ဖေဖော်ဝါရီလ ဒုတိယအပတ်မှ စတင်ကာ တောင်ကိုရီးယားနိုင်ငံတွင် ဗိုင်းရပ်စ် ပြန့်ပွားမှု မြင့်တက်လာခြင်းကြောင့် တောင် ကိုရီးယား သမ္မတ မွန်ဂျေအင်းသည် ကိုရိုနာဗိုင်းရပ်စ် သတိပေးချက် အဆင့်ကို အမြင့်ဆုံး အဆင့် အနီရောင် အဖြစ် သတ်မှတ်လိုက်ကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကြေညာထား၏။
တောင်ကိုရီးယားသတင်းမီဒီယာများတွင် ဖော်ပြထားချက်များအရ ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီ အချိန်ထိ တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာ ကူးစက်ခံယူရသည့် လူနာ ၈၉၃ ဦး၊ စစ်ဆေးမှု ခံယူဆဲ ၁၃၂၇၃ ဦး၊ ရောဂါပျောက်ကင်းသူ ၂၂ နှင့် သေဆုံးသူ ၈ ဦး ရှိရာ တရုတ်နိုင်ငံပြီးလျှင် ကူးစက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေသည်။
နိုင်ငံတွင်း ရောဂါကူးစက်ခံရသော လူနာစုစုပေါင်း၏ ထက်ဝက်ကျော်သည် ဒယ်ဂူးမြို့ရှိ ရှင်ချွန်းဂျီ ဘုရားကျောင်းသို့ လာရောက်ခဲ့ ကြသူများ ဖြစ်ကြပြီး ထိုမြို့တွင် မြန်မာနိုင်ငံမှ သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမား ၃ ထောင်ဝန်းကျင် အထိ ရှိကြောင်း တောင်ကိုရီးယားရောက် မြန်မာအလုပ်သမားအဖွဲ့အစည်းများထံက သိရသည်။
လက်ရှိတွင် ဒယ်ဂူးမြို့နှင့် မြို့ ပတ်ဝန်းကျင်ရှိ မြန်မာလုပ်သားများ သာမက ဆိုးလ်၊ ဂယောင်းဂီဒို၊ အင်ချွန်း၊ ဘူဆန် အပါအဝင် အခြားမြို့များမှ မြန်မာလုပ်သားများလည်း စက်ရုံနှင့် အဆောင်ထဲတွင်သာ နေထိုင်ကြကြောင်း ဧရာဝတီက ဆက်သွယ်မေးမြန်းထားသော လုပ်သားအများစု ပြောသည်။
“ကျနော်တို့ အပြင်မထွက်ရဲတော့ဘူး။ ဟိုရက်ကပဲ ကျနော်တို့ စက်ရုံနားက စက်ရုံ ၁ ရုံက ကိုရီးယားနိုင်ငံသား ၁ ယောက် မှာ ရောဂါတွေ့လို့။ ကျနော် ကြောက်တော့ မကြောက်ပါဘူး။ စိုးရိမ်စိတ်တော့ နည်းနည်းရှိတယ်။ သူတို့ညွှန်ကြားထားတဲ့ အတိုင်း Mask တပ်တယ်။ လူစုလူဝေးနေရာတွေ မသွားတော့ဘူး ကျန်းမာရေးကောင်းမွန်အောင် နေတယ်” ဟု ဒယ်ဂူး မြို့ပြင်ရှိ စက်ရုံ ၁ ရုံတွင် အလုပ်လုပ်ကိုင်နေသော ကိုမင်းပြည့်ဖြိုးအောင်က ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် အစားအစာနှင့် လိုအပ်သော ပစ္စည်းများကို အနီးအနားရှိ စတိုးဆိုင်များနှင့် အွန်လိုင်းမှ တဆင့် ဝယ်ယ လျက်ရှိပြီး အလုပ်လုပ်သော စက်ရုံနှင့် နေထိုင်ရာ အဆောင်၌သာ ကူးလူးသွားလာပြီး အပြင်ကိုမူ မထွက်ဘဲ နေထိုင်လျက် ရှိကြောင်း သူနေထိုင်သည့် အခြေအနေများကို ရှင်းပြသည်။
ဒယ်ဂူးမြို့တွင် အလုပ်လုပ်ကိုင်သော ကိုဌေးလှိုင်ဦးက “ ကျနော်တို့ မြို့ထဲက လူတွေအတွက်က အဆင်ပြေတုန်းပါပဲ။ ဘာမှ သိပ်မဖြစ်ဘူး။ ကျနော်တော့ အပြင်တော့ ထွက်သေးတယ် ဒါပေမယ့် လူစုလူဝေးများတဲ့ နေရာတွေတော့ မဟုတ်ဘူး ကိုယ့်ညီအစ်ကိုတွေအတွက် အခြေအနေထူးတာ ရှိရင် ပြောပြလို့ရအောင် လျှောက်ကြည့်တာ ” ဟု ပြောသည်။
မြန်မာထမင်းဆိုင်များ၊ မြန်မာစားသောက်ဆိုင်များ နှင့် မြန်မာနိုင်ငံ အငွေ့အသက်များ ရှိသည့် နေရာဖြစ်သော မြန်မာ လုပ်သား အများဆုံးလာရောက် လည်ပတ်သည်ဟု ထင်ရှားသည့် ဘူချောင်း ဆိုသည့်နေရာသည် ယခုနောက်ပိုင်း သွား လာသူ မရှိတော့ပေ။ အကြောင်းအရင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁ ဦးသည် ထိုနေရာတွင် တွေ့ရှိခဲ့ရသည်ဟု သိရသော ကြောင့် ဖြစ်ကြောင်း မြန်မာအလုပ်သမားများက ပြောကြသည်။
မြို့တော် ဆိုးလ် အနီး ဂယောင်းဂီဒိုပြည်နယ်တွင် အလုပ်လုပ်ကိုင်နေသော ကိုနောင်နောင်လတ်က “ အခုကို ကူးစက်တဲ့သူ က တရက်နဲ့ တရက် အရမ်းတိုးလာတော့ ကျနော် ကြောက်လို့ အရင် အပတ်ကတည်းက အပြင်မထွက်တော့တာ ” ဟု ပြောသည်။
ထို့သို့ မြန်မာလုပ်သားများအနေဖြင့် အပြင်မထွက်ကြရသော်လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု အခြေအနေများကို တောင်ကိုရီးယားအစိုးရက အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်ကြေညာခြင်းများနှင့် ဖုန်းများ သို့ မက်ဆေ့ (စာတို) ပေးပို့ ခြင်းရှိသည့်အတွက် သတင်းအချက်အလက်များ ရရှိကြောင်း သိရသည်။
ယင်းအပြင် ရောဂါဖြစ်ပွားနေသော မြို့အချို့တွင် လူအသွားအလာ မရှိသလောက် ခြောက်ကပ်နေသော်လည်း မြေအောက် ရထားများ နှင့် ဘတ်စ်ကားများ ပုံမှန် ပြေးဆွဲပေးလျက်ရှိပြီး လိုအပ်သော အစားအသောက် နှင့် ပစ္စည်းများကို ပုံမှန်ဝယ်ယူ ရနေဆဲ ဖြစ်ကြောင်း မြန်မာလုပ်သားများ ထံက သိရသည်။
သို့သော်လည်း အလုပ်ရှင်က ထမင်းမကျွေး၍ ကိုယ်တိုင် ချက်ပြုတ်စားသောက်ရသော မြန်မာလုပ်သားများနှင့် မြို့နှင့် ဝေးကွာသော ဒေသများရှိ လုပ်သားများအတွက်မူ အချိန်တခုကြာမြင့်လာပါက အစားအသောက်၊ ကုန်ပစ္စည်းနှင့် ကျန်းမာ ရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်း ရရှိရန်အတွက် အခက်အခဲ ဖြစ်လာနိုင်မည်ကို လုပ်သားများထံတွင် စိုးရိမ်စိတ်များ ရှိနေသည်။
ကိုရီးယားရောက် မြန်မာလုပ်သားများ အရေး ကူညီဆောင်ရွက်ပေးသည့် ဆိုးလ်မြို့မှ ဦးဝင်းပေါ်မောင် “ကျနော်တို့ အချင်း ချင်း အဆက်အသွယ်တွေ ရှိကြတယ်။ သွားလို့လာလို့ လည်း ရတယ်။ မြို့တွေ ဘာတွေ ပိတ်တာလည်း မဟုတ်တော့လေ။ ဒါပေမယ့် နည်းနည်းတော့ ခက်ခဲတာပေါ့။ တချို့ ပစ္စည်းတွေ ဘာတွေကတော့ ပြတ်တာပေါ့” ဟု ဆိုသည်။
ရောဂါဖြစ်ပွားမှု အရှိန်မြင့်လာခြင်းနှင့် တရုတ်နိုင်ငံမှ တင်သွင်းသည့် လိုအပ်သော ကုန်ကြမ်း မရရှိခြင်းတို့ကြောင့် ဒယ်ဂူး မြို့ရှိ ကားတပ်ဆင် ထုတ်လုပ်သော စက်ရုံများနှင့် အထည်ချုပ်စက်ရုံ တချို့မှာ ရပ်နားထားပြီး မြန်မာနိုင်ငံသို့ ပြန်လိုသော လုပ်သားတချို့ကို အလုပ်ရှင်များဘက်မှ ပြန်ခွင့်ပြုသည့် ဖြစ်ရပ်များ ရှိသည်။
လတ်တလောတွင် မြန်မာလုပ်သားများသည် ကိုရီးယားအစိုးရ၊ မြန်မာသံရုံး(ဆိုးလ်) နှင့် စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်များ၏ ညွှန်ကြားချက်များ အတိုင်း မလိုအပ်ဘဲ အပြင်ထွက်သွားလာမှုများ လျှော့ချခြင်း၊ လူစုလူဝေး နေရာများကို မသွားခြင်း နှင့် တကိုယ်ရေကျန်းမာရေး ကိစ္စရပ်များကို လိုက်နာ ဆောင်ရွက်နေကြောင်း သိရသည်။
ကိုရီးယားရောက် မြန်မာလုပ်သားများ ဖွဲ့စည်းထားသော အသင်းအဖွဲ့များသည်လည်း လိုအပ်သည့် ကူညီဆောင်ရွက်မှု လုပ်ဆောင်ပေးခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်း၊ ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ ခြင်းနှင့် အဆက်အသွယ် မပြတ်စေရန်အတွက် ကူညီဆောင်ရွက်မှုများလည်း ရှိသည်ဟု ၎င်းတို့က ပြောပြကြသည်။
လက်ရှိအချိန်ထိ ကိုရီးယားနိုင်ငံ၌ ရောဂါကူးစက်ပြန့်ပွားမှု မြင့်တက်လျက်ရှိသော်လည်း ရောဂါကူးစက်ခံထားရသူ၊ သံသယရှိသူ အနေဖြင့် မြန်မာနိုင်ငံသား ၁ ဦးမျှ မရှိသေးကြောင်း မြန်မာသံရုံး (ဆိုးလ်) နှင့် မြန်မာလုပ်သားများ အရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
တောင်ကိုရီးယားအစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ် ကိုင်တွယ်ခြင်းကို တင်းတင်းကျပ်ကျပ် လုပ်ဆောင် လျက်ရှိပြီး အခမဲ့ ဆေးကုသမှု ဆောင်ရွက်နိုင်မည့် စင်တာများကို နေရာဒေသ တော်တော်များများတွင် ဖွင့်လှစ်ထား ကြောင်း သိရသည်။
မြန်မာသံရုံး(ဆိုးလ်) အနေဖြင့်လည်း မြန်မာလုပ်သားများ နှင့် တောင်ကိုရီးယားနိုင်ငံတွင် လာရောက် ပညာသင်ကြား နေသော ကျောင်းသူကျောင်းသားအတွက် လိုအပ်သည့် ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရန် စောင့်ကြည့်ပေးလျက် ရှိကြောင်း မြန်မာသံရုံး(ဆိုးလ်) အလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ဧရာဝတီသို့ ပြောသည်။
လက်ရှိ လူအများအပြား ရောဂါကူးစက်မှု ဖြစ်ပွားနေသော မြို့များမှာ မြန်မာလုပ်သားများ သောင်းနှင့်ချီရှိသော ဆိုးလ်မြို့၊ ဂယောင်းဂီဒို၊ အင်ချွန်း၊ ဘူဆန် နှင့် ဂင်မဲမြို့များ မပါဝင်သေးကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ “ ဗိုင်းရင်းစ်ကတော့ နိုင်ငံအနှံ့အပြားမှာ ဖြစ်နေတာပေါ့။ ကျနော်တို့က ဒေသအသီးသီးမှာ ရှိကြတဲ့ မြန်မာလူမှု အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံသားတွေ အခြေအနေတွေကို နေ့စဉ်နဲ့ အမျှ အခြေအနေတွေကို စောင့်ကြည့်နေပြီး လိုအပ်တာရှိရင် ကူညီ ဆောင်ရွက်ပေးပါမယ်ဆိုပြီး ပြောပြထားပါတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် တောင်ကိုရီးယားနိုင်ငံ၌ EPK စနစ်ဖြင့် လာရောက်အလုပ်လုပ်လျက်ရှိသော မြန်မာ လုပ်သားပေါင်း ၃၅၀၀၀ ကျော်အထိ ရှိပြီး လာရောက် ပညာသင်ကြားနေသာ ကျောင်းသူကျောင်းသားသည် ၅၀၀၀ ဝန်းကျင်ရှိကြောင်း မြန်မာသံရုံး(ဆိုးလ်) ထံမှ သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံသားများ အလုပ်လုပ်နေကြရသော စက်ရုံအလုပ်ရုံများသည် အသေးစား အလတ်စား စက်မှု လုပ်ငန်းများနှင့် မိသားစု လုပ်ငန်းများ ဖြစ်ခြင်းကြောင့် စက်ရုံအကြီးများကဲ့သို့ လူဦးရေ ရာနှင့်ချီ မရှိဘဲ လူဦးရေ ၅ ယောက်နှင့် အထက်သာ ရှိကြသည်။
ဒယ်ဂူးမြို့နေ မြန်မာလုပ်သား ၁ ဦးက “အခုအခြေအနေတွေအရ ကျနော်တို့တွေ အဆင်ပြေနေတုန်းပဲ ဆိုတာမျိုးကိုပဲ သတင်းတွေ ဖော်ပြပေးစေချင်တယ်။ အဆင်မပြေဘူးလို့ ပြောရင် ကျနော်တို့ မိသားစုတွေ ပိုပြီး စိတ်ပူနေရလိမ့်မယ် ” ဟု ဧရာဝတီသို့ ပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် ရောဂါပြန့်ပွားမှု မြင့်တက်နေမှုသည် အချိန်နှင့် အမျှ တက်လာလျက်ရှိပြီး ပိုမို တိုးပွားလာနိုင် သည့် အခြေအနေများလည်း ထပ်မံရှိခြင်းနေကြောင့် တောင်ကိုရီးယားအစိုးရအဖွဲ့နှင့် အာဏာပိုင်များသည် ရောဂါထိန်းချုပ် နိုင်ရေး လုပ်ငန်းစဉ်များကို ဂရုစိုက်ကိုင်တွယ်နေကြသည်။
ဒုတိယဖြစ်ပွားမှု အများဆုံး တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားများသည်လည်း တာဝန် ဝတ္တရားအ ရ အလုပ် လုပ်ကိုင်နေရသော်လည်း အလုပ်ချိန် ပြီးဆုံးပါက အပြင်ထွက်ခြင်းကို လျှော့ချကာ ဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အခြေအနေများကိုသာ စောင့်ကြည့်နေကြောင်း၊ မြန်မာပြည်တွင် ရှိနေသည့် မိသားစုဝင်များက ၎င်းတို့အတွက် ပူပန် သောက ရောက်နေမည်ကိုလည်း စိုးရိမ်နေကြသည်။
ဆက်စပ်လင့်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူဝိတ်မှာ လေကြောင်းလိုင်းအချို့ ပျံသန်းမှု ယာယီ ဆိုင်းငံ့ထား
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား ရုပ်ရှင်ရုံတွေမှာ လူမရှိ ဖြစ်နေ
တရုတ်-မြန်မာ ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း၂၀၀ ကျော် ကျဆင်း