ရခိုင်ပြည်နယ်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သော အစီရင်ခံစာကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ထံသို့ တင်ပြခဲ့သော်လည်း မြန်မာအစိုးရ၏ လွတ်လပ်သော စုံစမ်းရေးကော်မရှင် (ICOE) သည် အစီရင်ခံစာ အပြည်အစုံကို ယခုအချိန်အထိ အများပြည်သူ သိရှိစေရန် ထုတ်ပြန်ခြင်း မရှိသေးပါ။
အစီရင်ခံစာတွင် ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် သက်ဆိုင်သောကိစ္စများနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA) ၏ အခြား နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်သည်တို့ကို ဖော်ပြထားသည်။
သို့သော်လည်း သမ္မတရုံးမှ မြန်မာဘာသာဖြင့် ထုတ်ပြန်သော ထို ICOE အစီရင်ခံစာ အကျဉ်းချုပ်က ယနေ့အချိန်တွင် မြန်မာနိုင်ငံရင်ဆိုင်နေရသော အငြင်းပွားစရာ အဖြစ်ဆုံး ကိစ္စ၏ ရှုပ်ထွေးနက်နဲမှုကို အရိပ်အမြွက်ဖော်ပြနေသည်။ ရခိုင်အရေးအတွက် တာဝန်ခံမှုရှိစေရေး ရှာဖွေရန်နှင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိရေး ဆောင်ရွက်ရန် ရှိသည်များအား အကြံပြုရန် ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း အစိုးရကပြောသည်။
မြေပြင်မှ သတင်းအချက်အလက်များ ရယူခြင်း၊ အကြမ်းဖက်မှုတွင် ထိခိုက်နစ်နာခဲ့ရသော အသိုင်းအဝိုင်းများ၊ မျက်မြင်သက်သေများနှင့် အာဏာပိုင်များထံမှ ထွက်ဆိုချက်များကို စုဆောင်းရေးက အလွန်အရေးကြီးသည်ဟု ယူဆကြောင်း ICOE က ပြောသည်။ ICOE ၏ သက်သေခံ အထောက်အထားများ စုဆောင်းရေးနှင့် စိစစ် အတည်ပြုရေး အဖွဲ့(ECVTs) ကို ရခိုင်ပြည်နယ်၊ ရန်ကုန်နှင့် နေပြည်တော်သို့ စေလွှတ်ခဲ့သည်။ ICOE က မွတ်ဆလင်များ၊ ရခိုင်တိုင်းရင်းသားများ၊ ဒိုင်းနက်တိုင်းရင်းသားများနှင့် မြို တိုင်းရင်းသားများ အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် မျက်မြင်သက်သေ ၁၅၀၀ ခန့်ကို တွေ့ဆုံမေးမြန်းခဲ့သည်။
နိုင်ငံတကာ၏ စွပ်စွဲချက်များနှင့် ဆန့်ကျင်ကွဲလွဲစွာဖြင့် ICOE အစီရင်ခံစာတွင် အစိုးရလုံခြုံရေးတပ်ဖွဲ့များ၏ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ARSA ကို တိုက်ခိုက်သည့် နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များအတွင်း “လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်” မရှိကြောင်း ငြင်းဆန်ခဲ့သည်။ သို့သော်လည်း ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ လ ၅ ရက် ကြားတွင် စစ်ရာဇဝတ်မှုများ အပါအဝင် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားခဲ့သည်ဟု ကောက်ချက်ချခဲ့သည်။ ၎င်းတို့ကို လုံခြုံရေးတပ်ဖွဲ့များ၊ အရပ်သား လူရမ်းကားများ၊ လူစုလူအုပ်များနှင့် ARSA တိုက်ခိုက်ရေးသမားများက ကျူးလွန်ခဲ့ကြောင်း ICOE က တွေ့ရှိခဲ့သည်။
အစီရင်ခံစာတွင်အကြံပြုချက် ၂၂ ခုလည်း ပါ ဝင်သည်။ အထင်ရှားဆုံးမှာ အထက်တွင်ဖော်ပြခဲ့သည့် ရာဇဝတ်မှုများတွင် ပါဝင်သူများအား နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် တရားစွဲဆိုရန် မြန်မာအစိုးရနှင့် တပ်မတော်တို့ကို ICOE က တိုက်တွန်းထားသည်။
ယခု အစီရင်ခံစာအကျဉ်းချုပ်တွင် အများစုမှာ ယခင်က ထုတ်ပြန်ခဲ့ဖူးခြင်း မရှိသေးသော အချက်များ ပါဝင်သည်။
ARSA ၏ အင်အားသာလွန်မှု
သြဂုတ်လ ၂၅ ရက်နံနက်တွင် ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်း ၃၀ နှင့် တပ်မတော် တပ်ရင်းတခုကို တိုက်ခိုက်ခဲ့သည်။
ထိုနေ့တိုက်ခိုက်မှုတွင် ပါဝင်သည့် ARSA အဖွဲ့ဝင်အရေအတွက် ခန့်မှန်းခြေ ၉၀၀၀ ကျော် သည်။
သြဂုတ်လ ၂၅ ရက်နောက်ပိုင်း တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်သူ (ARSA နှင့် ဒေသခံ မွတ်ဆလင်) အရေအတွက် ခန့်မှန်းခြေ ၁၄၀၀၀ ကျော်သည်။
ထိုအရေအတွက်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် အင်အား စုစုပေါင်းထက် များစွာကျော်လွန်နေသည်။
ရှေ့တန်းစစ်မျက်နှာရှိ လုံခြုံရေးတပ်ဖွဲ့အရေအတွက် ၃၀၀၀ နှင့် ၃၅၀၀ ကြားရှိသည်။
ထောက်ပံ့ရေးတပ်ဖွဲ့ အင်အားအရေအတွက် ၁၀၀၀ နှင့် ၁၅၀၀ ကြားရှိသည်။
ICOE ၏အစီရင်ခံစာတွင် လုံခြုံရေးတပ်ဖွဲ့များသည် ARSA ဘက်မှ များပြားလှသော အရေအတွက်ကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ကြကြောင်းနှင့် တပ်မတော်က ထိုကဲ့သို့သော တိုက်ခိုက်မှုကို မမျှော်လင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် ထိုမျှအင်အားကြီးမားသည့် ARSA တိုက်ခိုက်ရေး သမားများနှင့် အရပ်သား လက်နက်ကိုင်များအား မည်သို့ တုန့်ပြန်ရမှန်း မသိခဲ့ကြ” ဟု အစီရင်ခံစာက ဆိုသည်။
ထိခိုက်ပျက်စီးမှု
အဓိက ကုန်သွယ်ရေးလမ်းကြောင်းများပေါ်ရှိ တံတား ၈ စင်း ဖျက်ဆီးခံခဲ့ရသည်။ နောက်ထပ်ရဲစခန်း ၂၆ ခုကို နောက်ရက်များတွင် တိုက်ခိုက်ခဲ့သည်။
အထိအခိုက်၊ အသေအပျောက်နှင့် အပျက်အစီးများ
အစိုးရ၏ အချက်အလက်များအရ ပဋိပက္ခကာလအတွင်း ARSA တိုက်ခိုက်ရေးသမား ၃၇၆ ဦး နှင့် တပ်မတော်သား ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ အစိုးရ ဝန်ထမ်း ၂ ဦး နှင့် ဒေသခံ အရပ်သား ၁၃၃ ဦး တို့ သေဆုံးခဲ့ပြီး ဒေသခံ ၁၈၁ ဦး ပျောက်ဆုံးခဲ့သည်ဟု ICOE ၏အစီရင်ခံစာက ပြောသည်။
နေအိမ်ပျက်စီးမှု ၄၀၀၀၀ ကျော် ရှိသည်။
အိုးအိမ်မဲ့ပြည်သူလူထု ၄၁၀,၀၀၀ ကျော် (အများစုမှာ မွတ်ဆလင်များဖြစ်သည်) ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
ထိခိုက်သေဆုံးမှုနှင့် ထိခိုက်ပျက်စီးမှု ဆိုင်ရာ ကိန်းဂဏန်းများက အရင်းအမြစ်ပေါ် မူတည်၍ အကြီးအကျယ် ကွဲပြားမှုရှိသည် ဟု ICOE က မှတ်ချက်ပြုသည်။
နယ်မြေရှင်းလင်းရေးအတွင်း လူ ၁၀၀၀ နီးပါးသေဆုံးခဲ့
မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့များ က ရခိုင် ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၃ ခုမှ ကျေးရွာ ၄ ရွာတွင် အစုအပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း ICOE က တွေ့ရှိရသည်။
အစုအပြုံလိုက် သတ်ဖြတ်ခံရသည့် နေရာများ
မောင်တောမြို့နယ် မင်းကြီးကျေးရွာ၊ ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာနှင့် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာ တို့ ဖြစ်သည်။
သေဆုံးသူ အရေအတွက်
၁။ မင်းကြီးကျေးရွာတွင် အရပ်သား ၅၀၀ မှ ၆၀၀ ကြား။ (သေဆုံးသူ အရေအတွက် အများဆုံး ဖြစ်ဖွယ်ရာ ရှိပါသည်။)
၂။ ချွတ်ပြင် ကျေးရွာတွင် (ARSA တိုက်ခိုက်ရေးသမားများနှင့် အရပ်သားများအပါအဝင်) ၁၀၀ နီးပါး။
၃။ မောင်နု ကျေးရွာတွင် ၁၀၀ နှင့် ၂၀၀ ကြား (အရပ်သားအများစု) ကြား။
၄။ ဂူတာပြင် ကျေးရွာတွင် ၁၉ ဦးတို့ ဖြစ်သည်။
အခြားဒေသများတွင် လုံခြုံရေးတပ်ဖွဲ့များ နှင့် ARSA အကြား လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ဒေသခံများ၏ ပြောဆိုမှုများရှိနေသော်လည်း အဆိုပါ နေရာများတွင် အရပ်သားများသေဆုံးမှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို အတည်မပြုနိုင်ခဲ့ကြောင်း အစီရင်ခံစာက မှတ်ချက်ပေးသည်။
အုပ်စုဖွဲ့၍ အတင်းအဓမ္မ ပြုကျင့်မှု မရှိ
နိုင်ငံတကာသတင်းမီဒီယာများနှင့် ကုလသမဂ္ဂ၏ထုတ်ပြန်ချက်များ အားလုံးတွင် ဖော်ပြခဲ့သော အမျိုးသမီးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အုပ်စုဖွဲ့၍ အဓမ္မပြုကျင့်ခဲ့သည် ဆိုခြင်းနှင့် ပတ်သက်၍ ICOE က အဆိုပါ ပြောဆိုချက်ကို ထောက်ခံသည့် ယုံကြည်စိတ်ချရသော သက်သေအထောက်အထားများ မတွေ့ရှိခဲ့ပါ။
“ယင်းပြောဆိုမှုများမှာ ၎င်းတို့၏ မျက်မြင်ကိုယ်တွေ့ ဖြစ်ရပ်များ အပေါ် အခြေခံသည့် ပြောဆိုမှုများ မဟုတ်ဘဲ အခြားသူများထံမှ ပြန်လည်ကြားသိရသည့် တဆင့်စကားများအပေါ်တွင် အခြေခံ၍ ပြောဆိုသည့် ပြောဆိုချက်များသာ ဖြစ်ခဲ့ပါသည်”ဟု ကော်မရှင်က ပြောသည်။
သို့သော်လည်း အမျိုးသမီးအချို့သည် လုံခြုံရေးတပ်ဖွဲ့များ၏ ကိုယ်ခန္ဓာကို ထိတွေ့ ကိုင်တွယ်၍ စစ်ဆေးရှာဖွေခြင်း ခံယူခဲ့ရသည် ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍ အစီရင်ခံစာက “ထိုသို့ ပြုမူခဲ့သည့် အပြုအမူသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု မြောက်ကောင်း မြောက်နိုင်ပါသည်” ဟု ဆိုသည်။
အိုးအိမ်များအား ဖျက်ဆီးမှု
နေအိမ်များ မီးရှို့မှုကို ICOE က အစီရင်ခံစာအတွက် လေ့လာခဲ့သောဒေသ ၁၃ ခုလုံးတွင် လေ့လာတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ အဆိုးရွားဆုံး အဖြစ်အပျက်ကို မင်းကြီးကျေးရွာတွင် တွေ့ရှိရပြီး ကျေးရွာတွင် မည်သည့် အဆောက်အဦးမျှ မကျန်တော့ကြောင်း သိရသည်။
အခြားဘေးဒဏ်သင့်ဒေသများ
၁။ ချွတ်ပြင်ကျေးရွာတွင် မွတ်ဆလင်နေအိမ် အများစုကို မီးရှို့ခံခဲ့ရသည်။
၂။ ဂူတာပြင်ကျေးရွာတွင် အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပျက်စီးသွားခဲ့သည်။
၃။ မော်တူလာနှင့် အင်းဒင်ကျေးရွာများရှိ အိမ်အရေအတွက် စုစုပေါင်း၏ တဝက်ခန့် မီးလောင်ခဲ့သည်။
မည်သူတို့က ကျူးလွန်ခဲ့သနည်း
မျက်မြင်သက်သေများ၏ အဆိုအရ မီးရှို့မှုအများစုကို
၁။ လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားများ (ရပ်ရွာအတွင်းရှိ ဥပဒေမဲ့ လူရမ်းကားများ)
၂။ ARSA အဖွဲ့ဝင်များက ကျူးလွန်ခဲ့ကြသည်။
မွတ်ဆလင်ပိုင် အိုးအိမ်များကို ဒေသခံတိုင်းရင်းသားများက ဖျက်ဆီးသည့် ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့များဘက်မှ ထိထိရောက်ရောက် ကာကွယ်တားဆီးရေးအတွက် အရေးယူဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း ကော်မရှင်က တွေ့ရှိခဲ့သည်။
ပစ္စည်းခိုးယူမှု
မျက်မြင်သက်သေများစွာ၏အဆိုအရ ပစ္စည်းခိုးယူသူ အများစုမှာ မွတ်ဆလင်မဟုတ်သူ ဒေသခံများ ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ကလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညှဉ်းပန်းနှိပ်စက်မှု
စစ်သားများက မွတ်ဆလင်များအား သူတို့၏အမိန့်များကိုလိုက်နာစေရန် ဖိအားပေးသည့် အနေဖြင့် ရိုက်နှက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း မျက်မြင်သက်သေများက ပြန်လည်ပြောဆိုခဲ့သည်။
အတင်းအဓမ္မ နေရပ်စွန့်ခွာစေမှု
လုံခြုံရေးတပ်ဖွဲ့များက မွတ်ဆလင်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးရန် ဖိအားပေးသည်ဟု ဆိုသော အချက်မှာ ခိုင်လုံသည့် အထောက်အထား နည်းပါးသည်ဟု ICOE အစီရင်ခံစာ က ဆိုသည်။
သူတို့ ဘာကြောင့်စွန့်ခွာရသနည်း
၁။ လုံခြုံရေးတပ်ဖွဲ့များနှင့် ARSA ကြား လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားခြင်း အပြင် ARSA ၏ကနဦး တိုက်ခိုက်မှုများ နောက်ပိုင်း ပြည်တွင်းပဋိပက္ခများကို စိုးရိမ်ထိတ်လန့်ခြင်း။
၂။ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် အိုးအိမ်စည်းစိမ်များအား ဖျက်ဆီးခံရခြင်း အပါအဝင် အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းနှင့် အသက်မွေး ဝမ်းကျောင်းမှု အခက်အခဲများဖြစ်ပေါ်စေပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ကြခြင်း။
၃။ ARSA အဖွဲ့ဝင်များက ရွာသားများ ထွက်ခွာသွားရန် လှုံ့ဆော်သည့် အနေဖြင့် အိမ်များကို မီးရှို့ခဲ့ခြင်း။ နိုင်ငံတကာအကူအညီများနှင့် တတိယနိုင်ငံတခုတွင် အခြေချနေထိုင်ခွင့်များ ရရှိရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုမီ ပိုင်ဆိုင်မှုများကို မီးရှို့ရန် တွန်းအားပေးခဲ့ခြင်း။
၄။ ARSA က မြိုနှင့် ဒိုင်းနက် အပါအဝင် အခြား လူနည်းစု ဌာနေတိုင်းရင်းသားများ နေထိုင်ရာအိမ်များကိုလည်း မီးရှို့ပြီး သူတို့၏ကျေးရွာများမှ ထွက်ခွာစေခဲ့ခြင်း။
၅။ ARSA က ဟိန္ဒူဘာသာဝင်များကို အစုလ်ိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သလို ဟိန္ဒူ အမျိုးသမီးများကို အစ္စလမ်ဘာသာသို့ ကူးပြောင်းရန် ဖိအားပေးပြီးနောက် ARSA အဖွဲ့ဝင်များနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြားပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်ခံရခြင်းများဟု မျက်မြင် သက်သေများက ပြောသည်။
လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိ
အစီရင်ခံစာတွင်ဖော်ပြထားသည်မှာ
“လုံခြုံရေးတပ်ဖွဲ့များ အနေဖြင့် သတ်ဖြတ်မှုနှင့် နေရပ်မှ ထွက်ခွာသွားစေမှု စသည့် ရာဇဝတ်များကို ကျူးလွန်ခဲ့သည့်တိုင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင် သို့မဟုတ် အခြား လူ့အဖွဲ့အစည်း တခုခုအား ပျက်သုဉ်းသွားစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ဆိုသော အထောက်အထားမျိုး မတွေ့ ရှိခဲ့ရပေ။”
“နိုင်ငံသား အုပ်စုတစု လူမျိုးစုတစု သို့မဟုတ် ဘာသာရေးအုပ်စု တခုအား အလုံးစုံ သော်လည်းကောင်း တစိတ်တပိုင်း သော်လည်းကောင်း ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည် ဟူ၍ အခိုင်အမာ ပြောဆိုရန် သို့မဟုတ် ကောက်ချက်ချရန် လုံလောက်သော အထောက်အထား မတွေ့ရပါ။”
” ECVT အဖွဲ့များ၏ တွေ့ ရှိချက်များတွင်လည်း ဖော်ပြပါ ရာဇဝတ်မှုများအား လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခဲ့သည်ဟူသော ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချနိုင်သည့် မည်သည့်ကွင်းဆက်မျှ မတွေ့ရှိရပါ။”
“ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အခြားနေရာ ဒေသများမှ စုဆောင်းရရှိထားသည့် သတင်းအချက်အလက်များအပေါ် အခြေခံ၍ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နှင့် စက်တင်ဘာ ၅ ရက် နေ့ အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည့် လုံခြုံရေးလုပ်ငန်းစဉ်များ (နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များ) အတွင်း ရာဇဝတ်မှုများ၊ ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပြည်တွင်းတည်ဆဲဥပဒေများအား ချိုးဖောက်မှုများ ရှိခဲ့ကြောင်း ကောက်ချက် ချလိုပါသည်။”
“အဖွဲ့ပေါင်းစုံသည် ဆိုးရွားသောရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့ကြသော်လည်း ယင်းအဖွဲ့များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှု ရှိခဲ့ကြောင်းကို ယုံကြည်ရလောက်သည့် သက်သေအထောက်အထားများအရ လေ့လာတွေ့ရှိရပါသည်။”
“ARSA အနေဖြင့် ဒေသခံ မွတ်ဆလင် ကျေးရွာသူ/သား အမြောက်အမြားအား စည်းရုံး၍ ရဲကင်းစခန်းများကို စတင် တိုက်ခိုက်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက တုန့်ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခအတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လုံခြုံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အင်အားအလွန်အကျွံ အသုံးပြု၍ တုန့်ပြန် တိုက်ခိုက်ခြင်းများ ပေါ်ပေါက်ခဲ့ပါသည်။ ထို့အပြင် အဆိုပါကာလအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တချို့သည် အပြစ်မဲ့ ကျေးရွာသူ/သားများအား သတ်ဖြတ်ခြင်းနှင့် ၎င်းတို့၏အိုးအိမ်များအား မီးရှို့ ဖျက်ဆီးခြင်းများကို ကျူးလွန်ခဲ့ကြပါသည်။”
(Kyaw Phyo Tha ၏ Highlights From the Summary of Myanmar Report on Human Rights Violations in Rakhine ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဂျီနိုဆိုက်နှင့် မြန်မာကို တွဲအမြင်မခံရစေရန် အတိုင်ပင်ခံ ကိုယ်တိုင် ထွက်ရှင်းရဟု သမ္မတရုံး ပြော
ရခိုင်မြောက်ပိုင်းအရေး ကုလသမဂ္ဂ အစီရင်ခံစာများကို သံသယ ရှိသည်
ICJ ကြားဖြတ်အမိန့် မြန်မာ လိုက်နာရေး ထုတ်ပြန်ရန် ကုလလုံခြုံရေးကောင်စီ သဘောကွဲ
မြန်မာမီဒီယာတွေကို ခြိမ်းခြောက်နေတဲ့ “ရိုဟင်ဂျာ”လော်ဘီများ