• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ချင်းအမျိုးသားနေ့သမိုင်း

by ဆလိုင်းဗန်ကျုံးလျန် (ယူကေ)
20 February 2020
in ဆောင်းပါး
A A
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် တက်ရောက်ခဲ့သော ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ / MOI

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် တက်ရောက်ခဲ့သော ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ / MOI

49.3k
VIEWS
Share on FacebookShare on Twitter

အမျိုးသားနေ့ဆိုသည့် အထိမ်းအမှတ်သည် ကမ္ဘာနဲ့ အဝှမ်း သတ်မှတ်ကြသည့် ထုံးတမ်းအစဉ်လာ ရှိသကဲ့သို့ ချင်းလူမျိုးတို့အတွက်လည်း “ချင်းအမျိုးသားနေ့” ရှိသင့်သည် ဟု လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာသည့် ချင်းရေးရာကောင်စီမှ ယူဆပြီး ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အဖြစ် ၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကျင်းပသော ချင်းရေးရာကောင်စီ အစည်းအဝေးတွင် သတ်မှတ်ခဲ့ရာမှ ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားနေ့တွင် ချင်းလူမျိုးများ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွင်း မိမိကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေနှင့် ကိုယ်ပိုင် ရိုးရာထုံးတမ်းဓလေ့ ပိုင်ဆိုင်သော လူမျိုးဖြစ်ကြောင်းကို ကမ္ဘာ့အလယ်တွင် သက်သေပြ နိုင်ပေသည်။ ဤမွန်မြတ်သော နေ့ထူးနေ့မြတ်တွင် မြန်မာနိုင်ငံတွင်းရှိ ချင်းလူမျိုးများသာမက၊ ကမ္ဘာ့အနယ်နယ် အရပ်ရပ်ရှိ ချင်းလူမျိုးများ ချင်းရိုးရာ ရောင်စုံဝတ်စုံ၊ အကမျိုးစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါသည်။

RelatedPosts

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
923
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
104
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
280

သမိုင်းအကျဉ်း

ဗြိတိသျှအင်ပါယာကြီး ချင်းပြည်မသိမ်းပိုက်မီ အချိန်အထိ ချင်းပြည်သည် မည်သည့် လူမျိုးခြား၏ လွှမ်းမိုးခြင်းမရှိဘဲ အချုပ်အချာအာဏာပိုင် လွပ်လပ်သည့် တိုင်းပြည်ဖြစ်ခဲ့သည်။ မြန်မာဘုရင်မင်းမြတ် သီပေါမင်း ပါတော်မူသည့်အချိန်တွင် ချင်းပြည်သည် သီပေါမင်း အုပ်ချုပ်ရေးအာဏာ သက်ရောက်ခြင်း မရှိသည့်အတွက် ဗြိတိသျှလက်အောက်သို့ အလိုအလျောက် ကျရောက်ခြင်းမရှိခဲ့ချေ။

၁၈၈၇ ခုနှစ်များတွင် မြန်မာပြည်အတွင်း နယ်ချဲ့ဗြိတိသျှတို့အား တော်လှန်ခဲ့သော ရွှေဂျိုးဖြူမင်းသားနှင့် အပေါင်းအပါများ၊ ကလေး၊ ကဘော်နယ်ကို အုပ်စိုးခဲ့သည့် ရှမ်းစော်ဘွား မောင်ရစ်နှင့် အပေါင်း အပါများအား တာရွှန်းမြို့တော်၊ ဖလမ်းတွင် ချင်းအမျိုးသားခေါင်းဆောင် ဗိုလ်ကြွန်ဘိခ် (ခ) ဗိုလ်ဆွန်ပက် က နိုင်ငံရေးခိုလှုံခွင့် ပေးခဲ့ရာမှ ဗြိတိသျှ အစိုးရနှင့် ချင်းပြည်ဆက်ဆံရေး တင်းမားလာခဲ့ရာ ၁၈၉၀ ခုနှစ်တွင် နယ်ချဲ့ဗြိတိသျှ စစ်တပ်ကြီးသည် ချင်းပြည်ကို သိမ်းပိုက်ရန် စစ်ကြောင်းသုံးကြောင်းဖြင့် ချီတက်ခဲ့သည်။

ချင်းအမျိုးသားနေ့အဖြစ်သမိုင်းတွင်သော ဖလမ်းမြို့ညီလာခံမှ ဓာတ်ပုံတပုံ

ဗိုလ်ကြွန်ဘိခ် နှင့် ဗိုလ်ခိုင်ကမ်းတို့ ဦးဆောင်သည့် ချင်းစစ်သည်တော်များ၊  ရွှေဂျိုးဖြူမင်းသား၊ ရှမ်းစော်ဘွား အပေါင်းအပါများသည်လည်း နယ်ချဲ့ဗြိတိသျှတို့အား စည်းလုံးစွာ တွန်းလှန် တိုက်ခိုက်ခဲ့ကြသည်။

သို့သော်လည်းဘဲ လက်နက်ချင်းမမျှသည့်အလျောက် ချင်းပြည်သည်လည်း ဗြိတိသျှ အင်ပါယာ လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။ ၁၉၃၀ ခုနှစ်နောက်ပိုင်းတွင် ဦးဝမ္မသူးမောင်း ဦးဆောင်သည့် ချင်းအမျိုးသားများ စည်လုံးညီညွတ်ရေးအဖွဲ့  (ခ.မ.ည.ဖ) မှ ချင်းပြည်လွတ်လပ်ရေးအတွက် တော်လှန်ရေး တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်။

ခ.မ.ည.ဖ သည် ဗြိတိသျှအစိုးရထံသို့ တောင်းဆိုချက်များ ပြုလုပ်ခဲ့ပြီး ထိုတောင်းဆိုချက်များ ဆွေးနွေးရန် ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကန်ပက်လက်မြို့၌ ဗြိတိသျှအစိုးရ နှင့် ခ.မ.ည.ဖ အဖွဲ့ အစည်းအဝေး ကျင်းပခဲ့ကြသည်။

ထိုအစည်းအဝေးတွင် မကွေးတိုင်းဝန်ရှင်တော်မင်းကြီးမှ တောင်းဆိုချက်များ မလိုက်နာနိုင်ကြောင်း ပြောကြားသည့်အချိန်တွင် အစည်းအဝေးတက်ရောက်သည့် ချင်းလူမျိုးထောင်ကျော် ဆန္ဒပြခဲ့ရာမှ ဦးဝမ္မသူးမောင်း နှင့် အခြားခေါင်းဆာင်များ၊ ခ.မ.ည.ဖ အဖွဲ့ဝင်အများအပြား ဗြိတိသျှအစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြသည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့်အချိန်တွင် ချင်းပြည်သည်လည်း ပြည်မနှင့်အတူ လက်တွဲပြီး လွတ်လပ်ရေး အတူတကွရယူရန် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုပြီးနောက် အောင်ဆန်း-အက်တလီစာချုပ်အရ တောင်တန်းဒေသ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ကြပြီး ချင်းပြည်သူလူထု၏ သဘာထားနှင့် ချင်းပြည်ကို မည်သည့် ပုံစံ၊ အုပ်ချုပ်ရေးစနစ်ဖြင့် ပြည်မနှင့်အတူ ပူးပေါင်းမည်ဆိုသည့် အချက်များကို စုံစမ်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

ချင်းပြည်အနယ်နယ်အရပ်ရပ်ရှိ ချင်းကိုယ်စားလှယ်များသည် မေမြို့ သို့ သွားရောက်ခဲ့ကြပြီး စုံစမ်းရေးကော်မရှင် ရှေ့မှောက်တွင် ၁၉၄၇ ခုနှစ် ဧပြီလ ၁၉-၂၁ ရက်အတွင်း သက်သေထွက်ဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဖလမ်းမြို့ လွတ်လပ်ရေးနေ့အောင်ပွဲသဘင် အခမ်းအနားနှင့် လူထုညီလာခံကြီး

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ချင်းရေးရာကောင်စီ ပေါ်ပေါက်လာခဲ့သည်။

ချင်းရေးရာဝန်ကြီး ဦးဝမ္မသူးမောင်း ခေါင်းဆောင်သည့် ချင်းကောင်စီသည် ချင်းတောင်တန်းတွင် ရှေးပဝေသဏီ ခေတ်အဆက်ဆက်မှ ဗြိတိသျှခေတ်အထိ အသုံးပြုလာခဲ့သည့် ပဒေသရာဇ် အုပ်ချုပ်ရေး စနစ်ဟောင်းကို ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သစ်ဖြင့် အစားထိုးရန် ပထမဦးဆုံးသောလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ ၎င်းအတွက် ချင်းတောင်စုံစမ်းရေးကော်မရှင်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။

ကော်မရှင်သည် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၂-၁၈ ရက်များတွင် တီးတိန်မြို့နယ်၊ ဖလမ်းမြို့နယ်နှင့် ဟားခါးမြို့နယ်တို့တွင် လူထုကိုယ်စားလှယ်၊ တိုက်အုပ်၊ တိုက်သူကြီးများနှင့် တွေ့ဆုံကာ  ၎င်းတို့၏ ဆန္ဒကိုစုံစမ်းစစ်၊ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ စုံစမ်းစစ်ဆေးစစ်ဆေးမှုများ ပြုလုပ်နေစဉ် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ မှ ၂၂ ရက်အထိ ဖလမ်းမြို့တွင်ကျင်းပသည့် လွတ်လပ်ရေးနေ့ အောင်ပွဲသဘင် အခမ်းအနားနှင့် လူထုညီလာခံကြီး ကျင်းပသည့်ရက်နှင့် တိုက်ဆိုင်ခဲ့ပါသည်။

ထိုညီလာခံကျင်းပရန်အတွက် ပြည်ထောင်စုအစိုးရမှဘက်ဂျက် ရူပီ ၂၁၀၀၀ သတ်မှတ် လျာထားပေးခဲ့သည့် အပြင် မြို့နယ်တခုချင်းစီမှ ရူပီ ၂၀၀၀ စီ ပါဝင်ခဲ့ကြသည်။ ချင်းသမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ပြည်မမှ အငြိမ့်အကအဖွဲ့လည်း ချင်းပြည်သူများအား ဖျော်ဖြေရန် ဖိတ်ခေါ်ခဲ့ကြသည်။ ချင်းဝိသေသတိုင်းတစ်ခုလုံးမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

ယင်းသမိုင်းတွန်ကြူးသည့် အခမ်းအနားသို့ နိုင်ငံတော် သမ္မတ စပ်ရွှေသိုက်၊ ချင်းရေးရာဝန်ကြီး ဦးဝမ္မသူးမောင်း၊ ဝန်ကြီးဦးညိုထွန်းနှင့် တိုင်းမင်းကြီး စည်သူဦးသိမ်းမောင်တို့လည်း တက်ရောက် ခဲ့ကြသည်။

ချင်းသမိုင်းတွင် ပထမဦးဆုံးကြိမ်အဖြစ် ကန်ပက်လက်နှင့် ပလက်ဝ နယ်တို့မှ ကိုယ်စားလှယ်များလည်း ပါဝင်လာကြသည်။ တက်ရောက်လာကြသောဧည့်သည်များမှာ ၅၀၀၀ ဦးခန့်ရှိပြီး ထိုအချိန်က ချင်းဝိသေသတိုင်း (ယခုချင်းပြည်နယ်) မြို့တော် ဖလမ်းမြို့တွင် ထိုမျှသော ဧည့်သည်တော်များ လက်ခံနိုင်ခြင်းကို တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များ အံ့အားသင့်ခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့အစီအစဉ် လူထုညီလာခံတွင် လူအများစောင့်ဆိုင်းခဲ့ကြသော အုပ်ချုပ်ရေး စနစ်ဟောင်းအား ဒီမိုကရေစီအုပ်ချူပ်ရေးစနစ်ဖြင့် အစားထိုးရန် တီးတိန်နယ်မှ ဦးထန်ဇာခိုင် (Pu Thang Za Khai) က အဆိုတင်သွင်းရာ ဖလမ်းမြို့မှ ဦးဆွမ်းမန် (Pu Sum Mang) နှင့် ကန်ပက်လက်မှ ဦးထန်းမောင်း (Pu Thang Mawng) တို့ကထောက်ခံခဲ့ကြသည်။

အဆိုကို အချိန်အတော်တန်ကြာအောင် တက်တက်ကြွကြွ ဆွေးနွေးကြရာ ကန့်ကွက်သူများ ရှိနေသဖြင့် ဒီမိုကရေစီနည်းကျ မဲခွဲဆုံးဖြတ်ရန် အခမ်းအနား၏ သဘာပတိကဆိုသဖြင့် မဲခွဲဆုံး ဖြတ်ခဲ့ကြသည်။ အဆိုကို ထောက်ခံမဲ ၅၀၀၀ နှင့် ကန့်ကွက်မဲ ၁၇ မဲဖြင့်အတည်ပြုခဲ့ကြသည်။ စုံစမ်းရေးကော်မရှင်သည် ဖလမ်းလူထုအစည်းအဝေးကြီးအပြီး ဖေဖော်ဝါရီ ၂၂ မှ ၂၆ ရက်နေ့အထိ ချင်းပြည်တောင်ပိုင်းသို့ စည်းရုံးရေးလုပ်ငန်းများ ထပ်မံဆောင်ရွက်ခဲ့ကြပြီးနောက် အစီရင်ခံစာ ထုတ်ဝခေဲ့သည်။

၎င်း၏အစီရင်ခံစာကို ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွတ်တော်သို့ တိုက်သူကြီးများအား မနစ်နာစေရန် ပင်စင်၊ ထောက်ပံ့ကြေးအချို့ကို ဝေပုံကျခွဲဝေပေးရန်၊ ပဒေသရာဇ် အုပ်ချုပ်ရေး စနစ်ကို ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးပြောင်းလဲရန် တင်သွင်းခဲ့ကြသည်။

ထိုအစီရင်ခံစာသည် ချင်းတောင်တစ်ခွင်လုံးတွင် စုံးစမ်းမှုပြုလုပ်သည့် အဖြေများ ဖြစ်သည်နှင့်အညီ လူထုဆန္ဒကိုလည်းပေါ်လွင်စေသည်။ ပြည်ထောင်စုအစိုးရဖက်မှလည်း အဆိုတင်သွင်းမှုများကို ထောက်ခံပြီး၊ ချင်းရေးရာကောင်စီက ၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်း အက်ဥပဒေကို ၁၉၄၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် တိုင်းပြည်ပြုလွှတ်တော်တွင် အက်ဥပဒေအဖြစ် အတည်ပြုဆုံး ဖြတ်ခဲ့ပါသည်။ ချင်းလူမျိုးများကိုယ်တိုင်ရေးဆွဲ အတည်ပြုထားသော အက်ဥပဒေဖြင့် ဗြိတိသျှတို့ရေးဆွဲသော ၁၈၉၆ ခုနှစ် ချင်းတောင်တန်းများစည်းမျဉ်း အက်ဥပဒေကို အစားထိုး ဖျက်သိမ်းခဲ့သည်။

ချင်းအမျိုးသားနေ့ အတွက် ရက်ရွေးချယ်ခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း နှင့် အတည်ပြုခြင်း

၁၉၅၀ နှစ်များတွင် ဦးဝမ္မသူးမောင်း ခေါင်းဆောင်သော ချင်းရေးရာကောင်စီသည် ပြန့်ကျဲနေထိုင်ကာ ဆက်ဆံမှု ကင်းကွာနေသော မိမိတို့၏ လူမျိုးများကို နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ် ပြန်လည်စည်းရုံးနိုင်ရန် ‘ချင်းအမျိုးသားနေ့’ ကိုထားရှိရန်လိုအပ်ကြောင်းကို သိမြင်လာကြသည်။

ချင်းလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတွင် မတူကွဲပြားမှုရှိနေသော်လည်း အရေးပါ အရာရောက်သည့် လူမျိုးစုဖြစ်သည်နှင့် အညီ စည်းလုံးညီညွတ်ရေးသည် မရှိမဖြစ်အရေးတကြီး လိုအပ်ကြောင်းကို နားလည်းအသိအမှတ် ပြုလာကြသည်။

ထို့ကြောင့် ၁၉၅ဝ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့တွင် ကျင်းပသော ချင်းရေးရာကောင်စီ အစည်း အဝေးသို့ ဦးဝမ္မသူးမောင်းမှ ချင်းအမျိုးသားနေ့ သတ်မှတ်ရန်နှင့် ထိုနေ့အတွက် နေ့ရက်တရက်ကို ရွေးချယ်ရန်နှင့် အတည်ပြုရန် အဆိုကိုတင်သွင်းခဲ့သည်။

ဦးဝမ္မသူးမောင်းမှ “အမျိုးသားနေ့ဆိုတဲ့ အထိမ်းအမှတ်ကိုကမ္ဘာနဲ့အဝှမ်း သတ်မှတ်ကြတဲ့ ထုံးတမ်းစဉ်လာရှိသကဲ့သို့ ချင်းလူမျိုးတို့အတွက် ‘ချင်းအမျိုးသားနေ့” ရှိသင့်တယ်လို့ ယူဆတဲ့အတွက် ဒီအဆိုကိုတင်သွင်းရခြင်း ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပက်သက်လို့ ချင်းဝိသေသတိုင်းမင်းကြီး၊ အခြားပုဂ္ဂိုလ်တွေနဲ့ နေ့သုံးနေ့ကိုမူတည်ပြီး ဆွေးနွေးခဲ့ဖူးပါတယ်။ အပြီးသတ်ဆုံးဖြတ် အတည်မပြုရသေးပါဘူး၊ အဲဒီနေ့သုံးနေ့ကတော့

၁) မေမြို့ကို စုံစမ်းရေး (အင်ကွာရီ) ကော်မတီ စေလွှတ်တဲ့နေ့ (ဧပြီလ ၁၉-၂၁ အတွင်း ရက်တရက်)

၂) ချိ(ဖ်) (Chief) ခေါ်တိုက်သူကြီးတို့ အုပ်ချုပ်မှုလက်အောက်ကနေ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သစ်ကို ပြောင်းလဲခဲ့တဲ့ ဖလမ်းမြို့မှ လူထုညီလာခံကျင်းပတဲ့ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ (၂၀) ရက်နေ့။

၃) ချင်းဝိသေသတိုင်း အက်ဥပဒေပြဌာန်းအတည်ပြုတဲ့နေ့ (အောက်တိုဘာလ ၁၂ ရက်နေ့)

အဲဒီသုံးရက်အနက် မည်သည့်နေ့ကို ပြဋ္ဌာန်းသင့်တယ်ဆိုတာ ဤအစည်းအဝေးတွင် ဆွေးနွေးပြီး အတည်ပြုရန်” ဟူ၍ပြောကြားခဲ့သည်။

တီးတိန်နယ်အမတ် ကပ္ပတိန်မန်သုန်းနုန်းမှ အုပ်ချုပ်ရေးမူဟောင်းကနေ ဒီမိုကရေစီမူသစ်အုပ်ချုပ်ရေးကို ပြောင်းလဲခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ကို ချင်းအမျိုးသားနေ့အဖြစ် ပြဋ္ဌာန်းသတ်မှတ်ရန် အဆိုတင်သွင်းခဲ့သည်။

ထိုအဆိုကို အချိန်အတန်ကြာဆွေးနွေးကြပြီးမှ အစည်းအဝေးတက်ရောက်သူ အားလုံးသဘောတူကြသဖြင့် “၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်” ကို “ချင်းအမျိုးသားနေ့” ဟူ၍ ချင်းရေးရာကောင်စီ သဘာပတိမှ အတည်ပြုရာကနေ ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ချင်းရေးရာ ကောင်စီသည် ပြောင်းလဲနေသော ကမ္ဘာကြီးနှင့်အတူ ရင်ဘောင်တန်း လျှောက်လှမ်းနိုင်ရေး အတွက် အမြော်အမြင်ကြီးစွာဖြင့် ချင်းလူမျိုးအတွက် ဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။ ပထမဆုံးအကြိမ် ချင်းအမျိုးသားနေ့ကို ၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် မင်းတပ်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး နိုင်ငံတော်ဝန်ကြီးချူပ်ဦးနု ကိုယ်တိုင်ပါဝင်ဦးဆောင်သော ဂုဏ်သရေရှိပုဂ္ဂိုလ် များနှင့်အဖွဲ့များ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

တချိန်က ချင်းဝိသေသတိုင်းမြို့တော် ဖလမ်းမြို့တွင် ကျင်းပသော ၁၉၆၁ ချင်းအမျိုးသားနေ့တွင် ဝန်ကြီးချုပ် ဦးနုတက်ရောက်စဉ်

ပါလီမာန်ဒီမိုကေရစီခေတ် ၁၉၅၄ ခုနှစ်တွင် ဦးဇာဟရဲလျန်သည် ချင်းရေးရာဝန်ကြီးဖြစ်လာခဲ့သည်။ ဦးဇဟရဲလျန်၏ ခံယူချက်မှာ  ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းအမျိုးသားနေ့ ကျင်းပရခြင်းသည် အမျိုးသားနေ့ အသွင်သဏ္ဍာန် မဆောင်ဘဲ တိုက်သူကြီးစနစ် ဖြုတ်ချရေး အထိမ်းအမှတ် ကိုသာဖေါ်ဆောင်ကြောင်း၊ တိုက်သူကြီးစနစ်နှင့် တိုက်သူကြီးတို့အပေါ်အောင်ပွဲခံသည့် အထိမ်းအမှတ် အသွင်သဏ္ဍာန် ဆောင်သည်ဟု ခံယူခဲ့သည်။

ထို့ကြောင့် ချင်းအမျိုးသားနေ့ ကျင်းပသည့်နေ့ရက်အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ချင်းဓလေ့ထုံးတမ်းနှင့် ဆက်နွယ်သည့် သင့်တော်သည့် ရက်တရက်သို့ ပြောင်းလဲရန် ကြိုးပမ်းခဲ့သည်။ ၁၉၅၆ ခုနှစ် အောက်တိုဘာ လဆန်းတွင် ကျင်းပသည့် ချင်းရေးရာကောင်စီ အစည်းအဝေးတွင် ပါလီမန်ကျင့်စဉ်နှင့် အညီ ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပြခြင်းကို ပယ်ဖျက်ခဲ့ကြသည်။

သို့သော် ချင်းအမျိုးသားနေ့အား အကောင်အထည်ဖော်ခဲ့သည့် ဦးဝမ္မသူးမောင်း၊ ဗိုလ်ကြီးမန်တုန်းနုန်း နှင့် ချင်းတက္ကသိုလ် ကျောင်းသူ၊ သားများသည် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ပင် ကျင်းပခဲ့ကြသည်။

ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖ.ဆ.ပ.လ) ပါတီနှစ်ခြမ်းကွဲပြီး အိမ်စောင့်အစိုးရ တက်လာသည့်အချိန် ၁၉၅၉ ခုနှစ်တွင် ဖလမ်းမြို့နယ်မှ ဦးထန်လျန်းသည် ချင်းရေးရာဝန်ကြီး ဖြစ်လာခဲ့ရာ သူသည် ချင်းအမျိုးသားနေ့အား ဖေဖော်ဝါရီလ ၂၀ ရက်နေ့အဖြစ် တရားဝင်ပြန်လည်သတ်မှတ်ခဲ့သည်။

၁၉၆၀ ရွေးကောက်ပွဲအပြီးတွင် ဦးဇဟရဲလျန် ချင်းရေးရာဝန်ကြီးအဖြစ် ပြန်လည်ရွေးချယ်ခြင်း ခံခဲ့ရပြီး ချင်းရေးရာဝန်ကြီးအဖြစ် သူတာဝန်ထမ်းဆောင်သည့် ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေဝင်း ခေါင်းဆောင်သည့် စစ်တပ်မှအာဏာ မသိမ်းပိုက်သည်အထိ ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တရားဝင် ဆက်လက်ကျင်းပခဲ့ကြသည်။

၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ၁၃ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ထိုအချိန် ချင်းဝိသေသတိုင်းမြို့တော် ဖလမ်းမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ ထိုအခမ်းအနားအတွက် ချင်းရေးရာဝန်ကြီး ဦးဇဟဲလျန်သည် နိုင်ငံတော်ဝန် ကြီးချုပ်ဦးနုနှင့် ပြည်ထောင်စု ဗမာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Mr. William P.Snow တို့အား အထူးဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ခဲ့ပြီး မြို့တော်ဖလမ်းတွင် ချင်းအမျိုးသားနေ့အား ပါဝင်ဆင် နွှဲခဲ့ကြသည်။

၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရ တက်လာကာ ၁၉၆၄ လောက်မှစပြီး ချင်းအမျိုးသားနေ့အား ချင်းဝိသေသတိုင်းနေ့သို့ ပြောင်းလဲရန် ကြိုးပမ်းလာခဲ့ကြပါတယ်။ ၁၉၆၆ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ (၁၈) ကြိမ်မြောက် ချင်းအမျိုးသားနေ့အား ချင်းဝိသေသတိုင်းနေ့အဖြစ် မင်းတပ်မြို့တွင် ကျင်းပခဲ့ကြလေသည်။

၁၉၆၆ ဖေဖော်ဝါရီလ (၂၀) ရက်နေ့ (၁၈) ကြိမ်မြောက်ချင်းအမျိုးသားနေ့အား ချင်းဝိသေသတိုင်းနေ့အဖြစ် မင်းတပ်မြို့တွင် ကျင်းပစဉ်

ထိုသို့ ချင်းအမျိုးသားနေ့အား ချင်းဝိသေသတိုင်းနေ့သို့ ပြောင်းလဲကျင်းပသည်ကို ချင်းလူထုမှ ကန့်ကွက်ခဲ့ကြပြီး ချင်းရေးရာဦးစီးအဖွဲ့ရုံးက တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌရုံးသို့ ချင်းအမျိုးသားနေ့ ဖြင့်သာကျင်းပရန် တင်ပြခဲ့ကြသည်။ တော်လှန်ရေးကောင်စီ အစိုးရသည်လည်း “ချင်းအမျိုးသားနေ့” အမည်ကို ဆက်လက်ထားရှိကြောင်း ချင်းပြည်သူများ စိတ်ချယုံကြည်စေရန် ကြေငြာစာ ထုတ်ပြန်ခဲ့သည်။

တဖန် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ) ခေတ်တွင် ပြသနာဖြစ်ခဲ့ရပြန်သည်။ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ် ပါတီအနေဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ မျိုးချစ်စိတ်ဓာတ်သည် တိုင်းပြည်တွင်း သောင်းကျန်းမှုကို အားပေးပင့်မြှောက်သည်ဟု ယုံကြည်ကြပြီး “အမျိုးသား” ဟူသောစကား လုံးအစား “ပြည်နယ်” စကားလုံးဖြင့် ပြန်လည်အစားထိုးလာရာ “ချင်းအမျိုးသားနေ့”ကို “ချင်းပြည်နယ်နေ့” အဖြစ် ပြောင်းလဲကျင်းပရန် အမိန့်ထုတ်ခဲ့ကြသည်။

သို့ရာတွင် မ.ဆ.လ ပါတီဝင် ချင်းလူမျိုးများသည် ပါတီတွင်း၌ပင် ဆူညံကျယ်လောင်စွာ ကန့်ကွက်ခဲ့ကြသည်။ မတူပီမြို့နယ်မှ ဦးမန်လျန်း (ကွယ်လွန်) သည်ပါတီဝင်ဖြစ်လျက်နှင့် ဟားခါးမြို့ရှိ ဒေသပါတီရုံးသို့ လူကိုယ်တိုင် သွားရောက်ကန့်ကွက်ခဲ့သည်။ ဟားခါးနှင့် ရန်ကုန်အကြား ကြေးနန်းစာများ ပလူပျံခဲ့ရသည်။

နောက်ဆုံး ဤအားပြိုင်မှုဖြင့် မည်သည့်အကျိုးမှ ရရှိမည်မဟုတ်ဟု ပါတီဗဟိုဌာနချုပ်မှ ယူဆသဖြင့် မူလအခြေအနေ အတိုင်းပင် “ချင်းအမျိုးသားနေ့” ဟုပြန်လည်သတ်မှတ်ခဲ့သည်။ ထို့နောက် ၁၉၈၈ နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေး (န.ဝ.တ) ခေတ်၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ) ခေတ်တွင် “ချင်းအမျိုးသားနေ့” ကို ချင်းပြည်နယ်နေ့ အမည်ဖြင့်သာ တရားဝင်ကျင်းပခွင့်ပြုခဲ့သည်။

ထိုကဲ့သို့ ပိတ်ပင်တားမြစ်မှုတွေကြား ချင်းလူမျိုးတို့သည် မိမိကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်ထုံးတမ်းဓလေ့ ပိုင်ဆိုင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် လူမျိုးတမျိုးဖြစ်သည်ကို သိသာထင်ရှား၊ ထင်ဟပ်စေရန် ချင်းအမျိုးသားနေ့ကို နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းအမျိုးသားနေ့အဖြစ် ကျင်းပကြပါသည်။

မြန်မာပြည်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသူ၊ သားများသည် တားမြစ်ချက်မျိုးစုံကို အံတုကာ ရှေ့တန်းမှ ဦးဆောင်ပြီး ချင်းအမျိုးသားနေ့ အမည်ဖြင့်သာ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည်။ သို့သော် ချင်းပြည်အတွင်း၊ ပြည်နယ်အစိုးရ ဦးဆောင်ပြီး ကျင်းပသည့် ချင်းအမျိုးသားနေ့များတွင်မူ ချင်းပြည်နယ်နေ့ အဖြစ်သာ တရားဝင် ကျင်းပလေ့ရှိသည်။

၂၀၁၀ ရွေးကောက်ပွဲပြီးနောက် သမ္မတ ဦးသိန်းစိန် တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံ တော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ်များ ချုပ်ဆိုလာခဲ့ကြရာ၊ အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး (CNF) သည်လည်း  တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို ချုပ်ဆိုခဲ့သည်။

အစိုးရနှင့် ချင်းအမျိုးသားတပ်ဦး အကြား ချုပ်ဆိုသည့် သဘောတူ ညီချက်ထဲတွင် “နှစ်ဦးနှစ်ဖက်အနေဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အား ချင်းအမျိုးသားနေ့အဖြစ် တစ်ဖန် တရားဝင်အသိအမှတ်ပြုရေး ကြိုးပမ်းရန်” ဆိုသည့်အချက်ပါဝင်သည်။ ယခုအခါတွင်မူ ချင်းပြည်နယ်တွင် ချင်းပြည်နယ်အစိုးရမှ ဦးဆောင်ပြီး ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါသည်။

ဆလိုင်းဗန်ကျုံးလျန်သည် အင်္ဂလန်နိုင်ငံတွင် နေထိုင်သည့် မြို့ပြအင်ဂျင်နီယာ တဦးဖြစ်သည်။ သမိုင်း ဆိုင်ရာများနှင့် ပက်သက်ပြီး ဝါသနာထုံသူလည်းဖြစ်သည်။ ချင်းသမိုင်းနှင့် ပတ်သက်ပြီး လေ့လာ၍ ဆောင်းပါးနှင့် စာအုပ်များကိုလည်း ထုတ်ဝေထားသူဖြစ်သည်။

 

ကိုးကား

  1. Falam Centenary Megazine – U Vum Thu Maung speech given at 1951 Chin National Day
  2. Chin National Day by Hrangtar Nawnkar (Source – Report from D.C, Chin Special Division Chin Files pg.77 History Department, Rangoon University)
  3. Falam Centenary Megazinie – A speech by U Vum Thu Maung
  4. ချင်းဖိုင်တွဲ စာအမှတ် ၇၇၊ စာမျက်နှာ ၁၃ (University Historical Research Center,            ရန်ကုန်တက္ကသိုလ်)
  5. ချင်းရေးရောကောင်စီ အစည်းအဝေးမှတ်တမ်း၊အမျိုးသားမော်ကွန်းဌာန ရန်ကုန်မြို့၊ စာအမှတ် Acc-24084
  6. A Chin National Day by Fred Ceu Luai published in the Guardian Newspaper

Meeting minutes of Chin Affairs Council (National Archive Department, Yangon Record. Acc – 24084 – 1)

Meeting minutes of Chin Affairs Council (National Archive Department, Yangon Record. Acc – 24084 – 2)

Your Thoughts …
Tags: ချင်းရိုးရာချင်းအမျိုးသားနေ့သမိုင်း
ဆလိုင်းဗန်ကျုံးလျန် (ယူကေ)

ဆလိုင်းဗန်ကျုံးလျန် (ယူကေ)

Similar Picks:

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.3k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

ပါကင်ပိတ်

ပါကင်ပိတ်

by မောင်စူးစမ်း
28 October 2023
1.8k

မျက်မှောက်ခေတ်၏ ဈေးကွက် စီးပွားရေးတွင် အပြိုင်အဆိုင်သည် သဲကြီးမဲကြီး နိုင်လှ၏။ တိရစာ္ဆန်ချင်း ကျားကုတ်ကျားခဲ အပြန်အလှန် ကိုက်ခဲကြသလို ကိုက်ပြီး ပြိုင်နေကြရသည်။

၂၀၁၆ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

နိုင်ငံ့မိခင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် အခန်းကဏ္ဍကို လေ့လာဆန်းစစ်ခြင်း

by ဧရာဝတီ
19 June 2023
9.7k

ကျမရဲ့ စာအုပ်မှာ အသစ်အဆန်း တခုခုပါမယ်ဆိုရင် ကျမစာအုပ်က သူ့ကိုချီးမွမ်းခန်းဖွဲ့တာ မဟုတ်သလို ဝေဖန်တိုက်ခိုက်တာလည်း မဟုတ်ဘူး။

ကွဲနေတဲ့ချင်းတပ်တွေ ပေါင်းစည်းစေချင်တယ် (ရုပ်/သံ)

ကွဲနေတဲ့ချင်းတပ်တွေ ပေါင်းစည်းစေချင်တယ် (ရုပ်/သံ)

by ဧရာဝတီ
24 February 2025
185

ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေကြတဲ့ ချင်းညီနောင်အဖွဲ့(CB) နဲ့ ချင်းပြည်ကောင်စီ (CC) တို့ကို ပေါင်းစည်းစေချင်တယ်လို့ အမေရိကန်နိုင်ငံမှာ ရောက်နေကြတဲ့ ချင်းတိုင်းရင်းသားတွေက တိုက်တွန်းပါတယ်။

နှစ် ၆၀ နိုင်ငံရေးကျိန်စာ စက်ဝန်းကို ဘယ်လိုရိုက်ချိုးမလဲ

နှစ် ၆၀ နိုင်ငံရေးကျိန်စာ စက်ဝန်းကို ဘယ်လိုရိုက်ချိုးမလဲ

by ဧရာဝတီ
8 May 2025
97

မြန်မာ့သမိုင်းမှာ နှစ် ၆၀ တစ်ကြိမ်ပြန်လာတဲ့ နိုင်ငံရေး ကျိန်စာ စက်ဝန်းဆိုတာ ဘာလဲ။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းကတည်းက စစ်အာဏာရှင်ခေတ် နဲ့ ဒီမိုကရေစီခေတ်တွေမှာ သံသရာလည်နေတဲ့ မြန်မာပြည် ဟာ ဒီ နိုင်ငံရေး ကျိန်စာ စက်ဝန်းကနေ...

၂၅ နှစ်ပြည့် အာဆီယံ- အိန္ဒိယ ဆက်ဆံရေး နယူးဒေလီမြို့တွင် အခမ်းအနား ကျင်းပကြသည်

သမိုင်းထဲက အရှေ့တောင်အာရှနဲ့ အိန္ဒိယ

by Karim Raslan
26 January 2018
15k

အိန္ဒိယနိုင်ငံ အင်အားကောင်းလာခြင်းကြောင့် အကျိုးအမြတ် ကြီးစွာ ရမည့်သူများထဲတွင် အရှေ့တောင်အာရှလည်း အပါအဝင် ဖြစ်သည်။

Next Post
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်တွင် လုပ်ငန်းများ လုပ်ကိုင် သည့် စီးပွားရေးလုပ်ငန်းများမှ အခွန်ကောက်ခံမည့် အစီအစဉ်ကိုလည်း ကြေငြာခဲ့သည် / ဧရာဝတီ

ပြောင်းလဲနေသော ရခိုင်စစ်ပွဲ မြေမျက်နှာပြင်

ပလက်ဝမြို့နယ်အတွင်းရှိ စာသင်ကျောင်းတကျောင်း / ဧရာဝတီ

တိုက်ပွဲကြောင့် ပလက်ဝမြို့ရှိ စာသင်ကျောင်းတချို့ ပိတ်ထားရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate