၂၀၂၀ ဖေဖော်ဝါရီ ၂၄ က ကမာ္ဘ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံများ၏ ခေါင်းဆောင်များ အိန္ဒိယနိုင်ငံ ဂူဂျာရတ် Gujarat ပြည်နယ် အာမက်ဒါဘတ် Ahmedabad တွင် တွေ့ဆုံကြသည်။
ဒေါ်နယ်ထရမ့်နှင့် နေရိန်ဒြာမိုဒီတို့က စရိုက်လက္ခဏာ တူညီသူများ ဖြစ်ကြသည်။ လိမ်ညာမှုနှင့် ပတ်သက်၍ မစဉ်းစားသော အာဏာရှင်သဖွယ် အုပ်ချုပ်သူများ၊ သူတို့၏ သက်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ဆီးသူများနှင့် လူမျိုးရေးခွဲခြားမှု အဆိပ်အတောက်များကို မှုတ်ထုတ်နေသူများ ဖြစ်ကြသည်။ ဒေါ်နယ်ထရမ့်က အမေရိကန်နှင့် မက္ကဆီကို နယ်စပ်အနီးတွင် တောင်အမေရိကနွယ်ဖွား “တရားမဝင် ဝင်ရောက်လာသူများ” ကို ထိန်းသိမ်းရန် အဆောက်အအုံများ ဆောက်လုပ်ထားခဲ့သည်။ နေရိန်ဒြာမိုဒီကလည်း အာသံတွင် မွတ်ဆလင်များအတွက် အလားတူပင် ပြုလုပ်နေသည်ဟု သံသယရှိခြင်း ခံနေရသူ ဖြစ်သည်။
၂၀၂၀ ခုနှစ်မှ ထိုတွေ့ဆုံမှုက ၁၉၃၀ နှစ်များအတွင်း ဟစ်တလာ-မူဆိုလီနီ တွေ့ဆုံမှု မျိုးနှင့် အလားတူပါသလား။ သို့သော်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများရှိနေသည့် ဧရာမ နိုင်ငံကြီး ၂ ခုကြားမှ ဆက်ဆံရေးက ပြည့်စုံမှုနှင့် အလှမ်းဝေးနေပါသေးသည်။
အနာပေါ် ဆားသိပ်သလို ဖြစ်ခဲ့ရသည်မှာ ယခုလ အစောပိုင်းတွင် ဒေလီဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲ၌ နေရိန်ဒြာမိုဒီက အရှုံးကို ခံစားခဲ့ရခြင်း ဖြစ်သည်။ ငွေကြေး၊ မီဒီယာ အထောက်အပံ့နှင့် ပြင်းထန်သော မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများနှင့်အတူ အလွန်အင်အားတောင့်တင်းသည့် BJP သည် Aam Admi (“သာမန် လူသား”) ပါတီ (AAP) နှင့် ၎င်း၏ ဟိတ်ဟန်နည်းသော ခေါင်းဆောင် ဝန်ကြီးချုပ် အာဗင် ကတ်ဂျရီဝဲလ် Arvind Kejriwal ကို ဖြုတ်ချရန် မတတ်နိုင်ခဲ့ပါ။
AAP က ၂၀၁၉ အထွေထွေရွေးကောက်ပွဲတွင် အောက်လွှတ်တော်အတွက် မြို့တော် ဒေလီမှ ဖက်ဒရယ်မဲဆန္ဒနယ် ၇ ခုကို သိမ်းပိုက်နိုင်ခဲ့သော BJP နှင့် ယှဉ်ပြိုင်ရာတွင် ဒေလီဥပဒေပြုလွှတ်တော် နေရာ ၇၀ အနက် ၆၂ နေရာ အနိုင်ရခဲ့သည်။
အခွန်ဝန်ထမ်းဟောင်းတဦး ဖြစ်သည့် အာဗင် ကတ်ဂျရီဝဲလ်က စကားကြီးစကားကျယ် ပြောတတ်သော နေရိန်ဒြာမိုဒီနှင့် သူ၏ မဟာမိတ်များ (အလွန်စိတ်ကြီးသည့် ဘုန်းကြီးဘဝမှ အူတာပရာဒေ့ရှ် Uttar-Pradesh ပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာခဲ့သော ယောဂီ အဒစ်ရနသ် Yogi Adityanath နှင့် စရိုက်ကြမ်းသည့် ပြည်ထဲရေးဝန်ကြီး အမစ်ရှား Amit Shah) နှင့် စာလျှင် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။
၂၀၁၁ ခုနှစ် တွင် အာဗင် ကတ်ဂျရီဝဲလ်က ဂန္ဒီဝါဒ၏ ပုံရိပ်ဖြစ်သော အန်နာဟာဇာရီ Anna Hazare နှင့်အတူ ကြီးမားသော လုပ်ပိုင်ခွင့်ရှိသည့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းတခု ဖြစ်သော “Jan Lokpal” ကို တည်ထောင်ရေး အိန္ဒိယနိုင်ငံ အစိုးရကို ဖိအားပေးရန် ရည်ရွယ်သည့် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကြီးမားသော ဆန္ဒပြပွဲများတွင် ရှေ့ဆောင်ပါဝင်ခဲ့သည်။ အန်နာဟာဇာရီ နှင့် လမ်းခွဲခဲ့ပြီးနောက် အာဗင် ကတ်ဂျရီဝဲလ်က ၂၀၁၂ ခုနှစ်တွင် AAP ကို တည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဒေလီဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်လည်း ထပ်မံ အနိုင်ရခဲ့သည်။
၂၀၂၀ ခုနှစ်သို့ ရောက်လာသည့် အချိန်တွင် BJP က အာဗင် ဆန့်ကျင်ရေး အားကုန်ထုတ်လာခဲ့သည်။ နိုင်ငံသားဖြစ်မှု ပြင်ဆင်ခြင်း အက်ဥပဒေ (CAA) ကို ကန့်ကွက်သည့် အနေဖြင့် အရေးပါသည့် ယာဉ်ကျောတခု ဖြစ်သော Shaheen Bagh ဧရိယာကို ပိတ်ဆို့၍ ငြိမ်းချမ်းစွာ ထိုင်၍ ဆန္ဒပြခဲ့ကြသည့် မွတ်ဆလင် အမျိုးသမီးများ အပေါ်တွင် ပျော့ပြောင်းခဲ့ခြင်းအတွက် “အကြမ်းဖက်သမား” တဦး ဟု တံဆိပ်ကပ်ခဲ့သည်။
ယောဂီ အဒစ်ရနသ်က အာဗင်သည် ထို အမျိုးသမီးများထံသို့ ဒန်ပေါက်ထမင်းများပင် ပေးပို့ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ အမစ်ရှားက ” Shaheen Bagh မှာ လက်ရှိ ခံစားခဲ့ရတာတွေကြောင့် ဖြစ်ရတဲ့ဒေါသတွေနဲ့ အတူ မဲပေးစက်ရဲ့ ခလုတ်တွေကို နှိပ်ခြင်းအားဖြင့် BJP အတွက် မဲပေးကြပါ ” ဟု ဒေလီမဲဆန္ဒရှင် များကို တိုက်တွန်းခဲ့သည်။
သို့သော်လည်း တုန်လှုပ်ရသည်မှာ BJP ဖြစ်ခဲ့သည်။
အာဗင် ကတ်ဂျရီဝဲလ် မည်သို့ လုပ်ခဲ့ပါသနည်း။
ပထမဆုံးအနေဖြင့် သူက လုပ်နိုင်သည်များကို လုပ်ပေးခဲ့သည်။ ဖက်ဒရယ် အတားအဆီးကြောင့် Jan Lokpal ကို ဖန်တီးရန် ပျက်ကွက်ခဲ့သော်လည်း အာဗင်၏ အုပ်ချုပ်ရေးက ဒေလီမှ ဆင်းရဲနွမ်းပါးသူများအတွက် အခမဲ့လျှပ်စစ်နှင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့သလို ပိုမိုအားကောင်းသည့် အစိုးရကျောင်းများ ဖန်တီးပေးခဲ့သည်။ သူတို့က အိန္ဒိယ ရူပီး ၆၀၀ ဘီလီယံ ရှိသော ဘတ်ဂျက်၏ ၂၅ ရာခိုင်နှုန်းကို ပညာရေးအတွက် သုံးစွဲခဲ့သည်။
ဤအချက်ကို အိန္ဒိယစီးပွားရေးတွင် နေရိန်ဒြာမိုဒီ လုပ်ခဲ့သမျှနှင့် နှိုင်းယှဉ်ကြည့်ပါ။ အိန္ဒိယ၏ စီးပွားရေး တိုးတက်မှုက (၁၁ နှစ်အတွင်းတွင် အနိမ့်ဆုံးအနေဖြင့်) ၅ ရာခိုင်နှုန်းသာ ရှိမည်ဟု မျှော်လင့်ရပြီး ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၇.၅၉ ရာခိုင်နှုန်းတွင် ရှိနေသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် မြို့ပြအလုပ်လက်မဲ့နှုန်းက ၉.၇ ရာခိုင် နှုန်း ရှိသည်။
ဒုတိယအချက်မှာ အာဗင်က BJP ၏ လူမျိုးရေး ဘာသာရေး စွဲလမ်းမှုများအား ဇောင်းပေးခြင်းကို ရှောင်ရှားခဲ့သည်။ သူက Shaheen Bagh မှ ဆန္ဒပြသူများတွင် ဆန္ဒပြခွင့်ရှိသည်ဟု ဝန်ခံခဲ့သော်လည်း လမ်းများကို ဖွင့်ထားရမည်ဟု ပြောခြင်း အားဖြင့် သူတို့ကို ပွင့်ပွင့်လင်းလင်း ထောက်ခံခြင်းမှ ရှောင်လွှဲနိုင်ခဲ့သည်။ ထို့ပြင် သူက ထိုဒေသကို ရှင်းလင်းရန် လုပ်ပိုင်ခွင့် အာဏာသည် ဒေလီရဲ တပ်ဖွဲ့ကို ကြီးကြပ်သော ပြည်ထဲရေးဝန်ကြီး ဖြစ်သည့် အမစ်ရှားနှင့် အတူရှိနေသည်ဟု မှန်မှန်ကန်ကန် ထောက်ပြနိုင်ခဲ့သည်။
ဝန်ကြီးချုပ်က တုန့်ပြန်ပြောဆိုခဲ့သည့် အတိုင်းဆိုလျှင် “ကျောင်းတွေ ပိုများလာအောင် လုပ်ကြရအောင်လို့ ကျနော်ကပြောရင် သူတို့က Shaheen Bagh လို့ ပြောကြတယ်။ ကျနော်က ဆေးရုံတွေ ပိုဆောက်ရအောင်ဆိုရင် သူတို့က Shaheen Bagh လို့ ပြောကြတယ်။ ကျနော်က မီးမပျက်တဲ့ ဓာတ်အားထောက်ပံ့မှု အကြောင်းပြောရင် သူတို့က Shaheen Bagh ပဲပြောတယ်။ ဒေလီမှာ အခြားပြဿနာ မရှိတော့ဘူးလား”
နောက်ဆုံးတွင် AAP က မျိုးချစ်စိတ်နှင့် ယုံကြည်မှုကို ပွေ့ဖက်ခဲ့သည်။ (တနေရာမှ အနိုင်ရခဲ့ခြင်းမရှိသော) ကွန်ဂရက်ပါတီနှင့်မတူဘဲ AAP က ဂျမူးနှင့် ကက်ရှ်မီးယားတို့၏ အထူးအဆင့်အတန်း အငြင်းပွားဖွယ်ရာဖျက်သိမ်းခြင်းကို ထောက်ခံခဲ့သည်။
အငြင်းပွားဖွယ်ရာများရှိနေပြီး အာဗင် ကတ်ဂျရီဝဲလ်က မဲဆွယ် လှုပ်ရှားမှုကာလအတွင်းနှင့် မဲဆွယ်လှုပ်ရှားမှုအပြီး ဒေလီရှိ ဟနုမာန်ဘုရားကျောင်းသို့ သွားရောက်ခဲ့သည် (သူက မျောက်နတ်ဘုရားကို ကာလ ရှည်ကြာစွာ ကိုးကွယ်ခဲ့သူ ဖြစ်သည်)။ သူ၏ အောင်ပွဲခံမိန့်ခွန်းတွင်“Bharat Mata Ki Jai (အိန္ဒိယမိခင်အတွက် အောင်ပွဲ) ” ၊ “ Inquilab Zindabad (တော်လှန်ရေး အဓွန့်ရှည်ပါစေ) ”နှင့်“ Vande Mataram ( သင့်ကို ချီးကျူးပါ၏၊ မိခင် (အိန္ဒိယ) ” ကဲ့သို့သော မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေသော ကြွေးကြော်သံများ ပါဝင်သည်။
အာဗင်၏ အိန္ဒိယအမျိုးသားရေးဝါဒနှင့် ဟိန္ဒူယဉ်ကျေးမှုအပေါ် အသုံးချခြင်းကို ကိုယ်ကျိုးအတွက် လုပ်ခြင်းဟု ပယ်ချ နိုင်ပါသည်။ သို့သော်လည်း ၂ ခုလုံးတွင် ပြောရန် ကိစ္စများ ရှိနေသည်။ ၎င်းတို့သည် အောင်မြင်ပြီးမြောက်အောင် လုပ်ရမည့် ကိစ္စများ ဖြစ်နေကြသည်။
အာဗင် ကတ်ဂျရီဝဲလ်က ကိုယ်ကျိုးစီးပွားအတွက် လူနည်းစုများအပေါ် သစ္စာဖောက်ခြင်းဟု အဓိပ္ပါယ် သက်ရောက်ပါသလား။ AAP က ပြသနေသော ဥပမာများအရ ဆိုလျှင် မဖြစ်နိုင်ပါ။ အကယ်၍ သင်က လူမှု-စီးပွား မမျှတမှုများ လျှော့ချရေး ဘာမှမလုပ်ခဲ့လျှင် ဗဟုဝါဒကို ကျယ်ကျယ်လောင်လောင် ပြောနေစရာ အကြောင်းမရှိပါ။
စာရေးဆရာမ ဆာဂါရီကာဂိုးစ် က Times of India မှ သူ၏ ဆောင်းပါးတွင် ပါးပါးနပ်နပ် ရေးသားခဲ့သည့် အတိုင်းဆိုလျှင် “ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားခြင်း ဆိုသည်မှာ တသီးပုဂ္ဂလ ကိုးကွယ်ယုံကြည်မှုကို ဆန့်ကျင်ခြင်း ဟု အဓိပ္ပါယ် မသက်ရောက်ပါ။ နိုင်ငံများက ဘာသာတရားများကြားတွင် ခွဲခြားဆက်ဆံခြင်းမပြုရဟု ဆိုလိုခြင်း ဖြစ်သည်။ ဟိန္ဒူဝါဒကို ယဉ်ကျေးမှု သက်သက်ဟု သတ်မှတ်ခြင်းအားဖြင့် AAP ၏တီထွင်မှုက BJP ၏ စကားလုံးများအား ယှဉ်ပြိုင် ငြင်းခုံရန်နှင့် BJP ၏ အငြင်းပွားဖွယ်ရာ ကိစ္စများတွင် ရောထွေးပါဝင်မှု မရှိစေရန် ငြင်းခုံဆန်ခဲ့သည်။”
အပြန်အလှန်အားဖြင့် BJP ၏ သဘောထားတင်းမာသော ချဉ်းကပ်မှုက သူတို့၏ ကိုယ်ပိုင်မဲဆန္ဒ အခြေခံကို ဖျက်ဆီးလိုက်သည်။ AAP က ဒေလီမှ မွတ်ဆလင်များအတွက် (လူဦးရေ၏ ၁၂ ရာခိုင်နှုန်း) အတွက် တခုတည်းသော ဖြစ်နိုင်စရာ ရွေးချယ်မှုဖြစ်လာသည်။ ထိုအတောအတွင်းတွင် BJP က သူတို့၏ ဟိန္ဒူပြည်သူများအတွက် များစွာ ကြီးကျယ်မှု မရှိသည့် အခြားရွေးချယ် စရာတခုသာ ဖြစ်ခဲ့သည်။
ထို့ကြောင့် အာဗင် ကတ်ဂျရီဝဲလ်၏ ၃ ကြိမ်မြောက် အောင်နိုင်မှုက နေရိန်ဒြာမိုဒီ ရှောင်မလွတ်တော့မည့် ကြမ္မာဆိုးတခု ဖြစ်ပါသလား။
ဖြစ်ကောင်းမှ ဖြစ်ပါလိမ့်မည်။ မြို့တော်ကို အနိုင်ရခြင်း (၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်က ဝါရှင်တန်ဒီစီ၏ မဲ ၃၈ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့သည်) က သင်သည် တတိုင်းပြည်လုံးတွင် အနိုင်ရနိုင်ကြောင်း သက်သေ မပြနိုင်ပါ။
ဒေလီမှ မဲဆန္ဒရှင်များကလည်း ဗျူဟာကျကျ မဲပေးခဲ့ကြခြင်းဖြစ်ပါလ်ိမ့်မည်။ ဖွံ့ဖြိုးမှုကို ခေါင်းထဲတွင် ထားသည့် AAP ကို ဒေသတွင်းတွင် ထားရန်နှင့် သဘောတရားရေးရာ အရမောင်းနှင်သည့် BJP က ဖယ်ဒရယ်အတွက် ဖြစ်သည်။
အမှန်တကယ်တွင် အိန္ဒိယမဲဆန္ဒရှင်များက ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် နိုင်ငံအဆင့် လက်ရှိ အာဏာရနေသူကို ဆန့်ကျင်လေ့ရှိကြသည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ BJP က ပြည်နယ်ရွေးကောက်ပွဲ ၆ ခု တွင် ရှုံးနိမ့်ခဲ့ရသည့်တိုင် ၂၀၁၉ ခုနှစ်တွင် နေရိန်ဒြာမိုဒီ ဆက်လက် အနိုင်ရခဲ့သည်။
ဒေလီ ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲများ၏ တကယ့် ဇာတ်လမ်းမှာ ကွန်ဂရက်ပါတီ ဆက်လက်၍ ဩဇာကျဆင်းနေခြင်း ဖြစ်သည်။
အာဏာရှင်ဆန်သော နေရိန်ဒြာမိုဒီကို အနိုင်ယူရေး ယခုအချိန်တွင် အာဗင် ကတ်ဂျရီဝဲလ်နှင့် မာမာတာ ဘန်နာဂျီး Mamata Banerjees (အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ်) တို့ကဲ့သို့ BJP ကို ဆန့်ကျင်သည့် ဒေသတွင်း ပလေယာများနှင့် ပူးပေါင်းဆောင်ရွက်မည့် ခိုင်မာ အားကောင်းသော ခေါင်းဆောင်တဦး လိုအပ်မည် ဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် ဆိုနီယာဂန္ဒီ Sonia Gandhi က လက်ဝဲယိမ်းသူများ၊ ဒေသဆိုင်ရာပါတီများနှင့် မဟာမိတ်ဖွဲ့ခြင်းအားဖြင့် မန်မိုဟန်ဆင်း Manmohan Singh ကို ဝန်ကြီးချုပ်အဖြစ်သို့ တွန်းပို့ခဲ့သည့် နည်းအတိုင်းပင် ဖြစ်သည်။
သားဖြစ်သူ ရာဟူးလ် Rahul လက်အောက်တွင် ထိုသို့ ဖြစ်မလာခဲ့ပါ။ လုပ်နိုင်သည့် တစုံတယောက် ရှိလာသည်အထိ နေရိန်ဒြာမိုဒီ၏ အလွန်အင်အားကြီးသော BJP က “စကြာဝဠာ၏အရှင်သခင်”ဟူသော စကားလုံးတွင် အခြေခံသည့် နတ်ဘုရား Jaganath ၏ ပုံရိပ်ကို ထင်ဟပ်ပြနေလိမ့်မည် ဖြစ်ပြီး ရပ်တန့်၍ မရသလောက် နီးပါး ဖြစ်နေပါလိမ့်မည်။
(ကာရင်ရတ်စလန်သည် အာဆီယံရေးရာများကို အထူးပြုလေ့လာရေးသားနေသူ မလေးရှား စာရေးဆရာတဦး ဖြစ်သည်။ ကွာလာလမ်ပူ အခြေစိုက် အကြံပေးအဖွဲ့ Ceritalah ASEAN ကို တည်ထောင်သူ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။)
You may also like these stories:
အိမ်တွင်းပုန်း အိန္ဒိယ စီးပွားရေး
ဆိုရှယ်မီဒီယာထဲက ဗိုင်းရပ်က တကယ့်ဗိုင်းရပ်ထက် ပိုဆိုးသည်