ဆောင်းပါး

မဟာသီယာကို ဘယ်သူဆက်ခံမလဲ

Want create site? Find Free WordPress Themes and plugins.

တနင်္လာနေ့က မဟာသီယာ မိုဟာမက် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်သွားပြီးနောက် မလေးရှားနိုင်ငံရေးပါတီများသည် အာဏာရရှိရေးအတွက် အပြိုင်အဆိုင် လုပ်ဆောင်နေကြသော်လည်း ယခင်ကသဘောတူထားသော ရာထူးဆက်ခံသူ အန်ဝါ အီဘရာဟင်၊ အန်ဝါ၏ ဇနီးနှင့် မဟာသီယာအပါအဝင် အနည်းငယ်မျှသော ခေါင်းဆောင်များသည်သာ အာဏာရရှိရေးအတွက် အလားအလာ အကောင်းဆုံးသူများအဖြစ် မြင်ကြရသည်။

သို့သော် အောက်လွှတ်တော်တွင် လိုအပ်သောထောက်ခံမဲကို မည်သူမျှမရရှိသေးသောကြောင့် နောက်တက်မည့် ဝန်ကြီးချုပ်နှင့်ပတ်သက်သည့် မဟာသီယာ ၏ စကားတခွန်း သို့မဟုတ် ရာထူးမှ နုတ်ထွက်ခြင်းကို ပြန်လည်ရုပ်သိမ်းခြင်းသည် အရေးပါကြောင်း ပြသနေသည်။

အသက် ၉၄ နှစ်ရှိ မဟာသီယာ သည် နောက်အစိုးရဖွဲ့စည်းသည်အထိ ကြားဖြတ်ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရှိနေပြီး သူသည် အာဏာရနှင့် အတိုက်အခံပါတီများ နှစ်ဖက်စလုံးအပေါ် သြဇာကြီးမားစွာ ရှိနေဆဲဖြစ်သည်။

အန်ဝါ၏ ဇနီးနှင့် တိုင်းပြည်တွင် ဒုတိယ အာဏာအကြီးမားဆုံး ဖြစ်သော ဒုတိယဝန်ကြီးချုပ် ဝမ် အဇီဇာသည်လည်း အလားအလာရှိသူတဦးဖြစ်သည်/Reuters

သူ၏နေရာတွင် အစားထိုးရန် ထိပ်ဆုံးမှ ပြေးနေသူမှာ အန်ဝါဖြစ်ပြီး ယခုနှစ် နိုဝင်ဘာတွင် ကျင်းပမည့် အာရှ-ပိစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး စည်းဝေးပွဲအပြီးတွင် ရာထူးလွှဲပြောင်းပေးမည်ဟုလည်း အန်ဝါကို မဟာသီယာ က ကတိပေးထားပြီးဖြစ်သည်။ အောက်လွှတ်တော်အမတ်အများစုက မဟာသီယာ အနေဖြင့် ၅ နှစ်သက်တမ်း တခုလုံးတွင် ဝန်ကြီးချုပ်တာဝန်ယူရန် ထောက်ခံနေသောကြောင့် ထိုအစီအစဉ်နှင့် ပတ်သက်သော ပဋိပက္ခသည် ဝန်ကြီးချုပ်နုတ်ထွက်ရသည်အထိ ဖြစ်စေသော နိုင်ငံရေး ဖရိုဖရဲဖြစ်မှု ပေါ်ပေါက်စေသည်။

ဒုတိယ ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး မဟာသီယာ နှင့် မိတ်ဆွေဖြစ်လိုက် ရန်သူဖြစ်လိုက်ဖြစ်နေသော အန်ဝါသည် ပြည်တွင်းပြည်ပတွင် ထောက်ခံမှုရရှိနေသော ပြုပြင်ပြောင်းလဲရေးသမားဖြစ်သည်။ သူသည် ပြည်သူ့တရားမျှတမှုပါတီ People’s Justice Party ကို ဦးဆောင်နေပြီး သူ၏ပါတီမှ အောက်လွှတ်တော်အမတ် အများအပြားက မဟာသီယာ ကို ထောက်ခံကြောင်း ကြေညာနုတ်ထွက်သွားစေကာမူ လက်ရှိ အောက်လွှတ်တော်နေရာ ၂၂၂ နေရာအတွက် ၃၉ နေရာကို ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်သည်။

မဟာသီယာ နုတ်ထွက်မည့်အချိန်နှင့် ပတ်သက်ပြီး အန်ဝါနှင့် မဟာသီယာ အကြား ဆက်ဆံရေး အဆင်မပြေဖြစ်နေသည်။ သို့သော် ဝန်ကြီးချုပ်နုတ်ထွက်ကြောင်း မကြေညာမီ အချိန်အနည်းငယ် အလိုတွင် အန်ဝါက သူသည် မဟာသီယာ နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းထောက်များကို ပြောပြီး သူတို့နှစ်ဦးအကြား ဆက်ဆံရေးကောင်းကြောင်းနှင့် ဝန်ကြီးချုပ်ရာထူး သူ့အား လွှဲပြောင်ပေးမည့်အစီအစဉ်ကို အလေးထားပြောဆိုခဲ့သည်။

အန်ဝါ၏ ဇနီးနှင့် တိုင်းပြည်တွင် ဒုတိယ အာဏာအကြီးမားဆုံး ဖြစ်သော ဒုတိယဝန်ကြီးချုပ် ဝမ် အဇီဇာသည် အလားအလာရှိသော နောက်ထပ်ဝန်ကြီးချုပ်ဖြစ်သည်။ သူသည် မလေးရှားနိုင်ငံ၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်လည်းဖြစ်လာနိုင်သည်

မဟာသီယာ ၏ ယုံကြည်မှု ရရှိသည့်အပြင် ဝမ် အဇီဇာသည် နွေးထွေးသော ကိုယ်ရည်ကိုယ်သွေးရှိပြီး နိုင်ငံရေးရန်သူ အနည်းငယ်သာရှိသည်။ ထို့ကြောင့်သူသည် လိုအပ်ပါက အာဏာရ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရာတွင် ကောင်းမွန်သော ရွေးချယ်စရာဖြစ်နေသည်။

အန်ဝါ၏ပါတီမှ ဂိုဏ်းခွဲထွက်ပြီး အစိုးရဖွဲ့ရန် ကြံသူ အက်ဇမင် အလီ/Reuters

တချိန်တည်းတွင် ယခင်က အာဏာရ ညွန့်ပေါင်းအဖွဲ့နှင့် ပူးပေါင်းခဲ့သူများသည် အတိုက်အခံပါတီများနှင့် ပူးပေါင်းပြီး လူများစုအဖြစ် ရပ်တည်ရန် ကြိုးစားနေကြသည်။

ထိုသို့ ဂိုဏ်းခွဲထွက်သူများတွင် တနင်္လာနေ့က အန်ဝါ၏ ပြည်သူ့တရားမျှတမှုပါတီမှ ခွဲထွက်သွားသည့် အောက်လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးပါသည်။ ထို ၁၁ ဦးတွင် စီးပွားရေးဝန်ကြီးလုပ်ခဲ့ပြီး ပါတီ ဒုဥက္ကဋ္ဌအဖြစ်မှ ထုတ်ပယ်ခံရသော အက်ဇမင် အလီလည်းပါသည်။ ထိုနေ့တွင်ပင် မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်လိုက်သော မဟာသီယာ ၏ မလေးရှားညီညွတ်သော ဌာနေပါတီ သို့မဟုတ် ဘာဆက်တူ Bersatu သည်လည်း မဟာမိတ်ညွန့်ပေါင်းအဖွဲ့သစ်ဖွဲ့ရန် ကြိုးစားနေသည်။

မဟာသီယာ သည် Bersatu ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်လိုက်သောကြောင့် လက်ရှိပါတီခေါင်းဆောင် မူဟိုက်ဒင် ရက်ဆင်သည်လည်း မဟာမိတ်ညွန့်ပေါင်း အသစ်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ပါက ဝန်ကြီးချုပ်ဖြစ်လာရန် အလားအလာရှိနေသည်။

ထိုအလားအလာရှိသူများအနက် မည်သူမျှ လိုအပ်သည့် ကျယ်ပြန့်သော ထောက်ခံမှုကို မရရှိကြပေ။ ဆက်ခံမည့်သူ သတ်မှတ်ခြင်းမရှိဘဲ ရာထူးမှ နုတ်ထွက်လိုက်သောကြောင့် မဟာသီယာ သည် မလေးရှားနိုင်ငံရေးအပေါ် သူ၏ ထိန်းချုပ်မှုကို ပိုမိုခိုင်မာစေခဲ့သည်။

မဟာသီယာ ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ဆက်ခံခြင်းကို ထောက်ခံကြောင်း ဘော်နီယိုကျွန်းရှိ ဆာဘားပြည်နယ်တွင် အခြေစိုက်သော ဆာဘားအမွေအနှစ်ပါတီ Sabah Heritage Party က တနင်္လာနေ့တွင် ကြေညာသည်။ ထိုပါတီသည် Bersatu နှင့် ညွန့်ပေါင်းမဟာမိတ်ဖွဲ့မည်ဟု တနင်္ဂနွေနေ့က သတင်းများ ထွက်ပေါ်ခဲ့သည်။

အောက်လွှတ်တော်တွင် မည်သူမျှ အများစု အနေအထား မရသောကြောင့် လွှတ်တော်နေရာ ၁၈ နေရာစီ ရထားသော ဆာဘားအမွေအနှစ်ပါတီနှင့် ဂဘန်ဂန်ပါတီ ဆာရာဝက် Gabungan Parti Sarawak  မဟာမိတ်တို့ ကဲ့သို့သော ဒေသဆိုင်ရာပါတီများသည် အဆုံးအဖြတ်ပေးမည့် ပါတီများ ဖြစ်နေသည်။

မဟာသီယာသည် Bersatu ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်လိုက်သောကြောင့် လက်ရှိပါတီခေါင်းဆောင် မူဟိုက်ဒင် ရက်ဆင် (ဝဲ) သည်လည်း အလားအလာရှိသူ ဖြစ်သည်/Reuters

အာဏာရ မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှ ပါတီ ခေါင်းဆောင်များသည် အင်္ဂါနေ့တွင် တွေ့ဆုံသည်။ ဘဏ္ဍာရေး ဝန်ကြီးနှင့် ဒီမိုကရက်တစ်အရေးတော်ပုံပါတီ အထွေထွေအတွင်းရေးမှူး လင်းဂွမ်အန်းသည် မဟာသီယာ ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရန် အဆိုပြုသည်။

မဟာသီယာ အနေဖြင့် အနည်းဆုံး နိုဝင်ဘာလတွင်ကျင်းပမည့် APEC ထိပ်သီးဆွေးနွေးပွဲပြီးသည်အထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူရန် မည်ဖြစ်ကြောင်း ထိုညွန့်ပေါင်း အဖွဲ့က သောကြာနေ့တွင် ကြေညာသည်။ ထိုသို့သော အချက်အခြာကျသည့် ခေါင်းဆောင်တဦးမရှိလျှင် မဟာမိတ်ညွန့်ပေါင်းအဖွဲ့ တစစီပြိုကွဲသွားမည်ကို အချို့က စိုးရိမ်နေကြသည်။

မဟာသီယာ သည် ရာထူးမှ နုတ်ထွက်ပြီးနောက် မည်သည့်သတင်းစာရှင်းလင်းပွဲမျှ ကျင်းပခြင်းမရှိသလို၊ နုတ်ထွက်ရခြင်းအကြောင်းရင်းနှင့် သူ့ကို ဆက်ခံမည့်သူကိုလည်း ပြောဆိုခြင်းမရှိပေ။ သူသည် အခြေအနေ ငြိမ်သက်သွားသည်အထိစောင့်ပြီး နောက်ထပ်ကစားကွက်သစ်ကို လုပ်ဆောင်မည်ဟု ကျယ်ပြန့်စွာ မျှော်လင့်ရသည်။

ကိုးကား။     ။ Nikkei Asian Review

You may also like these stories:

မလေးရှားဝန်ကြီးချုပ် မဟာသီယာ ရာထူးမှနုတ်ထွက်

ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ ချစ်ခြင်းကို ဒူတာတေး ခွဲလိုက်ပြီ

ထိုင်းအတိုက်အခံပါတီသစ် ဖျက်သိမ်းခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading