ဆောင်းပါး

ဝ ဒေသမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မှာလား

Want create site? Find Free WordPress Themes and plugins.

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်း သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်းက အလည် အပတ်သွားခဲ့ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ခေါင်းဆောင်များနှင့် တွေ့ဆုံကာ လာမည့်ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းကြောင်း ယင်းဒေသများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်လား ဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ပြီးခဲ့သော ဖေဖော်ဝါရီ ၂၇ ရက်က ထိုတွေ့ဆုံမှုတွင် UEC ဥက္ကဋ္ဌ ဦးလှသိန်းက ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကူညီ ပေးပါရန် UWSP ခေါင်းဆောင်းများကို ပြောကြားခဲ့စဉ် ဦးရှောက်မင်လျံကလည်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် အတတ်နိုင်ဆုံး ပူးပေါင်း ပါဝင်မည်ဟု ပြောဆိုခဲ့ကြောင်း UWSP ၏ လက်နက်ကိုင် အဖွဲ့ဖြစ်သည့် UWSA ၏ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက ဧရာဝတီသို့ ပြောကြားသည်။

“ကျနော် သိသလောက် ကျနော်တို့ ဌာနချုပ်ကလည်း ပူးပေါင်းပါဝင်မှုတွေ ပြုလုပ်သွားမယ်။ အတတ်နိုင်ဆုံးပေါ့။ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။

ဦးလှသိန်းနှင့် ဦးရှောက်မင်လျံတို့သည် UWSA ထိန်းချုပ်ထားသည့် မိုင်းမော၊ ပန်ဝါ၊ ပန်ခမ်း (ပန်ဆန်း) နှင့် နားဖန်းမြို့များ တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ဆွေးနွေးခဲ့ကြောင်း ဦးညီရန်းက ပြောပြသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝဒေသရှိ ဟိုပန်နှင့် မက်မန်းမြို့နယ်များတွင်သာ ကျင်းပနိုင်ခဲ့ပြီး၊ အဆိုပါ မြို့နယ် ၄ခုတွင် ကျင်းပနိုင်ခြင်း မရှိပေ။

ဦးညီရန်းက “ကျနော်တို့ UWSA ထိန်းချုပ်နယ်မြေ ၄ မြို့နယ်ပေါ့။ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ တယ်ပေါ့။ ဒါပေမယ့် နောက်ထပ် ဆွေးနွေးမှုတွေ ပြင်ဆင်မှုတွေတော့ လိုအပ်ပါသေးတယ်” ဟုပြောသည်။

ဝ နိုင်ငံရေးပါတီ ၃ ခု ပေါင်းစည်းရေး အဖွဲ့ ခေါင်းဆောင် ဦးဆိုင်းပေါင်းနပ်(ထက်ဝေ၊ ဧရာဝတီ)

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အခြေစိုက်သည့် ဝ နိုင်ငံရေးပါတီများကလည်း ရွေးကောက်ပွဲ ကျင်းပခွင့်ရသည့် မြို့နယ် ၂ မြို့နယ် အပါအဝင် ဝ လူမျိုး အများစုရှိရာ ရှမ်းပြည်နယ် လားရှိုး၊ တန့်ယန်း၊ ကျိုင်းတုံ၊ တာချီလိတ် စသည့် မြို့များတွင်သာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် “ဝ”အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီက မက်မန်းမဲဆန္ဒနယ် အမှတ် (၁) တွင် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁ နေရာအတွက် အနိုင်ရခဲ့ပြီး၊ “ဝ” ဒီမိုကရက်တစ်ပါတီက ရှမ်းပြည်နယ် လွှတ်တော် အတွက် လွှတ်တော်ကိုယ်စားလှယ် ၂ နေရာနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁ နေရာ အနိုင် ရခဲ့သည်။

“ဝ”လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၆ ခုနှစ်မှ တရားဝင် ပါတီတည်ထောင်ခဲ့သဖြင့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိတွင် အဆိုပါ “ဝ”သုံးပါတီသည် ပူးပေါင်းကာ ဝအမျိုးသားပါတီ WNP အဖြစ် တည်ထောင်ထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ရာ ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ပါက ဝင်ရောက်ယှဉ်ပြိုင်မည်ဟု မျှော်လင့်ကြောင်း သိရသည်။

“အစိုးရက ခွင့်ပြုလို့ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းရဲ့ ၆ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရင် ကျနော်တို့က ၆ မြို့နယ် လုံး ဝင်ပြိုင်မယ်။ အဲဒီ ၆ ခု အပြင် ဝ တိုင်းရင်းသား အများစု အခြေချနေထိုင်တဲ့ ဝ တိုင်းရဲ့ ပြင်ပ မြို့နယ် တွေမှာလည်း ကျနော်တို့ ဝင်ပြိုင်မယ်” ဟု ဝ နိုင်ငံရေးပါတီ ၃ ခု ပေါင်းစည်းရေး အဖွဲ့ ခေါင်းဆောင် ဦးဆိုင်းပေါင်းနပ်က ဧရာဝတီသို့ ပြောကြားသည်။

ဆက်လက်၍ ၎င်းက “ကျနော်တို့ကတော့ အဲဒီဒေသတွေမှာ ရွေးကောက်ပွဲ သိပ်ဖြစ်စေချင်တာပေါ့ဗျာ။ ကျနော်တို့လည်း ပါတီ တည်ထောင်ခွင့် ရပြီးရင် ဒီကိစ္စလည်း ဆောင်ရွက်သွားမှာပဲ” ဟု မှတ်ချက်ပေးသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် UWSP ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းဆဲ အဆင့်သာ ရှိသေးသဖြင့် ရွေးကောက်ပွဲ ကျင်းပ၊ မကျင်းပဖြစ်မည်ကို မသိသေးကြောင်း ဦးဆိုင်းပေါင်းနပ်က ဆိုသည်။

“သူတို့ကြားထဲက ဘယ်လိုအနေအထားလေးတွေရှိလဲဆိုတာ ကျနော်တို့က မသိသေးဘူး။ ကျနော်တို့ သိလာတဲ့အချိန် နှစ်ဖက်လုံးရဲ့ အသံတွေ ကြားလာတဲ့အချိန်မှာ ဘယ်လိုဆက်ပြီး အောင်မြင်အောင် ကျနော်တို့ပံ့ပိုးနိုင်မလဲ ဆိုတာ လေ့လာ နေဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဝ အမျိုးသားပါတီက ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မျှော်လင့်နေသော်လည်း ဝ ဒေသရှိ ရွေးကောက်ပွဲ ကျင်းပခွင့် မရခဲ့ သည့် မြို့နယ်များတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် အလားအလာရှိ၊ မရှိကို UWSA နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှစ်ဖက်လုံးက တိတိပပ ပြောဆိုခြင်း မရှိသေးပေ။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ မြို့နယ် ၄ မြို့နယ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အလားအလာနှင့် ပတ်သက်၍ မေးမြန်းရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့ကမူ UWSA နှင့် အစိုးရတို့၏ ဆက်ဆံရေးသည် ကောင်းမွန်သည်ဟု ဆိုနိုင်သည့် အနေ အထားရှိပြီး UWSA ကသာ သဘောတူ ခွင့်ပြုပါက ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပ နိုင်သည့် အလားအလာရှိကြောင်း ဆိုသည်။

“ရွေးကောက်ပွဲမှာလည်း သူတို့ကသာ သဘောတူရင် အဲဒီဒေသတွေမှာ ရွေးကောက်ပွဲ လုပ်လို့ရပါတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက မှတ်ချက်ပေးသည်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို UWSA က အုပ်ချုပ်နေခြင်းဖြစ်ပြီး ၎င်းတို့၏ အုပ်ချုပ်ရေးကဏ္ဍကို မထိခိုက်ပါက UWSA ဘက်က ရွေးကောက်ပွဲ ကျင်းပခွင့်ပြုနိုင်သည့် အလားအလာရှိကြောင်း၊ UWSA ခေါင်းဆောင်များသည် အမျိုးသားလွှတ် တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်၏ အလုပ်လုပ်ပုံကို လေ့လာထားပြီး ဖြစ်နိုင်ကာ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး၏ အားသာချက် အားနည်းချက်များကိုလည်း သိရှိပြီး ဖြစ်နိုင်ကြောင်း ဦးရဲထွန်းက သုံးသပ်သည်။

လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံရေးအရ လွှတ်တော်တွင် ၎င်းတို့၏ အသံကို ထုတ်ဖော်နိုင်သည်ဖြစ်ရာ UWSA ၏ နိုင်ငံရေးမျှော်မှန်းချက်များကို လွှတ်တော်လမ်းကြောင်း မှတဆင့် ထုတ်ဖော်နိုင်ရန် UWSA ၏ မူဝါဒများကို ထင်ဟပ်သည့် ကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်စေချင်သည့် ဆန္ဒ UWSA ထံတွင် ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ လွှတ်တော်တွင် ကိုယ်စားလှယ်ရှိနေရန် လိုအပ်သည့် လမ်းကြောင်းမှာ ရွေးကောက်ပွဲ လမ်းကြောင်းသာ ဖြစ်၍ ရွေးကောက်ပွဲ ကျင်းပ ခွင့်ပြုရန် လိုအပ်လာမည်ဟု ဦးရဲထွန်းက ဆက်လက် သုံးသပ်သည်။

“လွှတ်တော်ကိုယ်စားလှယ်တွေကနေ တဆင့် UWSA ရဲ့ ရှေ့နိုင်ငံရေး မျှော်မှန်းချက်တွေကို အသံထွက်ပေးလို့ ရတာပေါ့။ ဥပမာ ပြည်နယ်အဆင့် တောင်းတဲ့ကိစ္စတို့ ဘာတို့ သူတို့ လုပ်လို့ရတယ်။ အဲဒီဟာအတွက်ကို သူတို့က လွှတ်တော်ထဲမှာ ပါချင်တယ်လို့ ထင်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

သို့သော် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အလားအလာ နည်းပါးသည်ဟု ယူဆသူများလည်း ရှိသည်။

UWSA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး နှစ်ဖက် သဘောတူညီချက် (Bilateral) သာ လက်မှတ်ရေးထိုးထားပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားခြင်း မရှိသဖြင့် နိုင်ငံရေး ဆွေးနွေးမှုများ မပြုလုပ်နိုင်သေးကြောင်း တိုင်းရင်းသားအရေး လေ့လာသုံးသပ်သည့် ဦးမောင်မောင်စိုးက ဆိုသည်။

လွှတ်တော်တွင် ကိုယ်စားလှယ် အဖြစ် ရောက်ရှိပါက ဒေသအုပ်ချုပ်ရေး ကိစ္စများပါ ဆွေးနွေးရနိုင်သည်ဖြစ်ရာ နှစ်ဖက် နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းထားမှု မရှိပါက ဝ ဒေသ အုပ်ချုပ်ရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် ကိုယ်စားလှယ်များ အကြား အငြင်းပွားမှုများ ရှိလာနိုင်သည်။

သို့ဖြစ်ရာ နိုင်ငံရေးအရ နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုများ မရှိဘဲ UWSA က ရွေးကောက်ပွဲ ကျင်းပခွင့်ပြုမည်ဆိုသည်မှာ အလားအလာနည်းကြောင်း ဦးမောင်မောင်စိုးက သုံးသပ်သည်။

“အကယ်၍ သူတို့ရဲ့ ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲနိုင်ပြီး လွှတ်တော်ထဲ ရောက်မယ်ဆိုရင် ဒီဒေသရဲ့ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီး စနစ်တကျ ဆွေးနွေးထားတာမရှိဘူး။ ရွေးကောက်ပွဲဖြစ်နိုင်ချေက ကျနော့်အထင်က နည်းတယ်လို့ ထင်ပါ တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

UEC ဥက္ကဋ္ဌ ဦးလှသိန်းနှင့် တွေ့ဆုံစဉ်တွင် UWSP ဥက္ကဋ္ဌ ဦးရှောက်မင်လျံက အချက် ၈ ချက် တောင်းဆိုထားပြီး ယင်းအချက်များတွင် မည်သည့် အကြောင်းအရာများ ပါဝင်သည် ဆိုသည့်အချက်သည်လည်း ရှင်းရှင်းလင်း မသိရသေးပေ။

သို့ဖြစ်ရာ ဝ ဒေသတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မကျင်းပနိုင်မည်ဆိုသည့်အချက်မှာ ဆက်လက်စောင့်ကြည့်ရန် လိုမည်ဖြစ်ကြောင်း ဦးမောင်မောင်စိုးက ပြောကြားသည်။

“ဒီတောင်းဆိုချက်ထဲမှာ ဘာတွေပါသလဲ။ အစိုးရက လက်ခံနိုင်သလား။ တပ်မတော်က လက်ခံနိုင်သလား။ ကျနော်တို့ မသိသေးပါဘူး။ အဲဒီအခြေအနေကို ကျနော်တို့ စောင့်ကြည့်ရဦးမယ်ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

UWSA က ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့ စုစုပေါင်း မြို့နယ် ၆ ခုကို ဝ ပြည်နယ်ဟု သဘော ထားပြီး ပြည်နယ်အဖြစ် သတ်မှတ်ပေးရန်လည်း တောင်းဆိုထားသည်။

အစိုးရကမူ ယင်းမြို့နယ် ခြောက်ခုကို ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဟုသာ အသိအမှတ်ပြုထားသည်။ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ဝ လူမျိုး ၅ သိန်းခန့် နေထိုင်သည်။

ဝ ဒေသတွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြုမည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် လက်ခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း လိုက်နာဆောင်ရွက်ရမည့် နောက်ဆက်တွဲများ ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသ ဦးစီးအဖွဲ့ကို အနည်းဆုံး အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၇၆ (ဃ) တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို ဖွဲ့စည်းရာတွင် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အပြင် လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ် ရေးရာ တာဝန်ဖြစ်စေ ပေးနိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့် အညီ အမည်စာရင်း တင်သွင်းသော ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဟု ဖော်ပြထားသည်။

ရွေးကောက်ပွဲ ကျင်းပ ခွင့်ပြုလိုက်ပြီးနောက် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ အုပ်ချုပ်ရေး ကဏ္ဍ၌ တပ်မတော် သား ကိုယ်စားလှယ်များ ပါဝင်လာနိုင်သည့် အခင်းအကျင်းမျိုးလည်း ရှိနေသည်ဖြစ်ရာ ယင်းသို့ဖြစ်လာမည့် အခြေအနေကို UWSA က လက်ခံပါမည်လား ဆိုသည်မှာ စဉ်းစားစရာရှိသည်။

နိုင်ငံရေးလေ့လာသုံးသပ်သည့် ဦးရဲထွန်းကမူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်သာ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ပါဝင်ပြီး နိုင်ငံရေးအရ အသံထွက်နိုင်ရန်သာ UWSA ကမျှော်မှန်းထားပါက ရွေးကောက်ပွဲ ကျင်းပခွင့်ပြုရန် UWSA အတွက် ကြီးမားသည့် အခက်အခဲရှိမည် မဟုတ်ကြောင်း ဆိုသည်။

သို့သော် ဒေသအုပ်ချုပ်ရေးကို ရွေးကောက်ပွဲမှ တဆင့် အသိအမှတ်ပြုမှုများ ရှိလာမည်ဆိုပါက UWSA သည် ရွေးကောက် ပွဲ ကျင်းပခွင့်ပြုရန် တွန့်ဆုတ်သွားနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

“ပြည်နယ်ရွေးကောက်ပွဲတွေမှာ လုပ်မယ်ဆိုရင် အုပ်ချုပ်ရေးကိစ္စကို ရွေးကောက်ပွဲနဲ့ အသိအမှတ်ပြုတာ ပါလာပြီ။ ပါလာ တဲ့အခါကျတော့ ဖွဲ့စည်းပုံကို လိုက်နာဖို့တွေလည်း ပါလာပြီ။ ပါလာတော့ သူတို့အဲဒီဟာကို အဆင်သင့်ဖြစ်ပြီလား။ ကျနော့် အတွေးအရတော့ အဲဒါက သူတို့နဲ့ သိပ်မကိုက်ညီ လောက်ဘူး” ဟု ဆိုသည်။

အချုပ်အားဖြင့် ဆိုရလျှင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပဖြစ်မည် မကျင်းပဖြစ်မည် ဆိုသည်မှာ ရွေးကောက်ပွဲ ကော်မရှင်နှင့် UWSA ခေါင်းဆောင်များက တရားဝင်ထုတ်မပြောသေးသဖြင့် မသေချာဘဲ ဝေခွဲရခက်သည့် အခြေအနေ ဖြစ်နေသည်။

အကယ်၍သာ ရွေးကောက်ပွဲ ကျင်းပခွင့်ရမည်ဆိုလျှင် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ UWSA ထိန်းချုပ်ထားသော မြို့နယ် ၄ ခုသည် ပထမဆုံး အကြိမ် ရွေးကောက်ပွဲ ကျင်းပခွင့်ရသည့် မြို့နယ်များ ဖြစ်လာနိုင်သည်။

UWSA က ရွေးကောက်ပွဲကို အတတ်နိုင်ဆုံး ပူးပေါင်းကူညီပါမည်ဟု ပြောဆိုထားသည်ဖြစ်ရာ မည်ကဲ့သို့ ပူးပေါင်းကူညီ မည်ဆိုသည်မှာလည်း ဆက်လက်စောင့်ကြည့်ရဖွယ် ရှိနေသည်။

မည်သို့ပင်ဖြစ်စေ ဝ နိုင်ငံရေးပါတီ ၃ ခု ပူးပေါင်းထားသည့် ဝ အမျိုးသားပါတီ ဖြစ်မြောက်ရေး အဖွဲ့ခေါင်းဆောင် ဦးဆိုင်းပေါင်းနပ်ကမူ ရွေးကောက်ပွဲ ကျင်းပဖြစ်၍ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရပြီးပါက ဝ ဒေသဖွံ့ဖြိုးရေးကိစ္စများကို လွှတ်တော်တွင် တရားဝင် ပြောဆိုဆွေးနွေးခွင့် ရလာမည်ဖြစ်ကြောင်း ပြောဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝ ဒေသရှိ UWSA ထိန်းချုပ်ထားသော မြို့နယ် ၄ မြို့နယ်တွင် ကျင်းပနိုင်မည့် အခြေအနေ မည်သို့ရှိသည်ကို ဦးဆိုင်းပေါင်းနပ်အား မေးမြန်းရာ “တကယ်လို့ ပါဝင် ပူးပေါင်းမယ် ဆိုရင်တော့ အလားအလာ အများကြီး ကောင်းတာပေါ့။ ဒါပေမယ့်လည်း ရွေးကောက်ပွဲ ဖြစ်၊ မဖြစ် ပြောရင်တော့ ပြောဖို့ အများကြီးစောသေးတာပေါ့” ဟု သုံးသပ်သည်။

You may also like these stories:

“ဝ” ဒေသသို့ ဒေါ်အောင်ဆန်းစုကြည် လာလည်ရန် UWSP ထပ်မံဖိတ်ခေါ်

၂၀၂၀ ရွေးကောက်ပွဲမှာ လူငယ်ကိုယ်စားလှယ်လောင်းပါဝင်မှု ပိုများလာမလား

ဝတောင်တန်းပေါ် UWSA အင်အားပြနေသည်

Did you find apk for android? You can find new Free Android Games and apps.
Loading