
ဦးမြင့်နိုင်၏ ပြောဆိုချက်တွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက် မသတ်မှတ်နိုင်သည့် အကြောင်းအရင်းတော့ မပါပေ။
“အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ တုန်းက နိုဝင်ဘာလ ၇ ရက်မှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၅ မှာ နိုဝင်ဘာလ ၈ ရက် နေ့ကို ကျင်းပခဲ့ပါတယ်။ အခုလည်း အဲဒီအတိုင်း မသတ်မှတ်ရသေးသော်လည်း အဲဒါတွေကို နည်းနာနိဿယ ယူပြီး တော့ ကျနော်တို့ ရည်မှန်းထားတဲ့ စံ ၅ ချက်နဲ့ ပြည့်ဝတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဆွေးနွေးညှိနှိုင်းပြီး သတ်မှတ်မှာ ဖြစ်ပါတယ်”ဟု ဦးမြင့်နိုင်က ပြောကြားသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကာလကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် UEC က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ မှတဆင့် ပုဂ္ဂလိက သတင်း မီဒီယာများသို့ အသိပေးဖူးသည်။
ယခုမူ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ရောက်သည့်တိုင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် အချိန်ကာလ ကို UEC က အရိပ်အမြွက်ပင် ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။
ထိုသို့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည့် ကာလ ထုတ်မပြောနိုင်သေးသည့် အပေါ် တချို့သော နိုင်ငံရေး ပါတီများက စိတ်ပျက်နေကြပြီး မည်သည့် အကြောင်းကြောင့် ရွေးကောက်ပွဲ ကျင်းပမည့်ကာလကို ထုတ် မပြောရ သနည်းဟု မေးခွန်း ထုတ်နေကြသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက“၂၀၁၅ တုန်းကတော့ ဒီအချိန်မှာ ရက်ထွက်တာတော့ ကျနော်သေချာ မသိဘူး။ ဒါပေမယ့် ခန့်မှန်းနဲ့ အရိပ်အမြွက်လို ဟာမျိုးတော့ တချို့ တလေ ခန့်မှန်းလို့ရတာရှိတယ်။ အခုဟာက လုံးဝကို ခန့်မှန်းလို့မရတဲ့ လမ်းစပျောက်နေတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ပြောကြားသည်။
ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည့် ကာလကို သတ်မှတ်ထားခြင်း မရှိသကဲ့သို့ မည်သည့်ကာလ တွင် ကျင်းပရန် မျှော်မှန်းသည်ဟုပင် ထုတ်မပြောနိုင်ခြင်းသည် နိုင်ငံရေး ပါတီများအတွက် အခက်အခဲ ဖြစ်စေသည် ဟုလည်း ၎င်းက ဆိုသည်။
“အခုလို ကော်မရှင်က မထုတ်ပြန်တော့ ကျနော်တို့ အနေနဲ့ Time Plan ချရတာ အခက်အခဲရှိတာပေါ့။ Time Plan ဆိုတာ ရွေးကောက်ပွဲ ဝင်ပြိုင်တော့မယ်ဆိုရင် ပါတီတိုင်းက Time Plan ချရတယ်။ ဆိုပါစို့ ရွေးကောက်ပွဲ ကျင်းပမယ့် ကိုးလလို၊ ဆယ်လလို သူ့လအလိုက် တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ သူ့ရဲ့ ရွေးကောက်ပွဲ နီးလေလေ အရှိန်မြှင့်သွား ရမယ့် Time Plan တွေ ဆွဲရတယ်။ အဲဒီလို ဆွဲရတဲ့ ကိစ္စတွေမှာ နှောင့်နှေးမှုတွေ အခက်အခဲတွေ ဖြစ်တယ်”ဟု ဦးသိန်းထွန်းဦး က ပြောကြားသည်။
လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ကျင်းပမည့် ကာလကို အရိပ်အမြွက်အားဖြင့် ထုတ်ပြောသင့်နေပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကမူ ရွေးကောက်ပွဲ ကော်မရှင်တွင်လည်း လူအများ မသိနိုင်သည့် အခက်အခဲများ ရှိနေသဖြင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မသတ်မှတ်ရသေးခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
“အခုလောလောဆယ်မှာပဲ ဆိပ်ကမ်းမြို့နယ်ကို ပယ်ဖျက်လိုက်တာ။ လှိုင်သာယာကို အရှေ့အနောက် ခွဲလိုက် တာတွေ ရှိတဲ့အခါ မဲဆန္ဒရှင် စာရင်းတွေ ပြုစုဖို့တို့ ဘာတို့မှာ အခက်အခဲတွေ ရှိပါတယ်။ နောက်တခါ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ရင်လည်း လုံခြုံရေး အခြေအနေတွေက ဘယ်မြို့နယ်တွေမှာ လုပ်မယ်ဆိုတာ သူတို့မှာ အခက်အခဲရှိနိုင်ပါ တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲက စတင်ပြီး နောက်ပိုင်း ရွေးကောက်ပွဲများသည် တပ်မတော်အစိုးရ လက်ထက်က ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပေါ်ပေါက်နေခြင်းလည်း ဖြစ် သည်။

လက်ရှိတွင် ပြည်ထောင်စု လွှတ်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ရေး ကြိုးပမ်းနေသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်သို့ တင်ထားသည့် မူကြမ်းများထဲတွင် ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်သည့် အချက်များလည်း ပါဝင်သည်။
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၉၆ (ခ) တွင် လွှတ်တော် ကိုယ်စားလှယ်တဦးကို တာဝန်မှ ပြန်လည်ရုပ်သိမ်းရန် တိုင်တန်းမည် ဆိုပါက သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်တန်း ရမည် ဆိုသည့် အချက်ကို မဲဆန္ဒရှင် ၂၀ ရာခိုင်နှုန်းက တင်ပြရမည်ဟု ပြင်ဆင်မည့် မူကြမ်းတွင် ပါဝင်သည်။
ထို့ပြင် ပုဒ်မ ၄၀၂ (က)၊ (ခ)၊ (ဂ) တွင် ပြဋ္ဌာန်းထားသည့် ရွေးကောက် တင်မြှောက်ခြင်း ဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံအမှုများနှင့် ပြင်ဆင်မှုများ၊ နိုင်ငံရေး ပါတီ ဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်များတွင် ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်ရမည် ဆိုသောနေရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ အယူခံတက်နိုင်သည် ဟူသည့် ပြင်ဆင်ချက်လည်း ပါဝင်သည်။
သို့ဖြစ်ရာ တချို့သော နိုင်ငံရေး လေ့လာသူများက လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုဆောင်ရွက်နေ သဖြင့် UEC သည် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မသတ်မှတ်ရသေးခြင်းလောဟု မေးခွန်း ထုတ်မှုများလည်း ရှိသည်။
ဥပဒေပညာရှင် တချို့ကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် မသတ်မှတ်ရသေးခြင်းသည် တိုက်ရိုက် မသက်ဆိုင်ဟု ဆိုသည်။
ဥပဒေအကြံပေး ဦးခင်မောင်မြင့်က“ကျနော်တို့ ဥပဒေသဘောအရ စဉ်းစားရင်တော့ သီးခြားစီပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်တာက သီးခြား တကိစ္စပေါ့။ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းထားတာက ၂၀၀၈ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်းဖြစ်တော့ ၂၀၀၈ အခြေခံဥပဒေမှာ ပါတဲ့အတိုင်းပဲ ရွေးကောက်ပွဲက ဆောင်ရွက်ပေးရ မှာပေါ့”ဟု ပြောကြားသည်။
လက်ရှိလွှတ်တော်တွင် ပြင်ဆင်ရန် ကြိုးပမ်းနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းသည်လည်း ၂၀၂၀ အတွင်း အောင်မြင်နိုင်ရန် မလွယ်ကူဟုလည်း ဦးခင်မောင်မြင့်က ပြောသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ဖွဲ့စည်းထားသည့် ၄၅ ဦးကော်မတီတွင် တပ်မတော်ဘက်က ပါဝင်မှုများ ရှိနေရာ တပ်မတော်တွင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုသည့် သဘောထား ရှိပုံရကြောင်း ၎င်းက ဆိုသည်။
သို့သော် မည်သည့် အချက်များကို မည်ကဲ့သို့ ပြင်ဆင်မည် ဆိုသည့်နေရာတွင် တပ်မတော်နှင့် NLD ဦးဆောင်သော အမတ်များကြား သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း ဦးခင်မောင်မြင့်က ပြောသည်။
“အခုက တဖက်ကလည်း All Inclusive ကို ညှိနှိုင်းလို့မရတဲ့ အခါမှာ တဖက်သတ်လုပ်တယ်။ တဖက်ကလည်း ရွေးချယ် တင်မြှောက် ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ မဟုတ်ပါဘဲနဲ့ တပ်မတော်ကိစ္စတင် မကဘဲ နိုင်ငံ အရေးအရာ ကိစ္စတွေပါ ပြင်ဆင်ချင်တဲ့ အနေအထားမျိုး ရှိနေတာ တွေ့ရတယ်။ ပြန်သုံးသပ်ရင် ဒါက အခုအခံလည်း ကြီးသလို ဒီသက်တမ်းအတွင်းမှာ ပြင်ဆင်ရန် ခက်လည်း ခက်ခဲလိမ့်မယ်”ဟု ၎င်းက ပြောဆိုသည်။
ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မည့် မူကြမ်းများထဲတွင် ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင် သည့် ပြင်ဆင်ချက်တချို့ ပါဝင်နေသော်ငြားလည်း ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အတိုင်းသာ ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပရမည့် အခြေအနေတွင် ရှိကြောင်း လည်း ဦးခင်မောင်မြင့်က မှတ်ချက်ပေးသည်။
ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို UEC က မကြေညာသေးခြင်းသည် မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ဖြစ်ပွား နေသည့် ရခိုင်ပြည်နယ် ကဲ့သို့သော ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကြိုးပမ်းနေသဖြင့်လည်း ဖြစ်နိုင် ကြောင်း ၎င်းက ဆိုသည်။
“ကျနော်မြင်တာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ သက်ဆိုင်ခြင်း မရှိဘဲနဲ့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု အခြေ အနေပေါ်မှာပဲ သူတို့ မဲဆန္ဒနယ်တွေကို စီစစ်နေတဲ့ အတွက် ကြန့်ကြာနေတယ်လို့ မြင်ပါတယ်”ဟု ဦးခင်မောင်မြင့်က ပြောကြားသည်။
လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို မကြေညာသေးခြင်းသည် ရွေးကောက်ပွဲ ကော်မရှင် အတွက် သတ်မှတ်ထားသည့် စည်းကမ်းများနှင့် ညီညွတ်ပြီး ဥပဒေဘောင်ကျော်လွန် လုပ်ဆောင်မှု မရှိဟု ရှုမြင်သူများလည်း ရှိသည်။
ရွေးကောက်ပွဲ ကော်မရှင်သည် ၎င်း၏ နည်းဥပဒေအရ ရွေးကောက်ပွဲကျင်းပမည့် ရက်နှင့် ၆ လ အကွာအထိ နောက်ဆုံး ထားကာ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ကြေညာနိုင်ကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (ALD) အတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
“ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နည်းဥပဒေအရ ဆိုရင် ရွေးကောက်ပွဲ မကျင်းပမီ ၆ လလောက်မှာ ကြေညာလေ့ရှိတယ်။ ၆ လကတော့ ကြိုတင် ပြင်ဆင်ပေါ့ဗျာ။ ၆ လမှာ ၂ လကတော့ ကမ်ပိန်းကာလပေါ့။ ရက်ပေါင်း ၆၀ ဒါက သူတို့မှာ ရှိတဲ့ နည်းဥပဒေပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးပဲ ပြောတယ်လို့ ကျနော်တို့ကတော့ ထင်တယ်”ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လက်ရှိအချိန်အထိ မပြောကြားသေးသည့် အပေါ် နိုင်ငံရေး ပါတီများက စောဒကတက်၍ မရနိုင်ကြောင်း ဦးမျိုးကျော်က ပြောကြားသည်။

ဆက်လက်၍ ၎င်းက“ကျနော်တို့ကတော့ ဒီအပေါ်မှာ ကွန်ပလိန်း လုပ်လို့တော့ မရဘူးဗျ။ သူတို့ကတော့ ကြေညာတာ က ရက်ပေါင်း ၁၈၀ ကြိုပြီး ကြေညာမယ်။ ကမ်ပိန်း ကာလကတော့ ရက်ပေါင်း ၆၀ ပေးမယ်။ ဒါက သူတို့ရဲ့ပုံစံအရ ဒီအတိုင်းပဲ ဖြစ်နေတာကိုး”ဟုလည်း ပြောဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ယခုအချိန်တွင် တရားဝင် ကြေညာသင့်နေပြီ ဖြစ်ကြောင်း ယူဆသူများလည်း ရှိသည်။
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှု အဖွဲ့ (PACE) အမှုဆောင် ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က“နောက်ကျ တာတော့ ပြောမနေနဲ့တော့ဗျာ။ ကျနော်တို့ကတော့ စောစောကြေညာနိုင်လေ ကောင်းလေပဲ။ နောက်ကျမှ ကြေညာ တာဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ ကော်မရှင်အတွက်လည်း အကျိုးမရှိဘူး။ နိုင်ငံရေးအရလည်း အကျိုးမရှိ ဘူး”ဟု ပြောဆိုသည်။
ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို စောလျင်စွာ မထုတ်ပြန်ဘဲ ရွေးကောက်ပွဲ ကျင်းပမည့်ကာလနှင့် နီးကပ်စွာ ကြေညာပါက အာဏာရ နိုင်ငံရေးပါတီ အသုံးချနိုင်ရန် ဆောင်ရွက်ခြင်းလောဟု နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ ကော်မရှင်ကို စွပ်စွဲလာနိုင်ကြောင်း၊ ထိုသို့စွပ်စွဲလာပါက နိုင်ငံရေးအရ အကျိုးရှိမည် မဟုတ်ကြောင်း ကိုစိုင်းရဲကျော်စွာမြင့် က ဆိုသည်။
ထို့ပြင် ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာ၌ ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို သိရှိထားပါက ပိုမို အဆင်ပြေနိုင်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
“သဘောကတော့ ၂၀၂၀ ရွေးကောက်ပွဲက အရေးကြီးတယ်။ မဲသွားပေးဖို့ လိုတယ်။ ဆိုတော့ ဘယ်နေ့ မဲပေးရမှန်း မသိလို့ရှိရင် မရဘူးလေ။ ဆိုတော့ Operation သဘောအရကိုရော ရွေးကောက်ပွဲဖြစ်စဉ်မှာ ပါဝင်ဆောင်ရွက်မယ့် လူတွေအတွက်ရော နိုင်ငံရေးအတွက်ရော အရေးကြီးတယ်”ဟု ကိုစိုင်းရဲကျော်စွာမြင့်က ဆိုသည်။
ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လက်ရှိအချိန်အထိ မကြေညာသေးခြင်းသည် UEC အတွက် ပေးထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုရှိသော်လည်း ဒီမိုကရေစီ စံနှုန်းအရ ကြည့်ပါက ဆီလျော်ညီညွတ်မှု မရှိကြောင်း၊ ပွင့်လင်း မြင်သာမှု အားနည်းသည့်သဘော ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“အခုလုပ်နေတဲ့ ကိစ္စတွေအကုန်လုံးက လက်ရှိပေးထားတဲ့ ဥပဒေနဲ့ ညီတယ်။ ဒါပေမယ့် ကျနော်တို့ ပြောနေတာတွေ က လက်ရှိ ဥပဒေကိုယ်တိုင်က ဒီမိုကရေစီ စံနှုန်းအရ အားနည်းချက်တွေ အများကြီးရှိတယ်။ အဲဒီအတိုင်း သွားမယ် ဆိုရင် ဒီမိုကရေစီ စံနှုန်းနဲ့ အမြဲတမ်းဝေးနေမှာပဲ”ဟု ကိုစိုင်းရဲကျော်စွာမြင့်က မှတ်ချက်ပေးသည်။
ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် ညီသည်ဟုဆိုကာ ဒီမိုကရေစီ စံနှုန်းနှင့် မညီသော ဥပဒေများကို ပြုပြင်ရန်မလိုဟု ယူဆ ပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်ပင် ပြင်ဆင်ရန် လိုအပ်မည် မဟုတ်ကြောင်း ကိုစိုင်းရဲကျော်စွာမြင့်က ပြောဆို သည်။
ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို စောလျင်စွာ ကြေညာလိုက်ပါက နိုင်ငံရေး မတည်မငြိမ်မှုနှင့် ကောလာဟလများကို ထိန်းချုပ်ပြီးသား ဖြစ်နိုင်ပြီး UEC သည် ပွင့်လင်းမြင်သာမှု ရှိသည်ဟု နိုင်ငံရေး ပါတီများက ယူဆလာမည် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
လက်ရှိတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီ ၉၉ ခု၊ တည်ထောင်ခွင့် စိစစ်ဆဲ ပါတီ ၃ ခု၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲ ပါတီ ၂ ခုနှင့် ယာယီ ရပ်ဆိုင်းထားသည့် ပါတီ ၃ ခု ရှိသောကြောင့် လာမည့် ရွေးကောက်ပွဲတွင် ပါတီ ၁၀၀ ဝန်းကျင် ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိသည်ဟု UEC မှ သိရသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် လူဦးရေ ၃၇ သန်းကျော် ရှိပြီး ၄ သန်းကျော်သည် ပထမဆုံး အကြိမ် မဲပေးမည့် လူငယ် မဲဆန္ဒရှင်များ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ပြောကြား ထားသည်။
ရွေးကောက်ပွဲ ကျင်းပမည့် ကာလကို ထုတ်မပြောသေးသော်လည်း UEC သည် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်မှု တချို့ ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်တွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် Facebook Team မှ အရှေ့တောင် အာရှ၏ Director of Public Policy ဖြစ်သူ Mr. Ratael Frankel နှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲ ဆိုင်ရာ သတင်း အချက်အလက်များ ပြည်သူလူထုထံ လျင်မြန်စွာ ရောက်ရှိစေရန် ယခင်က အသုံးမပြုဘဲထားသည့် UEC Facebook Page ကို ပြန်လည် အသုံးပြုမည် ဖြစ်ကြောင်း ပြောဆိုသည်။
ထိုပြင် UEC Facebook Page အသုံးပြုရာ၌ စနစ်တကျ ရှိစေရန်အတွက် ဆိုရှယ်မီဒီယာ အသုံးပြုမှုဆိုင်ရာ ကြီးကြပ် ရေး ကော်မတီ၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့နှင့် ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေး လုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်း ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ဦးလှသိန်းက ပြောဆိုခဲ့ကြောင်း UEC ထံမှသိရသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲရုံးသုံးပစ္စည်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ စာရင်းကိုလည်း UEC က ယခုနှစ် ဇန်နဝါရီလ အကုန်တွင် ကြေညာထားသည်။
အဆိုပါ ဆောင်ရွက်ချက်များအရ ၂၀၂၀ တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် UEC ဘက်က ရည်ရွယ်ထား သည်မှာ ထင်ရှားသည်။
သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပမည့်ကာလနှင့် ပတ်သက်၍ ကော်မရှင်ဘက်က နှုတ်ဆိတ်နေသည်ဖြစ်ရာ ရွေးကောက်ပွဲ ကျင်းပမည့် ကာလသည် မသေချာဘဲ ဝေဝေဝါးဝါး ရှိနေဆဲဟု ဆိုရမည့် အခြေအနေ ဖြစ်နေပါသည်။ ။
You may also like these stories:
အတိုက်အခံပါတီများ ဖျက်သိမ်းခံရမည်ဟု UEC သတိပေး
တဖက်သတ် နားထောင်ရုံဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အလုပ်မဖြစ်
၂၀၂၀ ရွေးကောက်ပွဲ ရလဒ် ပြည်သူ့ဆန္ဒနှင့် တထပ်တည်း ကျစေရမည်ဟု ကော်မရှင်ပြော