လွန်ခဲ့သည့် ၂ ရက်လောက်ကတည်းက လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဦးဝင်းတင်ပါဝင်သည့် ထူးခြားသည့် ဓာတ်ပုံ ၂ ပုံ ကို ပြန်လည်မျှဝေနေကြသည်။ တပုံမှာ အစည်းအဝေးတခုတွင် တခြားလူတွေကြား တဦးတည်း လက်ထောင် နေသည့် ဦးဝင်းတင်၏ ဓာတ်ပုံ ဖြစ်ပြီး နောက်တပုံမှာ လက်ထောင်နေသည့်သူများ အကြား ဆန့်ကျင်ဘက် ဖြစ်နေသည့် ဦးဝင်းတင်နှင့် ဦးကိုနီတို့ ၂ ဦးပုံ ဖြစ်သည်။
ယနေ့ မတ်လ ၁၂ ရက်နေ့သည် ဦးဝင်းတင်၏ ၉၀ နှစ်ပြည့် မွေးနေ့ဖြစ်သည်။ ထို့ကြောင့် ဦးဝင်းတင်၏ မွေးနေ့ကို အသိအမှတ်ပြုသောအားဖြင့် သူ့အား လွမ်းဆွတ်သတိရသူများက ထိုပုံများကို ချိန်သားကိုက် ပြန်လည် မျှဝေနေကြခြင်းဟု ကနဦး မှတ်ယူမိသည်။
သို့သော်လည်း တွေးစရာရှိသည်က ဦးဝင်းတင် ၏ ဓာတ်ပုံတော်တော်များများ ရှိပါလျှက် အဘယ့်ကြောင့် ထိုပုံ ပုံ ၂ ပုံကို ရွေးတင်နေကြသလဲဆိုသည်မှာ စဉ်းစားစရာဖြစ်လာသည်။ စုံစမ်းကြည့်တော့ လက်ရှိလွှတ်တော်တွင် ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အပေါ် အားမရ၍ ဦးဝင်းတင်၏ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ သဘောထားရပ်တည်ချက်ကို တမ်းတ နေကြခြင်းဖြစ်သည်ဟု ဆိုကြသည်။
ထိုဓာတ်ပုံသည် ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်း၌ ပြုလုပ်သည့် အစည်းအဝေးတခုတွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်းရေးနှင့် အသစ်ရေးဆွဲရေး ကိစ္စနှင့် ပတ်သက်ပြီး သဘောထား မေးမြန်းရာတွင် ဦးဝင်းတင် နှင့် ဦးကိုနီက လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပစ်ပြီး အသစ်ရေးဆွဲရေးဘက်မှ ရပ်တည်ခဲ့ကြောင်း ထိုအစည်းအဝေးတွင် ဦးဝင်းတင်နှင့် မလှမ်းမကမ်းတွင် ထိုင်ခဲ့သည့် ဒေါ်ဖြူဖြူသင်းက ပြန်ရှင်းပြသည်။
ဒေါ်ဖြူဖြူသင်း က “ဗိုလ်စိန်မှန်ကွင်းမှာ အခြေခံဥပဒေ ဆွေးနွေးပွဲလုပ်ပြီးတော့ တခါတည်း ဆုံးဖြတ်တာပေါ့။ အခြေခံ ဥပဒေ ပြင်မယ့်လူနဲ့ အခြေခံဥပဒေကို အသစ်ရေးဆွဲမယ့်သူပေါ့။ အဘ (ဦးဝင်းတင်) နဲ့ ဦးကိုနီ က အသစ်ရေးဆွဲရမယ် ဆိုတဲ့ သူတွေပေါ့” ဟု ထိုစဉ်က ဦးဝင်းတင်နှင့် ဦးကိုနီတို့ ရပ်တည်ချက် အပေါ် ပြန်ရှင်းပြသည်။
လူမှုကွန်ရက်တွင် ပြန့်နေသည့် ဦးဝင်းတင် တဦးတည်း လက်ထောင်နေသည့် ပုံအောက်တွင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး သူ၏ သဘောထား မှတ်ချက်ကိုလည်း တွဲဖော်ပြထားသည်ကိုတွေ့ရသည်။
ထိုမှတ်ချက်မှာ “ကျနော့်အယူအဆကတော့ ကျနော့်မှာ ကိုယ်ပိုင်နိုင်ငံရေးသဘောထားရှိပါတယ်။ တချို့ကတော့ ပါတီရဲ့ သဘောထားအတိုင်း လုပ်ရတာရှိသလို၊ ပါတီနဲ့ မတူညီတာတွေလဲ ရှိပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပါတ်သတ်ပြီး အခြေခံဥပဒေက အသစ်ပြန်လည် ရေးဆွဲရမယ်လို့ ထင်တယ်။ ဒီဥပဒေက စစ်အာဏာရှင်စနစ် အခြေခိုင်ဖို့ အုတ်မြစ်ချနေတာပဲ။ ဒါနဲ့သာသွားရင် တကယ့်ဒီမိုကရေစီစနစ်ကို ရောက်နိုင်ဖို့ လမ်းမရှိဘူး။ ရောက်နိုင်ဖို့ မလွယ်ဘူး” ဟု ဦးဝင်းတင်က ဆိုထားသည်။
တဆက်တည်းတွင် “ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ဆိုးတွေ အမြစ်စွဲနေတာတွေကို နုတ်ပစ်နိုင်မယ့် အနေအထား မရှိဘူး။ ဒါ့ကြောင့် အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲသင့်တယ်လို့ ဆန္ဒရှိတယ်။ ကျနော်တို့ ပါတီက ဘယ်လိုဆုံးဖြတ်မယ် ဆိုတာတော့ မသိသေးဘူး။ အခုလဲ လူထုဆန္ဒခံယူတာတွေ လုပ်နေတာရှိတယ်။ လူထုရဲ့ အဆုံးအဖြတ်နဲ့ ပါတီက ရပ်တည်သွားဖို့ ရှိတယ်။ ပါတီဆန္ဒ လူထုရပ်တည်ချက်အတိုင်း ကျနော်ကလဲ ရပ်တည်သွားမှာပါ” ဟု ပြောသည်။
လက်ရှိအချိန်၌ လွှတ်တော်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင် ကြိုးပမ်း နေချိန်လည်းဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တပ်မတော်က လွှမ်းမိုးနေသည့် ပုဒ်မများကို ပြင်ဆင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ သို့သော်လည်း တတိယမြောက်နေ့ အထိ တင်သမျှထဲ့ အဓိကပုဒ်မများတွင် မဲပေးသူ ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် တခုမှ အောင်မြင်ခဲ့ခြင်း မရှိဘဲ တပ်မတော်ဘက်က အနိုင်ရသွားသည်ချည်းသာ တွေ့ရသည်။
NLD ပါတီအနေဖြင့် လွှတ်တော်ထဲတွင် ကြိုးပမ်းနေမှုသည် မနိုင်မှန်း သိလျှက်နှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲနီး၍ မဲဆွယ်ခြင်းဖြစ်ကြောင်း၊ ပြည်သူကို ကတိပေးထားသည့် အတိုင်း မအောင်မြင်မှန်း သိသော်လည်း အလုပ်ပြခြင်းဖြစ်ကြောင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆောင်ရွက်မှုနှင့် ပတ်သက်၍ အမျိုးမျိုး ဝေဖန်နေမှုများလည်း တွေ့ရသည်။
ထိုသို့ဆောင်ရွက်နေခြင်းသည် စိတ်ကူးပေါက်၍ ထလုပ်ခြင်း မဟုတ်သလို မဲဆွယ်လို၍ ဆောင်ရွက်နေခြင်းလည်း မဟုတ်ကြောင်း ဖွဲ့စည်းပုံ ပြင်ဆင်မှုနှင့် ပတ်သက်ပြီး ပြည်သူလူထုနှင့် နိုင်ငံတကာက NLD ၏ ရပ်တည်ချက်နှင့် ဒီမိုကရေစီကိုဆန့်ကျင်သည့် အုပ်စုကို ကွဲကွဲပြားပြား သိမြင်သွားခြင်းသည်ပင် ကျိုးပမ်းမှု၏ ရလဒ်ဖြစ်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီမှ မုံရွာအောင်ရှင်က ဦးဝင်းတင် နှစ် ၉၀ ပြည့်မွေးနေ့ပွဲတွင် သတင်းထောက်များကို ရှင်းပြသည်။
မုံရွာအောင်ရှင် က “လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်တာကတော့အဖြေ အရတော့ ရှူံးတာပေါ့။ ဒါကတော့ အစကတည်းက မျှော်လင့်ပြီးသားပါ။ ရှူံးမယ်လို့ သို့သော်လည်းပဲ အဖြေအရ ရှူံးပေမယ်လို့ နိုင်ငံရေး အရ ကျနော်တို့ မြတ်တယ်လို့ အဲလိုမျိုး ပြောလို့ရတယ်။ ပြည်သူလူထုက NLD ရဲ့ ရပ်တည်ချက် ဘာလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်သွားတယ်။ ထို့အတူပဲ ဒီမိုကရေစီဆန့်ကျင်တဲ့ အုပ်စုက ဘယ်သူတွေလဲ ဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်သွားတယ်။ မြန်မာပြည်သူ လူထုတင်မကဘူး။ နိုင်ငံတကာကပါ မြင်သွားတယ်။ အဲဒါကျနော်တို့ အတွက် ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေး ကျိုးစားမှုရဲ့ ရလဒ်ပဲလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။
NLD ပါတီကိုယ်တိုင်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ခါးခါးသီးသီးဖြစ်ခဲ့ပြီး ၂၀၀၉၊ ၂၀၁၀ ပါတီ ဗဟိုကော်မတီ အစည်း အဝေးများတွင် ရွေးကောက်ပွဲဝင်ရေး၊ ပါတီမှတ်ပုံတင်ရေးနှင့် ပတ်သက်ပြီး “ပြင်+ဝင်” ဆိုသည့် ဖွဲ့စည်းပုံ ပြင်ပေးမှ ရွေးကောက်ပွဲ ဝင်မည်ဟု ယတိပြတ် ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဒီလှိုင်းဂျာနယ် အတွဲ(၃) အမှတ် (၁) တွင် ဖော်ပြသော ဦးဝင်းတင်၏ “နားဝယ်ခါးခါး ကောလာဟလလား” ဆောင်းပါးတွင် ဖော်ပြထားသည်။
သို့သော်လည်း ၂၀၁၁ နိုဝင်ဘာ ပါတီ ဗဟိုကော်မတီ အစည်းအဝေးက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဟု ဆုံးဖြတ်လိုက်သည်။ ပါတီလိုင်းက “ပြင်+ဝင်” ကနေ “ဝင်+ပြင်” ဘက်ကို ပြောင်းသွားသည်။ ရွေးကောက်ပွဲဝင်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး ဆောင်ရွက်မည်ဆိုသည့် သဘောဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဦးဝင်းတင် က “ကျုပ်ကတော့ နိုင်ငံရေးလည်း ပတ်ပတ်နပ်နပ် နားလည်လှတာတော့ မဟုတ်ပါဘူး။ အဲဒီ့ဆုံးဖြတ်ချက်ကို နိုင်ငံရေးခံတွင်းမတွေ့ဘူးဗျ” ဟု သူ့သဘောထားကို ဒီလှိုင်းဂျာနယ်တွင် ပွင့်ပွင့်လင်းလင်း ထုတ်ရေးထားသည်။
ပြည်ထောင်စု ရှေ့နေများနှင့် အထောက်အကူပြုသူများအဖွဲ့၏ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် သည် ဦးဝင်းတင် ၏ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အမြင်ကို အစကတည်းကထောက်ခံခဲ့သူဖြစ်ပြီး လက်ရှိ NLD အစိုးရ၏ လွှတ်တော်တွင်း ပြင်ဆင်ရေး ဆောင်ရွက်နေမှုအပေါ် သဘောကျပုံမရပေ။
ဦးဝင်းတင် နှစ် ၉၀ ပြည့် မွေးနေ့ပွဲသို့ တက်ရောက်လာသည့် ဦးကြီးမြင့် က “အခုဥစ္စာ ‘ဝင်ပြင်’ ကတော့ သိတဲ့ အတိုင်းပဲလေ ဘာမှလုပ်လို့ မရဘူး။ အကုန်ရှူံးပဲ ပိုက်ဆံတွေလည်း အများကြီးကုန်တယ်။ အချိန်တွေ အများကြီး ကုန်တယ်။ အဲဒီ ‘ဝင်ပြင်’ ကို ဦးဆောင်တဲ့သူတွေမှာ တာဝန်ရှိတယ်။ ဟိုဆင်ခြေပေး၊ ဒီဆင်ခြေပေးလို့ မရဘူး။ သူတို့လည်း သမိုင်းမှာ စစ်တပ်နဲ့ အတူတူ တာဝန်ရှိသွားလိမ့်မယ်။ ဒါကြောင့်မလို့ သူတို့လည်း ‘ဝင်ပြင်’ လမ်းစဉ်ကနေပြီးတော့မှ အသစ်ပြန်လည်ရေးဆွဲတဲ့ လမ်းစဉ်ကို အမြန် လုပ်ပါ” ဟု သတင်းထောက်များကို ရှင်းပြသွားသည်။
ဦးဝင်းတင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ၎င်းထွက်သက်ထိ ယုံကြည်ချက်ကို ဆွဲကိုင်သွားသူ ဖြစ်ကြောင်း စာရေးဆရာနှင့် ဒါရိုက်တာ တဦးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်၊ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ စာရေးဆရာ မောင်သော်က တို့နှင့် အတူ NLD ပါတီ တည်ထောင်စဉ်က ပါဝင်ခဲ့သူတဦးလည်း ဖြစ်သည့် ဦးမိုးသူ က ဧရာဝတီကို ပြောဖူးသည်။
ဦးဝင်းတင် ထောင်ကလွတ်လာချိန်တွင် ပါတီခေါင်းဆောင် တချို့က ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရန်ပင် ပြင်ဆင် နေမှုများ ရှိခဲ့သည်ဟု ဆိုသည်။ ထိုအချက်အပေါ် ဦးဝင်းတင် က လုံးဝလက်မခံခဲ့သလို နေအိမ်အကျယ်ချုပ် ကျနေသည့် ဒေါ်အောင်ဆန်းစုကြည် ကပါ သဘောမတူသဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဖြစ်ဘဲ ရွှေဂုံတိုင်ကြေညာစာတမ်း ထွက်လာခြင်း ဖြစ်ကြောင်း စာရေးဆရာ ဦးမိုးသူကပြောသည်။
ဦးမိုးသူ က “အဲဒီအချိန်မှာ ကျနော်ရယ်၊ ကိုဝင်းတင်ရယ် လူထုစိန်ဝင်းဆီကို သွားပြီး NLD ကို တွယ်ဖို့ သွားပြောတယ်။ အဲဒီအချိန်ကတည်းက ဆရာ လူထုဦးစိန်ဝင်းက NLD ကို ဝေဖန်တဲ့ ဆောင်းပါးတွေ တောက်လျှောက်ရေးတော့တာပဲ” ဟု ရှင်းပြထားသည်။
ဦးဝင်းတင်သည် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ၎င်းတဦးတည်းသဘောထား မည်သို့ပင်ရှိစေကာမူ ပါတီ၏ အများစု ဆုံးဖြတ်ချက်ကို လိုက်နာသည်။ အထူးသဖြင့် NLD ပါတီစတင်တည်ထောင်ချိန်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ဝန်းရံဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ကြောင်း ဦးမိုးသူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ထက် ၂ နှစ်လောက်စောပြီး ထောင်ကထွက်လာခဲ့သည့် ဦးဝင်းတင်သည် ၂၀၀၈ ဖွဲ့စည်းပုံကို ပြတ်ပြတ်သားသာ ဆန့်ကျင်ခဲ့သူ ဖြစ်သော်လည်း ပါတီ၏ အများသဘောဆုံးဖြတ်ချက်ကို လိုက်နာခဲ့သည်။ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး လွန်ဆွဲကာလတွင်ပင် တချို့ပါတီ ခေါင်းဆောင်များထဲတွင် ခွဲထွက်၍ ပါတီထောင်သွားသူများရှိခဲ့သည်။
ဦးမိုးသူ က “၂၀၁၅ ရွှေးကောက်ပွဲအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဝန်းရံပေးမယ်လို့ ကျနော့်ကို ပြောတယ်။ အဲဒီနောက်ပိုင်းတော့ သူမပါတော့ဘူးတဲ့။ အခုတော့ ၂၀၁၅ ထိတောင် မရောက်နိုင်တော့ဘူး” ဟု ၂၀၁၄ ခုနှစ်က ဧရာဝတီ အင်တာဗျူးတွင် ပြောခဲ့သည်။
သတင်းစာဆရာနှင့် စာရေးဆရာကြီးလည်းဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်သူများ အနက် တဦးအပါအဝင်ဖြစ်သည့် ဦးဝင်းတင်သည် ပဲခူးတိုင်း ကြို့ပင်ကောက်တွင် ၁၉၃၀ ခုနှစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီ ၂၁ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန် ချိန်တွင် အသက် ၈၄ နှစ် ရှိပြီဖြစ်သည်။
ဦးဝင်းတင်သည် စစ်အာဏာရှင်လက်ထက်တွင် ထောင် ၁၉ ချခံခဲ့ရပြီး ရက်ရက် စက်စက် ညှင်းပန်း နှိပ်စက် ခံခဲ့ရသူ ဖြစ်သည်။ ထောက်လှမ်းရေး စစ်ကျောရေး လက်ချက်ဖြင့် သွားများ ပြောင်သလင်းခါခဲ့ရပြီး အာရုံကြောများ ပျက်စီးပြီး နားထိုင်းသည်အထိဖြစ်ခဲ့ရသည်။ အူကျရောဂါကိုလည်း ၅ လောက်ထိ ကုသခွင့်မပေးဘဲ ညှင်းပန်းခဲ့သည်။
ထောင်တွင်းနှစ်ရှည် ညှင်းပန်းနှိပ်စက်ခံရသည့် အတွင်းအပြင် ဒဏ်ရာများကြောင့်ပင် ဆုံးပါးခဲ့ရသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း ထိုကဲ့သို့သော နှိပ်စက်မှုများကိုပင် ရင်ဆိုင်ခဲ့ရသော်လည်း အာဏာရှင်ကို ဦးမညွှတ်ခဲ့ပေ။ ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင်လည်း ရဲရဲရင့်ရင့် ဆန့်ကျင် ရပ်တည်ခဲ့သည်။
ဒေါ်ဖြူဖြူသင်း က “အခုလက်ရှိ အနေအထားအရ ကြည့်မယ်ဆိုရင်တော့ အဲဒီအချိန်တုန်းက အဘတို့ ရပ်တည်ခဲ့တာ မှန်တာပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလောက်ကြီးကို ပြောရလို့ရှိရင် အခုလက်ရှိက လွှတ်တော်ထဲဝင်တာလည်း ၈ နှစ်လောက် ရှိပြီလေ။ ပထမ ၂၀၁၂ နဲ့ ၂၀၁၅ ကြားမှာလည်း ကြိုးစားပြီးပြင်ခဲ့သေးတယ်။ အဲဒီတုန်းကလည်း အခုလိုပဲ မရခဲ့ဘူး။ အခုဆိုလို့ရှိရင်လည်း ၅ နှစ်နီးပါးရှိပြီ။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ အနေအထားအရ၊ အခြေအနေအရ အပြောင်းအလဲတခုကို သွားကိုသွားရတော့မယ်။ လက်ရှိ အနေအထားအရ ပြင်ရမယ့် အနေအထားမှာ မပြင်ဘူး ဆိုတာကတော့ တိုင်းပြည်အတွက် တော်တော်လေးကို မကောင်းဘူး” ဟု ဆိုသည်။
ဦးဝင်းတင်သည် ၂၀၀၈ ဖွဲ့စည်းပုံ အသစ်ရေးဆွဲရေး လမ်းစဉ်ကို ကိုင်ဆွဲထားသူဖြစ်သလို ပါတီ၏ “ဝင်ပြင်” လမ်းစဉ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့သူဖြစ်သည်။ ထို့အတူ တိုင်းပြည်ပေါ် ၁၀ စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော စစ်အာဏာရှင် အပေါ်တွင်လည်း သဘောထားပြတ်သားသူဖြစ်သည်။
မုံရွာအောင်ရှင် က “ဆရာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောနဲ့ စစ်အာဏာရှင်နဲ့ ပတ်သက်လို့ လုံးဝ အယုံအကြည်မရှိဘူး။ ဆရာပြောတဲ့ စကားလုံး အားလုံးသိပါတယ်။ စစ်အာဏာရှင်ရဲ့ ကျေးဇူးဆိုလို့ ဒို့နိုင်ငံမှာ မူးလို့တောင် ရှူစရာမရှိဘူးဆိုတာ တကယ့်အမှန်ပဲ။ နောက်ဆရာက စစ်အာဏာရှင်နဲ့ ပတ်သက်လို့ ဘယ်တော့မှ လျှော့မတွက်ဘူး။ ဗျူဟာအရကို လျှော့မတွက်ဘူး။ ဆရာ့လမ်းစဉ်က စစ်အာဏာရှင်နဲ့ ပတ်သက်လို့ အပြုတ်တိုက်ရေးပဲ။ အဲဒါပဲ” ဟု ဦးဝင်းတင် ၏ ရပ်တည်ချက်ကို ရှင်းပြသွားသည်။
You may also like these stories: