“တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ…
တို့ပြည်…တို့မြေ …
များလူ ခပ်သိမ်း…ငြိမ်းချမ်းစေဖို့
ခွင့်တူ ညီမျှ ဝါဒ ဖြူစင်တဲ့ ပြည်
တို့ပြည်… တို့မြေ …..။”
ထိုသို့ မြန်မာ နိုင်ငံတော် သီချင်းကို သံပြိုင်အော်ဟစ် သီဆိုသံ လွင့်ပျံနေသည်မှာ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ မြို့ကလေး တမြို့တွင် ဖြစ်သည်။
ထိုင်းမြေပေါ်တွင် အဖြူအစိမ်းဝတ် မြန်မာ ကျောင်းသားလေးများက မြန်မာ နိုင်ငံတော် သီချင်းကို အားနှင့် မာန်နှင့် သီဆိုနေကြခြင်း ဖြစ်သည်။
မြက်ခင်းစိမ်းပေါ်တွင် အရွယ်စုံ ကျောင်းသားကလေးများသည် ညီညာစွာ စီတန်း၍ နိုင်ငံတော်သီချင်း သီဆိုပြီးနောက် စာသင်ခန်းသို့ ကိုယ်စီ ဝင်သွားကြသည်။
မျက်နှာစာ နံရံအစိမ်းရောင်၊ ပြတင်းတံခါး လိမ္မော်ရောင်ဖြင့် ဖွဲ့စည်းထားသည့် စာသင်ခန်းများ စီရရီနှင့် ရှိနေသော ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့ရှိ ထိုကျောင်းတွင် မြန်မာ ကျောင်းသားကျောင်းသူ ၃၀၀ ခန့်ကို ဆရာ ဆရာမ ၂၁ ဦးဖြင့် ပညာသင်ကြား ပေးလျက် ရှိသည်။
အဆိုပါ စာသင်ကျောင်းသည် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ၂၀၀၅ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သဖြင့် ၁၅ နှစ်နီးပါး သက်တမ်းရှိပြီ ဖြစ်သည်။
အမိမြန်မာနိုင်ငံနှင့် မိုင်ပေါင်းများစွာ ဝေးကွာပြီး မိသားစု ဝမ်းရေးအတွက် ထိုင်းတောင်ပိုင်း၌ ရောက်ရှိနေသည့် ဆောက်လုပ်ရေး လုပ်ငန်း၊ ရေလုပ်ငန်း၊ ရာဘာခြံ လုပ်ငန်းများတွင် လုပ်ကိုင်နေကြရသော ရွှေ့ပြောင်း လုပ်သား မြန်မာ နိုင်ငံသားများ၏ ကလေးငယ်များ အတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် ကျောင်းလည်း ဖြစ်သည်။
ရာနှင့်ချီသော ထိုင်းရောက် မြန်မာကလေးငယ်များ နှစ်စဉ်တက်ရောက်လျက် ရှိပြီး တချို့က ပညာတပိုင်းတစနှင့် လုပ်ငန်းခွင် ဝင်သွားသကဲ့သို့ တချို့က ထိုင်းတက္ကသိုလ် တခုခုသို့၊ တချို့က မြန်မာနိုင်ငံသို့ ပြန်ကာ ကျောင်း ဆက်တက်ကြသူများလည်း ရှိသည်။
“ဒီကျောင်းမှာက ၈ တန်းအထိ ရှိတယ်။ ၈ တန်း အောင်သွားရင်တော့ မြန်မာပြည် သွားတက်မယ်လို့ စိတ်ကူးရှိတယ်”ဟု ကျောင်းသူလေး မမြသက်လွင်က ပြောသည်။
အသက် ၁၅ နှစ်ရှိပြီဖြစ်သည့် မမြသက်လွင်သည် အဆိုပါကျောင်းတွင် သတ္တမတန်း တက်ရောက်နေသည့် ကျောင်းသူတဦး ဖြစ်သည်။
“တကယ်လို့ မြန်မာပြည် မပြန်ဖြစ်ဘူးဆိုရင် ၈ တန်းအောင်သွားရင် ကော်စော်နာ (ကျောင်းပြင်ပ ပညာရေး) တက်မယ်။ ကော်စော်နာမှာ ၇ တန်းအောင်ရင် ထိုင်းကျောင်းမှာ ၈ တန်းတက်လို့ရတယ် ပြောတယ်။ အဲဒီလို တက်လို့ ရတယ် ဆိုရင် ကော်စော်နာ အောင်လို့ ၇ တန်းအောင်ရင် ထိုင်းကျောင်းတက်မယ်။ ဘွဲ့ရအထိ မိဘဖြစ်စေချင်တဲ့ အတိုင်း ဖြစ်ချင်တယ်”ဟု ၎င်းက ပြောပြသည်။
မမြသက်လွင်၏ မိဘနှစ်ဦးစလုံးသည် ထိုင်းနိုင်ငံတွင် နေထိုင်ကြပြီး ဖခင်ဖြစ်သူမှာ ရေလုပ်သားတဦး ဖြစ်သည်။ ထိုင်း နိုင်ငံတွင်ဖြစ်စေ၊ မြန်မာနိုင်ငံတွင် ဖြစ်စေ မိဘများ ဆန္ဒအတိုင်း ဘွဲ့ရသည်အထိ တက်ရောက်ရန် ရည်ရွယ်ထား ကြောင်းလည်း မမြသက်လွင်က ပြောသည်။
အသက် ၁၄ နှစ်အရွယ် ကျောင်းသူ မအိသဲဖြူကလည်း“ဘွဲ့ရတဲ့အထိ တက်မယ် စဉ်းစားထားတာပဲ။ ဘွဲ့ရမှ နည်းနည်း ဂုဏ်ရှိသလိုမျိုးဆိုတော့ ဘွဲ့ရတဲ့အထိ တက်မယ် စဉ်းစားထားတယ်။ တခါတလေကျရင်တော့ ထိုင်းလူမျိုး တွေက မြန်မာတွေကို အရမ်းနှိမ်တယ်”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံ အစိုးရကျောင်းများ၏ သင်ရိုးအတိုင်း သင်ကြားခြင်းဖြစ်ပြီး သင်ထောက်ကူ ပစ္စည်းများကိုလည်း မြန်မာ နိုင်ငံက ကဲ့သို့ အသုံးပြုထားသည့် ထိုကျောင်းတွင် အဋ္ဌမတန်းအထိ သင်ကြားပေးနေပြီဖြစ်သည်။
စတင် ထူထောင်ကာစက ရွာအတွင်းရှိ အိမ်များတွင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး နောင်မှ ကျောင်းအဖြစ် စုစည်း တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ထိုစဉ်က ရွှေ့ပြောင်းလုပ်သား ကလေးငယ်များ၏ ပညာရေးအတွက် မည်သည့် အာမခံချက်မှ မရှိခဲ့သေးချေ။
ကျောင်း တည်ထောင်သူ ဦးထူးချစ်က “အရင်တုန်းကတော့ ဒီရွာတွေကြားထဲမှာ အိမ်လေးတွေ ငှားပြီးတော့ ၉ ကျောင်း လောက်ရှိတာပေါ့။ နောက်ပိုင်းကျတော့မှ မြေဝယ်ပြီးတော့မှ အရင်ကရှိတဲ့ ၉ ကျောင်းကို စုပြီးတော့ ကျောင်းကြီး ထောင်လိုက်တာပေါ့”ဟု ပြောပြသည်။
“ကျနော် လေ့လာကြည့်တော့ ထောင်နဲ့ချီတဲ့ ကလေးတွေ ဒီမှာရှိသလို၊ ဒီမှာမြန်မာကျောင်းလည်း မရှိသလို ထိုင်း ကျောင်းကိုလည်း ပို့တာမရှိဘူး။ ဒါကြောင့် ဒီကျောင်းကို ထောင်တာ”ဟုလည်း ၎င်းက ဆက်ပြောသည်။
ယခုအချိန်တွင် ကျောင်း၏ စုစုပေါင်း အကျယ်အဝန်းမှာ ၂ ဧကနီးပါးရှိပြီး ၁ ထပ်ဆောင် စာသင်ခန်း ၁၀ ခန်းဖြင့် ဖွဲ့စည်း တည်ဆောက်ထားသော ကျောင်းကြီး တကျောင်း ဖြစ်နေသည်။ ကျောင်းနှင့် မျက်နှာချင်းဆိုင်တွင်တော့ ရုံးခန်း၊ စာကြည့်တိုက် စသည့် အခန်းငယ်များ ပါဝင်သည့် အဆောင်တခုလည်း ရှိသည်။
စာသင်ခန်း ၁ ခန်းတွင် ကျောင်းသား အနည်ဆုံး ၇ ယောက်မှ ၆၀ ကျော် အထိ ရှိကြောင်း သိရသည်။ ကျောင်းသား အများဆုံးရှိသည့် စာသင်ခန်းများကို ယခင်နှစ်များတွင် အခန်းခွဲ သင်ကြားပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ မလုပ် ဆောင် ပေးနိုင်သေးကြောင်း ကျောင်းပညာရေးမှူး စောမူးဒိုက ပြောပြသည်။
နံနက် ၈ နာရီခွဲတွင်တော့ ကျောင်းခေါ်ဘဲလ်သံကို ကြားရပြီး ကစားကွင်းမှ ကလေးများ နိုင်ငံတော် သီချင်း သီဆိုရန် အတွက် မြက်ခင်းစိမ်းဆီသို့ စုဝေးလာကြသည်ကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။
ထိုကျောင်းသည် ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအတွက် ဖြစ်သော်လည်း ကျောင်းအတွင်း၌ ကစားကွင်းမှအစ ပြည့်ပြည့်စုံစုံရှိပြီး ကလေးငယ်အများစုက မြန်မာပြည်က ကျောင်းထက်ပင် ပိုမို သဘောကျကြောင်း ပြောပြကြသည်။
ကျောင်းသူ မအိသဲဖြူက“ကျောင်းတက်ရတာတော့ အားလုံး အဆင်ပြေပါတယ်။ ဒီမှာကတော့ ပိုပြီး ပြည့်စုံတာပေါ့၊ မြန်မာနိုင်ငံထက် ပိုပြီး ဖွံ့ဖြိုးတယ်လေ။ ပိုပြည့်စုံတဲ့ အားကစားကွင်းတွေ ရှိတယ်။ သမီးအရင်က တက်ခဲ့တဲ့ကျောင်းက ဘာမှ မရှိဘူးလေ။ ကျောင်းခန်းလောက်ပဲ ရှိတာ”ဟု ပြောသည်။
မအိသဲဖြူသည် မြိတ်မြို့မှ မိဘနှစ်ပါးနှင့်အတူ ထိုင်းနိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်ပြီး မြိတ်တွင် သူတက်ခဲ့သည့် အစိုးရကျောင်းသည် ကျောင်းခန်းမှ အပ အခြားဘာမှ မရှိခဲ့ကြောင်း ပြန်ပြောပြခြင်း ဖြစ်သည်။
ယခုရွှေ့ပြောင်းကျောင်းတွင်မူ ကျယ်ဝန်းသော ကစားကွင်းရှိရုံမျှမက ကျန်းမာကြံ့ခိုင်ရေးအတွက် ကစားနိုင်သည့် ပစ္စည်းမျိုးစုံကို တပ်ဆင်ထားသည်။
ကျောင်းကြိုပို့ကား ကျောင်းဝင်းအတွင်း ရပ်ပြီးသည်နှင့် ကလေးငယ်များ အပြေးတပိုင်း ဆင်းလာကြပြီး သယ်ပိုးလာ သည့် ကျောပိုးအိတ်များ ထမင်းဘူးများကို ကျောင်းခန်းတွင်းသို့ အပြေးအလွှား သွားထားကြသည်။ ထို့နောက် ကလေးငယ် အားလုံးနီးပါး ကစားကွင်းဆီသို့ ဦးတည် ပြေးထွက်လာကြသည်။
ကျောင်းဝင်းအတွင်းရှိ ကားတာယာဖြင့် ပြုလုပ်ထားသည့် ဒန်းများပေါ်တွင် မတ်တပ်ရပ်သူကရပ် လွှဲသူကလွှဲ၊ ထိုင်နေသူကို လွှဲသူကလွှဲပြီး ဆော့ကစား နေကြသည်။
သို့သော်လည်း ထိုင်းရောက် ကလေးငယ်တိုင်းတော့ မအိသဲဖြူ၊ မမြသက်လွင်တို့ကဲ့သို့ ပျော်ရွှင်စွာ ဆော့ကစားရင်း ကျောင်းတက်ရသည့် အခွင့်အရေးရသည် မဟုတ်ပေ။ အများစုသည် ပညာရေးတပိုင်းတစနှင့် ထွက်ခွာကြရသူများ ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်အများစုသည် အသက် ၁၄ နှစ်၊ ၁၅ နှစ်ဖြစ်လာပြီ ဆိုလျှင် ထိုင်းဘာသာနှင့် အင်္ဂလိပ် ဘာသာစကားကို ပြောဆိုနိုင်လာပြီဖြစ်ရာ အလုပ်အကိုင် ရှာဖွေရလွယ်သဖြင့် အလုပ် ထွက်လုပ်ကြသည်က အများစုဖြစ်သည်။ တချို့ကလည်း မိဘများ၏ အခြေအနေတခုခုကြောင့် ကျောင်းမှ နားရသည်မျိုးလည်း ရှိနေသည်။
“မိဘတွေက စီးပွားလာရှာတာများတော့ ၁၄ နှစ် ၁၅ နှစ် လောက်ဆိုရင် ကျောင်းထုတ်ပြီး အလုပ်ခိုင်းတာတွေ ရှိတယ်။ တချို့ပေါ့။ သူငယ်တန်းဆို အယောက် ၈၀၊ ၁၀၀ လောက်ရှိတယ်။ ၈ တန်းလောက်ဆိုရင်တော့ ၁၀ ယောက် လောက်ပဲ ကျန်တော့တယ်”ဟု ကျောင်းဆရာလည်းဖြစ်ပြီး ကျောင်းတာဝန်ခံလည်း ဖြစ်သူ ဦးမင်းသိန်းကျော်က ပြောပြသည်။
ဦးထူးချစ်ကလည်း “မူကြိုကလေးတွေနဲ့ သူငယ်တန်း၊ ၁ တန်း ကလေးတွေကများပြီး ရာနဲ့ချီရှိပြီးတော့ ၆ တန်း ၇ တန်း ၈ တန်းဆိုရင် ကလေးတွေက နည်းလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေ့ပြောင်းသွားလာလို့ ကျောင်းထွက်သွားတာက တကြောင်း။ နောက် ၈ တန်းအောင်တယ်ဆိုရင် မြန်မာပြည်မှာ ကျောင်းပြန်တက်တာ ရှိသလို တချို့တွေဆိုလည်း အလုပ်ထွက်လုပ်ကြတာ ရှိတယ်”ဟု ပြောသည်။
မည်သို့ပင် ဆိုစေကာမူ ယခု ကျောင်းသည် ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအတွက် မျှော်လင့်ချက်ကို လှမ်းတက်နိုင်မည့် လှေကားထစ် တခုလည်း ဖြစ်သည်။
ထိုကျောင်းကို ယခုကဲ့သို့ အနေအထား ရောက်ရန် အခက်အခဲပေါင်း များစွာကြားက စတင်ခဲ့ရခြင်းဖြစ်ပြီး ကျောင်း စတင် ထူထာင်စဉ်က သေနတ်နှင့် ချောင်းပစ် ခံရသည်မျိုးပင် ရှိကြောင်း ဦးမင်းသိန်းကျော်က ပြောသည်။
“ရာဘာခြံထဲမှာတို့ ပန်းရံဆိုဒ်တွေထဲမှာ ကျောင်းလေးတွေ လိုက်ဆောက်၊ ထိုင်းတွေက မကျေနပ်တော့ ဓားနဲ့ လိုက်ခုတ် သေနတ်နဲ့ပစ် အဲဒီလို အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ ကျနော်တို့ဆို ပြေးရတာ၊ အဲဒီလို အနေအထား မျိုးကမှတဆင့် တဖြည်းဖြည်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရတယ်။ ဒေသခံလူမျိုးတွေ ထိုင်းတွေနဲ့ပေါ့”ဟုလည်း ၎င်းက ပြောပြသည်။
ထိုကဲ့သို့ အခက်အခဲများကို ဖြတ်သန်းပြီးခဲ့သည့် နောက်တွင် ယခုအချိန်၌ ကျောင်းအင်္ဂါရပ်နှင့် အညီ ရုပ်လုံးပေါ်နေပြီ သာမက ကလေးငယ်များအတွက် အနာဂတ်လမ်းကြောင်းများစွာကိုပါ ဖွင့်လှစ်ပေးနိုင်နေပြီ ဖြစ်သည်။
လက်ရှိ ကျောင်းအုပ်သည် ထိုင်းလူမျိုးဖြစ်ပြီး ထိုင်းလူမျိုး ဆရာ ဆရာမများလည်း ရှိနေပါသည်။
အဆိုပါကျောင်းတွင် တက်ရောက်ပြီးပါက မြန်မာနိုင်ငံကျောင်းများသို့ လည်းကောင်း၊ ထိုင်းနိုင်ငံရှိ ကျောင်းများသို့ လည်းကောင်း သို့မဟုတ် ကော်စော်နာဟုခေါ်သည့် ကျောင်းပြင်ပ ပညာရေးသို့လည်းကောင်း တက်ရောက်နိုင်ကြသည်။
ကျောင်းသားမိဘ တဦးဖြစ်သူ ဒေါ်ချိုက “၇ တန်းအထိ ထားပြီး မြန်မာပြည်ပြန်ပို့ပြီးတော့ ကျောင်းထားမယ်။ သူတို့ လေးတွေရဲ့ နောင်ရေး အတွက်ပေါ့။ ကိုယ်မရှိလည်း ကိုယ့်နိုင်ငံမှာ ကိုယ် အလုပ်လုပ်လို့ ရတာပေါ့၊ ပညာတ်တယ် ဆိုရင်။ ပညာမတတ်ရင်တော့ မျက်နှာငယ်တာပေါ့”ဟု ပြောသည်။
ဒေါ်ချိုသည် တနင်္သာရီတိုင်း ထားဝယ်မြို့မှ လာရောက် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမား တဦးဖြစ်ပြီး သူ၏ သားကို ထိုင်းနိုင်ငံတွင်ပင် မွေးဖွားခဲ့သည်။ ယခုဆိုလျှင် ဒေါ်ချို၏သားသည် အသက် ၉ နှစ်အထိ ရှိပြီဖြစ်ပြီး ရွှေ့ပြောင်း ကျောင်းတွင် ၃ တန်း တက်ရောက်နေပြီ ဖြစ်သည်။
ရွှေ့ပြောင်းလုပ်သား အများစုကမူ ကလေးငယ်များ၏ ပညာရေးကို ဒေါ်ချိုကဲ့သို့ အာရုံ မစိုက်နိုင်ကြချေ။
ထိုသို့ အာရုံမစိုက်နိုင်သူများတွင် ရန်ကုန်တိုင်း သာကေတမြို့နယ်မှ လာရောက်အလုပ်လုပ်ကိုင်သူ ဦးသိန်းစိုးလည်း အပါအဝင်ဖြစ်ပြီး အလုပ်အကိုင် အခြေအနေကြောင့် ကလေးများ၏ ပညာရေးကို ထိထိရောက်ရောက် အာရုံမစိုက်နိုင်ခဲ့ကြောင်း ပြောပြသည်။
“ကျောင်းတွေ မထားဖြစ်တာရှိတယ်။ ကျနော် ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်ပြီးတော့ ကျောင်းကြိုပို့ မလုပ်နိုင်တော့ ကျောင်း ပညာရေး ပြတ်တောက်သွားတာ ရှိတယ်။ မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေကို ဘွဲ့ရပညာတတ်တော့ ဖြစ်စေချင်ကြတာပေါ့။ လက်ရှိ နေထိုင်တဲ့ နေရာနဲ့ လုပ်ကိုင်စားသောက်ရတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ မမျှော်လင့်ဘဲ ရွှေ့ပြောင်းရတာတွေ ထားချင်တဲ့နေရာတွေ မထားခဲ့ရတာတွေ ဖြစ်တယ်”ဟု ဦးသိန်းစိုးက ပြောသည်။
FED မှ ပညာရေး တာဝန်ခံ စောမူးဒိုကလည်း “မိဘတွေက သူတို့သားသမီးတွေကို ကြီးလာတယ်ဆိုရင် သူတို့နဲ့ နီးစပ်တဲ့၊ သူတို့ကိုယ်ပိုင် လုပ်နေတဲ့ အလုပ်တွေမှာ ပြန်ပြီးခိုင်းဖို့ကိုပဲ စိတ်အားထက်သန်တာကို တွေ့ရတယ်။ ပညာရေးကို သိပ်ပြီး အားမပေးဘူး၊ တချို့သော မိဘတွေပဲ ပညာရေးကို အားပေးတာ တွေ့ရတယ်”ဟု ပြောဆိုသည်။
“မိဘတွေ ကိုယ်တိုင်က ပညာရေးကို နားမလည်တာလည်း ပါတယ်။ တချို့မိဘတွေဆို သူတို့ သားသမီးတွေကို အလုပ်သမားလောင်းလေးတွေလို့ပဲ သူတို့ ထင်တာပေါ့နော်”ဟု စောမူးဒိုက ဆက်ပြောသည်။
ကလေးငယ်များ၏ ပညာရေးကို အားပေးနိုင်ရေးအတွက် ထိုင်း ကျောင်းပင်ဖြစ်စေ၊ မြန်မာ ကျောင်းပင်ဖြစ်စေ ဆက်လက်ထားပေးရန် စည်းရုံးလှုံ့ဆော်မှုများ လုပ်နေရဆဲဖြစ်ကြောင်း ဦးထူးချစ်ကလည်း ပြောသည်။
ကျောင်းပြီးအောင် ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ၊ ကျောင်းတပိုင်းတစနှင့် ထွက်ခွာကြသည်ဖြစ်စေ ကလေး ငယ် များစွာသည် ကျောင်းကို ရောက်လာလိုက်၊ ပြန်ထွက်သွားလိုက်နှင့် ရွှေ့ပြောင်း ကလေးများအတွက် ဖွင့်လှစ်ထားသော ထိုကျောင်းသည် ဆယ်စုနှစ် တစုစာမက လည်ပတ်လာနိုင်နေပြီ ဖြစ်သည်။
နှစ်ဖက် အစိုးရ ပညာရေး ဝန်ကြီးဌာနများနှင့် ညှိနှိုင်းမှုများကိုလည်း အဆက်မပြတ် ပြုလုပ်ရင်း ပညာရေး လိုလား သော ကလေးငယ်များ၊ မိဘများ၏ အနာဂတ် မျှော်လင့်ချက်ကို ဖြစ်စေ၊ ဘဝ လမ်းကြောင်း အတွက် မဖြစ်မနေ အခြေခံ သေစာရှင်စာမျှ တက်ရောက်ရန် လာကြသော ကလေးငယ်များ၊ ကလေးမိဘများ၏ မျှော်လင့်ချက်ကို ဖြစ်စေ တတ်စွမ်းသမျှ ဖြည့်ဆည်းပေးလျက် ရှိနေသည်ကို တွေ့မြင် သိရှိနေရပါသည်။
ထို့ကြောင့်လည်း ရွှေ့ပြောင်းလုပ်သားများက သူတို့ကလေးငယ်များ၏ အနာဂတ် အိပ်မက် တခုဖြစ်သော အဆိုပါ စာသင်ကျောင်း ရပ်တည်န်ိုင်ရေး အတွက် တတ်နိုင်သမျှ ထည့်ဝင် လှူဒါန်းမှုများ ရှိကြသည်။
သို့သော်လည်း ကျောင်းရပ်တည်ရေးအတွက် နိုင်ငံတကာမှ အလှူရှင်များကိုသာ အဓိက မှီခိုနေရဆဲဖြစ်ပြီး နှစ်ဘက် အစိုးရက ပံ့ပိုးပေးမှု ယခုအထိ မရှိသေးကြောင်း သိရသည်။
မည်သို့ပင်ဆိုစေ ယခုလို စာသင်ကျောင်းမျိုး ရှိနေခြင်းက အမိနိုင်ငံနှင့် အဝေးတွင် လှုပ်ရှား ရုန်းကန်နေရသူများ၏ မျိုးဆက်သစ် ရင်သွေးကလေးများ အနာဂတ် အတွက် လှေကား တထစ် အင်အား တရပ်ပင် မဟုတ်ပါလား။
You may also like these stories:
အသက် ၅၅နှစ်ပြည့် ရွှေ့ပြောင်းလုပ်သားများ ဆက်အလုပ်လုပ်ခွင့်ပြုဟု ထိုင်းအစိုးရ ထုတ်ပြန်
ပြည်ပအလုပ်အကိုင် အေဂျင်စီတွေရဲ့ ဂုတ်သွေးစုပ်မှုတွေ ပေါ်ပေါက်နေတယ်
ရွှေ့ပြောင်းအလုပ်သမားများ မဲပေးပိုင်ခွင့်သည် နိင်ငံသားအခွင့်အရေး ဖြစ်သည်