ဖေဖော်ဝါရီ ၁၃ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ခမွေချောင်းကျေးရွာမှ မူလတန်းလွန်ကျောင်းဝင်းအတွင်း အမြောက်ဆန် ကျရောက်ထိမှန်ပြီး အသက် ၅ နှစ်မှ ၁၀ နှစ်အတွင်း ကလေးငယ် ၂၁ ဦး ဒဏ်ရာရခဲ့သော်လည်း ထိုဒေသအတွင်း နှစ်ဘက်အပြန်အလှန် ပစ်ခတ်နေသော မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) နှစ်ဖွဲ့လုံးက တာဝန်ခံခြင်းမရှိပါ။
ထိုသို့ တာဝန်ယူခြင်းမရှိသည့်အပြင် လက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့စလုံးက တဖက်နှင့်တဖက် အပြန်အလှန် စွပ်စွဲနေကြသည်။
ထိုနေ့က တပ်မတော်နှင့် AA တပ်ဖွဲ့များ ခမွေချောင်းရွာမှ ၁ မိုင်မှ ၃ မိုင် အကွာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်စလုံး၏ အဆိုအရ သိရသည်။
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များတွင် ယခုလအတွင်း တိုက်ပွဲများပိုမိုပြင်းထန်နေပြီး ၂၀၂၀ ခုနှစ် ပထမ ၇ ပတ်အတွင်း ခန့်မှန်းခြေ လူ ၁၅ ဦးသေဆုံးပြီး ၆၃ ဦးဒဏ်ရာရသည်။
ဧရာဝတီသတင်းဌာန၏ ရေတွက်မှုများအရ သေဆုံးမှုများအနက် သုံးပုံနှစ်ပုံသည် ၎င်းတို့နေအိမ်များကို အမြောက်ဆံ ထိမှန်သောကြောင့် သေဆုံးရခြင်းဖြစ်ပြီး ကျန်သူများမှာ မိုင်းပေါက်ကွဲခြင်းနှင့် မြန်မာတပ်မတော်တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေနတ်ထိမှန် သေဆုံးရသည့် ဖြစ်ရပ်များ ပါဝင်သည်။
သေဆုံးဒဏ်ရာရသူများအနက် သုံးပုံနှစ်ပုံသည် ကလေးများဖြစ်သည်။
ထိုဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ မူလတန်းလွန်ကျောင်း ဖြစ်ရပ်တွင် ကျောင်းသူလေးတဦး အပြင်းအထန် ဒဏ်ရာရှိပြီး စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ရကာ ယခုတွင် ရန်ကုန်သို့ ပို့ဆောင်ကုသနေရသည်ဟု သိရသည်။
ရခိုင်ပြည်နယ် ထိုဒေသမှ ကလေးများ ထိခိုက်ခံစားရသည့် နေ့သည် မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် မြန်မာနိုင်ငံကလေးများနေ့ကို နိုင်ငံတဝန်းအခြားဒေသများမှ ကလေးငယ်များ ဆင်နွှဲနေကြချိန်လည်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁၇ ရက် ကျင်းပသော ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ပိတ်ပွဲတွင် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ရခိုင်ပြည်နယ်မြို့နယ်အချို့ အင်တာနက် ပိတ်ခံရပြီးနောက်ပိုင်း ထိုဒေသအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာသဖြင့် အပြစ်မဲ့အရပ်သားသေဆုံးဒဏ်ရာရမှုများ များပြားလာသည်ဟု ပြောဆိုခဲ့သည်။
“အစုလိုက် အပြုံလိုက် ကလေးတွေ ဒဏ်ရာရမှုတွေ ဖြစ်ပေါ်လာတယ်။ တကယ့် စိတ်မကောင်းစရာတွေပါ။ တိုက်ဆိုင်မှုလို့ ဆိုရမလား။ ကလေးများနေ့မှာ ဘူးသီးတောင်မြို့နယ်က မူလတန်းကျောင်းတကျောင်းအပေါ် လက်နက်ကြီးကျပြီး ကလေး ၂၁ ယောက် ဒဏ်ရာရရှိတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါတွေက တကယ့် ကြားမကောင်းတဲ့ ကျော်မကောင်းတဲ့ သတင်းတွေပါ။ ပိုဆိုးတာက ဘယ်သူ့ကြောင့် ဖြစ်ရတယ်ဆိုတာ လက်သည်မပေါ်ဘူး။ ရေငုံနှုတ်ပိတ်နေကြတဲ့ သဘော ဖြစ်ပါတယ်” ဟု ပြည်နယ်လွှတ်တော်ဥက္ကဌက ဆိုသည်။
ပြည်သူအများကလည်း ထိုဖြစ်ရပ်အပေါ် ဝမ်းနည်းစိတ်မကောင်းဖြစ်ကြရပြီး အမျက်ဒေါသနှင့် အားမလိုအားမရဖြစ်ကြရသည်။
“တိုက်ပွဲမှာ ပါဝင်ပတ်သက်နေကြတဲ့သူတွေဟာ တိုက်ပွဲတွေဖြစ်တယ်ဆိုပြီး ပစ်ချင်သလို ပစ်လို့မရဘူး။ ပြည်သူကို အကာအကွယ်ယူပြီး တိုက်လို့မရဘူး။ ကျနော်တို့ရဲ့ ဘုရားပုထိုး အမွေအနှစ်တွေကို အကာအကွယ်ယူပြီး တိုက်ခိုက်လို့ မသင့်တော်ပါဘူး” ဟုလည်း လွှတ်တော်ဥက္ကဌက ထပ်လောင်းပြောကြားသည်။
ယမန်နှစ်က တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ သမိုင်းဝင် ရခိုင်ဘုရင့်နိုင်ငံ၏ ရှေးဟောင်းမြို့တော်မြောက်ဦး ဘုရားပုထိုးများနားတွင် ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဘုန်းတော်ကြီးကျောင်းဝန်းများနှင့် ဘုရားတောင်ကုန်းများတွင် တပ်စခန်းချခြင်း၊ တပ်စခန်းများမှ ပစ်လွှတ်သော အမြောက်များ ကျေးရွာများအတွင်း ကျရောက်ခြင်းတို့လည်း ရှိသည်။
မြန်မာနိုင်ငံအနောက်ဘက်ခြမ်း တပ်မတော်နှင့် AA တို့အကြားတိုက်ပွဲများသည် ၂၀၁၅ ခုနှစ် မတ်လက စတင်ကာ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်းတွင် စတင်ဖြစ်ပွားခဲ့သည်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ၈ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမှ အရပ်သားများ အသက်အန္တရာယ်လုံခြုံရေး စိုးရိမ်ကာ နေရပ်စွန့်ခွာထွက်ပြေးရသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့အထိ လူ ၁၀၆၀၀၀ ကျော် စစ်ဘေးဒဏ်သင့်ကာ နေရပ်စွန့်ခွာကြရပြီး အများစုက ဒုက္ခသည်စခန်းများတွင် နေထိုင်နေသည်ဟု စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ပြုစုထားသော ကိန်းဂဏန်များအရ သိရသည်။ ၎င်းတို့အတွက် အစားအစာနှင့် နေစရာအတွက် မလုံလောက်ဟု သိရသည်။
ဒေသခံများသည် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရာတွင် ကုန်းလမ်းဖြင့်ဖြစ်စေ၊ ရေလမ်းဖြင့်ဖြစ်စေ အသက်နှင့်ရင်း၍ သယ်ယူကြရသည်။ တောတောင်များအတွင်း အစာအစားရှာဖွေရာတွင် လည်းကောင်း ရေကြောင်းလမ်းဖြင့် သွားလာရာတွင်လည်းကောင်း တိုက်ပွဲအကြား ပစ်ခတ်ခံရမည့် အန္တရာယ်ကိုလည်း ရင်ဆိုင်နေရသည်။
ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး အရပ်သားထိခိုက်သေဆုံးရမှုတွင် သေဆုံးသူ ၁၁၀ ကျော်နှင့် ဒဏ်ရာရသူ ၂၀၀ ကျော်ရှိကြောင်း သိရသည်။ ထိခိုက်သေဆုံးမှု အတိအကျကို ရရှိရန် ခက်ခဲသည်။ ဒေသတွင်းတွင် သွားလာခြင်းကို ကန့်သတ်ထားသောကြောင့် အချို့သော ထိခိုက်သေဆုံးမှုများကို မှတ်တမ်းတင်ထားနိုင်ခြင်းမရှိပေ။
အရပ်သားများကို အကာအကွယ်ပေးရေးနှင့် သမိုင်းဝင်အဆောက်အအုံများကို ကာကွယ်ပေးရန် ပြည်နယ်လွှတ်တော်က အစိုးရကို အကြိမ်ကြိမ် တိုက်တွန်းနေသော်လည်း “ကျနော်တို့လွှတ်တော်အသံတွေကို အစိုးရအဖွဲ့က အလေးမထား ဂရုမစိုက်တာ တွေ့နေရတယ်” ဟုလည်း လွှတ်တော်ဥက္ကဌက ပြောသည်။ ထို့ကြောင့် “ဒါတွေဟာ ကျနော်တို့ နိုင်ငံမှာ ဒီမိုကရေစီဆိတ်သုဉ်းသွားပြီဆိုတဲ့ သဘောများလား” ဟု သူက မေးခွန်းထုတ်သည်။
“တပ်မတော်နှင့် AA အကြား အပြန်အလှန် ပစ်ခတ်မှုတွေကြောင့်အရပ်သားတွေ ထိခိုက်နေရတယ်။ အရပ်သားတွေ ထိခိုက်လာရင် အဓိက တာဝန်ယူသင့်တာကတော့ အစိုးရမှာ တာဝန်ရှိတာပေါ့။ … နှစ်ဖက်စလုံးက ပစ်နေကြတယ်။ ကျူးလွန်နေကြတယ်။ ဒါပေမယ့် ပြဿနာဟာ ဘယ်သူ့ကြောင့်ဆိုတာ တာဝန်မခံနိုင်ကြဘူး ”ဟု ဦးစံကျော်လှက ဧရာဝတီသို့ပြောသည်။
အလားတူစွာပင် အစိုးရသည် ပြည်နယ်လွှတ်တော်၏ တောင်းဆိုချက်များကို လျှစ်လျှူရှုနေပြီး အရပ်သား သေဆုံးမှုများအတွက် လွှတ်တော်ကတောင်းဆိုထားသည့် စုံစမ်းစစ်ဆေးမှုများကို မစတင်သေးဟု ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ လတ်တလောဖြစ်ပွားခဲ့သည့် မူလတန်းလွန်ကျောင်းကို အမြောက်ဆံကျသည့် ဖြစ်ရပ်အတွက်လည်း တစုံတရာ စစ်ဆေးမှု မရှိသေးဘူး ဆိုသည်။
ရပ်ရွာ ကွန်မြူနီတီအတွင်း အမြောက်ဆံကျရောက်တိုင်း ထိုကျည်က မည်သူ့ဆီက လာသည်ကို စုံစမ်းရာတွင် အထောက်အကူ ဖြစ်စေမည့် သက်သေများ အမြောက်ဆံအပိုင်းအစနှင့်ဆက်စပ် အထောက်အထားများ ဒေသခံများတွင် ရှိသည်ဟုလည်း ဆိုသည်။
“အစိုးရလုပ်ရမယ့်ဟာတွေကို သူကိုယ်တိုင်က အလုပ်မလုပ်တော့ ပြောရခက်တယ်။ ဘယ်သူက အမြောက်နဲ့ပစ်တာလဲ ဒါမှမဟုတ် အိမ်တွေမီးရှို့တာ ဘယ်သူလဲဆိုတာကို စုံစမ်းဖို့လည်း အစိုးရက ဂရုမစိုက်ဘူး” ဟု ၎င်းက ဆိုသည်။ ၎င်း၏မဲဆန္ဒနယ်မှ သမီးလှကျေးရွာတွင် အိမ်မီးရှို့ခံခဲ့ရခြင်းများ ရှိခဲ့သည်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
REC ၏ မှတ်တမ်းအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့အထိ ရသေ့တောင်မြို့နယ်မှ သမီးလှကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာသည် မီးရှို့ခံရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်ကလည်း သမီးလှကျေးရွာအနီးတွင် တပ်မတော်တပ်ဖွဲ့များ ခြုံခိုတိုက်ခိုက်ခံရပြီးနောက် ရွာအတွင်းသို့ ပစ်ခတ်သဖြင့် ရွာသားများ ထိခိုက်ရသည်။ သမီးလှရွာမှ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးသည် အမြောက်ဆံထိမှန် ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူရန် စစ်တွေမှ ရန်ကုန် ဆေးရုံသို့ သယ်ဆောင်နေစဉ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် လမ်း၌ သေဆုံးခဲ့ရသည်။
ယမန်နှစ် သြဂုတ်လကလည်း နေအိမ်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး၊ အမြောက်ဆံ ထိမှန်မှုကြောင့် မင်းပြားမြို့နယ် ပန်းမြောင်းရွာမှ ကလေးငယ်အချို့ သေဆုံးကြရသည်။
လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တွင် မေးခွန်းမေးခြင်း၊ ထိုပစ်ခတ်မှုများကို စုံစမ်းစစ်ဆေးရန် အစိုးရကိုတောင်းဆိုခြင်း စသည့် ၎င်းတို့၏အလုပ်ကို တာဝန်ကျေသော်လည်း မည်သည့် စုံစမ်းစစ်ဆေးမှုမျှ ဖြစ်မလာသေးကြောင်း ဦးတင်မောင်ဝင်းက ထောက်ပြသည်။
မူလတန်းကျောင်းသားလေးများ အစုလိုက်အပြုံလိုက် ဒဏ်ရာရပြီးနောက် အရပ်သား ထိခိုက် သေဆုံးမှုများအတွက် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တာဝန်ယူရန် မြန်မာလူမှုအခြေပြုအဖွဲ့အစည်း ၁၀၀ ကျော်ကလည်း တောင်းဆိုသည်။
ထိုကဲ့သို့သော အရပ်သား ထိခိုက်သေဆုံးမှုများကို အဆုံးသတ်ရေးအတွက် တိုက်ခိုက်မှုများ ရပ်စဲရန် ဗြိတိသျှသံရုံးကလည်း ဖေဖော်ဝါရီ ၁၃ ရက်တွင်ပင် နှစ်ဖက်စလုံးကို တိုက်တွန်းသည်။
ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါသံရုံးများကလည်း မြန်မာနိုင်ငံကလေးများနေ့တွင် ဖြစ်ပွားသော ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း ကြေညာချက်များ ထုတ်ပြန်ကြသည်။
ဗြိတိသျှနှင့် ကနေဒါ သံရုံးများက နှစ်ဘက် လက်နက်ကိုင်အဖွဲ့ များ အနေဖြင့် ရန်လိုတိုက်ခိုက်မှုများအဆုံးသတ်ရန်နှင့် အရပ်သားများကို ကာကွယ်ပေးရန် တိုက်တွန်းကြသည်။
ကုလသမဂ္ဂကလေးသူငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) မြန်မာနိုင်ငံရုံးကလည်း တပ်မတော်နှင့် AA အနေဖြင့် စာသင်ကျောင်းနယ်မြေများကို လေးစားရန်၊ ပညာရေးအခြေခံ အဆောက်အအုံများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားများအကြား မည်သည့် ဝင်ရောက်နှောင့်ယှက်မှုကိုမဆို ကာကွယ်ပေးရန်၊ ကလေးသူငယ်အခွင့်အရေးဥပဒေအပါအဝင် ပြည်တွင်း ကျင့်သုံးနေသော ဥပဒေများနှင့် နိုင်ငံတကာဥပဒေဆိုင်ရာ လိုက်နာရန်တာဝန်များနှင့် အညီ လေးစားလိုက်နာရန် တပ်မတော်နှင့် AA ကို တိုက်တွန်းသည်။
ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ဖြစ်ရပ်သည် ယခင် ကြုံတွေ့နေကျဖြစ်ရပ်များနှင့် ဆင်တူပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံများ သေဆုံး ဒဏ်ရာရခြင်းများ ဆက်တိုက်ရှိနေသော်လည်း တာဝန်ခံသူ မရှိပေ။
လွန်ခဲ့သော ၄ လအတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်၀ တို့တွင် တိုက်ခိုက်မှုများ ဆက်လက်ပြင်းထန်နေသည်။
ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလအတွင်း ယခင်နှစ်ထိုအချိန်ကထက် တိုက်ပွဲများ ပိုမိုပြင်းထန် လာကြောင်း AA ပြောခွင့်ရသူ ခိုင်သုခက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ဇန်နဝါရီလအတွင်း AA သည် တပ်မတော်နှင့် တိုက်ပွဲ အကြိမ် ၅၀ ကျော်ဖြစ်ပွားပြီး ယခုလတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်နေသည်။
AA တပ်များသည် ဒေသတွင်းတွင် ၎င်းတို့ ပြည်သူများကို ပစ်ခတ်ခြင်းမရှိ၊ ဒေသအတွင်းတွင် အေအေ၏ အမာခံ ထောက်ခံသူများဖြစ်သည့် ၎င်းတို့ လူမျိုးကို ၎င်းတို့မတိုက်ခိုက်ဟု သူက ဆိုသည်။
“တပ်မတော်ကသာ အရပ်သား ပြည်သူတွေကို အမျိုးမျိုး နှောင့်ယှက် ကန့်သတ်မှုတွေ လုပ်နေတာ။ ခရီး သားလာမှုကို အပြင်းအထန်စစ်ဆေးတာ၊ ဆန်သယ်ခွင့်မပေးတာ အပါအဝင် ဒုက္ခပေးလို့ရသမျှ ပေးနေတယ်” ဟု AA ပြောခွင့်ရသူက ဆိုသည်။ ရခိုင်ပြည်သူများထံမှ ထောက်လှမ်းရေး သတင်းရရှိရန် ထိုးဖောက်ဝင်ရောက်မှု မလွယ်တော့သောကြောင့် တပ်မတော်က အရပ်သားများကို ထိုသို့လုပ်ဆောင်နေသည်ဟု သူ ပြောသည်။
ဖေဖော်ဝါရီ ၁၃ ရက်တွင်ပင် AA သည် ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုပ်မြို့နယ်အနီး တောင်ကုပ်-အမ်းလမ်းမတွင် တပ်မတော်ထရပ်ကားများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုနယ်မြေ ချဲ့ထွင်လာသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမှ ကျေးရွာတရွာနားတွင်လည်း တပ်မတော် ထရပ်ကား ၃ စင်းကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က တိုက်ခိုက်သည်ဟု ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။
AA ၏ခြုံခိုတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေသလို တပ်မတော်ကအမြောက်ဖြင့် ပစ်ခတ်မှုများလည်း ဆက်လက်ဖြစ်ပေါ်နေသည်။
“ဗမာစစ်တပ်ကို ဟန့်တားဖို့ ရရာနည်းနဲ့ ဆက်လုပ်မယ်။ လောလောဆယ်တော့ ကျနော်တို့ပြည်သူတွေကြားမှာ မြန်မာစစ်တပ်ရဲ့ထောက်လှမ်းရေး ထည့်လို့မရအောင် လုပ်တယ်။ ရခိုင်လူထုကြားထဲ စစ်တပ်က ထိုးဖောက်လို့ မလွယ်တော့” ဟု AA ပြောခွင့်ရက ပြောသည်။
အရပ်သားသေဆုံးမှုများအတွက် မြန်မာတပ်တော်ကလည်း တာဝန်မယူဘဲ အရပ်သား သေဆုံးမှုများသည် တပ်မတော်နှင့် AA အကြားတိုက်ခိုက်မှုများ၏ ဘေးထွက်ဆိုးကျိုးဖြစ်သည်ဟု ပြောပြီး မကြာခဏဆိုသလို AA ကို တိုက်ရိုက်စွပ်စွဲ အပြစ်တင်သည်။
ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ကျောင်းကို အမြောက်ဖြင့်ပစ်ပြီး ကလေးငယ် ၂၁ ဦးဒဏ်ရာရစေသော ဖြစ်ရပ်နှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက AA နှင့် တပ်မတော်စစ်ကြောင်းတို့ အပြန်အလှန်ပစ်ခတ်ရာမှ AA မှ “လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ခမီးချောင်း (ခမွေချောင်း) ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ စာသင်ကျောင်းရှေ့တွင် ဆော့ကစားနေသည့် ကျောင်းသား ၁၄ ဦးနှင့် ကျောင်းသူ ၆ ဦး တို့ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်” ဟု ထုတ်ပြန်ကြေညာသည်။ တပ်မတော်၏ ထုတ်ပြန်ချက်အရ ဒဏ်ရာရသူအရေအတွက်မှာ ၂၀ ဦးသာရှိသည်။
ဖြစ်ရပ်များအပေါ် ထပ်မံ မေးမြန်းနိုင်ရန် ဧရာဝတီက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သို့ ဆက်သွယ်ခဲ့သော်လည်း (မူရင်း အင်္ဂလိပ်ပိုင်း သတင်းတင်ချိန်အထိ) ဆက်သွယ်မရခဲ့ပေ။
ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ပြည်ထောင်စုအစိုးရက ရခိုင်ပြည်နယ်မြို့နယ် ၅ မြို့နယ်တွင်း အင်တာနက် ပိတ်ပင်ခြင်းသည် တပ်မတော်က AA တပ်များကို ချေမှုန်းရာတွင် လွယ်ကူစေရန် ကူညီခြင်း ဖြစ်သည်ဟု ဒေသခံများက ယုံကြည်နေကြသည်။ AA နှင့်အတူ AA ကို ထောက်ခံသူများအဖြစ် တပ်မတော်က သတ်မှတ်သူများကို ပစ်မှတ်ထားနိုင်ရန် ဖြစ်သည်ဟုလည်း ယုံကြည်နေကြသည်။
“ခုရက်ပိုင်း တိုက်ပွဲတွေက အရမ်းပြင်းထန်နေတယ်။ ဖေဖော်ဝါရီ လဆန်းကနေ အခုထိ တိုက်ပွဲထက် လူနေကျေးရွာတွေကို တပ်မတော်ဘက်က ရှင်းလင်းရေးပုံစံ လုပ်နေတယ်။ ဒေသခံတွေ ရွာတွေဆီ ပြန်လာလို့မရအောင် အင်တာနက်ဖြတ်ပြီးနောက်ပိုင်း ရွာမီးရှို့တာတွေ လုပ်နေတယ်။ ဘူးသီးတောင်နဲ့ ရသေ့တောင်မှာ အနည်းဆုံး ရွာ ၄ ရွာလောက် မီးရှို့ခံရတယ်” ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ မြို့နယ် ၅ ခုတွင် အင်တာနက်ဖြတ်တောက်ခြင်းကို ရုတ်သိမ်းသင့်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌနှင့် လူမှုအခြေပြုအဖွဲ့များက တောင်းဆိုသည်။ အစိုးရသည် လူမှုကွန်ယက်တွင် အမုန်းစကားပြန့်ပွားမှု လျော့နည်းစေရန် နှင့် လုံခြုံရေးအခြေအနေကို အကြောင်းပြကာ ယမန်နှစ်ကလည်း မြို့နယ် ၉ ခုတွင် အင်တာနက်အသုံးပြုခွင့်ကို ၈ လကြာ ပိတ်ပင်ခဲ့သည်။
“တိုက်ပွဲဖြစ်နေတဲ့ဒေသတွေမှာ အင်တာနက်လည်း မရှိ၊ ပြည်တွင်ပြည်ပ သတင်းသမားတွေလည်း မလာရောက်နိုင်ဘူးဆိုရင် အဲဒီဒေသက လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေ ဘယ်လိုရှိမလဲ စဉ်းစားစရာပါ။ သတင်းသမားတွေကို ဝင်ခွင့်မပေးခဲ့လို့ နိုင်ငံတကာမှာ ကျနော်တို့ အထင်သေး အမြင်သေးခံခဲ့ဖူးပါပီ။ အင်တာနက်မရှိတဲ့နေရာ၊ သတင်းသမားတွေ မရောက်နိုင်တဲ့နေရာဟာ လူ့အခွင့်အရေးချိုးဖောက်လိုသူများအတွက် အကောင်းဆုံးနေရာတခု ဖြစ်ပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်ဟာ အဲဒီလိုမျိုး ဖြစ်နေပြီလား” ဟု ဦးစံကျော်လှက ထောက်ပြ ပြောဆိုခဲ့သည်။
အင်တာနက်ဖြတ်ထားခြင်းဖြင့် တိုက်ပွဲလျော့ကျသွားခြင်းမရှိသည့်အတွက် အင်တာနက်အသုံးပြုခွင့် အမြန်ဆုံး ပြန်ဖွင့်ပေးရန် ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် စစ်တွေမြို့နယ်များမှ လူမှုအခြေပြုအဖွဲအစည်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က အစိုးရထံ တောင်းဆိုကြသည်။
အင်တာနက်ပိတ်ခြင်း၏ ဆန့်ကျင်ဘက်ရလဒ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက် ရယူပိုင်ခွင့် နည်းပါးလာပြီး၊ အရပ်သားထိခိုက်သေဆုံးရမှု ပိုများလာသည်ကိုသာ တွေ့ရသည်ဟု ၎င်းတို့က ဆိုသည်။
ကယ်ဆယ်ရေးအဖွဲ့များနှင့် စစ်ဘေးရှောင်စခန်ကော်မတီများက ထိုသို့အင်တာနက် ပိတ်ပင်ခြင်းသည် အမုန်းစကားကို မလျှော့ကျစေသလို လက်နက်ကိုင်အုပ်စုများအကြား တိုက်ပွဲများကို မလျှော့ချနိုင်ကြောင်း ထောက်ပြကြသည်။
(Nyien Nyein ၏ Accountability Lacking as Civilian Casualties Mount in Myanmar’s Rakhine Conflict ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ICOE ၏ ရခိုင်အစီရင်ခံစာ အကျဉ်းချုပ်ပါ အဓိကအချက်များ
ထိုင်းတောင်ပိုင်းက မြန်မာကလေးများအတွက် ပညာ့ရိပ်မြုံ
ဥရောပသမဂ္ဂ၏ ၂၀၂၀ ရှူးမန်းဆုများ ချီးမြှင့်