ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ ကမ်းနားတွင် ဓာတ်ပုံလိုက်ရိုက်နေသည့် မြန်မာတိုင်းမ် သတင်းထောက် အမျိုးသား တဦးနှင့် Frontier Myanmar သတင်းထောက် အမျိုးသမီးတဦး မတ်လ ၄ ရက်နေ့က ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့၏ တရားဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခြင်း ခံခဲ့ရသည်။
သတင်းထောက် ၂ ဦးသည် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဘေးမှတဆင့် BGF ကူးတို့ဂိတ်များ ရှိသည့် သောင်ရင်းမြစ်ကမ်းတလျှောက် ဓာတ်ပုံ လိုက်ရိုက်နေရင်း တရုတ်ကာစီနိုရုံ စီမံကိန်းတခုကို ရိုက်မိရာမှ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
လွတ်မြောက်လာပြီဖြစ်သည့် Frontier Myanmar သတင်းထောက် နော်ဘတ်တီဟန် က “ညီမတို့ ဘေးကနေ လိုက်တဲ့ လုံခြုံရေး ၂ ယောက်ကလည်း ယူနီဖောင်း အနက်ရောင်နဲ့ပဲ လက်မောင်းမှာ တရုတ်လို ရေးထားတယ်။ ပြီးတော့ ကားအနက်ရောင်ပေါ် တင်သွားတယ်။ လမ်းတဝက်လောက် ရောက်တော့ လုံခြုံရေး အရဆိုပြီးတော့ ညီမတို့ကို မျက်စိဖုံးလိုက်တယ်” ဟု ကရင်သတင်းစဉ်၏ မေးမြန်းမှုအား ဖြေထားသည်။
သတင်းထောက် ၂ ဦးက ၎င်းတို့ ရိုက်ကူးထားသော ဓာတ်ပုံများကို ဖျက်ပေးခဲ့သော်လည်း သေနတ်ကိုင်ထားသည့် အဖွဲ့ဝင်များက ကျေနပ်ပုံမရဘဲ ကားတစီးဖြင့် လူသူပြတ်သော နေရာက ရာဘာခြံထဲသို့ ခေါ်ဆောင်သွားပြီး ရိုက်နှက် ကန်ကြောက်မှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ သတင်းထောက်က မိခင်ဌာနသို့ အကြောင်းကြားခဲ့ပြီး မီဒီယာများမှ တဆင့် သတင်းပြန့်သွားပြီးနောက် သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ အကူအညီဖြင့် ယခုကဲ့သို့ ပြန်လွတ်လာခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက မာဖီးယားဆန်ဆန် ဖမ်းဆီးသွားသည့် သေနတ်သမားများ လက်ထဲတွင် သတင်းထောက် ၂ ဦး၏ အခြေအနေမှာ မတွေးရဲစရာပင်။
သတင်းထောက် ၂ ဦး ဖမ်းဆီးခံရစဉ်တွင် ယူနီဖောင်း အနက်များနှင့် လက်မောင်းတွင် တရုတ်စာတမ်းများ ပါသည့် ပုဂ္ဂိုလ်များမှာ ကာစီနိုရုံ ဝန်ထမ်းများဖြစ်ပြီး ရိုက်နှက်ကန်ကြောက်သူများမှာ BGF တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း ထိုင်း-မြန်မာ နယ်စပ် သတင်းရင်းမြစ်တဦးက က ဧရာဝတီသို့ ပြောသည်။
အဘယ့်ကြောင့် မာဖီးယား ဆန်ဆန် ပြုမူလုပ်ဆောင်ခဲ့သလဲ။ သတင်းမီဒီယာများ မြင်သွားမည်ကို စိုးရိမ်ရလောက်သည့် ဥပဒေမဲ့ ဆောင်ရွက်နေမှုများ ရှိနေသလား။ မေးခွန်းများက ရှိလာသည်။
အဆိုပါ သတင်းထောက် ၂ ဦး အဖမ်းခံခဲ့ရသော သဲပုံဂိတ် ဆိုသည့် နေရာတွင် ကာစီနိုရုံတခုရှိပြီး ယခင်လ ၁၁ ရက်နေ့ညက ထိုနေရာတွင်ပင် မြို့ခံတဦး BGF အဖွဲ့ဝင်များ၏ ဝိုင်းဝန်းထိုးကြိတ်ခြင်းခံခဲ့ရကြောင်း မြဝတီမြို့ခံ အချို့ က ဆိုသည်။ ထိုကာစီနိုရုံမှာ နယ်ခြားစောင့်တပ် ၁၀၂၂ ၏ တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန်နှင့် ဆက်စပ်ဖွင့်လှစ်ထားကြောင်း သိရသည်။
ထိုးကြိတ်ခံရသည့် မြို့ခံသည် ထိုကာစီနိုရုံဘက်သို့ တရုတ်နိုင်ငံသားများက ကားကြီးများဖြင့် ကုန်ပစ္စည်းများ သယ်ပို့ရင်း အဝင်အထွက် ပြုလုပ်ရာတွင် လမ်းမီးကြိုးများဖြင့် မလွတ်ကြောင်း ပြောရာမှ BGF အဖွဲ့များက ထိုးကြိတ်ကြခြင်း ဖြစ်ကြောင်း၊ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူပေးရန် ရပ်ကွက်နေပြည်သူများက ရဲစခန်းသို့ သွားရောက် တိုင်ကြားရာတွင်လည်း ရဲအရေးမပိုင်ဟု ဆိုသဖြင့် လက်လျှော့ခဲ့ရသည်ဟု ဧရာဝတီအား မြို့ခံများက ပြောပြသည်။
မြဝတီမြို့ သည် ထိုင်း-မြန်မာ နှစ်နိုင်ငံ အဓိက နယ်စပ်ကုန်သွယ်ရေး မြို့ ဖြစ်သည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာပြည် ရန်ကုန်သို့ အနီးဆုံး ကုန်းလမ်းဖြစ်သောကြောင့် အဝေးပြေးကားလမ်းများ၊ မြစ်ကူး တံတားများ တိုးချဲ့ဖောက်လုပ်နေပြီး မော်လမြိုင်၊ ဘားအံမြို့တို့နှင့် ဆက်သွယ်ရေး ဖွံ့ဖြိုးရေး စီမံကိန်းများလည်း ရှိနေသည်။ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) စက်ကွင်းထဲ မဝင်သေးစေကာမူ ထိုသို့ အလားအလာကောင်းများ ရှိသော နယ်မြေတွင် စွန့်စားလိုသူ တရုတ်စီးပွားရေးသမားများက အရင်ရောက်နှင့်နေကြပြီးဖြစ်သည်။
လူအများစိတ်ဝင်စားနေတဲ့ ရွှေကုတ္ကို က တရုတ်မြို့သစ်စီမံကိန်း (ရုပ်/သံ)
မြန်မာအစိုးရနှင့် တရားဝင် အပစ်ရပ်အပြီး ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)၊ ဟောင်သရော အထူးဒေသ ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့ (KPF) နှင့် ပဒိုအောင်ဆန်း ဦးဆောင်သည့် ဘုရားကုန်း ငြိမ်းချမ်းရေး အဖွဲ့တို့ နေရာ အသီးသီး ခွဲ၍ ထိန်းချုပ်ထားကြသည်။
အဖွဲ့အချို့သည် တရုတ်လုပ်ငန်းရှင်များ အပါအဝင် စီးပွားရေး လုပ်ငန်းရှင်များနှင့် ကရင်ပြည်နယ်အတွင်း မြေပေါ် မြေအောက် သယံဇာတ ထုတ်ယူမှုများ လောင်းကစားနှင့် ဖြေဖျော်ရေး လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်လာသည်ကို တွေ့ရသည်။
မြဝတီမြို့ပေါ်တွင် ယခင်ကတည်းက ဒေသခံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အထူးသဖြင့် BGF နှင့် ပတ်သက်ဆက်နွယ်ပြီး ဖွင့်လှစ်ထားသည့် လောင်းကစားရုံများနှင့် လိင်ဖြေဖျော်ရေးရုံများရှိသလို မြို့အစွန်ဘက်တွင်လည်း ကာစီနိုရုံကြီးများ ရှိနှင့်ပြီးသားဖြစ်သည်။
မူးယစ်ဆေးဝါးလည်း ပေါပေါလောလော ရသည့် မြဝတီမြီု့ပေါ်တွင် မြန်မာ စကားမပြောတတ်သော မျက်နှာစိမ်း တရုတ်များကိုပင် တော်တော်များများ တွေ့လာရသည်။ ထိုတရုတ်နိုင်ငံသားများသည် လောင်းကစားရုံများနှင့် ဆောက်လုပ်ရေး စီမံကိန်းများတွင် လုပ်ကိုင်နေကြသူများ အများစု ဖြစ်သည်။ တရုတ်နိုင်ငံသားများ၏ နေထိုင်ပြုမူမှု အပေါ် သဘောမကျသည့် မြို့ခံများက ဆန္ဒဖော်ထုတ်မှုများပင် ပြုလုပ်ခဲ့သေးသည်။
မြဝတီမြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးပြီး BGF များ ထိန်းချုပ်ရာ ရွှေကုက္ကိုလ်တွင် စီမံကိန်းကြီး တခုရှိသည်။ ထိုစီမံကိန်းကို တရုတ်လုပ်ငန်းစု Jilin Yatai Group နှင့် BGF ၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်း၍ Myanmar Yatai International Co., ltd အမည်နှင့် ၂၀၁၇ ခုနှစ်တွင် စတင်ခဲ့သည်။ စီမံကိန်းအတွက် မြေဧက ၂၀၀ ကျော်ကို ပြည်နယ်အစိုးရထံတွင် လျှောက်ထားခဲ့သော်လည်း တရုတ်၏ ရင်းနှီးမြုပ်နှံမှု အပေါ် ဝေဖန်မှုတွေ၊ စိုးရိမ်မှုများကြောင့် မြေ ၆၂ ဧကသာ လုပ်ခွင့် ပြုခဲ့သည်။
BGF က ဖိတ်ကြားပြသ၍ ဧရာဝတီက သွားရောက်ကြည့်ရှုခဲ့ဖူးသော ခရီးစဉ်အတွင်း တရုတ်နိုင်ငံသားများနေထိုင်သည့် တိုက်တန်းလျားများ၊ အွန်လိုင်းဂိမ်း ကစားသည့် အခန်းများ၊ သပ်ရပ်ခေတ်မီသော လုံးချင်းအိမ်များ၊ KTV၊ SPa၊ CLub နှင့် ဖျော်ဖြေရေး ခန်းမများ၊ ကာစီနိုပါဝင်မည့် ဟိုတယ်များနှင့် ဆောက်လက်စ အဆောက်အအုံများကို စီမံကိန်းနယ်မြေထဲ မြင်ခဲ့သည်။
ထို့အတူ တနာရီလျှင် ဘတ် ၇၀၀၀ (ကျပ် ၃ သိန်းကျော်) ပေးရသည့် KTV နှင့် အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံးဟု လူပြောများနေသည့် နိုက်ကလပ်ကြီး တခုလည်း ရှိသည်။ ထိုနေရာတွင် အလုပ်လုပ်ကိုင်နေကြသူများမှာ တရုတ်၊ ကမော္ဘဒီယား၊ လာအိုနှင့် ဖိလစ်ပိုင် နိုင်ငံသူများ ဖြစ်သည်။
သို့သော်လည်း ထိုစီမံကိန်းကို တရားဝင်ပုံစံဖြစ်ရေး ဆောင်ရွက်ရန် တရုတ်နှစ်သစ်ကူးပွဲမတိုင်ခင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ တိုက်ရိုက်ညွှန်ကြားချက်ကြောင့် ရပ်နားထားရကြောင်း ချစ်လင်းမြိုင်ကုမ္ပဏီ ဒါရိုက်တာလည်းဖြစ် Myanmar Yatai International Co.,ltd ၏ ဒါရိုက်တာ အဖွဲ့ဝင်တဦးလည်းဖြစ်သည့် စောမင်းမင်းဦးက ပြောသည်။
စောမင်းမင်းဦး က “တရုတ်နှစ်သစ်ကူး မတိုင်ခင်က အထက် ကကကြည်း ကနေ ရပ်ခိုင်းထားတာ။ ၂ လလောက်ရှိပြီ။ တရားဝင်ပြန်လုပ်ပါလို့ပဲ ကျနော်တို့ကို ညွန်ကြားတယ်။ အဲဒါကြောင့် တရားဝင်ဖြစ်အောင် တင်နေတာပေါ့” ဟု ဧရာဝတီကို ပြောသည်။ စီမံကိန်း ရပ်နားထားသော်လည်း တရုတ်နိုင်ငံသား ၂၀၀ ကျော် ဆက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
လူထုဝေဖန်မှုများရှိနေသည့် ထိုစီမံကိန်းများနှင့် ပတ်သက်ပြီး အပေါ် ၂၀၁၉ ခုနှစ်ကုန်ပိုင်းက သတင်းမီဒီယာ တချို့က ကွင်းဆင်း ဖော်ထုတ်ရေးသားမှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ ဖော်ထုတ်မှုအပေါ် BGF က နှစ်သက်ပုံ မရပေ။ စီမံကိန်း တာဝန်ရှိသူတဦးက “လူကြီးတွေ အမြင်မှာက ကျနော်တို့ အခက်အခဲ ဖြစ်နေတာကလည်း အဲ့ဒီ မီဒီယာတွေကြောင့်ပဲ” ဟု ဆိုသည်။
လူထုကို အသိမပေးဘဲ ဆောက်လုပ်နေကြသော စီမံကိန်းများ ပေါ်ပေါက်လာလျှင် သင်္ကာမကင်းမှု၊ မေးခွန်းထုတ်ခံရမြဲဖြစ်သည်။ ထိုဖြစ်ရပ်ကို တိတ်တဆိတ် လုပ်ဆောင်ခဲ့သော ရွှေကုက္ကိုလ် တရုတ်မြို့သစ်စီမံကိန်း ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ နောက်ထပ်လည်း ရင်ဆိုင်ရဖွယ် ရှိနေသည်။
အလားတူ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ချုပ်ဆိုခဲ့သော ကရင်အမျိုးသား အစည်းအရုံး (KNU) သည်လည်း မကြာသေးခင်က Huanya ဆိုသည့် တရုတ်ကုမ္ပဏီတခုနှင့် တရုတ်မြို့သစ် စီမံကိန်းတခုအတွက် မြဝတီမြို့နယ်တွင် ပြုလုပ်သော လက်မှတ်ရေးထိုးပွဲနှင့် အုတ်မြစ်ချပွဲ အခမ်းအနား ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး KNU အထွေထွေအတွင်းရေးမှူး ပဒိုတာဒိုမှူး က “အဲဒါတော့ လောလောဆယ် ကျနော်မသိဘူး။ ဘာကြောင့်လဲဆိုတော့ တဦး တယောက်အနေနဲ့ လုပ်ကောင်း လုပ်ပါလိမ့်မယ်။ ဒါပေမယ့် အဖွဲ့အစည်း အနေနဲ့ကတော့ ဒီကိစ္စ မပါဝင်ဘူးဆိုတာပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုကဲ့သို့ ငြင်းဆိုသော်လည်း ထိုင်း-မြန်မာ နယ်စပ်တွင် ပြုလုပ်ခဲ့သော KNU နှင့် တရုတ်ကုမ္ပဏီ Huanya တို့၏ တရုတ်မြို့သစ် စီမံကိန်းအတွက် အုတ်မြစ်ချခြင်းနှင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနား နောက်ခံ ခေါင်းစည်း စာတမ်းတွင် KNU & HUANYA Cooperative Signature and Foundation Stone Laying Ceremony ဟု တရုတ်နှင့် အင်္ဂလိပ် ဘာသာစကားနှစ်ခုဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။
ထိုပွဲကို KNU ကာကွယ်ရေး ဌာန တာဝန်ခံ စောရောဂျာခင် ကိုယ်တိုင် တက်ရောက်ပြီး တရုတ်လုပ်ငန်းရှင်များနှင့် အထက်ပါ အခမ်းအနား ဆိုင်းဘုတ်ရှေ့တွင် မှတ်တမ်းတင်ခံနေသည်ကို တွေ့ရသည်။ အဆိုပါ အခမ်းအနားတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲဖြင့် ချပြထားသော တရုတ်မြို့သစ်စီမံကိန်း နမူနာပုံဒီဇိုင်းတွင် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ဘေးတွင် ခေတ်မီအဆောက်အအုံများစွာကို ခမ်းခမ်းနားနား တွေ့မြင်ရသည်။
ထိုစီမံကိန်းနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်းတချို့နှင့် ကရင်အသိုင်းအဝိုင်းက KNU အပေါ် မေးခွန်းထုတ်မှုများ စတင်လာနေပြီဖြစ်သည်။
တချိန်က နယ်ခြားစောင့်တပ်များနှင့် အပစ်ရပ် လက်နက်ကိုင်အဖွဲ့ကွဲမျာသည်း ဝင်ငွေရလမ်းအနေဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတွင် ပေါ်ပေါ်တင်တင် ပတ်သက်နေခဲ့သည်။ မော်တော်ကားနှင့် အခြားသွင်းကုန်ပစ္စည်းများအပေါ် နေပြည်တော်၏ မူဝါဒ အပြောင်းအလဲ ပြုလုပ်လာအပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး ပွင့်လင်းလွတ်လပ်လာသောအခါ ၎င်းတို့၏ ဝင်ငွေရလမ်းကို ပုံစံပြောင်းလာကြရာ ကက်စီနို၊ ကေတီဗီနှင့် ဖျော်ဖြေရေးလုပ်ငန်းများက ထွက်ပေါက်ဖြစ်လာပုံရသည်။
ရင်းနှီးမြှုပ်နှံမည့်သူတွေကလည်း အဆင်သင့် ရှိသည်။ မြဝတီခရိုင်တွင် ယခင်ကတည်းက တရုတ်စီမံကိန်းများက ရှိခဲ့ပြီး ဝေါ်လေမှ ရွှေကုက္ကိုလ် အထိ ကာစီနို လောင်းကစားရုံများ ရှိသည်။
ထို့အပြင် သတ္တုတူးဖော်ရေးလုပ်ငန်းများ မြဝတီခရိုင်အတွင်း နယ်ခြားစောင့်တပ် ၁၀၂၂ ၏ တပ်နယ်မှူး ဗိုလ်မှူး စောမုတ်သုန်နှင့် ချိတ်ဆက်ဆောင်ရွက်နေသော ခနောက်စိမ်း တူးဖော်ရေး လုပ်ငန်းများလည်း ရှိသည်။ ထိုစီမံကိန်းများအနီး သတင်းမီယာများ ကပ်ခွင့် မလွယ်ကူခဲ့ပါ။
You may also like these stories:
မြန်မာပြည်မှာ ကာစီနိုတွေ များလာမလား
ခြေလွန်လက်လွန် ဖြစ်သွားတဲ့ မြဝတီက တရုတ်မြို့သစ် စီမံကိန်း ဘာဆက်ဖြစ်မလဲ
ဝေဖန်မှုများနေသည့် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်း MIC တိုင်းဦးစီးမှူး ကွင်းဆင်းစစ်ဆေး