ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါ၏ နောက်ဆက်တွဲ ရိုက်ခတ်မှု အနေဖြင့် ကမ္ဘာ့နိုင်ငံအနှံ့အပြား၌ စီးပွားရေး ထိခိုက်မှုကို စတင် ခံစားနေကြရပြီး ထိုထိခိုက်မှုထဲတွင် မြန်မာလည်း ပါဝင်လာသည်။
တနိုင်ငံနှင့်တနိုင်ငံ ချိတ်ဆက်ထားသဖြင့် တနိုင်ငံထိသည်နှင့် ကျန်သည့် အချိတ်အဆက်များပါ လှုပ်ခတ်လာသည့် သဘောအတိုင်းပင် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါသစ် တမျိုး၏ ကူးစက်ပြန့်ပွားမှု လက်တံသည် ကမ္ဘာ့နိုင်ငံ ၁၂၀ နီးပါးထိ ရောက်ရှိလာပြီ ဖြစ်သည်။
အင်အားကြီး တရုတ်နိုင်ငံ အနေဖြင့် ကိုရိုနာဒဏ်ကြောင့် စီးပွားရေး အထိနာမှု များစွာ ရှိခဲ့သလိုပင် တရုတ်နှင့် ချိတ်ဆက် နေသည့် နိုင်ငံ အများအပြားမှာလည်း စီးပွားရေး ကျဆင်းမှု စတင် ခံစားနေကြရသည်။
မြန်မာနိုင်ငံ အနေဖြင့်လည်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုအပိုင်း အပါအဝင် ကဏ္ဍအများစုမှာ တရုတ်နိုင်ငံအပေါ် မူတည် နေပြီး ယခု ဖြစ်ရပ်ကြောင့် ကဏ္ဍများစွာ ထိခိုက်နစ်နာမှု ကြီးမားခဲ့သည်။
မြန်မာ့ ပို့ကုန်များ
နှစ်များစွာကပင် မြန်မာပြည်က ထွက်ရှိသည့် လယ်ယာ ထွက်ကုန်မှစ၍၊ သစ်သီးဝလံ၊ မွေးမြူရေး ထွက်ကုန်၊ ရေထွက် ကုန်၊ စက်မှုကုန်ကြမ်း ပစ္စည်းများ အစရှိသည်တို့သည် နယ်စပ်လမ်းကြောင်းမှ များသောအားဖြင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေပြီး လက်ရှိ အချိန်တွင်မူ အဆိုပါ ပို့ကုန်များမှာ ရပ်ဆိုင်းလုနီးပါး အခြေအနေတွင် ရှိနေသည်။
ကမ္ဘာ့ကုန်သွယ်ရေး နှေးကွေးသွားခြင်းနှင့် ကမ္ဘာ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် အဓိက ကုန်ကြမ်း ရရှိနေသော တရုတ်နိုင်ငံရှိ စက်ရုံ အလုပ်ရုံများ ရပ်ဆိုင်းနေခြင်းကြောင့် တရုတ်ပြင်ပ နိုင်ငံတော်တော်များများက အထည်ချုပ် လုပ်ငန်း အပါအဝင် အခြား စက်မှုကုန်ထုတ် လုပ်ငန်းများသည်လည်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေကာ တချို့သည် ရပ်ဆိုင်းနေကြပြီ ဖြစ်သည်။
ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေး၊ ကုန်ထုတ်လုပ်မှု၊ စတော့ဈေးကွက်များ အပါအဝင် ကမ္ဘာ့စီးပွားရေးလုပ်ငန်း အားလုံးလို လို ကျဆင်းသွားခြင်းကြောင့် အမေရိကန်ဒေါ်လာ အပါအဝင် ကမ္ဘာ့ငွေကြေး အားလုံးသည်လည်း ကျဆင်းလာလျက် ရှိ သည်။
ထိုသို့ ကမ္ဘာ့ငွေကြေးများ ကျဆင်းလာခြင်းသည် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ဖြင့် အဓိက ကုန် သွယ်မှု လုပ်ဆောင်နေသော မြန်မာ့ပို့ကုန်များ အပေါ်ကို စတင် ရိုက်ခတ်လာပြီ ဖြစ်သည်။
ယခု မတ်လဆန်းပိုင်း၌ အမေရိကန်ဒေါ်လာဈေးသည် ၁ ဒေါ်လာလျှင် ၁၃၄၀ ကျပ် ဝန်းကျင် အထိသို့ကျ ဆင်းလာခြင်း၊ မတ်လ ၁၃ ရက်တွင် ၁၄၀၀ ကျော်သို့ အနည်းငယ် ပြန်တက်လာခဲ့သည်။
သို့သော် ယခင်က ကုန်ပစ္စည်း ဈေးနှုန်းသတ်မှတ်မှုကို ၁ ဒေါ်လာလျှင် ၁၅၀၀ ဝန်းကျင်ဖြင့် တွက်ချက်ရောင်းချထားခြင်း ကြောင့် ငွေလဲလှယ်နှုန်း ကွာဟမှုကြောင့် ဆုံးရှုံးရခြင်းအပြင် ငွေလဲလှယ်နှုန်း တည်ငြိမ်မှု မရှိခြင်းကြောင့် နောက်ထပ် ပို့ကုန်အသစ် တင်ပို့မှုများကို ရပ်ဆိုင်းထားရလျက် ရှိသည်။
မြန်မာ၏ အဓိက ပို့ကုန်များဖြစ်သော ဆန်၊ ပဲ၊ ပြောင်း အပါအဝင် ကောက်ပဲသီးနှံများ၊ သစ်သီးဝလံ၊ ရေထွက်ကုန်များနှင့် CMP (လက်ခစား စနစ်) အထည်ချုပ် လုပ်ငန်းများသည် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း အပြောင်းအလဲများပေါ်တွင် ထိခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။
ဆန်၊ ပဲ၊ ပြောင်းနှင့် ကောက်ပဲသီးနှံ ပို့ကုန်
ကိုရိုနာ ဗိုင်းရပ်စ် အခြေအနေကြောင့် နယ်စပ်လမ်းကြောင်းများ ခေတ္တပိတ်လိုက်သည့်အတွက် ဆန် တင်ပို့သည့် အခြေ အနေ ရပ်ဆိုင်းသွားခဲ့ရသည့် အခြေအနေလည်း ကြုံခဲ့ရသည်။
ထို့နောက် နယ်စပ် လမ်းကြောင်းများ ပြန်လည် ဖွင့်လှစ်သော်လည်း ဒေါ်လာဈေး အတက်အကျ အပြောင်းအလဲကြောင့် ဆန်တင်ပို့မှုတွင် အခက်အခဲ ကြုံနေကြောင်း ကုန်သည်များ က ဆိုသည်။
ဘုရင့်နောင်ဆန် ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက “အခုက မိုးစပါးက ကုန်သွားပြီ၊ နွေစပါးက မပေါ်သေးလို့ ပြည်ပ တင်ပို့တဲ့၂၅ မတ်ဆန် တအိတ်က အရင် ကျပ် ၁၇၀၀၀၊ ၁၈၀၀၀ လောက် မှန်းထားရာက အခု ဆိုရင် ကျပ်၂ သောင်း အပေါ်ရောက်သွားတယ်။ အဲဒီတော့ ဆန် ၁ အိတ်ကို၂ ထောင်၊ ၃ ထောင်လောက် ရှုံးသွားနေပြီ။ ငွေဈေးကျတော့လည်း ၁၅၀၀ ကျပ် ဝန်းကျင်လောက်နဲ့ တွက်ရောင်းထားတော့ အခု ပြောင်းလဲနေတဲ့ ငွေဈေးအပေါ်မှာလည်း နည်းနည်း ရှုံး တယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ဆန် ၁ အိတ်ကို ၅ထောင်၊ ၆ ထောင်ကွာရင် အိတ်က သိန်းနဲ့ချီရောင်းထားရင် သိန်းပေါင်း ၅ ထောင်၊ ၆ ထောင်၊ သိန်းပေါင်း ၅ သောင်း၊ ၆ သောင်း အဲဒီလို ကွာပြီး ရှုံးတာပေါ့” ဟု ပြောဆိုသည်။
ယင်းအတွက်ကြောင့် ဆန်တန်ချိန် ၁၅ သိန်းမှ သိန်း၂၀ ခန့် တင်ပို့ရမည့် သင်္ဘော ၃ စင်းပေါ်သို့ ဆန်တင်ရမည့် အချိန်ကို နွေစပါးများ ဈေးကွက်သို့ ဝင်ရောက်မည့် အချိန် ဧပြီလကုန်ပိုင်း (သင်္ကြန်ကာလအပြီး)သို့ ရွှေ့ဆိုင်းထားရသည်။
မြဝတီ နယ်စပ် ကုန်သွယ်ရေးမှ တဆင့် ထိုင်းနိုင်ငံသို့ ပြောင်း တင်ပို့ ရောင်းချနေသော ကုန်သည်တဦး ဖြစ်သည့် ဒေါ်ဝေ မျိုးထက်က “ထိုင်းဘက်ကလည်း ဝယ်ချင်တဲ့ ဈေးကလည်း ပိုမပေးနိုင်ဘူး။ သူတို့ကလည်း ထိုင်း CP က သတ်မှတ် ဈေး ရှိတာကို ဒီဘက်က ရောင်းနိုင်တဲ့ ဈေးကလည်း ဘယ်လိုဖြစ်နေလဲဆိုတော့ တကယ်တမ်းဆိုရင် ကိုက်ပေမယ့် ငွေဈေး တွေက ကမောက်ကမတွေ ဖြစ်နေတော့ ဒီဘက်က တင်တဲ့သူတွေကလည်း မြန်မာငွေ ပြန်ရအောင် ပြန်လဲတဲ့အခါ ရှုံးကြ တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်းဘတ်ငွေသည် ဖေဖော်ဝါရီလ အစပိုင်းတွင် ၁ ဘတ်ကို ၄၇ ကျပ် ဝန်းကျင် ရှိခဲ့ပြီး ယခုရက်ပိုင်းတွင် ၄၁ ကျပ် ဝန်း ကျင်သို့ ကျဆင်းလျက် ရှိသည်။
ထိုင်းနိုင်ငံသို့ ပြောင်း အရောင်းအဝယ် လုပ်ဆောင်ရာတွင် ပြောင်း ၁၅ ကီလိုကို ဘတ် ၁၀၈ (၅၁၀၀ ကျပ် ဝန်းကျင်) ဖြင့် ဈေးရရှိလျက်ရှိပြီး ယခုတွင် ယင်းဈေးနှုန်း ပြောင်းလဲခြင်း မရှိသော်လည်း ယခင်က ၁ ဘတ်ကို ၄၇ ကျပ် ဝန်းကျင်ရှိချိန် တွင် ကျပ် ၅၁၀၀ ရရှိပြီး ယခု ၁ ဘတ်လျှင် ၄၂ ကျပ် ရောက်ရှိချိန်တွင် ၄၅၀၀ ကျပ်သာ ရရှိတော့ကြောင်း သိရသည်။
ဒေါ်ဝေမျိုးထက်က “ပုံမှန် ငွေဈေးနဲ့ ဆိုရင်တောင် တောင်သူတွေရဲ့ အရင်းကိုက ၁၀၈.၅ ဘတ်(ပြောင်း ၁၅ ကီလို) အဲဒီ မှာ ငွေဈေးက ထပ်ကျတာ့ ရှုံးပြီလေ။ အခုက ခဏခဏ ရှုံးနေတာ ၁ လနီးပါးလောက် ရှိနေပြီဆိုတော့ ဘယ်သူမှ မပို့တော့ ဘူး” ဟု ဆိုသည်။
ထိုအခြေအနေများကြောင့် ယခင်က ၁ ရက်လျှင် ကားအစီး ၁၀၀ ကျော် အရောင်းအဝယ် ဖြစ်နေသော ထိုင်းနိုင်ငံသို့ ပြောင်း တင်ပို့မှု ရပ်ဆိုင်းနေသည်မှာ ၁ လ ခန့် ရှိနေပြီ ဖြစ်သည်။
ယင်းသို့ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေသကဲ့သို့ ပင်လယ်ရေကြောင်းမှ တဆင့် ဖိလစ်ပိုင်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ ပြောင်း တင်ပို့မှုများသည်လည်း ဒေါ်လာဈေး ကျဆင်းနေခြင်းကြောင့် ရပ်ဆိုင်းထားကြောင်း ဆန်နှင့် ပြောင်းကုန်သည် တဦးဖြစ်သည့် ဦးအောင်နုဝင်းက ဧရာဝတီသို့ ပြောသည်။
၎င်းက “ငွေဈေးတွေ ကျတဲ့နှုန်းကို မခန့်မှန်းနိုင်တော့ ငွေဈေးက သူတို့ ရောင်းတဲ့ ကာလမှာ ဥပမာ ၁ ဘတ်ကို ၄၃ ကျပ် လောက် ရမယ်။ ဒါပေမယ့် ပိုက်ဆံ လက်ထဲရောက်လာတဲ့ အချိန်မှာ ၄၁ ကျပ် ဖြစ်သွားရင် အဲဒီမှာတင်၂ ကျပ် ရှုံးသွားပြီ။ ၁၄၅၀ ကျပ် (၁ ဒေါ်လာ) လောက်နဲ့ တွက်ပြီး ရောင်းလိုက်တာဟာတွေကလည်း ငွေလည်း ဝင်လာရော ၁၃၀၀ ကျော် ဆို တော့ သွားပြီလေ” ဟုလည်း ပြောဆိုသည်။
ထိုသို့ ငွေဈေး မတည်ငြိမ်ခြင်းကြောင့် ဆန်နှင့် ပြောင်း တင်ပို့မှုများသည် ရပ်ဆိုင်းခြင်း၊ ရွှေ့ဆိုင်းခြင်းများ ဖြစ်ပေါ်နေသော် လည်း အိန္ဒိယနိုင်ငံ၏ ခွဲတမ်းကို အဓိက မှီခိုရောင်းချနေရသော ပဲ တင်ပို့မှုသည် အရောင်းအဝယ် ဆက်လက် ဖြစ်ပေါ်နေ ဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်း ရေးမှူး ဦးမင်းကိုဦး က ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်၍ “ပဲမျိုးစုံက အဓိက နိုင်ငံခြား တင်ပို့နေတဲ့ ကုန်ဖြစ်နေတော့ ဒီဒေါ်လာပေါ်မှာ အခြေခံပြီး တင်ပို့ရတာ ဖြစ်တော့ အခုလို ဒေါ်လာဈေးကျတော့ ပြည်တွင်းမှာလည်း ပဲဈေးတွေလည်း တောက်လျှောက် ကျတာပေါ့။ ဒီရက်ပိုင်း ဒေါ်လာဈေးနည်းနည်း ပြန်တက်လာတော့ ပဲဈေးတော့ နည်းနည်း ပြန်တက်လာတယ်” ဟု ဆိုသည်။
အမေရိကန် ဒေါ်လာလဲနှုန်း ၁ ဒေါ်လာလျှင် ၁၃၂၀ ကျပ် ရောက်ချိန်တွင် မတ်ပဲ ၁ တန်လျှင် ၈ သိန်းကျော်၊ ပဲစင်းငုံ ၁ တန် ဈေးနှုန်း ၆ သိန်းကျော်အထိ ဈေးအသီးသီး ကျဆင်းသွားပြီး ၁ ဒေါ်လာလျှင် ၁၃၉၀ ကျပ်သို့ ဈေးပြန်တက်ချိန်တွင် မတ်ပဲ ၁
တန်ဈေးသည် ကျပ် ၉ သိန်းနှင့် ပဲစင်းငုံ ၁ တန် ဈေးသည် ကျပ် ၇ သိန်းသို့ ဈေးပြန်တက်လာကြောင်း သိရသည်။
ဦးမင်းကိုဦးက ဆက်လက်၍ “ပို့ကုန် လုပ်ငန်းရှင်က ပထမ ပို့လိုက်တဲ့ ပို့ကုန်ဝင်လာတဲ့ ငွေပေါ်မှာ ထိခိုက်တာပေါ့။ ဒီထက် ပိုပြီး ထိခိုက်မှာက နောက်ထပ်ပြီးတော့ FOB (Free on Board) ရောင်းတဲ့အခါမှာ ဈေးနှုန်းက မတည်ငြိမ်ဘူးဆိုရင် ဒုတိ ယ တကျော့မှာ တောင်သူဆီက ဝယ်တဲ့ ဈေးနှုန်းက အလိုလိုကျပြီဆိုရင် တောင်သူကို ထိခိုက်ပြီ” ဟု ပြောဆိုသည်။
နိုင်ငံခြားငွေ လဲလှယ်နှုန်းထားသည် တက်ခြင်း ကျခြင်းထက် တည်ငြိမ်မှု ရှိရန် လိုအပ်ပြီး တည်ငြိမ်မှသာလျှင် လုပ်ငန်း ဆောင်ရွက်ရာတွင် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။
ရေထွက်ကုန် တင်ပို့မှု
ကောက်ပဲသီးနှံများ အပြင် မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်တခုဖြစ်သည့် ရေထွက်ကုန်များ တင်ပို့မှုတွင်လည်း အမေရိကန် ဒေါ်လာ ကျဆင်းခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှု မနည်းလှကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက “အခုက နှစ်ခု ဖြစ်နေတာ ပေါ့။ ငွေဈေးကျတာရော ဗိုင်းရပ်စ်ကိစ္စကြောင့် တရုတ်ဘက်က အဝယ်နည်းသွားတော့ ဈေးတွေလည်း ကျနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံခြားငွေ လဲလှယ်နှုန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စတင်ကာ ကျဆင်းလာလျက် ရှိပြီး ၁ ဒေါ်လာလျှင် ၁၅၅၀ ကျပ်မှ ကျပ် ၁၃၀၀ ဝန်းကျင်အထိသို့ ကျဆင်းသွားခဲ့သည်။ ထိုကာလအတွင်းပင် တင်ပို့ထားသော ရေထွက်ကုန် များသည်လည်း ၁၅ ရာခိုင်နှုန်း ဆုံးရှုံးသွားကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှ အဓိကထား ဝယ်ယူနေသည့် ကဏန်းနှင့် ငါးရှဉ့်များ ဝယ်ယူမှု ရပ်ဆိုင်းနေ သဖြင့် အဆိုပါ ရေထွက်ကုန်များကို လက်ဝယ်တွင် လှောင်ထားလျက်ရှိကာ ပြည်တွင်းဈေးကွက်သို့ ပြန်လည် ရောင်းချပေး ခြင်းနှင့် တချို့ကုန်သည်များ အနေဖြင့် လုပ်ငန်း ရပ်တန့်သွားခြင်းများလည်း ရှိနေသည်။
ထို့အတူ ငါး၊ ပုစွန်ဈေးကွက်မှာလည်း နှေးကွေးလျက် ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ အဓိက တင်ပို့သော ပို့ကုန်များ အနေဖြင့် ကုန်သွယ်ရေး ပုံမှန်ပြန်မဖြစ်သေးခြင်းကြောင့် ပို့ကုန် ဈေးနှုန်းကျဆင်းခြင်းနှင့် နိုင်ငံခြားငွေဈေးကျခြင်း နှစ်မျိုးစလုံး၏ ရိုက်ခတ်မှုကို ကြုံတွေ့နေရလျက် ရှိသည်။
ထို့ပြင် နိုင်ငံခြားငွေ လဲလှယ်နှုန်း မတည်ငြိမ်သည့်အတွက် ပို့ကုန်ပစ္စည်းများကို သိုလှောင်ထားရခြင်းကြောင့် လုပ်ငန်းရှင် များအတွက် သိုလှောင်ထိန်းသိမ်းထားရသည့် ကုန်ကျစရိတ်ကိုလည်း ထပ်မံ ကုန်ကျသည့် အခက်အခဲတခုလည်း ရှိနေ သေးကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
ထိုသို့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း ကျဆင်းနေမှု ကုစားနိုင်ရန်အတွက် မြန်မာနိုင်ငံ ဗဟိုဘဏ် အနေဖြင့်လည်း ဈေး ကွက် အတွင်းရှိ ဒေါ်လာများကို နေ့စဉ် နီးပါး ဝယ်ယူပြီး ဒေါ်လာဈေးပြန်တက်ရန် လုပ်ဆောင်လျက်ရှိသည်။
ဗဟိုဘဏ် အနေဖြင့် ပြည်တွင်း၌ ဒေါ်လာငွေ တန်ဖိုး တည်ငြိမ်ရေး အတွက် ပြည်တွင်း ဘဏ်များမှ တဆင့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ၂ လ အတွင်း၌လည်း အမေရိကန် ဒေါ်လာ ၇၁ သန်းခန့် ဝယ်ယူခဲ့ပြီး မတ်လ အတွင်း (၁၀ ရက်အထိ) ဒေါ် လာ ၂၁ သန်းခန့် ဝယ်ယူခဲ့သည်။
မတ်လ ၁၀ ရက် ၁ ရက်တည်းတွင် ဒေါ်လာ ၉ သန်း အထိ ဝယ်ယူခဲ့သည်။ ယင်းကြောင့် မတ်လ ၁၀ ရက်တွင် ၁ ဒေါ်လာ လျှင် ကျပ် ၁၃၀၀ ဝန်းကျင် ရှိခဲ့သည့် ဒေါ်လာဈေးနှုန်းသည် မတ်လ ၁၁ ရက်တွင် ၁၃၆၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်း ပြန်တက်လာခဲ့သည်။
ယင်းသို့ ဒေါ်လာဈေးနှုန်း ပြန်တက်လာခြင်းကြောင့် ပဲမျိုးစုံကဲ့သို့သော ပို့ကုန်များအတွက် ဈေးနှုန်းများ ချက်ချင်း ပြန်တက် လာခဲ့သော်လည်း ကျန် ပို့ကုန်လုပ်ငန်းများသည် ငွေဈေးနှုန်း မတည်ငြိမ်ခြင်းနှင့် အကျဈေးတွင်သာ ရှိနေသေးခြင်းကြောင့် အခြေအနေကိုသာ စောင့်ကြည့်လျက် ရှိကြသည်။
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးကို ကမ္ဘာ့နိုင်ငံများအနေဖြင့် ရှာမတွေ့သေးသလို ကမ္ဘာ့စီးပွားရေး ပြန်လည် နာလန်ထူလာရေးကိုလည်း ဘဏ်အတိုးနှုန်း လျှော့ချခြင်းနှင့် အခွန် ပေးဆောင်ရမည့် ကာလ များကို ရွှေ့ဆိုင်းပေးခြင်း၊ အခွန်သက်သာခွင့်ပေးခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်း၊ ချေးငွေ အတိုးနှုန်း လျော့ချပေးခြင်း အစ ရှိကဲ့သို့ ဆေးမြီတိုများဖြင့် ကုသလျက် ရှိသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက “ဒေါ် လာဈေးနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်း ဖြစ်တဲ့ ဗဟိုဘဏ်က ထိန်းကျောင်းပေးနေတာပေါ့။ ကျနော်တို့ ဝန်ကြီးဌာန အနေနဲ့ကလည်း အဲဒီအပေါ်မှာ လိုက်ပါ ဆောင်ရွက်ပေးနေတယ်။ ဒီလို ကိစ္စကတော့ ဝန်ကြီးဌာန တခုတည်း လုပ်လို့ရတဲ့ ကိစ္စမဟုတ်တော့ တခြားသော ချိတ်ဆက်နေတဲ့ဟာတွေ ရှိတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် COVID- 19 ကြောင့် မြန်မာ့ စီးပွားရေးအပေါ် ရိုက်ခတ်လာသည့် အခြေအနေများကို အမြဲ စောင့်ကြည့်လျက်ရှိပြီး လိုအပ်သည့် စီမံဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်သည် သွင်းကုန်/ပို့ကုန် ကားအစီးအရ ၈၀၀ ခန့် ရှိလာပြီဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည် ၇၀ ရာခိုင်နှုန်းခန့် လည်ပတ်နေပြီ ဖြစ်သော်လည်း လေကြောင်းလိုင်းဖြင့် ကုန်သွယ်မှု လုပ်ဆောင်ရသော ရေထွက်ကုန်များ တင်ပို့မှုအတွက်မူ အခက်အခဲများ ရှိနေသေးကြောင်းလည်း ကုန်သွယ်ရေး ဦးစီးဌာ န၏ ညွှန်ချုပ် ဦးမင်းမင်းက ပြောသည်။
၎င်းက “ဒီရိုက်ခတ်မှုကြီးက တကမ္ဘာလုံး ဖြစ်တာဆိုတော့ ချက်ချင်းကြီး တဦးတယောက်တည်းကနေ ဘာလုပ်လိုက်မယ် ဆိုပြီး လုပ်လို့ရတာမျိုး မဟုတ်တော့ အခုချိန်မှာတော့ သတင်းအချက်အလက် ဖလှယ်ဖို့ ပိုအရေးကြီးတာပေါ့။ ဒီလို အချိန် မှာ ကုန်သွယ်ရေးနဲ့ ပတ်သက်တာဆိုရင် One-stop ဆိုတာမျိုးလေး လုပ်နေတယ်” ဟု ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၆ ဒသမ ၃ တွင်ရှိနေပြီး ယခုကဲ့သို့ ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှု များကြောင့် အဆိုပါ နှုန်းထားထက် အနည်းငယ် ကျဆင်းနိုင်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ခန့်မှန်း ပြော ဆိုကြသည်။
မြန်မာ့စီးပွားရေး အနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့်၂၀၂၀ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၂ လအတွင်း ကုန်သွယ်မှု သည်၂၀၁၉ ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာသန်း ၂၀၀ ခန့် ကျသွားကြောင်း၊ ခရီးသွားကဏ္ဍတွင်လည်း သန်း ၃၀၀ ခန့် ကျဆင်းသွားခြင်းကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ အဆိုပါ ဖြစ်ရပ်များကြောင့် မြန် မာနိုင်ငံ GDP (တိုင်းပြည်ရဲ့ စုစုပေါင်း ဝင်ငွေ) ၏ ၁ ရာခိုင်နှုန်းခန့် ရိုက်ခတ်ခံနေရပြီဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးမင်းဇာနည်လင်းက ပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အဓိက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နိုင်ငံ တနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခြင်း မှာ နှေးကွေးသွားခဲ့ရာ၊ ပြီးခဲ့သည့် နှစ်က ၁ လလျှင် စက်ရုံ အသစ် ၈ ရုံမှ ၁၀ ရုံခန့်အထိ အသစ် ထပ်တိုးလာသည့် အထည်ချုပ် လုပ်ငန်းများသည် ယခုတွင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်း၌ စက်ရုံသစ် ၄ ရုံခန့်သာ ရှိတော့ကြောင်း ၎င်းက ပြောသည်။
ဦးမင်းဇာနည်လင်း “အခြား နိုင်ငံတွေမှာတော့ စီးပွားရေး ဆိုင်ရာ မူဝါဒအတွက် ပြင်ဆင်နေတာရှိပြီ မြန်မာနိုင်ငံကတော့ အခု မကြားမိသေးဘူး။ အခုက ရောဂါ ထိန်းချုပ် ကာကွယ်ရေးတို့ အပြင် စီးပွားရေးလိုဘက်ပေါင်းစုံကို လိုက်ပြီး စဉ်း စားရတော့မှာ” ဟု ပြောဆိုသည်။
ထို့ပြင် ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွားရသည့် အထည်ချုပ် စက်ရုံပေါင်း ၂၀ နီးပါးအထိ ရှိပြီး အလုပ် သမား ၁ သောင်းဝန်းကျင် အလုပ်လက်မဲ့ ဖြစ်ပေါ်နေရပြီ ဖြစ်ကြောင်း၊ ယင်းအလုပ်သမားများအတွက် လူမှုဖူလုံရေး ဘက် မှ အထူးအစီအစဉ်တရပ်ဖြင့် ကူညီဖြေရှင်းပေးရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။
ပို့ကုန်ကဏ္ဍ အပြင် မြန်မာ့ ခရီးသွားကဏ္ဍလည်း ကျဆင်းလျက် ရှိကာ ကုန်သွယ်ရေး၊ ဟိုတယ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန် ထုတ်ကဏ္ဍ အစရှိသည်တို့ အပေါ်တွင်ပါ ရိုက်ခတ်လျက် ရှိနေသည်။
ထိုဗိုင်းရပ်စ်သည် လူသားများကိုသာ အသက်ရှုကြပ်စေသည့် ရောဂါ ဝေဒနာပေးသည့်အပြင် ယခုတွင် ကမ္ဘာ့စီးပွားရေး၊ မြန်မာ့ စီးပွားရေးကိုလည်း အသက်ရှုကြပ်စေနေပြီ ဖြစ်သည်။
You may also like these stories:
ဗဟိုဘဏ် လျှော့တဲ့ အတိုးနှုန်း အရမ်းနည်းဟု ဝေဖန်နေကြ
ဒေါ်လာဈေး ကျပ် ၁၄၀၀ အောက်သို့ ကျဆင်း