ဆောင်းပါး

အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၁)

Want create site? Find Free WordPress Themes and plugins.

ပလက်ဝမြို့ကနေ ကုလားတန်မြစ်အတိုင်း အထက်ကို စက်လှေနဲ့ ဆန်တက်လာရင်း ၄၅ မိနစ်ခန့်အကြာ ကြွေသောင် ကျေးရွာနား အရောက်မှာတော့ စစ်ရောင် စပို့ရှပ်ကို ဝတ်ထားပြီး မြစ်ကမ်းမှာ မတ်တတ်ရပ်နေတဲ့ ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင် ၁ ဦးက ကျမတို့ စက်လှေကို ကမ်းကပ်ဖို့ အမိန့် ပေးလိုက်ပါတယ်။

ပြောင်လက်နေတဲ့ AK 47 ရိုင်ဖယ် သေနတ်ကို ကျောမှာ လွယ်ထားပြီး စစ်ဘက်သုံး ဆက်သွယ်ရေး စကားပြော စက် ကို ဘယ်ဘက်ရင်ညွှန့်နားမှာ ချိတ်ထားတဲ့ AA စစ်သားတဦးကလည်း ကြွေသောင်ရွာ တောင်ကုန်းပေါ်က ဆင်းလာ ပါတယ်။

လှေထဲမှာ တပ်မတော်ရဲ့ ပစ္စည်းတွေ ပါမပါ စစ်ဆေးပြီးနောက်မှာတော့“စက်လှေတားတာ စိတ်မဆိုးနဲ့နော်” လို့ ပြောပြီး ဆက်သွားခွင့်ပြုလိုက်ပါတယ်။

ကုလားတန်မြစ်အတွင်း သွားလာနေသည့် စက်လှေများ(အောင်ကျော်ထက်၊ ဧရာဝတီ)

ကုလားတန်မြစ်ကြောမှာ AA စစ်သားတွေက စက်လှေတွေကို တားပြီး စစ်ဆေးတာဟာ ဒေသခံတွေ အတွက်တော့ အထူးအဆန်း မဟုတ်တော့ပါ။

၂၀၁၉ ခုနှစ်ကတည်းက ကုလားတန်မြစ်အထက်ကိုပဲ ဆန်တက်တက်၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိတဲ့ အောက် ဘက်ကိုပဲ စုန်ဆင်းဆင်း ရေကြောင်းမှာ တားဆီးတာ စစ်ဆေးတာကို AA က လုပ်ဆောင်နေတာပါ။

စက်လှေဆရာ ဦးအိုက်က“သူတို့က စစ်ရင်လည်း အစစ်ခံပေါ့။ တခါတလေ နေလှမ်းခံရရင်လည်း ခံရတာပဲ။ ဘာမှ သွားပြီး ဖီဆန်လို့ မရဘူး”လို့ ပြောပါတယ်။

ကုလားတန် မြစ်ကြောမှာတင် မကပါဘူး။ ပလက်ဝမြို့လေးကို ပတ်ချာလည် ဝိုင်းရံထားတဲ့ တောင်ကုန်းတောင်တန်း လျှိုမြောင်တွေကြား၊ ကုန်းလမ်းအတိုင်း သွားလာနိုင်တဲ့ နယ်မြေတလျှောက်မှာလည်း ရာနဲ့ချီတဲ့ AA စစ်သားတွေ သေနတ်တွေ လွယ်ပြီး သွားလာ စခန်းချနေတာကို ဒေသခံတွေ မကြာခဏ မြင်တွေ့ နေရပါတယ်။

လက်ရှိ အချိန်အထိ ရာနဲ့ ချီတဲ့ AA စစ်သားတွေ လှုပ်ရှားသွားလာနေတဲ့ ပလက်ဝနယ်မြေဟာ သာမန် နယ်မြို့လေး တမြို့တော့ မဟုတ်ပါ။

ပလက်ဝနယ်တွင် လှုပ်ရှားနေသည့် AA တပ်ဖွဲ့များ(အောင်ကျော်ထက်၊ ဧရာဝတီ)

အိန္ဒိယနိုင်ငံရဲ့ ကုန်းတွင်းပိုင်းဒေသ မီဇိုရမ်ပြည်နယ်ကို ပင်လယ်ထွက်ပေါက်ရရေး၊ အရှေ့တောင် အာရှ ဒေသ တခွင် ကို ချိတ်ဆက်ဖို့ တံခါးပေါက်အနေနဲ့ အသုံးချနိုင်ရေးတို့ အတွက် ဆောင်ရွက်နေတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံ သုံး စီမံကိန်းထဲက မဟာဗျူဟာကျ အရေးပါတဲ့ နယ်မြေအစိတ်အပိုင်းတခု ဖြစ်ပါတယ်။

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝ ဒေသမှာ ဆောင်ရွက်နေတဲ့ ကုလားတန်စီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ် လွှမ်းမိုးမှုကို လျှော့ချဖို့ ဒေသတွင်း တရုတ်နဲ့ အာဏာချိန်ခွင်လျှာ ညှိဖို့ အိန္ဒိယက ဆောင်ရွက်နေတဲ့ စီမံကိန်းများစွာထဲ က တခုဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့“အရှေ့မျှော်ဝါဒ” နဲ့ အိမ်နီးချင်း ဦးစားပေး မူဝါဒအောက်မှာ ပထဝီ အနေအထားအရ မဟာဗျုဟာကျတဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ ချိတ်ဆက်ဖို့ တခုတည်းသော ထွက်ပေါက်လည်း ဖြစ်ပါတယ်။

မြန်မာနဲ့ အိန္ဒိယဟာ နယ်နိမိတ်ချင်း ၁၆၄၂ ကီလိုမီတာ ထိစပ်နေပြီး ဘင်္ဂလားပင်လယ်အော် ရေပိုင်နက်ချင်းလည်း ၇၁၅ ကီလိုမီတာလောက် ထိစပ်နေပါတယ်။

အိန္ဒိယအတွက် အရေးပါတဲ့ ပလက်ဝ

ကုလားတန်စီမံကိန်းကို အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား ဆောင်ရွက် နေတာပါ။

စီမံကိန်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဟာ ပလက်ဝမြို့နယ်ရဲ့ ကုန်းတွင်းပိုင်း ဒေသနဲ့ ကုလားတန်မြစ်ကြောင်း တလျှောက်ပေါ်မှာ တည်ရှိနေပါတယ်။

ပလက်၀မြို့ (အောင်ကျော်ထက်၊ ဧရာဝတီ)

ကုလားတန်စီမံကိန်းကို စတင်ဖို့ အိန္ဒိယဘက်က ၂၀၀၂ ခုနှစ် ကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ တရားဝင် သဘောတူ လက်မှတ် ထိုးတာကတော့ ၂၀၀၈ ခုနှစ်မှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဒေသ တခုလုံး ကုန်းတွင်းပိုင်းဖြစ်ပြီး အရှေ့၊ အနောက်၊ တောင်ပိုင်း ဒေသတွေနဲ့ ချိတ် ဆက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြားခံအဖြစ် ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ရှောင်ရှားပြီး အိန္ဒိယနိုင်ငံတွင်း ကုန်သွယ်ရေး လမ်းကြောင်း ချိတ်ဆက်နိုင်ဖို့ ပလက်ဝဟာ အလယ် ဗဟို အချက်အချာကျ နေရာတခုလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ဇိုရမ်ပူကနေ ပလက်ဝမြို့နယ်က ကျေးရွာတွေအထိ ၁၂၉ ကီလို မီတာ အရှည်ရှိတဲ့ အဝေးပြေး လမ်းမကြီးတခုကို ဖောက်မှာပါ။

ကုလားတန်မြစ်ကြောင်းရဲ့ ၁၅၈ ကီလိုမီတာ အရှည်ရှိတဲ့ ရေကြောင်းတလျှောက်က ကုန်သွယ်ရေး လမ်းကြောင်းကြီး ဖြစ်လာမှာပါ။

ကုလားတန်စီမံကိန်းပါ လမ်းတံတားဖောက်လုပ်တာတွေ အားလုံးပြီးစီး သွားရင်တော့ မီဇိုရမ် ပြည်နယ် ဇိုရမ်ပူကနေ ပလက်ဝမြို့နယ် စက်ပစ်ပြင် ကျေးရွာအထိကို ကုန်းလမ်းအတိုင်း ကုန်သွယ်မှု လုပ်နိုင်မှာပါ။ စက်ပစ်ပြင်ကျေးရွာက တဆင့် ကုလားတန်မြစ်ကြောအတိုင်း ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းထိ ကုန်သွယ်နိုင်မှာ ဖြစ်ပါတယ်။

စစ်တွေဆိပ်ကမ်းက တဆင့် ရေမိုင် ၅၃၉ ကီလိုမီတာ အကွာအဝေးရှိတဲ့ ဘင်္ဂလားပင်လယ်ကို ဖြတ်ပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ အနောက်ဘင်္ဂလား ပြည်နယ် ကိုလ်ကတ္တား ဆိပ်ကမ်းအထိ ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

ကုလားတန်စီမံကိန်းဟာ အိန္ဒိယရဲ့ ကုန်းတွင်းပိတ် ပြည်နယ်ကို ပင်လယ်ထွက်ပေါက်ပေးမယ့် အရေးပါတဲ့ စီမံကိန်း ဖြစ်တဲ့အပြင် မြန်မာကတဆင့် အရှေ့တောင်အာရှနိုင်ငံများဆီကို ချိတ်ဆက်ဖို့ ထွက်ပေါက်တခုလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ စီမံကိန်း အထမြောက်သွားရင် စက်ပစ်ပြင်လို ကျေးရွာအပါအဝင် ပလက်ဝမြို့နယ် ကုလားတန်မြစ် ကြောင်း တလျှောက်မှာရှိတဲ့ ကျေးရွာ ၃၈၀ ကျော်ဟာ နယ်စပ်ဒေသဖြစ်တာကြောင့် ဖွံ့ဖြိုးစည်ကားလာမှာ ဖြစ်ပါ တယ်။

စက်ပစ်ပြင်ကျေးရွာနဲ့ မလှမ်းမကမ်းက မြေပြန့်ဧရိယာ ကျယ်ပြန့်တဲ့ မီးဇာကျေးရွာကြီးဆိုရင် မြို့အဖြစ် အဆင့်တိုးမြှင့်ဖို့ ချင်းပြည်နယ် အစိုးရအဖွဲ့က လျာထားတဲ့အထဲမှာ ပါဝင်ပါတယ်။

ကုလားတန်မြစ်ကြောင်းတလျှောက် နေထိုင်ကြတဲ့ ပလက်ဝမြို့နယ်အတွင်းက ဒေသခံဟာ လူဦးရေ ၁ သိန်းကျော် ရှိပါတယ်။

ပလက်၀မြို့ (အောင်ကျော်ထက်၊ ဧရာဝတီ)

ဒေသခံတွေ အားလုံးဟာ ကုလားတန်မြစ်ကြောင်းကို အမှီပြုပြီး စက်လှေတွေနဲ့ ကုန်သွယ်တာ၊ သားငါးရှာတာတွေနဲ့ ဝမ်းစာ ရှာကြသူတွေပါ။

ကုလားတန်မြစ်ကြောနံဘေးက နုန်းမြေတွေပေါ်မှာ ပဲ၊ ငှက်ပျော စိုက်ကြသလို ရွာအနောက်ဘက် တောင်တန်းတွေ ပေါ်မှာတော့ ဆန်၊ ငှက်ပျော၊ တညင်း၊ နနွင်း၊ ပန်းဥ စတဲ့ သီးနှံတွေကို စိုက်ပျိုး ပြီး ဝင်ငွေ ရှာကြတာပါ။

ကုလားတန်စီမံကိန်း အောင်မြင်ပြီး နယ်စပ်ဒေသ ဖွံ့ဖြိုးလာရင် ဒေသခံတွေစိုက်ပျိုးတဲ့ သီးနှံတွေကလည်း အရည် အသွေး မြှင့်တင်ပြီး ကုန်ကူးသန်း ရောင်းချနိုင်သလို ကုန်သွယ်ရေးလမ်းကြောင်း အလုပ်အကိုင် အခွင့်အလမ်းတွေ လည်း ရရှိလာမှာ ဖြစ်ပါတယ်။

ပလက်ဝဒေသခံ ကိုဟိုက်လင်းက“မီးဇာက မြို့ဖြစ်တော့မှာ ဆိုတော့ မြေကွက်ဈေးတွေတောင် ၃ ဆလောက် ခုန် တက် သွားတာ။ ကျနော်လည်း ဒီမှာ အိမ်ဆောက်ဖို့ စိတ်ကူးနေတာ။ ဒီမှာသာလမ်းပွင့်ပြီး ဖွံ့ဖြိုးသွားရင် ကျနော်တော့ သူဌေးဖြစ်ပြီ”လို့ သူ့စိတ်ကူးကို ပြောပြပါတယ်။

ကိုဟိုက်လင်းတို့လို ဒေသခံတွေအတွက်တော့ ကုလားတန်စီမံကိန်း၊ ကုန်သွယ်ရေး လမ်းကြောင်းဟာ စိတ်ကူး ယဉ် စရာ အနာဂတ်ပါ။

မီးဇာကျေးရွာဟာ လျှပ်စစ်မီးတောင် မရရှိသေးတဲ့ တောတောင်ကြားက ရွာကြီး ဖြစ်ပေမယ့် ကုလားတန် စီမံကိန်းသာ အောင်မြင်ပြီး ကုန်သွယ်ရေးလမ်းကြောင်းကြီး ပေါက်သွားရင် တရုတ်နယ်စပ်က မူဆယ်တို့ လားရှိုးတို့ ဖွံ့ဖြိုးသလို မီးဇာ လည်း တိုးတက်လာမှာလို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။

လက်ရှိမှာတော့ မီးဇာကျေးရွာကလည်း စစ်ဘေးဒဏ်သင့်မှာကို စိုးရိမ်ပူပန်နေရတဲ့ ကျေးရွာကြီး တခုပါ။ ဒီ့အပြင် တပ်မတော်နဲ့ AA တို့ကြားက တိုက်ပွဲတွေကြောင့် ရွာတွေပျက်ပြီး ပြေးလာရတဲ့ အရပ်သား ၅၀၀ ကျော်ကိုလည်း ကယ်ဆယ် ထားရပါတယ်။

ရပ်ဆိုင်းထားရတဲ့ စီမံကိန်း အစိတ်အပိုင်း

ဧရာဝတီက ပလက်ဝမြို့ကို ရောက်ရှိခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံး ရက်သတ္တပတ်မှာတော့ စီမံကိန်းရဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့ ပလက်ဝ တံတားကြီးက ပြီးစီးလုနီးပါး ဖြစ်နေတာကို တွေ့ရပါတယ်။

စစ်တွေမြို့ ဆိပ်ကမ်း အဆင့်မြှင့်တဲ့ လုပ်ငန်းစဉ်ဟာလည်း အပြီးသတ် ဆောင်ရွက်ပြီးပါပြီ။ စီမံကိန်း အပြီးသတ်ဖို့ ကျန် ရှိနေသေးတဲ့ နောက်ဆုံးအပိုင်းကတော့ ပလက်ဝ-ဇိုရမ်ပူ လမ်းဖောက်လုပ်တဲ့ အပိုင်းပါ။

ကုလားတန် မြစ်ကူးတံတား စီမံကိန်း(အောင်ကျော်ထက်၊ ဧရာဝတီ)

ဖေဖော်ဝါရီ ၂၆ ရက်ကနေ ၂၉ ရက်အထိ သမ္မတ ဦးဝင်းမြင့်ရဲ့ အိန္ဒိယနိုင်ငံကို သွားတဲ့ ချစ်ကြည်ရေး ခရီးစဉ်မှာ နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် ကုန်သွယ်ရေး လမ်းကြောင်းတွေ ဖောက်လုပ်မှုကို ဆက်လုပ်ဖို့ နားလည်မှု စာချွန်လွှာ ၁၀ ခု သဘောတူခဲ့ပါတယ်။

အဲ့ဒီ သဘောတူညီချက်တွေထဲမှာ ကုလားတန်စီမံကိန်းရဲ့ နောက်ဆုံးအပိုင်းဖြစ်တဲ့ ပလက်ဝ-ဇိုရမ်ပူလမ်း ဖောက်လုပ် မှုကို စောလျင်စွာ ပြီးစီးရေးအတွက် ကတိပြုကြောင်း ပြောဆိုခဲ့တယ်လို့ အိန္ဒိယ သံရုံးက ထုတ်ပြန်ထားပါတယ်။
လက်တွေမှာတော့ ပလက်ဝ-ဇိုရမ်ပူ လမ်း ဖောက်လုပ်မှုဟာ တပ်မတော်နဲ့ AA ကြားက စစ်ဆင်ရေးတွေကြောင့် ရပ်ဆ်ိုင်း ထားရပါတယ်။

ပလက်ဝ-ဇိုရမ်ပူ အဝေးပြေး လမ်းမကြီးက မြန်မာပိုင်နက် ပလက်ဝမြို့နယ်ထဲက စက်ပစ်ပြင် ကျေးရွာအထိပါ။ စက်ပစ် ပြင် ကျေးရွာက ကုလားတန်မြစ် အထက် ကလက်ချောင်းနဲ့ ကုလားတန်မြစ်ခွဲရာ တောင်တန်းပေါ်မှာ တည်ရှိပါတယ်။

စက်ပစ်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သာကျော် ရဲ့ ပြောဆိုချက်အရ အိန္ဒိယဘက်က အလုပ်သမားတွေ ရောက်လာပြီး လမ်းဖောက်ဖို့ တောရှင်းတာတွေ လာလုပ်ခဲ့ကြပေမယ့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ အားလုံး ထွက်သွားကြတယ်လို့ သိရပါတယ်။

“သူတို့ မသွားခင် ရွာထိပ်မှာ လမ်းဖောက်ဖို့ တောရှင်းတာ ၅ ကီလိုမီတာလောက် ပြီးပြီတဲ့။ ဒီမှာလည်း စိုးရိမ်မှုတွေ ရှိနေကြတယ်။ အသံတွေ ကြားရင်လည်း ကြောက်နေရတာ”လို့လည်း ဦးအောင်သာကျော်က ပြောပါတယ်။

စက်ပစ်ပြင်ကျေးရွာမှာတော့ အိန္ဒိယ အလုပ်သမားတွေ လမ်းလုပ်ငန်းလာလုပ်ရင် နေထိုင်ဖို့ အဆောင်တွေ ဆောက်ဖို့ မြေနေရာ ငှားဖို့ အုပ်ချုပ်ရေး ပိုင်းကို တောင်းထားတာတွေလည်း ရှိတယ်လို့ ဦးအောင်သာကျော်က ပြောပါတယ်။

ဆက်လက်ပြီး ဦးအောင်သာကျော်က“အခြေအနေတွေ တည်ငြိမ်ရင်တော့ ပြန်လာမယ် ထင်တယ်။ အခု အခြေအနေ အရတော့ ကျနော်လည်း ဘာမှ မသိပါဘူး။ ကျနော်တို့တောင် လန့်နေရတာ”လို့ ပြောဆိုပါတယ်။

စက်ပစ်ပြင် ကျေးရွာဟာ မီဇိုရမ်ပြည်နယ်နဲ့ လမ်းဖောက်ရုံတင် မကပါဘူး။ စက်ပစ်ပြင်ကျေးရွာရဲ့ အရှေ့ဘက် မျက်နှာ စာခြမ်းမှာ ရှိတဲ့ ကုလားတန်မြစ်ကို ဖြတ်ပြီးတော့လည်း မြစ်ကူးတံတားတခု တည်ဆောက်မှာလို့ သိရပါတယ်။

စက်ပစ်ပြင်ရွာတဖက်က တောအုပ်ထဲမှာတော့ လမ်းဖောက်လုပ်မယ့် အမှတ်အသား ကျောက်တိုင်တွေ၊ တံတားထိုး မယ့် နေရာ သတ်မှတ်ထားတဲ့ ကျောက်တိုင်တွေကို စိုက်ထူထားတာ တွေ့ရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ဧရာဝတီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ် ဆော်ရက်ဘ် ကူးမားက ကုလားတန်စီမံကိန်းဟာ အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံလုံးကို အကျိုးပြုမှာ ဖြစ်သလို ကုန်သွယ်ရေး လမ်းကြောင်း ဖြတ်သန်းရာ ဒေသတကြောနဲ့ ရခိုင်ပြည်သူ ပြည်သားတွေကိုလည်း အကျိုးပြုမှာပါလို့ ပြောပါတယ်။

ကုလားတန်စီမံကိန်းရဲ့ အစိတ်အပိုင်းတွေ တည်ဆောက်နေတုန်းမှာ AA က စီမံကိန်းကို တိုက်ခိုက်တာတွေ ရှိသလို ပလက်ဝကို လာလေ့လာတဲ့ အိန္ဒိယနိုင်ငံသားတဦး အဖမ်းခံရရင်း အသက်ဆုံးရှုံးခဲ့တဲ့ အကြောင်းကိုလည်း သံအမတ် ဆော်ရက်ဘ် ကူးမားက ပြောပြပါတယ်။

၎င်းက“ဒီစီမံကိန်းက အရေးပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပြည်သူတွေကို အကျိုးပြုပါလိမ့်မယ်။ ခြုံပြောရရင် မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးကို အကျိုးပြုတယ်။ စီမံကိန်း အချိန်မီ ပြီးစီးနိုင်အောင် လုံခြုံရေး အာမခံနိုင်ဖို့ ကျနော်တို့က တကယ်ကို မျှော်လင့်ပါတယ်”လို့လည်း ပြောဆိုပါတယ်။ ။

အပိုင်း (၂) ကို ဆက်လက် ဖော်ပြပါမယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading