ဆောင်းပါး

အင်အားကြီးနိုင်ငံများ ကချင်ပါတီနှင့် ဆက်ဆံရေးလမ်းခင်းလာ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ အမေရိကန် သံရုံးမှ စီးပွားရေးအရာရှိတဦးနှင့် ရန်ကုန်ရှိ တရုတ်သံရုံးမှ သံမှူးကြီးတဦးတို့သည် လူထုထောက်ခံမှုမြင့်မားသည့် ကချင်ပါတီတခုနှင့် လွန်ခဲ့သောတပတ်က သီးခြားစီဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ ဆွေးနွေးသော အကြောင်းအရာများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှသည် နိုင်ငံရေးနှင့် ကချင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများအထိ ပါဝင်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ခေါင်းဆောင်များသည် ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ကြာသပတေးနေ့နံနက်က တရုတ်သံရုံးမှ သံမှူးကြီးနှင့်တွေ့ဆုံပြီး ညနေပိုင်းတွင် အမေရိကန်ကိုယ်စားလှယ် အဖွဲ့နှင့်တွေ့ဆုံသည်။ ထိုခေါင်းဆောင်များသည် နောက်တနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ဆော်ရက်ကူးမားနှင့် တွေ့ဆုံသည်။ ထိုပါတီခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဖက်ရှိ အင်အားကြီးသော အိမ်နီးချင်း သံတမန်နှင့် ပထမဆုံးတွေ့ဆုံသော အစည်းအဝေးလည်းဖြစ်သည်။

လူထုထောက်ခံမှုမြင့်မားသည် ကချင်ပါတီများပေါင်းစပ်ဖွဲ့စည်းထားသော KSPP သည် ကချင်ပြည်သူများကို ကိုယ်စားပြုသည့် အင်အားကြီးမားသော ပါတီဖြစ်သည်။ တရုတ်နိုင်ငံယူနန်ပြည်နယ်နှင့် ကပ်လျှက် တည်ရှိသော ကချင်ပြည်နယ်သည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) တွင် သေနင်္ဂဗျူဟာအရ အရေးပါသည်။ ဒေသတဝှမ်း အခြေခံအဆောက်အအုံ ကွန်ရက်ဖြစ်သော ထိုစီမံကိန်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အဓိက နိုင်ငံခြားရေးမူဝါဒ အစီအစဉ်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် တရုတ်-မြန်မာစီးပွားရေး စင်္ကြန် (CMEC) ထူထောင်ရေး နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် စတင်ပြီး BRI ၏ တရားဝင်အဖွဲ့ဝင် ဖြစ်လာသည်။

ကချင်ပြည်နယ်သည် ရေကာတာများ၊ သတ္တုတူးဖော်ရေးနှင့် စက်မှုလုပ်ငန်း စီမံကိန်းများအပါအဝင် တစ်ရှူး ယဉ်ကျေးမှုဆိုင်ရာ ငှက်ပျောစိုက်ခင်းများအပါအဝင် ကြီးမားသော တရုတ်ရင်းနှီးမြှုပ်နှံမှုများကို နေရာယူထားပြီးဖြစ်သည်။ BRI အစီအစဉ်အရ တရုတ်နိုင်ငံသည် လီဒိုလမ်းမြ်ကီးတလျှောက် မြေဧက ၄၇၀၀ တွင် မြစ်ကြီးနား စီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ (ကျပ် ၅၄၅ ဘီလျံ) နှင့် နယ်စပ်မြို့ ကန်ပိုက်တီးတွင် စက်မှုဇုန်တခုအတွက် အမေရိကန်ဒေါ်လာ ၂၂.၄ သန်းမြှုပ်နှံရန် စီစဉ်ထားသည်။

BRI စီမံကိန်းအရ ကချင်ပြည်နယ်သည် တရုတ်-မြန်မာ ဧရာဝတီ စီးပွားရေး စင်္ကြန်တွင်လည်း အရေးကြီးသော အခန်းမှပါဝင်နေသည်။ ထိုစင်္ကြန်သည် ကူမင်းမှစတင်ပြီး ယူနန်ပြည်နယ်လုံချွန်းကိုဖြတ်ကာ ကချင်ပြည်နယ် ဗန်းမော်မှ ရန်ကုန်နှင့် အိန္ဒိယ သမုဒ္ဒရာကို ဆက်သွယ်မည့် ကုန်လမ်းနှင့်ရေကြောင်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်သည်။

ကချင်နှစ်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်နှင့် အိန္ဒိယ သံအမတ် ဆူရတ်ကူးမားတို့ မြစ်ကြီးနားတွင် တွေ့ဆုံစဉ်/KBC

အိန္ဒိယ သံအမတ်က ဖြစ်နိုင်ခြေရှိသော ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုရန် နည်းလမ်းများနှင့် ပတ်သက်ပြီး KSPP ၏ ဒုတိယ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကွမ်ဂေါင် အောင်ခမ်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“အိန္ဒိယ နိုင်ငံက လီဒိုလမ်းမကြီးကို ပြန်လည်တည်ဆောက်ဖို့ စဉ်းစားနေတယ်။ ဒါပေမယ့် သူတို့က တရုတ်ပို့ကုန်တွေ သူတို့ဆီပို့ပြီး စီးဆင်းလာမှာကိုလည်း တဖက်မှာလည်း စိုးရိမ်နေတယ်” ဟု သူက ပြောသည်။

ဒုတိယကမ္ဘာစစ်အတွင်းက အနောက်နိုင်ငံမဟာမိတ်များသည် တရုတ်နိုင်ငံသို့ ထောက်ပံ့ရန်နှင့် ဂျပန်တပ်များတိုက်ခိုက်ရာတွင် အထောက်အကူဖြစ်စေရန် လီဒိုလမ်းမကြီးကို တည်ဆောက်ခဲ့သည်။

ထို့ကြောင့် လီဒိုလမ်းမကြီးသည် အိန္ဒိယနိုင်ငံအာသံပြည်နယ်နှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ ကူမင်းတို့ကို ကုန်းလမ်းဖြင့်ဆက်သွယ်ထားခဲ့သည်။

အိန္ဒိယသည် BRI စီမံကိန်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သော်လည်း တရုတ်သည် ဒေသအား မဟာဗျူဟာ ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပြီး အိန္ဒိယကို BRI ၏ အစိတ်အပိုင်းအဖြစ်ချိတ်ဆက်ရန် အန္တိမ ရည်မှန်းချက်ထားရှိခဲ့သည်။

“လီဒိုလမ်းရဲ့ အရေးပါတဲ့အနေအထားနဲ့ ပတ်သက်ပြီး အိန္ဒိယက ကျနော်တို့ရဲ့ သဘောထားကို သိချင်နေတယ်။ ကျနော်တို့အနေနဲ့က အိန္ဒိယနဲ့ဆက်ဆံရေး အထူးသဖြင့် စီးပွားရေးဆက်ဆံရေး တိုးတက်ဖို့ ဒီလမ်းက အထောက်အကူပြုမယ်လို့ထင်တယ်” ဟု ဦးအောင်ခမ်းက ပြောသည်။

မကြာသေးမီနှစ်များအတွင်း မြန်မာအစိုးရအနေဖြင့် လက်ရှိ လားရှိုး – ကူမင်း Burma Road နှင့် အစားထိုးရန်အတွက် လီဒိုလမ်း ပြန်လည်ဖောက်လုပ်ရနန် အိန္ဒိယကို တောင်းဆိုခဲ့သည်။

မကြာသေးမီနှစ်များအတွင်း မြန်မာအစိုးရသည် လက်ရှိ လားရှိုးကူမင်း မြန်မာလမ်း၏ အခြားလမ်းကြောင်းအဖြစ် လီဒိုလမ်းကို ပြန်လည်တည်ဆောက်ရန် အိန္ဒိယကိုပြောသည်ဟု သတင်းများကဆိုသည်။ လက်ရှိအချိန်တွင် မြစ်ကြီးနားမှ ရှင်ဘွေယံသို့သွာသည့် လမ်းပိုင်းတွင်သာ ကားများမောင်းနှင်နိုင်သည်။ ကျန်လမ်းပိုင်းအားလုံးကို ပြန်လည်တည်ဆောက်ရမည်ဖြစ်သည်။

မြန်မာနှင့် အိန္ဒိယအရှေ့မြောက်ပိုင်းသည်နယ်နမိတ်ချင်း ၁၆၂၄ ကီလိုမီတာ ထိစပ်နေပြီး မြန်မာနိုင်ငံ၏ ပထဝီအနေအထားသည် အိန္ဒိယ၏ “အရှေ့မျှော်’’ မူဝါဒတွင် အဓိကအခန်းမှပါဝင်သည်။ ထိုမူဝါဒသည် အရှေ့တောင်အာရှနှင့် အရှေ့အာရှတို့နှင့် စီးပွားရေးပေါင်းစည်းရန်နှင့် ဒေသတွင်း တရုတ်သြဇာကို ချိန်ခွင်လျှာညှိရန် ရည်ရွယ်သည်။

လတ်တလောတွင် အိန္ဒိယသည် ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းအပါအဝင် မြန်မာနိုင်ငံရှိ အခြေခံအဆောက်အအုံ စီမံကိန်းအများအပြားတွင် ပါဝင်လုပ်ဆောင်နေသည်။ ထိုစီမံကိန်းသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဆိပ်ကမ်းမြို့ ကိုလ်ကတ္တားနှင့် ရခိုင်ပြည်နယ်မှ စစ်တွေရေနက်ဆိပ်ကမ်းကို ဆက်သွယ်ရန် ရည်ရွယ်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ ကိုယ်စားလှယ်များနှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားတွင် တွေ့ဆုံစဉ်/KSPP

နယူးဒေလီ၏ သေနင်္ဂဗျူဟာ ရည်မှန်းချက်မှာ စစ်တွေဆိပ်ကမ်းပတ်ဝန်းကျင်တွင် အထူးစီးပွားရေးဇုန်ထူထောင်ပြီး ထိုသို့လုပ်ဆောင်ဖြင့် ဖြင့် ရခိုင်ပြည်နယ်တွင် ခြေကုပ်ယူကာ ဘင်္ဂလားပင်လယ်အောင်တွင် အိန္ဒိယ၏ သြဇာကို မြှင့်တင်ရန်ဖြစ်သည်။ စစ်တွေဆိပ်ကမ်းသည် တရုတ်နိုင်ငံကငွေကြေးစိုက်ထုတ်သည့် ကျောက်ဖြူဆိပ်ကမ်းနှင့် အားပြိုင်ရန်ဖြစ်သည်။ ကျောက်ဖြူဆိပ်ကမ်းသည် ရခိုင်ပြည်နယ်တွင် ပထဝီသေနင်္ဂဗျူဟာအရ တရုတ်တို့ ခြေကုပ်ယူသော စီမံကိန်းဖြစ်သည်။

“သံအမတ်ကြီးက ကချင်ပြည်နယ်က တရုတ်ရင်းနှီးမြှုပ်နှံမှုတွေအကြောင်းလည်း မေးတယ်။ အိန္ဒိယက ကချင်ပြည်နယ်နဲ့ထိတွေ့ဆက်ဆံမှု အထူးသဖြင့် စီးပွားရေးနက်ရှိုင်းအောင်ပိုမိုလုပ်ဖို့ နည်းလမ်းရှာမယ်လို့လည်း ပြောတယ်” ဟု ဦးအောင်ခမ်းက ပြောသည်။

“ကချင်ပြည်နယ်မှာ တရုတ်သြဇာကြီးထွားနေတာကို သူတို့သတိထားမိပုံရတယ်။ ဒီနေရာမှာ တရုတ်က ချည်းပဲလွှမ်းမိုးသွားတာမျိုးကို သူတို့ မြင်ချင်ပုံမရဘူး” ဟု သူက ပြောသည်။

အိန္ဒိယ သံအမတ်ကြီးသည် ကချင်နှစ်ခြင်းအသင်းတော် ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခါလမ် ဆမ်ဆွန်နှင့်လည်း တွေ့ဆုံခဲ့သည်။ ၎င်းတို့သည် လီဒိုလမ်းစီမံကိန်းနှင့် အိန္ဒိယက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရေးနှင့် ကချင်ပြည်နယ်တဝှမ်းမှ စစ်ဘေးရှောင်များနေရပ်ပြန်ရေး အဆင်ပြေရေးတို့ကိုလည်း ဆွေးနွေးကြသည်။

“ကချင်ပြည်သူတွေ အိန္ဒိယက ကူညီလိုတယ်လို့ သံအမတ်ကြီးက ပြောတယ်။ ကျနော်တို့နဲ့ ဆက်ဆံရေး ပိုမိုကောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို အိန္ဒိယက သိချင်နေတယ်” ဟု ဒေါက်တာဆန်ဆွမ်က ပြောသည်။

‘သံအမတ်ကြီးက ကချင်မဟာမိတ်ပါတီအကြောင်းနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဒီပါတီရဲ့ အလားအလာကိုလည်း မေးတယ်’’ ဟု သူက ဆိုသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီမယ်ဆိုရင် အစိုးရရဲ့စကားကိုပဲနားထောင်လို့ မရဘူး၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စကားပြောဖို့ သူတို့ရဲ့အသံကိုလည်း နားထောင်ဖို့ လိုအပ်တယ်လို့လည်း ကျနော်ပြောလိုက်တယ်” ဟု ဒေါက်တာ ဆန်ဆွမ်က ပြောသည်။

KSPP မှ တာဝန်ရှိသူများသည် အမေရိကန်သံရုံးမှ စီးပွားရေးအရာရှိ ကယ်လီတက်နှင့်လည်း ကြာသပတေးနေ့ ညနေက တွေ့ဆုံခဲ့သည်။ သူသည် မြစ်ကြီးနားသို့ ပထမဆုံးရောက်ရှိလာသော အမေရိကန် အရာရှိမဟုတ်ပေ။

နိုဝင်ဘာလက အမေရိကန်သံအမတ် စကော့မာရှယ်သည် KSPP ခေါင်းဆောင်များအပါအဝင် ကချင်ခေါင်းဆောင် အများအပြားနှင့် မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ပြီး ကချင်ပြည်နယ် နိုင်ငံရေးတိုးတက်မှုနှင့် စီးပွားရေးတိုးတတ်မှုကို ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒီတခါတော့ အမေရိကန်အရာရှိတွေက ကချင်ပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ အထူးသဖြင့် စိုက်ပျိုးရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဖြစ်နိုင်ချေရှိတဲ့ အခွင့်အလမ်းတွေကို သိချင်ကြတယ်” ဟု အောင်ခမ်းက ပြောသည်။

“ရွေးကောက်ပွဲကိစ္စတွေကိုလည်း ကျနော်တို့ပြောတယ်” ဟု သူက ပြောသည်။

မြစ်ကြီးနားတွင် ဆက်သွယ်ရေးရုံးများဖွင့်ရန် KSPP က အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်ကို ပြောကြားနေသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။

“ဒီမှာ တရုတ်သြဇာ ကြီးထွားနေလို့ သူတို့က ကျနော်တို့ကို သတိထားစောင့်ကြည့်နေပုံရတယ်” ဟုလည်း အောင်ခမ်းက ပြောသည်။

“ပုဂ္ဂလိက အမြင်အရ ပြောရရင် ပြည်တွင်းစစ်ကြောင့် မတည်ငြိမ်သေးတဲ့ အခြေအနေကြောင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှု အကောင်အထည်ဖော်ဖို့ ခက်နေဦးမယ်လို့ ကျနော်ထင်တယ်” ဟုလည်း သူက ပြောသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း တရုတ်သံရုံးမှအရာရှိက KSPP ဥက္ကဋ္ဌ မနန် တူးဂျာနှင့် တွေ့ဆုံသော အစည်းအဝေးတွင်ပြောခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် ၂၀၁၇ ခုနှစ်တွင် အရေးပါလာပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အထူးသဖြင့် တရုတ်နယ်စပ်တလျှောက် လှုပ်ရှားနေပြီး အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးသော အဖွဲ့များ အကြားတွင် ငြိမ်းချမ်းရေးပွဲစားအဖြစ် လုပ်ဆောင်လာသည်။

“စီးပွားရေး သဘောတူညီချက်တွေ မတိုင်ခင် ငြိမ်းချမ်းရေးအရင်ရအောင်လုပ်ရမယ်လို့ ကျနော်သူတို့ကို ပြောလိုက်တယ်။ ကချင်ပြည်နယ်ငြိမ်းချမ်းပြီးမှ စီမံကိန်းတွေ အကောင်အထည်ဖော်သင့်တယ်လို့ ပြောခဲ့တယ်” ဟု မနန်တူးဂျာက ပြောသည်။ တရုတ်အရာရှိများသည် လာမည့်ရွေးကောက်ပွဲတွင် KSPP ၏ အလားအလာကိုလည်း ဆွေးနွေးခဲ့သည်။

တရုတ်သံအမတ် ချန်ဟိုင်သည် နိုဝင်ဘာလက မြစ်ကြီးနားသို့ သွားရောက်သော်လည်း အစိုးရအရာရှိများ၊ တရုတ်ကုမ္ပဏီများမှ ကိုယ်စားလှယ်များနှင့် ကချင်ပြည်နယ်တွင် နေထိုင်သော တရုတ်များကိုသာ တွေ့ဆုံခဲ့သည်။ ၂၀၁၉ ခုနှစ် နှစ်လယ်တွင် သံအမတ်တာဝန် စတင်ထမ်းဆောင်ပြီးနောက် သူသည် KSPP မှ နိုင်ငံရေးသမားများနှင့် တရားဝင် တွေ့ဆုံခြင်းမရှိသေးပေ။ မနန်တူးဂျာ၏ အဆိုအရ တရုတ်သံမှူးကြီး၏ ခရီးစဉ်သည် မကြာမီ တရုတ်သံအမတ်၏ မြစ်ကြီးနား ခရီးအတွက် ပြင်ဆင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရသည် မကြာသေးမီက BRI ၏ အစိတ်အပိုင်းအဖြစ် ကန်ပိုက်တီးတွင် စီးပွားရေးဇုန်ထူထောင်ရန် တရုတ်ကျောထောက်နောက်ခံပြု ကုမ္ပဏီ တခုနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် ထိုစီမံကိန်းသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း ဒေသခံများက ဝေဖန်နေသည်။

KSPP က ထိုအကြောင်းကြောင့်ပင် မြစ်ကြီးနားစီးပွားရေးဇုန်နှင့် ကန်ပိုက်တီးစီးပွားရေးဇုန်များကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း သူတို့ပြောခဲ့သည်ဟု အောင်ခမ်းက ပြောသည်။

“တရုတ်နိုင်ငံအနေနဲ့ ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုကိုလေးစားသင့်တယ်။ ကချင်ပြည်နယ်မှာ ဖက်ဒရယ်စနစ် အောင်မြင်စွာထူထောင်ပြီးမှ ဒီလိုစီမံကိန်းတွေကိုလုပ်သင့်တယ်လို့ သူတို့ကို ကျနော်တို့ပြောလိုက်တယ်” ဟု အောင်ခမ်းက ပြောသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ ကိုယ်စားလှယ်များနှင့် တရုတ်သံရုံး ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားတွင် တွေ့ဆုံစဉ်/KSPP

ကချင်ပြည်နယ်၏ သေနင်္ဂဗျူဟာကျသော အနေအထားသည် မြန်မာနိုင်ငံတွင် တရုတ်သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာ ညှိလိုသော ဂျပန်နိုင်ငံကိုလည်း ဆွဲဆောင်နေသည်။ လွန်ခဲ့သောနှစ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တရားဝင်မှတ်ပုံတင်ခွင့် ရရှိပြီးနောက် KSPP ခေါင်းဆောင်များကို ပထမဆုံးတွေ့ဆုံခဲ့သော ပထမဆုံးနိုင်ငံခြား သံတမန်မှာ ဂျပန်သံအမတ်ကြီး အီချီရို မာရူယာမ ဖြစ်သည်။

မြန်မာနိုင်ငံက တရုတ်ဖက်သို့ယိမ်းနေခြင်းကို လေ့လာသူအများအပြားက ဝေဖန်ကြသည်။ ရခိုင်ပြည်နယ်မှ အကျပ်အတည်းကြောင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံကို ပစ်ပယ်နေချိန်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကူညီနေသည်။ မြန်မာနိုင်ငံအပေါ် အနောက်တိုင်းမှ ပြင်းထန်သော ဖိအားများအကြားတွင် တရုတ်နိုင်ငံသည် ရခိုင်အကျပ်အတည်းနှင့် ပတ်သက်ပြီး နေပြည်တော်ကို ထောက်ခံကြောင်း ပြသသည်။ NLD အစိုးရခေတ်တွင် နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုနီးစပ်လာကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ယခုနှစ်အစောပိုင်းက တရုတ်သမ္မတ ရှီ၏ မြန်မာနိုင်ငံခရီးစဉ်ကြောင့် ဒေသတွင်း အင်အားကြီး နိုင်ငံများကို မြန်မာနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်အောင် လူပ်ဆောင်ရန် လိုကြောင်း သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ တရုတ်သမ္မတ၏ ခရီးစဉ်အတွင်း တရုတ်နှင့် မြန်မာနိုင်ငံတို့သည် ကချင်ပြည်နယ်မှ စစ်ဘေးရှောင်များနေရပ်ပြန်ရေး စီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့လာရန် လက်မှတ်ရေးထိုးခဲ့သည်။

အမေရိကန်နိုင်ငံသည် ကချင်ပြည်နယ်တွင် စီးပွားရေးလုပ်ငန်းမစတင်သေးသော်လည်း တရုတ်သြဇာလွှမ်းမိုးမှုကိုချိန်ခွင်လျှာညှိရန် ဖြစ်နိုင်သော အားထုတ်မှုအားလုံးကို လုပ်ဆောင်နေကြောင်း ဒေါက်တာ ဆန်ဆွမ်ပြောသည်။

“အိန္ဒိယက ကျနော်တို့ကို တိုက်ရိုက်ဆက်သွယ်လာတာ ဒါပထမဆုံးပဲ” ဟုလည်း သူက ပြောသည်။

“ရှီရဲ့ခရီးစဉ်က အင်အားကြီးနိုင်ငံတွေအနေနဲ့ နောက်ဆုတ်ထိုင်နေဖို့အချိန် မဟုတ်တော့ဘူးဆိုတာကို အချက်ပေးလိုက်တယ်။ သူတို့အနေနဲ့ ဒီမှာ စီးပွားရေးတိုးတက်မှုအတွက် လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့လည်း လိုလိမ့်မယ်” ဟုလည်း ဒေါက်တာဆန်ဆွမ်က ပြောသည်။

(Nan Lwin ၏ Major Powers Beat a Path to Prominent Kachin Party’s Door in Northern Myanmar  ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

တရုတ်ပစ်မှတ် ဖြစ်လာသည့် ကရင်လက်နက်ကိုင် လှုပ်ရှားနယ်မြေများ

ပြည်နယ် အခြေခံတဲ့ နိုင်ငံရေးစနစ် ထွန်းကားဖို့ ပြည်နယ်နိုင်ငံရေး ပါတီတွေကို မဲပေးဖို့ လိုတယ်

ကုလားတန်မြစ်တလျှောက်မှ ရွာ ၂၀ကျော် တိုက်ပွဲကြောင့် နေရပ်စွန့် ထွက်ပြေး

Did you find apk for android? You can find new Free Android Games and apps.
Loading