ဆယ်စုနှစ် ၅ ခုအတွင်း လူပေါင်း သန်း ၂၀၀ ကျော်သည် နိုင်ငံတခုမှ တခုသို့ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်လျက်ရှိရာ ၎င်းအရေအတွက်သည် ကမာ္ဘ့လူဦးရေ၏ ၃.၅ ရာခိုင်နှုန်း ရှိသည်။ ယင်းကိန်းဂဏန်းသည် ရွှေ့ပြောင်း သွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration, IOM) ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာအရ ဖြစ်သည်။
မြန်မာနိုင်ငံသည် ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးခြင်း၊ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တရက် အနည်းဆုံး လုပ်ခမှာ အနိမ့်ဆုံး အဆင့်တွင် ရှိနေခြင်း၊ ထိုသို့ရရှိသော လုပ်ခလစာဖြင့် မိသားစု စားဝတ်နေရေးကို ကောင်းစွာ အထောက်အပံ့ မပြုနိုင်ခြင်းတို့သည် ရွှေ့ပြောင်းလုပ်သား အဖြစ် အဓိက တွန်းအားပေးနေသော အချက်များပင် ဖြစ်သည်။
ကိုဖော်ဝေးသည် မြန်မာစာဘာသာရပ် ကို အဝေးသင်ပညာရေးစနစ်ဖြင့် နောက်ဆုံးနှစ် တက်ရောက်ရမည့် သူဖြစ်သည်။ သူသည် လက်ရှိတွင် မူဆယ်မြို့ရှိ ဆန်ပွဲရုံ ၁ ရုံတွင် ကုန်တင်ကုန်ချ အလုပ်သမားအဖြစ် လုပ်ကိုင်နေသည်။
“ကျနော့်လို နောက်ဆုံးနှစ် တက်မယ့်သူတောင် ဒီမှာ ကုန်လာထမ်းနေတာဆိုတော့ ကျနော်တို့ နိုင်ငံက အလုပ် ပေးနိုင်လား၊ မပေးနိုင်လားဆိုတာ ကြည့်လိုက်တော့ပေါ့။ ကုန်ဈေးနှုန်းတွေက တက်တယ်၊ ဒါပေမယ့် ရတဲ့ဝင်ငွေက တက်မလာဘူး။ အဲဒီတော့ ရေကြည်ရာမြက်နုရာကို ပြောင်းကြရတာပေါ့” ဟု ကိုဖော်ဝေးက ပြောသည်။
၎င်းသည် တောင်သာမြို့နယ်မှ လာရောက် လုပ်ကိုင်နေခြင်း ဖြစ်ပြီး အဝေးသင်တက္ကသိုလ် ကျောင်းဖွင့်ရာသီတွင် နေရပ်ပြန်ကာ ကျောင်းတက်ကြောင်း၊ စာမေးပွဲပြီးပါက မူဆယ်သို့ လာရောက်ကာ ဆန်၊ သကြားပွဲရုံတို့တွင် ကုန်တင်ကုန်ချ အလုပ် လုပ်ပြီး လာမည့်နှစ်တွင် ဘွဲ့ ရရှိပြီးပါက ဂျပန် သို့မဟုတ် ကိုးရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ဆုံးဖြတ်ထားသည်ဟု ဆိုသည်။
ပြည်ထောင်စု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ချက်အရ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်း လုပ်သား အရေအတွက်မှာ ၅ သန်း အထိ ရှိပြီဖြစ်သည်။ ၎င်းတို့အနက် ၃ သန်းခန့်သည် ထိုင်းနိုင်ငံတွင်လည်းကောင်း၊ ကျန်လုပ်သားများမှာ တရုတ်နိုင်ငံ အပါအဝင် မလေး ရှား၊ စင်ကာပူ၊ အာရှနှင့် ဥရောပနိုင်ငံအချို့တွင် အလုပ် လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။
နိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ လုပ်ခလစာရရှိမှု နည်းပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများက မိသားစု ၁ စုအတွက် စားဝတ်နေရေးကို ပြေလည် လောက်ငှအောင် ဖန်တီးပေးနိုင်မှု နည်းပါးသည်။ တရားဝင် နည်းလမ်း များစွာဖြင့် သွားနိုင်သည့် နိုင်ငံများ ရှိသော်လည်း ကုန်ကျစရိတ် မတတ်နိုင်သူများက အိမ်နီးချင်း နိုင်ငံ၏ နယ်စပ်နေရာများတွင် တရားမဝင် လုပ်သားများ၊ ရာထူးနိမ့်သော အလုပ်အကိုင်များကိုသာ လုပ်ကိုင်နေကြရသည်။
တရုတ်နယ်စပ် ကြယ်ဂေါင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသော စစ်ကိုင်းတိုင်း ကနီမြို့နယ်မှ မချိုမာက “ဈေးဝယ် ထမင်းချက်အလုပ်ကို ကျမ နယ်မှာ လုပ်ရင် တသိန်းခွဲ အပြင် ပိုမရနိုင်ဘူးလေ။ ဒီမှာ အခု ၁ လ ကို ၁၆၀၀ (မြန်မာငွေ ၃ သိန်းကျော်) ရတယ်။ ကျမ ကျေနပ်တယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာရွှေ့ပြောင်း လုပ်သားများသည် တရုတ်နိုင်ငံသို့ တရားဝင် သွားရောက်ခြင်း မဟုတ်သဖြင့် စိန်ခေါ်မှုများစွာ ရှိနေသည်။
အကာအကွယ်မဲ့ အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများအဖို့ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်း၊ လူကုန်ကူး ခံရခြင်း၊ ငွေကြေး အလိမ်ခံရခြင်း အပါအဝင် တရုတ်အာဏာပိုင်များ၏ စစ်ဆေး မေးမြန်းခြင်း၊ ယာယီဖမ်းဆီး ထိန်းသိမ်းခြင်းကို မကြာခဏ ရင်ဆိုင်နေရဆဲ ဖြစ်သည်။
“ဒီနေ့မှ စာအုပ်အနီ (တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့် နိုင်ငံကူးလက်မှတ်) တံဆိပ်တုံးထုပြီး ဝင်သွားတယ်၊ ဟိုရောက်တော့ တရားမဝင်ဘူးဆိုပြီး တရုတ်ရဲ ဖမ်းတာ ခံလိုက်ရတယ်။ အချုပ်ထဲမှာ ရက် ၂၀ လောက် နေခဲ့ရတယ်” ဟု ရွှေလီမြို့တွင် ကျပန်းအလုပ်လုပ် ကိုင်နေသူ ရမည်းသင်းနယ်သား ကိုကျော်ဇေယျက ဧရာဝတီကို ပြောသည်။
ကိုကျော်ဇေယျကဲ့သို့ အလားတူ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား အများစုသည် ထိုအခက်အခဲအား တရုတ် နိုင်ငံတွင်း ဝင်ရောက် အလုပ်လုပ်နေသည့် နေ့စဉ်နှင့်အမျှ ရင်ဆိုင် ခံစားနေရဆဲ ဖြစ်သည်။ ရွှေ့ပြောင်းလုပ်သား အနက် အချို့မှာ စစ်ဆေးမေးမြန်းခံရပြီးနောက် တရုတ်ပြည်နယ်ရဲတပ်ဖွဲ့၏ အချုပ်တွင် ရက် ၂၀ ခန့် ယာယီ ထိန်းသိမ်းခံရလေ့ရှိသည်ဟု ဆိုသည်။
“သူတို့အရမ်းစစ်ပြီး ဖမ်းတဲ့အချိန်မှာ ကျနော် အဖမ်းခံလိုက်ရတယ်။ အချုပ်ထဲ ရောက်တဲ့အခါ ကျနော်တို့ မြန်မာ အလုပ်သမားတွေကို နည်းတာ မဟုတ်ဘူး အဖမ်းခံထားရတာ။ ရိုက်နှက်နှိပ်စက်တာမျိုး မရှိပေမယ့် ဘယ်လို ပြောရမလဲ သူတို့က (တရုတ်ရဲ) ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကို ပိုနှိပ်စက်ကြတာ များတယ်။ အချုပ်ထဲမှာ မသေရုံတမယ်ပဲ အစာကျွေးတယ်။ ကျနော် မလေးရှားမှာ အလုပ်လုပ်ခဲ့တုန်းကတောင် ဒီလောက် အခြေအနေဆိုးတာ မကြုံဖူးဘူး” ဟု ကိုကျော်ဇေယျက ရှင်းပြသည်။
၎င်းက လွန်ခဲ့သည့် ၇ နှစ်ကျော်ခန့်က မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပြီး ဗီဇာ သက်တမ်း ၅ နှစ် ပြည့်သည့်အခါ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ထိုမှတဆင့် တရုတ်နိုင်ငံ ရွှေလီမြို့၌ ကျပန်း အလုပ် လုပ်ကိုင်နေသူ ဖြစ်သည်။
အင်းလျားဘောဂဗေဒ သုတေသနအဖွဲ့က ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ၏ လုပ်သား ရွှေ့ပြောင်းမှု အကြောင်းအရင်းများ မူဝါဒဆိုင်ရာ သုတေသနစာတမ်း၌ တရုတ်နိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သား ၁ သိန်းနီးပါး ရှိနိုင်မည်ဟု ဖော်ပြထားသည်။
ယင်းအဖွဲ့သည် ရန်ကုန်စီးပွားရေး တက္ကသိုလ် ဘောဂဗေဒကျောင်းသားများဖြင့် ၂၀၁၇ ခုနှစ်က စတင် တည်ထောင်ထားသော အကျိုးအမြတ်မယူသော အဖွဲ့အစည်း ၁ ခုဖြစ်ပြီး စီးပွားရေးဆိုင်ရာ သုတေသနနှင့် မူဝါဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာခြင်းများအတွက် သုတေသနပြုလျက်ရှိသည်။
“ရွှေလီမြို့တော်ဝန်နဲ့ တွေ့တုန်းက ၁ ရက် ၁ ရက် နယ်စပ်ဝင်ထွက်ပေါက်တွေကနေ ဖြတ်နေတဲ့ မြန်မာနိုင်ငံသား ၅ သောင်းကျော်လောက် ရှိတယ်လို့ ပြောတယ်” ဟု မူဆယ်နမ့်ခမ်းကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ ဦးထွန်းဦးက ဧရာဝတီကို ပြန်ပြောပြသည်။
အဆိုပါ အရေအတွက်၏ ၈၀ ရာခိုင်နှုန်းကျော်သည် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူများ ဖြစ်နိုင် သည်ဟု ၎င်းက ခန့်မှန်းပြသည်။ မူဆယ်မြို့နှင့် ဆက်စပ်နေသော တရုတ်နိုင်ငံ အဝင်အထွက် ဂိတ်၃ ခုမှ ကိန်းဂဏန်းဖြစ်ပြီး တရုတ်သို့ ဝင်ထွက်နေသော အခြားနယ်စပ်ဝင်ပေါက်များမှ လူဦးရေစာရင်း မပါဝင်သေးပေ။
မြန်မာလုပ်သားအများစုသည် တရုတ်သို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ကြခြင်း ဖြစ်သည့်အတွက် တရုတ်နိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက် တိကျသော ကိန်းဂဏန်းမရှိဟု ပြည်ထောင်စု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားအများစုသည် တရုတ်နိုင်ငံသို့ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော် နယ်စပ် ဝင်ပေါက်များမှ တဆင့် သွားရောက် အလုပ်လုပ်ကိုင်ကြပြီး ယခင်က တရုတ်နယ်စပ်ဒေသများ ဖြစ်သော ရွှေလီ၊ ကြယ်ဂေါင်၊ ထိန်ချုံး အစရှိသောမြို့များတွင် ညအိပ်ညနေ အလုပ်လုပ်ကြသော်လည်း ပြီးခဲ့သည့်နှစ်ပိုင်းမှစ၍ တရုတ်ရဲစစ်ဆေးမှုများ တင်းကျပ်သဖြင့် တရုတ်နိုင်ငံတွင်းသို့ မနက်သွား၊ ညနေ ပြန် ပုံစံဖြင့် အဝင်အထွက်လုပ်ကာ အလုပ်လုပ်လျက်ရှိသည်ဟု အဆိုပါလုပ်သားများက ပြောပြသည်။
တရုတ်နိုင်ငံတွင် ထိုသို့အခက်အခဲမျိုးစုံ ကြုံတွေ့ရသော မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် တရုတ်နှင့် တရားဝင် အလုပ်သမား စေလွှတ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) နှစ်ဖက် အစိုးရ အချင်းချင်း ရေးထိုးရန် ပြီးခဲ့သည့် နှစ်က ကမ်းလှမ်းထားသော်လည်း တရုတ်အစိုးရက ယနေ့အထိ အကြောင်းပြန်ကြားလာခြင်း မရှိသေးဟု ပြည်ထောင်စု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ဧရာဝတီကို ပြောသည်။
အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က “MOU ထိုးချင်လို့ ဒီဘက်က ကမ်းလှမ်းပေမယ့် ဒီကိစ္စက တရုတ်အစိုးရရဲ့ ပေါ်လစီ အပေါ် အဓိက မူတည်သလို သူတို့(တရုတ်) ကိုယ်တိုင်က အလုပ်သမားစေလွှတ်တဲ့ နိုင်ငံဆိုတော့ ဒီ MOU ကို ထိုးဖို့မသေချာဘူး”ဟု ပြောသည်။
“တရုတ်နိုင်ငံမှာ တရားမဝင် အလုပ်သွားလုပ်လို့ အဖမ်းခံရတယ်ဆိုပြီး ဝန်ကြီးဌာနကို တိုင်ရင်လည်း တရားဝင် မဟုတ်တော့ တိုက်ရိုက်ကိုင်တွယ်လို့ မရဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တဆင့် သွားရတယ်။ လက်ရှိ အနေ အထားမှာ အစိုးရအနေနဲ့က တရားဝင်သွားကြပါ ဆိုတာလောက်ပဲ ပြောလို့ရမယ်။” ရှင်းပြသည်။
ထိုင်း၊ မလေးရှား၊ တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် လုပ်သားစေလွှတ်ခြင်းဆိုင်ရာ အစိုးရ အဆင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီး နိုင်ငံများဖြစ်ပြီး ထိုသို့ နှစ်ဖက်အစိုးရ၏ အစီအစဉ်ဖြင့် တရားဝင် သွား ရောက်ခွင့် ရသည့် လုပ်သားများအတွက် လူမှုရေးအကာအကွယ်များ၊ အငြင်းပွားမှု ဖြေရှင်းရေးကိစ္စတို့တွင် သက်ဆိုင်ရာ အစိုးရများနှင့် ညှိနှိုင်း၍ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးခွင့် ရရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ဧရာဝတီကို ရှင်းပြသည်။
ယခုအခါ တရုတ်နယ်စပ်တွင် သွားရောက် အလုပ်လုပ်ကိုင်သော လုပ်သားများအတွက် မြန်မာအစိုးရက ထုတ်ပေးသော ပြည်ဝင်ခွင့်စာအုပ် (စာအုပ်အနီ) ဖြင့် မလုံလောက်တော့ဘဲ တရုတ်အစိုးရက ၎င်းနိုင်ငံတွင်း ယာယီ နေထိုင်ခွင့်ရနိုင်သော အလုပ်သမား မှတ်ပုံတင်စာအုပ်၊ လူမှုဖူလုံရေးစာအုပ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု စာအုပ် (လုပ်သားများ အခေါ်အရ စာအုပ်အစိမ်း ၃ အုပ်) ကို ထပ်မံလျှောက်ထားရကြောင်း သိရသည်။
အဆိုပါစာအုပ်အစိမ်း ၃ အုပ် လျှောက်ထားရာတွင် အလုပ်ရှင် တရုတ်နိုင်ငံသား၏ ထောက်ခံချက် ပါရှိမှသာ ရရှိ ခြင်းဖြစ်ပြီး လုပ်ငန်း အတိအကျ မရှိသော ကျပန်းလုပ်သားများအဖို့ ထိုစာအုပ် ရရှိရန် တရုတ်ပွဲစားမှ တဆင့် ပြုလုပ်ရသည်ဟု သိရသည်။
အလုပ်ရှင်ထောက်ခံချက်ရှိသော ရွှေ့ပြောင်းလုပ်သားများမှာ စာအုပ်အစိမ်း ၃ အုပ် လျှောက်ထားခြင်း အတွက် ကုန်ကျစရိတ် တရုတ်ယွမ်ငွေ ၆၅၀ ဝန်းကျင် (မြန်မာငွေ ၁သိန်း ၃ သောင်းခန့်) ကျသင့်ပြီး ပွဲစား မှတဆင့် ဆိုပါက ကုန်ကျစရိတ်မှာ ၂ ဆမက ရှိသည်ဟု ရွှေ့ပြောင်းလုပ်သားများက ပြောသည်။
“ကျနော်တို့မှာ အလုပ်ရှင်ထောက်ခံချက်လည်း မရှိသလို ဒီစာအုပ်လျှောက်ဖို့အတွက်လည်း အချိန်အများကြီး မပေး နိုင်တော့ ပွဲစားကိုအပ်ပြီး လုပ်ခိုင်းရတယ်။ ဒါတောင် တခါတလေ ပွဲစားက တရုတ်ပြည်ထဲရောက်ပြီး ဆက်သွယ် မရတဲ့ အချိန်ဆို တရုတ်ရဲ ဖမ်းမှာကြောက်လို့ ရွှေလီဘက် မသွားရဲဘူး”ဟု တရုတ်နယ်စပ်တွင် အလုပ် လုပ်ကိုင်ခွင့် ရရန် စာအုပ်အစိမ်း ၃ အုပ် လျှောက်ထားခဲ့သူ မြန်မာရွှေ့ပြောင်းလုပ်သား ကိုဗညားထက်က ဧရာဝတီကို ပြောပြသည်။
တရုတ်အစိုးရက ထုတ်ပေးသော အထက်ပါ စာအုပ်အစိမ်း ၃ အုပ်နှင့် မြန်မာအစိုးရက ထုတ်ပေးသော ပြည်ဝင်ခွင့် စာအုပ်အနီ စုစုပေါင်း စာအုပ် ၄ အုပ် ကိုင်ထားနိုင်မှသာ တရုတ်နိုင်ငံအတွင်း စိတ်ဖြောင့်ဖြောင့် နှင့် အလုပ်လုပ် ခွင့်ရနိုင်မည်ဟု သိရသည်။
လုပ်သား စေလွှတ်ခြင်းဆိုင်ရာ ကိစ္စအား နှစ်နိုင်ငံ တရားဝင် နားလည်မှု မရရှိသေးမီ လက်ရှိ အခြေအနေအရ တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့် မြန်မာလုပ်သားများ အနေဖြင့် မိမိ သွားရောက်မည့် နေရာ၊ လုပ်ကိုင် ရမည့် အလုပ်အကိုင်၊ ချိတ်ဆက်ပေးသည့် အလုပ်ပွဲစားသည် မည်သူမည်ဝါ ဆိုသည့် ယေဘုယျ အချက်တို့ကို ကိုယ်တိုင် သာမက မိသားစုများပါ သိရှိအောင် စုံစမ်းလေ့လာပြီးမှ သွားရောက် အလုပ်လုပ် သင့်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က အကြံပြုသည်။
“ထမင်းငတ်လို့ သွားအလုပ်လုပ်ကြတာ မှန်ပေမယ့် လုံခြုံတဲ့ ရွှေ့ပြောင်းသွားလာမှုဖြစ်ဖို့က အစိုးရမှာလည်း တာဝန် ရှိသလို ကိုယ်တိုင်မှာလည်း တာဝန်ရှိပါတယ်။ ဒါမှလည်း အလိမ်မခံရမှာလေ” ဟု ဦးမောင်မောင်က ပြောသည်။
မြန်မာလုပ်သားများ၏ လုပ်အားနှင့်စွမ်းရည်ကို တဖက်နိုင်ငံက အသိအမှတ်ပြုမှသာ နှစ်နိုင်ငံတရားဝင် လုပ်သား စေလွှတ်ခြင်းဆိုင်ရာ ကိစ္စသည် အထမြောက်နိုင်မည်ဟု ဦးမောင်မောင်က ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “နီပေါနိုင်ငံဆိုရင် ကျနော်တို့နဲ့ယှဉ်ရင် နိုင်ငံငယ်လေးပဲ။ ဒါပေမယ့် နီပေါလုပ်သားတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ လုံခြုံရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေမှာ အရမ်းစိတ်ချတယ်ဆိုပြီး အသိအမှတ်ပြုခံ ရတဲ့အတွက်ကြောင့် မလေးရှားဆိုရင် နီပေါလုပ်သားတွေကို လစာကြိုပေးပြီးကို ခေါ်ကြတယ်။ အဲဒီတော့ ကျနော်တို့ လုပ်သားတွေက ဈေးကွက်မှာ ဘယ်လောက် မရှိမဖြစ် ရှိနေလည်းဆိုတာ သိဖို့၊ ဖြစ်ဖို့ လိုအပ်တာပေါ့” ဟု ပြောသည်။
ကမာ္ဘ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ အလုပ်သမားအင်အားတွင် ပါဝင်သော အလုပ်သမား ၃ ဦးတွင် ၂ ဦးမှာ ကျွမ်းကျင်မှုများစွာ မလိုအပ်သော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြသည်ဟု ဖော်ပြထားသည်။
ပြည်တွင်းတွင် ဝင်ငွေနည်းပါးမှု၊ နိုင်ငံရပ်ခြားတွင် အလုပ်အကိုင် အခွင့်အလမ်း များပြားလာမှုနှင့် ရွှေ့ပြောင်းလုပ်သား အရေအတွက်တို့သည် တိုက်ရိုက်အချိုးကျနေကြောင်း အင်းလျား ဘောဂဗေဒ သုတေသနအဖွဲ့မှ ထုတ်ပြန်သော မြန်မာနိုင်ငံ၏ လုပ်သား ရွှေ့ပြောင်းမှု အကြောင်းအရင်းများ မူဝါဒဆိုင်ရာ သုတေသနစာတမ်း၌ ဖော်ပြထားသည်။
အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်း မရှိပါက ၎င်းလုပ်သားများက နောက်တကြိမ် နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်း လုပ်ကိုင်မှုများ ဖြစ်လာဖွယ်ရှိသည်ဟု သုံးသပ်ထားသည်။
တရုတ်နယ်စပ် ကြယ်ဂေါင်တွင် အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်း လုပ်သား မချိုမာက “ကိုယ့်နိုင်ငံမှာ ဒီလိုဝင်ငွေနဲ့ အလုပ်လုပ်ခွင့် ရမယ်ဆိုရင်တော့ သူများနိုင်ငံကို အလုပ်လုပ်ဖို့ မပြောနဲ့ အခုလို ပုံစံမျိုးနဲ့က အလည်တောင်မသွားချင်ဘူး။ အခုတော့ ဘယ်နေ့ ဘာများဖြစ်မလဲဆိုတဲ့စိတ်နဲ့ ကြောင့်ကြ စိုးရိမ်နေရတယ်။ ကိုယ်ကမှ မပြည့်စုံတာကိုး” ဟု ပြောသည်။
You may also like these stories:
COVID-19 ကြောင့် စက်ရုံများရပ်နားမှု အစိုးရ စနစ်တကျ စီမံပေးရန် တောင်းဆို
၂၀၁၅ မှ ၂၀၂၀ ထိ အလုပ်သမား နှိပ်စက်ညှဉ်းပန်းမှုများ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုရီးယားရောက် မြန်မာလုပ်သားများရဲ့ သောက