နေပြည်တော်တွင် မတ်လ ၄ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာ သော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို ထူးခြားစွာ တွေ့မြင်လိုက်ရသည်။
ပုံမှန်ရက်များနှင့် မတူ တမူထူးခြားနေသည်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အားလုံး နှာခေါင်းစည်း (Mask) များ တပ်လာကြခြင်း ဖြစ်သည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဗိုလ်မှူးချုပ် မောင်မောင်က COVID-19 ဟု အမည်ရသည့် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်သည့် အနေဖြင့် Mask များ တပ်ဆင်ကာ လွှတ်တော် အစည်းအဝေး သို့ တက်ရောက်ရခြင်း ဖြစ်ကြောင်း သတင်း မီဒီယာများသို့ ပြောသည်။
၎င်းက“အခုလက်ရှိလည်း ရောဂါနဲ့ ပတ်သက်ပြီး တချို့တွေ ဟိုနေရာတွေ့ဒီနေရာတွေ့ ဖြစ်လာတဲ့ အခါကျတော့ လွှတ်တော်ကလည်း လူအများကြီး ခန်းမထဲမှာ ရှိနေတယ်။ ဒါကြောင့် ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ကျနော်တို့ တပ်မတော်သားတွေက Mask တွေ တပ်ထားတာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။
ကမ္ဘာ့နိုင်ငံ တချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နိုင်ငံ့ ခေါင်းဆောင်များ ကိုယ်တိုင် ဦးဆောင်၍ အရေး ပေါ် အစီအမံများ ဆောင်ရွက်နေချိန်၌ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ မရှိသေးပေ။
ယင်းအခြေအနေတွင် တပ်မတော်သားများက ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကိုယ်တိုင် Mask များတပ်၍ တက်ကြွ စွာ ဆောင်ရွက်လာခြင်းသည် နိုင်ငံရေးအရ ဦးဆောင်သည့် အခန်းကဏ္ဍ ရယူလိုသော နိုင်ငံရေး ကစားကွက် တခု လောဟု ယူဆစရာရှိကြောင်း နိုင်ငံရေးလေ့လာသူ တချို့ကလည်း အကဲခတ်ကြသည်။
“ကျနော်လည်း အဲဒီလို နှာခေါင်းစည်းတပ်တဲ့ ကိစ္စကို သံသယ နည်းနည်းတော့ ရှိတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဟောင်းလည်းဖြစ် နိုင်ငံရေး လေ့လာ သုံးသပ်သူလည်း ဖြစ်သည့် ဦးရဲထွန်းက ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်သည် လေထဲက ကူးစက်ခြင်းထက် လူအချင်းချင်းထိတွေ့မှု၊ ရောဂါပိုးရှိသူ၏ တံတွေး၊ သလိပ်တို့က တဆင့်ကူးစက်သည်ဟု ကြားဖူးကြောင်း၊ Mask တပ်ဆင်ခြင်းသည် လူကောင်းများထက် ရောဂါပိုးရှိနေသူများ တပ်ဆင် ရန် ပိုမိုလိုအပ်သည်ဟု ယူဆကြောင်း ၎င်းက ဆိုသည်။
“လူကောင်းကကျတော့ အဲဒီဟာတွေတပ်ရင် အခြေအနေ ပိုဆိုးသွားနိုင်တယ်ပေါ့။ ဒီဟာက ခဏခဏ အသစ်လဲရမယ် လေ။ မလဲပဲ တပ်နေမယ်ဆိုရင် ညစ်ပတ်တဲ့ဟာ ရောဂါပိုးရှိနေတာကို ပြန်တပ်သလို ဖြစ်နေမှာ။ လူကောင်းတွေက တပ်ဖို့ လိုသလား ဆိုတာ ကျနော်လည်း သံသယရှိတယ်”ဟု ဦးရဲထွန်းက ပြောသည်။
တပ်မတော်သား ကိုယ်စားလှယ်များ Mask တပ်၍ လွှတ်တော်သို့ တက်ရောက်ခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ တွင် ကူးစက်ရောဂါအဖြစ် ကြေညာထားသည်ဖြစ်ရာ ရောဂါ ကြိုတင်ကာကွယ်ရန် တသွေးတသံ တမိန့် စည်းကမ်း လိုက်နာရသည့် တပ်မတော် အနေဖြင့် စံပြပုံစံ ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
နောက်ထပ် ဖြစ်နိုင်ခြေတခုလည်း ရှိသည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် ပြည်ထောင်စု လွှတ်တော်၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်များက ဦးဆောင်ပြင်ဆင်ရန် ကြိုးပမ်း ဆောင်ရွက်နေပြီး NLD ကိုယ်စားလှယ်များ အဓိက ဦးတည်သည်မှာ လွှတ်တော်ထဲရှိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်း ပါဝင်မှုကို လျှော့ချရေး ဖြစ်သည်။
ရွေးကောက်ခံ မဟုတ်သည့် တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်၌ ပါဝင်မှု လျှော့ချရေးအတွက် ဖွဲ့စည်းပုံ ပြင်ရန် ကြိုးပမ်းမှုအပေါ် တပ်မတော်သား ကိုယ်စားလှယ်များကလည်း မလိုလားသည့် သဘောထားများ လွှတ်တော်၌ ပြသခဲ့သည်လည်း ရှိသည်။
သို့ဖြစ်ရာ NLD ၏ ဖွဲ့စည်းပုံပြင်ရေး ဆောင်ရွက်မှုကို တပ်မတော်သား ကိုယ်စားလှယ်များက ထောက်ခံမည် မဟုတ်ဘဲ တညီတညွတ်တည်း ရှိနေသည်ဟု သွယ်ဝိုက်ဖော်ပြလိုသဖြင့် Mask တပ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဦးရဲထွန်းက သုံးသပ် သည်။
“လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ် လျှော့ချရေး အတွေးအခေါ် ရောဂါပိုးတွေ ရှိတယ်။ ငါတို့ ကာကွယ် ထားပြီးသား။ မင်းတို့ကို ယောင်ပြီးတော့ ထောက်ခံမဲပေးလိမ့်မယ်တော့ မထင်ကြနဲ့၊ သွယ်ဝိုက်သောအားဖြင့် သတိ ပေး လိုက်တာပေါ့။ ဒါကလည်း နိမိတ်ပုံပဲလို့ ယူသော်ရ၏ပေါ့ဗျာ”ဟုလည်း ၎င်းက ဆိုသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကမူ တရုတ်နိုင်ငံ ဝူဟန်မြို့ တွင် ရောဂါ စဖြစ်စဉ်ကတည်းကပင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့တို့က ထုတ်ပြန် ထားသော ဆောင်ရန် ရှောင်ရန်များကို တပ်မတော်၏ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးသို့ ထုတ်ပြန်ပေးထားကြောင်း ပြော သည်။
လူစုလူဝေးနေရာများသို့ သွားပါက Mask များ တပ်ဆင်ရန် သီးသန့် ညွှန်ကြားထားခြင်း မရှိသော်လည်း တပ်မတော်၏ အဖွဲ့အစည်း အသီးသီးအလိုက် သီးခြားညွှန်ကြားချက်များ ရှိနိုင်ကြောင်း ၎င်းက ပြောဆိုသည်။
“ကျနော်တို့ သိရသလောက်တော့ ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေထဲမှာ အဲဒီဟာတွေပါပါတယ်။ အဲဒါတွေ ကတော့ ကျန်းမာရေး ဝန်ကြီးဌာနတို့ ဘာတို့က ထုတ်ပြန်တဲ့ အတိုင်းပါပဲ”ဟုလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော သည်။
သို့သော် Mask များ တပ်ဆင်၍ လွှတ်တော် အစည်းအဝေးတက်ခြင်းသည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။
“နိုင်ငံရေးအရ အဓိပ္ပာယ်ဖွင့်ဆိုရင်တော့ နိုင်ငံရေးဆိုတာက အားလုံး လူတွေရဲ့ နေ့စဉ်လုပ်ဆောင်မှုပါတာပေါ့။ လူတွေ ရဲ့နေ့စဉ်လုပ်ဆောင်မှုမှန်သမျှ နိုင်ငံရေးလို့ခေါ်တာဆိုတော့ ဒါနဲ့ ယူဆရင်တော့ အကျုံးဝင်မှာပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ခုနကပြောသလို သတိပေးချက်တွေ ထုတ်ပြန်ထားတာရှိတယ်။ ဒါကြောင့်မို့ လုပ်ဆောင်တာ ဖြစ်ပါ လိမ့်မယ်။ နိုင်ငံရေးဦးတည်ချက်နဲ့တော့ မဆိုင်လောက်ပါဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးတွင် တပ်မတော်သားများသည် အရပ်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ ခေါင်းဆောင်များထက် ကာကွယ်ရေးအမြင် ပိုမိုရှိပုံရသည်ဟု ယူဆရသည်။
COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှုကို ကာကွယ်သည့်အနေဖြင့် မတ်လ ၂၇ ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်းလည်း တပ်မတော် က မတ်လ ၁ ရက်တွင် တရားဝင် ထုတ်ပြန်ထားသည်။
လက်ရှိ အချိန်အထိ တပ်မတော်သား လွှတ်တော ်ကိုယ်စားလှယ်များသာ လွှတ်တော်ထဲတွင် Mask များ တပ်ကာ လွှတ်တော်တက်နေပြီး အရပ်သား လွှတ်တော်ကိုယ်စားလှယ်များကမူ Mask တပ်ဆင်မှု မရှိသေးပေ။
အစိုးရ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ Mask တပ်ကြသည် ရှိသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်ပင် လူထုတွေ့ဆုံပွဲများ၌ Mask မတပ်ဘဲ တက်ရောက်သည်ဖြစ်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို လေးစားချစ်ခင်သူများက Mask တပ်သင့်ကြောင်း Facebook လူမှုကွန်ရက်တွင် စိုးရိမ်တကြီး သတိပေးမှုများလည်း ရှိသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် Mask မတပ်ခြင်းသည် လူထုတွေ့ဆုံပွဲ များတွင် လူထုနှင့် စကားပြောဆိုရာ၌ အနှောင့်အယှက်ဖြစ်နိုင်သည်ဟု ယူဆမှုရှိ၍ ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
“ဦးဝင်းမြင့်တို့၊ နိုင်ငံတော် အတိုင်ပင်ခံတို့ဆိုတာက လူထုနဲ့ ဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ လူထုကလည်း သူတို့ ကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပြီး ကြိုဆိုမှုတွေ လုပ်နေတဲ့ အထဲမှာ ဒီလို Mask ကြီးနဲ့ ဆိုရင် ကြည့်လို့ အဆင် မပြေဘူးလို့ ထင်ပုံရပါတယ်”ဟုလည်း ၎င်းက မှတ်ချက်ပေးသည်။
သို့သော် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ လွန်ကဲစွာ အစိုးရိမ်မလွန်သင့်ဆိုသည့် အချက်သည် အလေးထားရမည် မှန်သော်လည်း ရောဂါပိုးအပေါ် လျှော့မတွက်ရန်လည်း ကမ္ဘာ့ကျန်းမာရေး ပညာရှင်များက သတိပေးထားသည်။
လက်ရှိတွင်လည်း နိုင်ငံပေါင်း ၇၀ ကျော် ဗိုင်းရပ်စ် ကူးစက်မှု ဖြစ်ပွားနေသည်။
ကမ္ဘာတဝန်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့်လူ အရေအတွက်မှာ ၉၀၀၀၀ ကျော်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) အကြီးအကဲ Tedros Ghebreyesus က မတ်လ ၃ ရက်တွင် ပြောကြား ထားသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ ၂၈ ရက်တွင် COVID-19 ကို“ကူးစက်မြန် ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါ အဖြစ် သတ်မှတ်သည့် အမိန့်”ကို ထုတ်ပြန် ကြေညာထားသည်။
မြန်မာနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံထားရသူ မတွေ့သေးသော်လည်း မတ်လ ၃ ရက်နေ့ အထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အချက်အလက်များအရ စုစုပေါင်း စောင့်ကြည့်လူနာ ၅၁ ဦးရှိနေကြောင်း သိရသည်။
ယင်းကဲ့သို့ အခြေအနေတွင် တပ်မတော်သား လွှတ်ကိုယ်စားလှယ်များက Mask များ တပ်ကာ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာခြင်းလည်း ဖြစ်သည်။
ထိုသို့ Mask များ တပ်ဆင်ကာ လွှတ်တော်တက်ခြင်း အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က နိုင်ငံရေး တွင် ဦးဆောင်မှု ရယူလိုသဖြင့် Mask များ တပ်ဆင်ခြင်း မဟုတ်နိုင်ကြောင်း ပြောသည်။
“တပ်မတော်ကတော့ သူတို့ရဲ့ စည်းလုံးညီညွတ်မှုတို့ ဆင်ယင်ထုံးဖွဲ့မှုတို့နဲ့ ပတ်သက်ရင် သတ်မှတ်ထားတဲ့ စည်းကမ်း တွေ ရှိပါတယ်။ အဲဒါကလည်း သူတို့တပ်ထဲမှာ သတ်မှတ်ချက်အရ၊ ကျန်းမာရေးအရ တစုံတရာ ညွှန်ကြားတာရှိလို့ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်”ဟုလည်း ဦးသန်းစိုးနိုင်က ပြောဆိုသည်။ ။
You may also like these stories:
COVID-19 ဖြစ်ပွားနိုင်ငံများမှ ပြန်လာသူများကို သတင်းပို့ရန် ပျက်ကွက်ပါက အရေးယူခံရနိုင်
NLD ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်ဟု တပ်မတော်ပြော
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၉ သောင်းကျော်ပြီ