မီးခိုးငွေ့များစွာ တက်နေသော၊ ညှော်နံ့များကြားမှ “ကျမတို့ကို ခေါ်ပါအုံး” “ ကယ်ထုတ်ပါအုံး” ဆိုသည့် လမ်းမတော် သံဈေး မီးလောင်မြင်ကွင်းက အရန် မီးသတ်သမားကြီး ဦးမော်စီကို စိတ်မသက်မသာရ စေသည်။
ယခင်ကတည်းက ဒုက္ခရောက်နေသူ၊ အကူအညီလိုအပ်နေသူများကို ကယ်တင် ကူညီချင်သည့် စေတနာ့ဝန်ထမ်းလည်း ဖြစ်သော အရန်မီးသတ်သမားကြီး ဦးမော်စီသည် မီးလောင်နေရာများကိုလည်း ငြိမ်းသတ်ချင်သလို ပိတ်မိနေသည့် လူများ ကိုလည်း ကယ်ထုတ်ချင်စိတ်က ကျိတ်မနိုင် ခဲမရဖြစ်စေသည်။
“သူများဒုက္ခရောက်တာကို မြင်ပြီးတော့ ခံစားနေရတာ။ ခံစားရတယ် ဆိုတာက မီးငြှိမ်းရင်းနဲ့ ဒီမှာကလည်း မီးငြှိမ်းချင် တယ်။ ဟိုမှာလည်း ကယ်ချင်တယ်။ ဟိုကိုလည်း မကယ်နိုင်၊ ဒီမှာလည်း မီးကလည်း မီးကငြှိမ်းနေရတဲ့အတွက် ဝမ်းနည်း တဲ့ သဘောဖြစ်သွားတာ။ တကယ်လို့များ အောက်ကို အချိန်မီ မရောက်နိုင်ရင် သူတို့အသက်အန္တရာယ်က ဘယ်လို ဖြစ်လာမလဲဆိုတာ စိတ်ပူနေတာ။ သူတို့က သံပန်းတွေကနေ တဘက်တွေ အကျီတွေ မွှေ့ယမ်းပြီးတော့ ကယ်ပါ ပြုပါ ဆိုတာတွေကို မြင်နေရတာလေ”ဟု အသက် ၇၀ အရွယ် ဦးမော်စီက ဧရာဝတီနှင့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က တွေ့ဆုံစဉ် ရှင်းပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရန်ကုန်မြို့လယ်ခေါင်ရှိ သံဈေး မီးလောင်မှုဖြစ်ပွားခဲ့ရာ Level 5 အဆင့်ထိ လောင်ကျွမ်းခဲ့သည်။ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သလို မီးသတ်ဝန်ထမ်း အင်အား ၅၀၀ ခန့် အသုံးပြု ငြိမ်းသတ်ခဲ့ရပြီး ထိုမီးသတ်သမားများထဲတွင် ဦးမော်စီလည်း အပါအဝင် ဖြစ်သည်။
ဈေးသည် မည်သည့်အကြောင်းအရင်းကြောင့် မီးလောင်မှု စတင်ဖြစ်ပွားရသည် ကို အာဏာပိုင်များက စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်သည်။
အရန်မီးသတ်သမားကြီး ဦးမော်စီ၏ နာမည်အရင်းမှာ ဦးဝင်းကြည် ဖြစ်ပြီး ၁၉၇၀ ကတည်းက ကြည့်မြင်တိုင်မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူ၏ ဘဝတခုလုံးကို စေတနာ့ဝန်ထမ်း မီးသတ် သမား အဖြစ် မြှုပ်နှံထားသူ ဖြစ်ပြီး မီးငြှိမ်းသတ်သည့် အလုပ်တွင် အလွန် စိတ်အားထက်သန်စွာ တက်တက်ကြွကြွ လုပ်ကိုင်သူဖြစ်ကြောင်း အိမ်နီးချင်းများကလည်း ထောက်ခံပြောဆိုကြသည်။ သူ၏ လုပ်သက်တလျှောက်တွင် ၂၀၀၅ ခုနှစ်က မြို့နယ်ဂုဏ်ထူးဆောင်ဆု ဖြစ်သည့် “ပြည်သူ့ဂုဏ်ပြု မေတ္တာဆု” ရရှိခဲ့ဖူးသည်။
“အဲဒီနေ့ကလည်း မီး Level 1 ဆိုကတည်းက ဆိုင်နဲ့ ဇနီးကိုပစ်ပြီး သူကအကျီလဲ ပြီးပြီ။ Level 3 လည်း ဆိုရော တခါ တည်း အိမ်က ထွက်တော့တာပဲ” ဟု အိမ်နီးချင်း ၁ ဦး က သံဈေးမီးလောင်သည့်နေ့က အခြေအနေကို ပြောပြသည်။
ဦးမော်စီသည် ကြည့်မြင်တိုင် တဖက်ကမ်းရှိ ဘလုတ်ညွန့်ရပ်ကွက်ရှိ နေအိမ် ၁ အိမ်တွင် တလ ငွေ ၆၀၀၀၀ ကျပ်ဖြင့် အိမ်ငှားနေ သူဖြစ်ပြီး မိသားစုဝင် ၇ ဦးရှိသည်။ လက်ရှိ ဘလုတ်ညွန့်တွင် ငှားရမ်းနေထိုင်သည့် အိမ်တွင် ဇနီး၊ သား ၁ ယောက် သမီး ၁ ယောက်နှင့် အတူ နေထိုင်လျက်ရှိသည်။

လက်ရှိတွင် မိသားစု ၄ ဦး၏ စားဝတ်နေရေးအတွက် ဦးမော်စီသည် ရန်ကုန်မြို့ ဆင်မလိုက်ဈေးရှိ ကားပါကင် ၁ ခုတွင် အလုပ်လုပ် လျက်ရှိပြီး ဇနီးဖြစ်သူက ၎င်းတို့ရပ်ကွက်ရှိ ဈေးတွင် မနက်ပိုင်း ထမင်းကြော်ရောင်းကာ စားဝတ်နေရေး အတွက် ရုန်းကန်ကြသည်။
ဦးမော်စီတယောက် သံဈေးမီးလောင်နေရာတွင် မီးငြိမ်းသတ်ရာတွင် ပါဝင် ကူညီနေသည့် ဓာတ်ပုံကို ဧရာဝတီ သတင်း ဌာနတွင် ဖော်ပြခဲ့ပြီးနောက် ဦးမော်စီကို လူမှုကွန်ရက်စာမျက်နှာထက်တွင် လူအများက “စေတနာ့ဝန်ထမ်း အဘိုးအို” တဦး အဖြစ် ချီးကျုးမှုများ ပြုလုပ်ခဲ့ကြသလို မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ရည်ကိုင်ရည်များကို အသိအမှတ်ပြု ဂုဏ်ယူကြသည်။
“မီးသတ်ဘဝမှာ နှစ်ပေါင်း ၅၀ လောက်မှာ ပထမဦးဆုံး ဂုဏ်ပြုခံရတာပဲ။ ဟိုတုန်းကတော့ မီဒီယာခေတ် မဟုတ်ဘူးလေ။ ဒါမျိုးတွေ သွားခဲ့တယ်။ မီးကြီးတွေ တိုးခဲ့တယ်။ ခေတ်မမီသေးတော့ ဦးတို့ ဓာတ်ပုံတွေက ဖော်ပြမခံရဘူးလေ” ဟု ဦးမော်စီက သူ၏ ပီတိကို ထုတ်ဖော်ပြောပြသည်။
ဆက်လက်ပြီး ၎င်းက “ဦးရဲ့ တသက်မှာ မီးနည်းတာ များတာ အဓိက မဟုတ်ဘူး ရောက်ဖြစ်အောင် ရောက်တယ်။ တခါတလေ လမ်းက ပြန်လှည့်ရတာရှိတယ်။ မရောက်တာက ကျန်းမာရေးမကောင်းလို့ အိမ်ထဲနေရတဲ့ အခါပဲ မရောက်တာ။ မီးနည်းလည်း သွားတယ်။ များလည်း သွားတယ်။ ရောက်အောင်တော့သွားတယ်။ လမ်းတစ်ဝက်က ပြန်လှည့်ရပါစေ။ မတတ်နိုင်ဘူး။ လမ်းတစ်ဝက်မှ ရေခဲ၊ ရေခဲလို့ အော်မှ ပြန်လှည့်ရတာကတော့ ရှိတာပဲ” ဟု သူက ဆိုသည်။
ဆက်လက်ပြီး ၎င်းက “ဟိုတုန်းက ဆိုရင်လည်း ဝက်သားရောင်းခဲ့တုန်းက ချိန်ခွင်တွေ၊ အလေးတွေ၊ ဝက်သားတုံးတွေကို ပစ်ချပြီး ထပြေးတာပဲ မီးလောင်ပြင်ဆီအရောက်။ ဝက်သားတွေ ကျီးထိုးထိုး၊ ခွေးစားစား ကုန်ချင်ကုန်ပါစေ” ဟုလည်း ပြောပြသည်။
ဦးမော်စီက ယခင်က ကြည့်မြင်တိုင်မြို့နယ် အရန်မီးသတ်ရုံးတွင် စေတနာ့ ဝန်ထမ်း အရန်မီးသတ် ဖြစ်သဖြင့် နေစရာ ရရှိဖူးသည်။ သို့သော် ၂၀၁၈ ခုနှစ်တွင် စည်ပင်ဥပဒေသစ် ထွက်ရှိလာပြီးနောက် ထိုသို့နေထိုင်မှုသည် ဥပဒေနှင့် မညီညွတ်ဟုဆိုကာ ဖယ်ရှားပေးခဲ့ရသည်။
အခြား မည်သည့် အထောက်အပံ့ကိုမှလည်း မရရှိဘဲ ဝါသနာ၊ စေတနာ ဖြင့်သာ ယခု အသက်အရွယ်အထိ မီးသတ်သမား ဘဝကို ခုံမင်နေသူ ဖြစ်သည်။
“အစိုးရက သန္ဓေတွေကို တောင် အပြည့်အဝ မပေးနိုင်သေးပါဘူး”ဟု ဦးမော်စီက ပြောပြသည်။
အသယ်အရွယ် ရနေပြီ ဖြစ်သည့် ဦးမော်စီကို မီးငြိမ်းသတ်သည့် အလုပ်လုပ်ကိုင်သဖြင့် မိသားစုဝင်များကသာမက လုပ်ဖော်ကိုင်ဖက်များက စိုးရိမ်ကြသော်လည်း သူသည် မီးလောင်ပြင်သို့ ရောက်အောင်သွားပြီး မီးငြှိမ်းသတ်သည့် အလုပ်ကို လူငယ်များနှင့် အတူ လုပ်ကိုင်နေဆဲဖြစ်သည်။
ဦးမော်စီ ဇနီး ဒေါ်သန်းသန်းထွေးကမူ “မီးသတ်သမားတွေ ဒဏ်ရာရပြီလို့ ကြားရပြီဆိုရင် ဒုက္ခပါပဲ အသက်ကကြီးနေပြီ သူပါနေမလားဆိုပြီး စဉ်းစားမိတာ။ သူ ပြန်ရောက်မှပဲ အလုံးကြီးကျတော့တယ် သူက ဝါသနာပါတာ ပြောလို့လည်း မရဘူး” ဟု ပြောပြသည်။
“မီးသတ်ကားတွေဆိုရင် ကျနော်က လက်တဖက်နဲ့တောင် တွယ်တက်တာ။ လူငယ်တွေနဲ့ တန်းတူပဲ။ အသက်နဲ့ခန္ဓာ တည်မြဲသ၍ ကတော့ လုပ်နိုင်သ၍ လုပ်နေဦးမှာပဲ။ သေရင်တောင် မီးသတ်အကျီလွှမ်းပြီး သေမယ်လို့ ခံယူထားတယ်” ဟု ဦးမော်စီက ထိုစကားကို ၃ ကြိမ်တိုင်တိုင် အားတက်သရော ပြောဆိုသည်။
You may also like these stories:
မီးလောင်သည့်အကြောင်းအရင်း စစ်ဆေးနေ၍ သံဈေးယာယီပိတ်ထား