တိုင်းရင်းသား နိုင်ငံရေးပါတီများ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကြား မိတ်ဖက် ဆက်ဆံရေး ပြန်လည် မြှင့်တင်ရန် ကြိုးပမ်းမည်ဟု NLD ဘက်က ပြောကြားလာသည်။
ဖေဖော်ဝါရီလ ၁၂ ရက်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ NLD ပါတီ ဗဟိုဌာနချုပ်၌ ပြုလုပ်သည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောကြားလိုက်ခြင်း ဖြစ်သည်။
“အေးစက်လာတယ်လို့ ယူဆရတဲ့ ဆက်ဆံရေးများ၊ တိုင်းရင်းသား ပါတီများနဲ့ ကြားမှာ ဆက်ဆံရေး ပြန်လည်ပြီးတော့ မြှင့်တင်ဖို့၊ ပြန်လည်ပြီးတော့ နွေးထွေးလာဖို့ လုပ်နေပါပြီ”ဟု ၎င်းက အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် စဉ် ပြောကြားသည်။
NLD ပါတီသည် ပါတီကြီးဝါဒကို ကျင့်သုံးကာ တိုင်းရင်းသား ပါတီများနှင့် ကင်းလွတ်နေသည်ဆို သော ဝေဖန်စွပ်စွဲ ချက်များ ကြားနေရကြောင်း၊ NLD သည် တိုင်းရင်းသားများ၏ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူဝါဒများအပေါ် ဖောက်ပြန်ခဲ့ခြင်း မရှိကြောင်း ဦးဟံသာမြင့်က ပြောကြားသည်။
သို့သော်လည်း တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် NLD ပါတီကြား ရင်းနှီးသော ဆက်ဆံရေး လျော့ကျခဲ့သည်မှာ မှန်ကန်ကြောင်းလည်း ဦးဟံသာမြင့်က အခမ်းအနားတွင် ဝန်ခံပြောဆိုသည်။
ထို့သို့ ဆက်ဆံရေး လျော့ကျရသည့် အကြောင်းသည် NLD အနေဖြင့် အတိုက်အခံ ပါတီဘဝမှ ၂၀၁၅ ရွေးကောက်ပွဲ တွင် အနိုင်ရသဖြင့် အစိုးရ အာဏာရလာပြီးနောက်တွင် ကြုံတွေ့ရသည့် အကန့်အသတ်များကြောင့် ဖြစ်ကြောင်း လည်း ၎င်းက ဆိုသည်။
မည်ကဲ့သို့သော အကန့်အသတ်များကြောင့် ဗမာမဟုတ်သော တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် ဆက်ဆံရေး လျော့ကျရသည်ကိုမူ ဦးဟံသာမြင့်က ပြောကြားခြင်း မရှိပေ။
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က“လုပ်ဆောင်နိုင်တဲ့ အကန့်အသတ်တွေပါ။ အရင်လို ကျနော်တို့ စည်းရုံးရေးတွေလည်း မလုပ်ရတော့ဘူး။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အပိုင်းတွေ လုပ်ရတဲ့ အခါကျတော့ အချိန်ကာလ အနေနဲ့ အကန့်အသတ်ရှိပါတယ်။ တွေ့ဆုံနိုင်ဖို့ အခွင့်အရေးအနေနဲ့ အကန့်အသတ်ရှိပါတယ်”ဟု ဧရာဝတီသို့ ပြော သည်။
NLD သည် တိုင်းရင်းသား ပါတီများနှင့် ဆက်ဆံရေး မည်ကဲ့သို့ မြှင့်တင်မည်နည်း ဆိုသည့် အချက်သည် နိုင်ငံရေး လေ့လာသူများနှင့် တိုင်ရင်းသားပါတီများကြား စိတ်ဝင်စားဖွယ်ရာ မေးခွန်းထုတ်နေသည့် အချက်လည်း ဖြစ်သည်။
တိုင်းရင်းသား ပါတီများကမူ NLD က တိုင်းရင်းသား ပါတီများနှင့် ဆက်ဆံရေးမြှင့်တင်မည် ဆိုသည့် သဘောထားကို ကြိုဆိုကြသော်လည်း လက်တွေ့အားဖြင့် မှန်ကန်မှု ရှိမရှိကို ဆက်လက် စောင့်ကြည့်မည်ဟု ဆိုကြသည်။
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က“ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုးပမ်းမယ်ဆိုတဲ့ ကိစ္စကို ကျနော်ကြိုဆိုပါတယ်။ ဒါပေမယ့် NLD ပါတီရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေရဲ့ ပြောစကားက တယောက်တမျိုး ဖြစ်နေတယ်ဗျ။ ကွဲပြားမှုတွေ ရှိနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
NLD ပါတီ ခေါင်းဆောင်ပိုင်းများသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက် ပါက မဟာမိတ်ထားမည် ဆိုသည့် မူမရှိကြောင်း ပြောဆိုမှုများ ရှိခဲ့သည်။
NLD သည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်ပြီး အခြား နိုင်ငံရေးပါတီများနှင့် မဟာမိတ် ဖွဲ့ရန် မရှိသေးကြောင်း NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ ဒု ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ၂၀၁၉ ခုနှစ် ဇွန်လအတွင်း မန္တလေးအခြေစိုက် မန္တလေး သတင်းဂျာနယ်သို့ ပြောကြားဖူး သည်။
၎င်းက“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တယ်။ ပါတီထဲမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါပြီးသားပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ကတည်းက ဘယ်ပါတီနဲ့မှ မဟာ မိတ် မလုပ်ခဲ့ပါဘူး။ ၂၀၁၂ မှာလည်း မရှိခဲ့ဘူး။ ၂၀၁၅ မှာလည်း မရှိခဲ့ဘူး။ ဒါကြောင့် လောလောဆယ် ဘယ်ပါတီနဲ့မှ စာချုပ်ချုပ်ပြီး မဟာမိတ်ဖွဲ့ဖို့ မရှိဘူး”ဟု ပြောဆိုခဲ့သည်။
NLD ပါတီ အာဏာရလာပြီးနောက်ပိုင်းတွင် တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ လည်း မရှိသလောက်ပင် ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် များစွာ သိပ်မလိုတော့သည့် ကာလတွင်မှ တိုင်းရင်းသား ပါတီ များနှင့် ဆက်ဆံရေး ပြန်လည် မြှင့်တင်မည်ဆိုသည့် NLD ပါတီ၏ သဘောထားသည် တိုင်းရင်းသား ပါတီများ အတွက် လတ်တလောတွင် ယုံရခက်နေဟန်လည်း ရှိသည်။
“နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းခြင်း မရှိဘဲနဲ့ ဘာကို ကျနော်တို့က နီးကပ်မှာတုန်း ထမနဲပွဲမှာ အတူထိုးကြမှာလား။ သင်္ကြန်မှာ အတူရေဆော့ကြမှာလား။ အဲဒီလို မေးခွန်းတွေထုတ်စရာ ရှိပါတယ်”ဟု ဦးစိုင်းလိတ်က မှတ်ချက်ပေး သည်။
နိုင်ငံရေးပါတီများ အချင်းချင်း ဆက်ဆံရေးကောင်းမွန်ရန် ဆောင်ရွက်မည်ဆိုပါက ပါတီအချင်းချင်း နိုင်ငံရေး ဆွေးနွေး ပွဲများ ပြုလုပ်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ မပြုလုပ်ပါက ဗမာမဟုတ်သော တိုင်းရင်းသား ပါတီ များနှင့် နီးကပ်ရေး ဆောင်ရွက်မည်ဆိုသည့် NLD ၏ ပြောဆိုချက်သည် အပြောသက်သက်သာ ဖြစ်နေလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ဆက်လက်၍ ဦးစိုင်းလိတ်က“နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းတဲ့ အပိုင်းကိုပါ ထည့်တွက်ပြီးတော့မှ ပြင်ဆင်လာ မယ် ဆိုရင် ဒီထက်မက ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ မှတ်ချက်ပေးလိုပါတယ်” ဟု ပြောကြားသည်။
ဆက်ဆံရေး ပြန်လည်မြှင့်တင်မည်ဟု NLD ပါတီဘက်က ပြောဆိုနေသော်လည်း တိုင်းရင်းသားပါတီများနှင့် ဆက်ဆံ ရေး မြှင့်တင်ရန် လက်ရှိအချိန်အထိ NLD ပါတီဘက်က ရှင်းလင်းသည့် မူဝါဒ၊ လုပ်ငန်းလမ်းစဉ် ထုတ်ပြန် နိုင်ခြင်း မရှိ သေးပေ။
NLD ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကမူ တိုင်းရင်းသား ပါတီများနှင့် NLD ကြား ဆက်ဆံရေး ပြန်လည် မြှင့်တင် မည့် အစီအစဉ်ကို NLD ၏ ဗဟို တိုင်းရင်းသားရေးရာ ကော်မတီက ရေးဆွဲ ဆောင်ရွက်နေကြောင်း ပြောကြား သည်။
“ကျနော်တို့ကတော့ အသေးစိတ်မသိပါဘူး။ ပထမဆုံး ဗဟို တိုင်းရင်းသားရေးရာ ကော်မတီ အစည်းအဝေးခေါ်မယ်။ လုပ်ငန်းစဉ်တွေ ချမှတ်ပြီးတော့မှ အကောင်အထည်ဖော်မယ်လို့ ယေဘုယျပြောထားတာ ရှိပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်တွင် စတင်ဖွဲ့စည်းထားသည့် NLD ၏ ဗဟို တိုင်းရင်းသားရေးရာ ကော်မတီ၏ ဥက္ကဋ္ဌ ဦးအင်ထုံးခါးနော်ဆမ် ကလည်း ၎င်းတို့ကော်မတီက တာဝန်ယူဆောင်ရွက်မည့် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ဆက်ဆံရေး တိုးတက်ရန် အစီအစဉ်ကို ရေရာစွာ ပြောကြားနိုင်ခြင်း မရှိပေ။
တိုင်းရင်းသား ပါတီများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အစီအစဉ်ကို ဖေဖော်ဝါရီလ ၂ ရက်တွင် ဗဟို တိုင်းရင်းသားရေးရာ ကော်မတီ၌ အစည်းအဝေး ထိုင်ကာ ဆွေးနွေးထားကြောင်း ၎င်းက ဆိုသည်။
“အစည်းအဝေးမှာတော့ တယောက်နဲ့ တယောက်အမြင်တွေ ပြောကြတာပေါ့။ အဲဒီ ပြောကြားချက်လေးတွေကို မှတ်စု ထုတ်ထားတယ်။ ဒါပေမယ့် CEC ဆီမှာ ကျနော်က ပြန်တင်ပြရမယ်။ ပြန်တင်ပြလို့ သူတို့က ဒါလုပ်သင့်ပါတယ် ဆိုတဲ့ အခါကျရင် အဲဒီအချိန်ကျတော့ တရားဝင်ဖြစ်သွားပြီ။ CEC နဲ့တိုင်ပင်ပြီးမှ သူတို့ရဲ့ သဘောတူညီချက်ရမှ ပြောလို့ရ မယ် ထင်တယ်”ဟု ဦးအင်ထုံးခါးနော်ဆမ်က ပြောကြားသည်။
NLD ပါတီနှင့် လက်ရှိအချိန်အထိ တရင်းတနှီး ဆက်ဆံရေးမရှိသော်လည်း တိုင်းရင်းသား ပါတီများနှင့် ဆက်ဆံရေး ကောင်းရန် ကြိုးပမ်းမည်ဆိုသည့် ပြောဆိုချက်သည် လုပ်ဆောင်သင့်သည့် ကိစ္စတခုပင် ဖြစ်ကြောင်း ရခိုင် အမျိုးသား ပါတီ (ANP) အထွေထွေ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
၎င်းက“လုပ်တဲ့အခါမှာလည်း မဲဆွယ်စည်းရုံးတဲ့ သဘော၊ ၂၀၂၀ မှာ အနိုင်ရလိုစိတ်နဲ့ လုပ်တဲ့သဘောလို့ အဲဒီလို တွေး စရာလည်း ရှိပါတယ်။ ကျနော်တို့က အတတ်နိုင်ဆုံး ဒီမိုကရေစီကို လိုလားတဲ့ အုပ်စုတွေဆိုတော့ NLD နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆန္ဒအမြဲတမ်း ရှိပါတယ်”ဟု ပြောဆိုသည်။
ဆက်ဆံရေး မြှင့်တင်ရန် လုပ်ဆောင်မည်ဆိုပါက နောက်ကျနေပြီ ဖြစ်သော်လည်း တိုင်းရင်းသားများ၏ လိုလားချက် များကို NLD ဘက်က ပွင့်ပွင့်လင်းလင်း ချပြဆွေးနွေးလာပါက အလုပ်ဖြစ်နိုင်ခြေ ရှိသေးကြောင်း၊ လက်တွေ့ မည်ကဲ့ သို့ NLD ဘက်က လုပ်ဆောင်မည်ကိုမူ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ကြောင်းလည်း ဦးခိုင်ပြည်စိုးက ပြောသည်။
တိုင်းရင်းသား နိုင်ငံရေးပါတီများသည် NLD ဦးဆောင်သည့် အစိုးရတက်လာခါစတွင် NLD ပါတီအပေါ် မျှော်လင့်ချက် ထားခဲ့ကြသည်။
ဒီမိုကရေစီအရေး၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် ဖက်ဒရယ် အိပ်မက်ကို ဆုပ်ကိုင်၍ တက်လာသော NLD အစိုးရ အပေါ် တိုင်းရင်းသား ပါတီများက မဟာမိတ်အဖြစ် ရှုမြင်ဆက်ဆံခဲ့ကြသည်။
သို့သော်လည်း ၂၀၁၆ ခုနှစ်မတ်လမှစ၍ မွန်ပြည်နယ်တွင် တံတားအမည်ကို ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အဓမ္မ ကင်ပွန်း တပ်ခြင်း၊ ဗိုလ်ချုပ် ကြေးရုပ်များ နေရာအနှံ့ စိုက်ထူခြင်းတို့ကို ပြုလုပ်လာရာမှ တိုင်းရင်းသား ပါတီများက NLD အပေါ် စိတ်ပျက်မှုများ ရှိလာခဲ့ရသည်။
ထို့ပြင် ရခိုင်နိုင်ငံရေး ခေါင်းဆောင် ဒေါက်တာ အေးမောင်ကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခဲ့ခြင်း၊ ရခိုင်ပြည်နယ်တွင် AA နှင့် တိုက်ပွဲများဖြစ်ပေါ်လျက် ရှိခြင်းအပြင် ပြည်နယ်ဝန်ကြီးချုပ် နေရာအတွက် တိုင်းရင်းသား ပါတီများနှင့် စိတ်ဝမ်း ကွဲခြင်း ကဲ့သို့သော ကိစ္စရပ်များလည်း ဖြစ်ပေါ်ခဲ့သည်။
NLD နှင့် တိုင်းရင်းသား ပါတီများကြား ဆက်ဆံရေးအေးစက်မှုသည် ၂၀၁၉ ခုနှစ်တွင် NLD ပါတီဘက်က ဦးဆောင် ကြိုးပမ်းလာသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွင် ပိုမိုဆိုးဝါးလာသည်။
NLD လွှတ်တော်အမတ် အများစုပါဝင်သည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးကော်မတီသည် တိုင်းရင်းသား ပါတီ များက တင်ပြသည့် ပြင်ဆင်ရန် အကြံပြုချက်များကို လက်မခံကြောင်း ရခိုင် နှင့် ရှမ်းတိုင်းရင်းသား နိုင်ငံရေး ပါတီများ က ပြောဆိုထားသည်။
ရှမ်းပြည်နယ် သီပေါမြို့တွင် နေထိုင်သော လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ တိုင်းရင်းသား နိုင်ငံရေး ပါတီများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီက တိုင်းရင်းသား ပါတီများကို မဟာမိတ်ဖွဲ့ရန် မျှော်လင့် ထားသည့် အချိန်တွင် NLD ဘက်က မဟာမိတ်မရှိဘူးဟု ပြောဆိုလိုက်ခြင်းသည် တိုင်းရင်းသား ပါတီများကို စိတ်ပျက် စေခဲ့ကြောင်း ပြောဆိုသည်။
“သူတို့က လုံးဝအရှိုက်ကို လက်သီးနဲ့အထိုးခံလိုက်ရသလို ဖြစ်သွားတယ်။ အဲဒီအခါကျတော့ ဒါဆိုရင်လည်း ကောင်းပြီ ပေါ့။ ဆက်ဆံရေးကလည်း ပိုပြီး တင်းတင်းမာမာနဲ့ ပြတ်တောက်သလောက် ဖြစ်သွားတာပေါ့။ အဲဒီဟာက သိပ်ပြီး ထင်ထင်ရှားရှား ဖြစ်လာတဲ့အခါကျတော့ ဒါကို ဖာထေးတဲ့ အနေနဲ့ ဦးဟံသာမြင့်က သူ့ပါတီအတွင်းမှာ ပြောတာဖြစ်ပါ လိမ့်မယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။
မည်ကဲ့သို့သော မူဝါဒများဖြင့် တိုင်းရင်းသားများနှင့် ဆက်ဆံရေးကောင်းရန် ဆောင်ရွက်မည်ဆိုသည့် အစီအစဉ်ကို လည်း လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မမြင်ရသေးကြောင်း ဦးရဲထွန်းက ဆက်လက် ပြောကြားသည်။
မည်သို့ပင်ဖြစ်စေ တိုင်းရင်းသား ပါတီများနှင့် ဆက်ဆံရေး မြှင့်တင်မည်ဆိုသည့် NLD ၏ သဘောထားကို တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ တချို့က ကြိုဆိုသည်ဟု ဆိုကြသည်။
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် မွန်ပြည်သစ် ပါတီ (NMSP) ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် နိုင်အောင်မငေးက“NLD ရဲ့ သဘောထားက သဘောတရား အရတော့ ပြန်ပြီးတော့ တည့်မတ်လာတယ်ပေါ့။ အခုဒီစကား ပြန်ပြောတာ။ ကျနော်တို့က အများကြီးလေးစားတယ်။ ဝမ်းသာ တယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်မှုမှာ တကယ် လက်တွေ့ဆန်ဖို့ပဲ အရေးကြီးတယ်ပေါ့”ဟု မှတ်ချက် ပေးသည်။
သို့သော်လည်း NLD ၏ ပြောဆိုချက်သည် အထွေထွေ ရွေးကောက်ပွဲကျင်းပမည့် ကာလနီးလာသဖြင့် ရွေးကောက်ပွဲ အနိုင်ရရေးအတွက် တိုင်းရင်းသား ပါတီများနှင့် ဆက်ဆံရေးကောင်းရန် ကြိုးပမ်းခြင်းလောဟု တိုင်းရင်းသားများက သံသယ ရှိစရာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျနော်ပြောချင်တာက NLD ရဲ့ သဘောထားက တိုင်းရင်းသားတွေအပေါ်မှာ ပြန်ပြီးတော့ ဒီလိုလေးရှိတာကို ကျနော် တို့ ကြိုဆိုတယ်။ လက်တွေ့ကျဖို့တော့ အရေးကြီးတာပေါ့။ ကျနော်တို့ စောင့်ကြည့်သွားမှာပေါ့”ဟု နိုင်အောင်မငေး က ပြောကြားသည်။
တိုက်ဆိုင်မှုရှိနေသည်မှာ တိုင်းရင်းသားများနှင့် ဆက်ဆံရေးပြန်လည် မြှင့်တင်မည်ဟု NLD ရုံးချုပ်တွင် ဦးဟံသာမြင့် က ပြောကြားနေစဉ် ပါတီ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပင်လုံမြို့တွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံအတွက် တိုင်းရင်းသားများ၏ အရေးပါပုံကို ထုတ်ဖော် ပြောဆို နေချိန် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က“ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရာတွင် ပြည်သူလူထု ပါဝင်မှုနှင့် တိုင်းရင်းသားများ၏ ပူးပေါင်းမှု လိုအပ်ပြီး ယင်းသည်ပင် မဟောင်းနွမ်းနိုင်သည့် ပင်လုံ စိတ်ဓာတ်ဖြစ်ကြောင်း”ဟု ပြောဆိုခြင်း ဖြစ်သည်။
ထို့အတူ ဖေဖော်ဝါရီလ ၁၂ ရက်မှာပင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မန္တလေး အခြေစိုက် တိုင်ရင်းသား အဖွဲ့ ၁၈ ဖွဲ့နှင့် သီးသန့်တွေ့ဆုံကာ ၂ နာရီခန့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခဲ့သေးသည်။
သို့ဖြစ်ရာ NLD သည် တိုင်းရင်းသားများနှင့် ထိတွေ့မှုများ ဆောင်ရွက်လာသည့် သဘောရှိသည်။
သို့သော်လည်း တိုင်းရင်းသား ပါတီများနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ မမြင်ရသေးသည် ဖြစ်ရာ ဆက်ဆံရေး မြှင့်တင်မည်ဆိုသည့် NLD ၏ ပြောဆိုချက်သည် အပြောနှင့်အလုပ် ညီမညီကို ဆက်လက် စောင့်ကြည့်ရဦးမည့် အခြေအနေ ဖြစ်ပါသည်။
You may also like these stories:
ပြည်ပခရီးသွား လုပ်ငန်းလိုင်စင်အတွက် စပေါ်ငွေ တင်ရမည့် အစီအစဉ် မတ်လတွင် စမည်
ဧရာဝတီတိုင်း ဖွံ့ဖြိုးရေး ရန်ပုံငွေ ၃ ဘီလီယံကျော် ခွဲဝေချထားမည်
စစ်ပဋိပက္ခကြား မြေဇာပင် ဖြစ်သွားတဲ့ ပလက်ဝ