ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်စီးပွားရေး တုံ့ဆိုင်းသွားချိန် ကုန်ကြမ်းနှင့် အော်ဒါအမှာများ ကျဆင်း ရပ်ဆိုင်းသွားခြင်းပေါ် မူတည်၍ မြန်မာနိုင်ငံရှိ အထည်ချုပ်၊ ဖိနပ်ချုပ်၊ အိတ်ချုပ်လုပ်ငန်းများ ပိတ်သိမ်း လာနေကြပြီး အလုပ်သမား သောင်းနှင့်ချီ၍ အလုပ်လက်မဲ့ ဖြစ်လာနေကြသည်။
ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှု လုပ်ကိုင်နေသော လုပ်ငန်းအများစုသည် တရုတ်ပြည်မှလာသော ကုန်ကြမ်းကိုသာ အဓိက အားကိုးနေရသဖြင့် လက်ရှိတွင် COVID-19 ကြောင့် ကုန်ကြမ်းပြတ်လပ်မည့် အန္တရာယ်နှင့် စိုးရိမ်ဖွယ် ရင်ဆိုင်နေရသည်ဟု ထုတ်ပြန်ထားသည်။ ကုန်ကြမ်း ပြတ်လပ်မှု အချိန်ကြာမြင့်ပါက လုပ်သားများ လျှော့ချခြင်း၊ စက်ရုံလည်ပတ်မှု ယာယီရပ်နားခြင်း၊ အဆိုးဆုံး အခြေအနေတွင် လုပ်ငန်း ပိတ်သိမ်းသည်အထိ ကြိုတင် မျှော်မှန်းထားသည်ဟု UMFCCI က ထုတ်ပြန်ခဲ့သည်။
ယခု ဗိုင်းရပ်ကြောင့် ကုန်ကြမ်းပြတ်လပ်၍ ပိတ်သိမ်းသွားသည့် စက်ရုံ ၉ ရုံ၊ ယာယီပိတ်သိမ်းထားသည့် စက်ရုံ ၆ ရုံနှင့် လုပ်သားအင်အားလျှော့ချသည့် စက်ရုံ ၃ ရုံရှိကြောင်းနှင့် ဧရာဝတီတိုင်းအတွင်း ဆက်လက်ပိတ်သိမ်းမည့် စက်ရုံပေါင်း၂၀ ခန့် ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန က ဆိုသည်။
ယင်းအနက် စက်ရုံ ၁ ရုံသာလျှင် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထားကြောင်း ရန်ကုန်တိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က မတ်လ ၅ ရက် လုပ်ငန်းရှင်များနှင့် အစည်းဝေး ပြုလုပ်စဉ် ပြောကြားခဲ့သည်။
စက်ရုံပိတ်သိမ်းမှုများကြောင့် လက်ရှိတွင် အလုပ်သားသမား ၁ သောင်းခန့်မှာ အလုပ်လက်မဲ့နှင့် ရင်ဆိုင်နေရသည်။ လုပ်ငန်းရပ်ဆိုင်းပြီး အထိအနာဆုံးမှာ လက်ခစားများ ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၅ ရက်က ပိတ်သိမ်းလိုက်သော Hunter Myanmar အထည်ချုပ်စက်ရုံ အလုပ်သမား မမာမာခိုင်က “အခု ဘယ်စက်ရုံကမှလည်း လူသစ်ခေါ်ဖို့ မရှိဘူး။ အလုပ်က ရှာမရ၊ လကုန်ရင် အိမ်လခ ပေးဖို့တွေလည်းရှိတော့ လူက တခြားသူတွေနဲ့ စကား မပြောချင်လောက်အောင် စိတ်တွေက ညစ်နေတယ်”ဟု ငြီးငြူပြောဆိုသည်။
ဧရာဝတီတိုင်းမှ လိူင်သာယာ အထည်ချုပ် စက်ရုံတွင် လာရောက် လုပ်ကိုင်သူ မသန္တာဝင်းကလည်း “ကျမတို့ဆိုရင် အိမ်မှာရှိတဲ့ လူကြီး သုံးယောက်လုံးက အခုပိတ်လိုက်တဲ့ Hunter တရုံထဲမှာ လုပ်တာ။ ယာယီအကန့်အသတ်မရှိ စက်ရုံပိတ်လိုက်လို့ အလုပ်လက်မဲ့ဖြစ်တယ်။ သုံးယောက်လုံးဆိုတော့ စားဝတ်နေရေး ဒုက္ခရောက်တာပေါ့။ အခုတော့ အမျိုးသား ဘောက်လုပ်လို့ ရတဲ့ ဝင်ငွေတခုထဲနဲ့ ရပ်တည်နေရတယ်”ဟု ပြောသည်။
မသန္တာဝင်းတို့ မိသားစုသည် ကျောင်းသားကလေး ၂ ယောက်နှင့် လူကြီး ၃ ယောက်ရှိသောကြောင့် တရက်လျှင် ကလေးမုန့်ဖိုး အပါအဝင် ကျပ် ၈ ထောင်ရှိမှသာ လောက်ငှမှုရှိသည်။
“အမျိုးသားလုပ်တဲ့ အလုပ်က တရက် ပုံမှန် ကျပ် ၅ ထောင်ပဲရတယ်။ အများဆုံးရ တဲ့ရက်က ကျပ် ၇၀၀၀ ဖြစ်တယ်။ အဲဒီတော့ အခု ကျမတို့ မနက်စာ အစာခံ လူကြီးမုန့်ဖိုးတွေ လျော့ရတယ်။ ရတာနဲ့ ဖြစ်အောင် လုပ်နေရတယ်။ မီတာခ အပါဆိုရင် တလကို အိမ်လခက ကျပ် ၁ သိန်းလောက် ပေးရတယ်။ အလုပ်က အဆင်မပြေတဲ့အတွက် အိမ်လစာ စုလို့ မရသေးဘူး။ ဒီလကုန်တော့ အခုအိမ်ခန်းခထက် သက်သာတဲ့ နေရာကို ရှာပြောင်းဖို့ လုပ်နေတယ်”ဟု မသန္တာဝင်းက မျက်ရည် အဝိုင်းသားနှင့် ပြောသည်။
အဆိုပါ Hunter Myanmar အထည်ချုပ်စက်ရုံသည် လုပ်သားဦးရေ စုစုပေါင်း ၉၇၀ ခန့်ရှိပြီး ၁ နှစ်လုပ်သက် ရှိသော လုပ်သားများအတွက် နစ်နာကြေး ၁ လစာနှင့် ၆ လ လုပ်သက်ရှိသော လုပ်သားများအတွက် ၁၅ ရက် စာပေးသော်လည်း တချို့လုပ်သားများမှာ နစ်နာကြေးမယူပဲ အလုပ်ရှင်၊ အလုပ်သမား ခုံသမာဓိသို့ တက်ထားကြောင်း သိရသည်။

လုပ်ငန်းရှင်က အလုပ်သမားများကို လုပ်ခလစာ မပေးတော့ဘဲ ထွက်ပြေးမှုများလည်း ရှိသည်။ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ Su Xing အထည်ချုပ်စက်ရုံနှင့် ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၂ မှ Myanmar Royal Apollo အထည်ချုပ် စက်ရုံ လုပ်ငန်းရှင်များသည် မတ်လ ၅ ရက်နေ့ လစာပေးရက် မတိုင်ခင် စက်ရုံကို ထားကာ နိုင်ငံခြားသို့ ထွက်ပြေး တိမ်းရှောင်မှုများ ဖြစ်ပွားခဲ့သည်။
လတ်တလော စက်ရုံပိတ်သိမ်းခြင်းများသည် အလုပ်သမား ဆန္ဒပြမှုများနှင့်လည်း ဆက်စပ်မှုများရှိနေနိုင်ကြောင်း အထည်ချုပ် စက်ရုံပိုင်ရှင် ဦးအောင်မျိုးဟိန်းက ပြောသည်။
“ဆန္ဒပြတဲ့အတွက် လိုချင်တဲ့အချိန်မှာ ပစ္စည်းမရမှာ ဆိုးလို့ တဖက်က အော်ဒါမချဘူး။ အဲဒီတော့ ရှိတဲ့အော်ဒါလေးကို ဆက်လုပ်နေရင်းနဲ့ ဒီအော်ဒါကလည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်သွားတော့ ပိုဆိုးသွားတဲ့ သဘောဖြစ်တယ်။ အဲဒါကျတော့လည်း သူက ပိတ်ဖို့ ပိုပြီး သေချာတာပေါ့”ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ဒါပေမယ့် ကျနော်တို့ ပုံမှန် ပြဿနာ မဖြစ်တဲ့ စက်ရုံတွေက တင်းခံပြီးတော့ လုပ်နေတယ်။ ဆွဲဆန့် နေတယ်။ ဒါပေမယ့် စက်ရုံမှာ တဝက်မကတဲ့ စက်လိုင်းတွေ အားလုံးက ရပ်ရမယ် ဆိုရင်တော့ သူတို့လည်း ပိတ်သိမ်း မှာ ဖြစ်တယ်။ အခု အလုပ်ပြုတ်သွားတဲ့ ဝန်ထမ်းတွေအတွက် ကျနော်လည်း ဝမ်းနည်းပါတယ်။ ဈေးကွက် လုံးဝမရှိတဲ့ အရာ တခု မှာတော့ ဘယ်လုပ်ငန်းရှင်တိုင်းကမှ ထောင့်ခံပြီး မနေဘူး”ဟု အခြေအနေကို ရှင်းပြသည်။
လှိုင်သာယာမြို့နယ် အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးသိန်းမင်းထွန်းက ကုန်ကြမ်း ပြတ်လပ်မှုကြောင့် လစာပေးရန် ခက်ခဲလာခြင်းနှင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွား ဆန္ဒပြမှုများကြောင့် ကုန်ထုတ်လုပ်မှုအပိုင်းတွင် လုပ်ငန်းများရပ်တန့်၍ အော်ဒါအမှာပြတ်ခြင်း စသည့် အကြောင်း များကြောင့်လည်း စက်ရုံပိတ်သိမ်းရန် အလုပ်ရှင်များက လာရောက်ဆွေးနွေးမှုများလည်း နေ့စဉ် ရှိနေသည်ဟု ပြောသည်။
ဦးသိန်းမင်းထွန်းက “တရက်မှာ ပိတ်သိမ်းဖို့အတွက် လာမေးနေတဲ့ စက်ရုံက ၂ ရုံကနေ ၃ ရုံလောက်ထိ ရှိတယ်။ ပိတ်လိုက်ရင် ဘယ်လိုမျိုး နစ်နာကြေး ပေးရမလည်းပေါ့။ ရပ်ဆိုင်းလိုက်လို့ ရှိရင်လည်း အလုပ်သမားတွေ ခက်ခဲသွားမယ့် အနေအထားရှိတယ်။ ဒါကြောင့် စဉ်းစားနေတာလည်း ရှိတယ်။ ပိတ်လိုက်တဲ့ စက်ရုံ ၈ ရုံ မှာတော့ လောလောဆယ် ၂ ရုံ၊ ၃ ရုံက အလုပ်သမားတွေက အလုပ်ရုံပြန်ဖွင့်ရင် လုပ်ချင်ပါတယ်ဆိုပြီး ညိုနှိုင်းတာရှိတယ်”ဟု ရှင်းပြသည်။

COVID- 19 ကြောင့် မြန်မာနိုင်ငံအတွင်း စက်ရုံပိတ် သိမ်းမှုများ ပိုများလာနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မတ်လ ၁၃ ရက်နေ့ နေပြည်တော်ရှိ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးရုံးတွင် COVID-19 ရိုက်ခတ်မှုကြောင့် စက်မှုလုပ်ငန်းခွင်၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ရှင် နှင့်အလုပ်သမားများ ရင်ဆိုင်နေရသော အခက်အခဲ အကြပ်အတည်းများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် အစည်းအဝေး မစတင်မီ သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့ကြောင့် အလုပ်လက်မဲ့ဖြစ်မည့် လုပ်သားဦးရေမှာလည်း တိုးလာနိုင်သောကြောင့် အလုပ်သမား သမဂ္ဂများက စိုးရိမ်နေကြသည်။
ထို့သို့ အလုပ်လက်မဲ့များ ရှိလာချိန် CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က ပြည်တွင်း အခြေခံ စားသောက်ကုန်များ ဈေး မမြင့်တက်သင့်ကြောင်း ပြောသည်။
“အခု ဆန်ဈေးစတက်နေပြီလို့ ကြားတယ်။ စပါးက ဈေးကျပြီး ဆန်က ဈေးတက်နေတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါက ပြည်တွင်းကိစ္စဆိုတော့ အစိုးရက လုပ်လို့ရတယ်” ဟုလည်း ဆိုသည်။ ထို့ပြင် အထည်ချုပ်ကဏ္ဍသာမက ခရီးသွားနှင့် ပို့ကုန်ကဏ္ဍတို့တွင်ပါ ထိခိုက်လာနေသဖြင့် “အစိုးရက ဘာတွေကူညီဖို့ ကြိုပြင်ထားလဲ ဆိုတာ သိဖို့တော့ လိုတယ်။ ဒါမှ ပြည်သူတွေက စိတ်အေးရမှာပေါ့။ တနိုင်ငံလုံး ဒုက္ခရောက်တယ်၊ အားလုံး ဆန်ပြုတ်သောက်ရမယ် ဆိုလည်း ဆန်ပြုတ်ပဲ သောက်ကြမယ်။ သို့သော် အားလုံးက ပြင်ပြင်ဆင်ဆင်နဲ့ ဖြစ်တာတော့ အကောင်းဆုံးပဲလို့ ကျနော်ကတော့ မြင်တယ်” ဟုလည်း ဦးမောင်မောင်က တိုက်တွန်းသည်။
ကုန်ကြမ်းပြတ်ပါက စက်ရုံပိတ်သိမ်းရမည်ကို စိုးသဖြင့် အလုပ်ရှင်များအနေနှင့် အစိုးရရုံးပိတ်ရက်များတွင် အမြဲတမ်း အချိန်ပိုခေါ်သည့် အထည်ချုပ်လုပ်ငန်းများမှာ လက်ရှိတွင် အချိန်ပိုများလျော့ခြင်း၊ စနေ၊ တနင်္ဂနွေ ရက်များ ပိတ်ခြင်း တို့ကို ပြုလုပ်နေသည်ဟု အထည်ချုပ် လုပ်ငန်းရှင်များအသင်းက သိရသည်။
ထိုသို့ ပြုလုပ်ခြင်းအားဖြင့် မတ်လဆန်းတွင် ကုန်ကြမ်းပြတ်မည့် စက်ရုံသည် မတ်လကုန်အထိ လုပ်ဆောင်နိုင်သကဲ့သို့ မတ်လကုန်တွင် ကုန်ကြမ်းပြတ်မည့် စက်ရုံသည် ဧပြီလအထိ ဆွဲဆန့်နိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
“အခု စက်ရုံ တော်တော်များများက ဧပြီလကုန်အထိ ဆွဲဆန့်နိုင်အောင် ကြိုးစားနေပါတယ်။ တော်တော် အဆင်မပြေတဲ့ ရုံတွေကတော့ ယာယီ ပိတ်သိမ်းတာတွေကို အစ ပျိုးနေကြပါပြီ။ အဲဒီလို စက်ရုံတွေကတော့ အလုပ်သမား ဝန်ကြီးဌာနကို တင်ပြရပါလိမ့်မယ်။ အဲဒီတော့ ကျမတို့ အနေနဲ့ ဘယ်လောက်ထိ ပိတ်သွားမလည်း မပိတ်ဘူးလည်း ဆိုတာ ကုန်ကြမ်းပေါ်မှာ မူတည်ပါတယ်”ဟု ၎င်းက သုံးသပ်သည်။
အထည်ချုပ် လုပ်ငန်းများအနေနှင့် လုပ်သားသစ် ခေါ်ယူမှုများကို ယခုအချိန်တွင် ၁၀၀ ရာခိုင်နှုန်း ရပ်တန့်ထားကြောင်း လုပ်ငန်းရှင်များက ပြောသည်။
လုပ်သစ်ခေါ်ယူမှုများကို ရပ်တန့်ထားခြင်းကြောင့် လက်ရှိ အလုပ်လိုက်လျှောက်သော်လည်း တရုံမှ အလုပ်မခန့်ကြောင်း စက်ရုံပိတ်၍ အလုပ်လက်မဲ့ဖြစ်နေသည့် ကိုနိုင်လင်းဦးက ပြောသည်။
“ကျနော်က Hunter မှာ ပါကင်ထုပ်ပိုးမှု ပိုင်းမှာလုပ်တယ်။ ယောက်ကျားလေးဆိုတော့ အလုပ်ရှာရ ပိုခက်တယ်။ အခု အလုပ်သွားလျှောက်တာ စက်ရုံ ၇ ရုံလောက် ရှိနေပြီ။ တရုံမှ အဆင်မပြေဘူး။ ပရံလူကြမ်းလိုက်လုပ်တာလည်း အဆင်မပြေတော့ က်ိုယ့်ရှိတဲ့ ဆိုင်ကယ်လေးနဲ့ ကယ်ရီ ဆွဲနေရတယ်”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “အိမ်ထောင်ဦးစီးဖြစ်တဲ့ ကျနော်က အလုပ်မရှိတော့ နောက်မှာမှီခိုနေတဲ့ မိသားစုက အခက်အခဲရှိ တယ်။ ကလေးကလည်းက ရှိ ကုန်ဈေးနှုန်းကလည်း တဖက်က မြင့်တာရှိတယ်။ ပြီးတော့ အဆောင် အခန်းငှားခ တွေရော ဆိုတော့ အခုက အဆင်မပြေဘူး”ဟု လက်ရှိ အခက်အခဲကို ပြောပြသည်။

လာမည့် မတ်လ ၂၄ ရက်တွင်လည်း ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ Moun tain Top ဖိနပ်စက်ရုံ ပိတ်သိမ်းရန် ရှိသည့်အတွက် အလုပ်သမား ၅၀၀ ကျော်မှာလည်း အလုပ်လက်မဲ့ဖြစ်မည့် အရေးနှင့် ရင်ဆိုင်နေရသည်။
Mountain Top ဖိနပ်စက်ရုံ ဝန်ထမ်း ကိုဇင်မင်းသူက “စက်ရုံက အချိန်ပိုကတော့ ၂ လပိုင်းလောက်ကနေ စပြီးလျော့ လိုက်တယ်။ ဖေဖော်ဝါရီလ ၂၄ ရက်မှာ မတ်လမှာ စက်ရုံပိတ်မယ်ဆိုပြီး စာကပ် တယ်။ ကုန်ကြမ်းပြတ်လို့ ပိတ်တာလို့တော့ သိရတယ်။ ဒါပေမယ့် ကျနော်တို့ မသိတာက စက်ရုံကို ယာယီပိတ်သိမ်းတာလား၊ အပြီးပိတ်သိမ်း လိုက်တာလား မသိတာ”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ယာယီပိတ်သိမ်းရင် ညိုနှိုင်းလစာနဲ့ သွားပေးဖို့ အပြီးပိတ်သိမ်းမယ်ဆိုရင်လည်း ကျနော်တို့ကို တရားဝင်ပြောပါ။ အခု စက်ရုံ ပိတ်လိုက်ပြီဆိုရင် အလုပ်သမား ၅၀၀ ကျော်က အလုပ်လက်မဲ့ ဖြစ်မယ်။ ဒီအချိန်မှာ ဗိုင်းရပ်စ်ကြောင့် အလုပ်တွေက ပြန်ရှာရ ခက်တာမို့ ပြန်ဖွင့်ရင် ကျနော်တို့ ခန့်ပေးပါလို့ တောင်းဆိုထားတယ်။ ကျနော်တို့မှာ အရမ်းအခက်အခဲ ရှိလို့ပါ”ဟု ပြောသည်။
ယခု အခြေအနေသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်တွင်းရှိ စက်ရုံအချို့ ကုန်ကြမ်းပြတ်လပ်နေသဖြင့် လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိ နေရင်ပင် ခေါ်ယူမည့် စက်ရုံမရှိ ဖြစ်နေကြောင်း ကိုဇင်မင်းသူက ပြောသည်။
Mountain Top ဖိနပ်စက်ရုံ အနေနှင့်လည်း လက်ရှိတွင် ကုန်ထုတ်လုပ်မှုများကို လုပ်ကိုင်နေန်ိုင်သည့် အတွက် စက်ရုံ ပိတ်သိမ်းသည့် အကြောင်းပြချက်ကို အလုပ်သမားများအနေနှင့် သိချင်ကြောင်း၊ ယာယီပိတ်သိမ်းပါကလည်း စက်ရုံပြန် လည်ဖွင့်လှစ်မည့် အချိန်တွင် အလုပ်ပြန်ခန့်ထားပေးရန် အတွက် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိ သို့ တိုင်ကြားထားသည်ဟု အလုပ်သမားများက ပြောသည်။
အလုပ်သမား တဦးဖြစ်သည့် ကိုအောင်ရဲကျော်က “သူဋ္ဌေးဘက်မှာ သူဋ္ဌေးရဲ့ အခက်အခဲ ရှိသလို ကျနော်တို့ ဝန်ထမ်း တွေဘက်မှာ အခက်အခဲ ရှိပါတယ်။ မပိတ်နဲ့လို့ မပြောပါဘူး။ စက်ရုံပိုင်ရှင်အနေနဲ့ တကယ်ပဲ ထောင့်မခံနိုင်တော့ဘူးလား။ သူ့အတွက် အရူံးတွေက ဘယ်လောက်ပေါ်လို့ အဆင်မပြေတာလည်း ယာယီလား၊ အပြီးလား ကျနော်တို့ကို အသိပေးပြီးပိတ်စေချင်တာ။ အလုပ်သမားတွေက အများကြီးဆိုတော့ ချက်ချင်း အလုပ်ပြန်ရဖို့က မလွယ်ဘူး”ဟု ပြော သည်။
လောလောဆယ်တွင် လုပ်ငန်းများမှာ ကိုရိုုနာဗိုင်းရပ်စ်ကြောင့် ပါးနေပြီး အလုပ်အကိုင်ရှာဖွေရာတွင် မရှိသလောက် ရှားနေသည်ဟု အလုပ်သမားများက ပြောသည်။
ယခု ပိတ်သိမ်းနေသည့် စက်ရုံ၊ အလုပ်ရုံများကို ကြည့်လျှင် တရုတ်လုပ်ငန်းရှင်ပိုင် စက်ရုံများများပြီး လုပ်ငန်းလုပ်ကိုင် သည့် လုပ်သက်အနေနှင့်လည်း တနှစ်ဝန်းကျင်သာ ရှိသေးကြောင်း တွေ့ရသည်။
ထိုသို့ သက်တမ်းနုသေးသည့် စက်ရုံများ ပိတ်သိမ်းရခြင်းမှာ အကျိုးအမြတ် မရသေးသည့် ကလာတခုဖြစ်ခြင်း၊ အလုပ်သမား လစာ၊ မြေငှားရမ်းခ၊ အခွန် အစရှိသည့်တို့ကို ရင်းနှီးမြှုပ်နှံဆဲ ကာလဖြစ်သည့် အတွက် လတ်တလော ရိုက်ခတ်မှု တခုခု ကြုံလာလျှင် ထိုစက်ရုံများက အရင်ဆုံးပိတ်ရခြင်းဖြစ်သည်ဟု လှိုင်သာယာမြို့နယ် ညိုနှိုင်းဖျန်ဖြေရေး အဖွဲ့ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးသိန်းမင်းထွန်းက ပြောပြသည်။
“ပြီးခဲ့သည့် သြဂုတ်လ ကနေစပြီးတော့ ဒီမြို့နယ်မှာ အငြင်းပွားမှုရဲ့ နောက်ဆက်တွဲ ပြဿနာ စုပေါင်း တောင်းဆို ဆန္ဒပြမှုတွေ ဖြစ်တာ ရှိတယ်။ အဲဒီတော့ ဘာဖြစ်လည်း ဆိုတော့ တချို့စက်ရုံတွေက ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းသွား တာရှိတယ်။ နောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့်လည်း ထပ်ပြီးတော့ ပါတယ်ဆိုတော့ သက်တမ်းနုတဲ့ စက်ရုံတွေက ဆက်ပြီးတော့ သူတို့ ထောင့်ခံနိုင်တဲ့ အင်အား မရှိတော့တာ”ဟု ၎င်းက ရှင်းပြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍လည်း အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများနှင့် အကြိတ်အနယ် ဆွေးနွေးခြင်းများ ရှိနေပြီး နောက်ပိုင်းတွင် လူမှုဖူလုံရေးအရ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ပေးနိုင်အောင်လည်း အစိုးရပိုင်းမှ လုပ်ဆောင် နေသည်ဟု ဆိုသည်။
အလုပ်လက်မဲ့ဖြစ်လာနေတာ စိုးရိမ်စရာ (ရုပ်/သံ)
လက်ရှိမှာမူ အလုပ်ရုံ ပိတ်သိမ်းလိုက်သည့်အခါ အလုပ်သမားများ၏ လက်ဝယ်သို့ ထိုက်သင့်သော နစ်နာကြေးကို ဥပဒေနှင့် အညီ ရရှိရန် အဓိက ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ဒုတိယ တချက်အနေနှင့် လတ်တလော အလုပ်ရပ်ဆဲခံရသည့် လုပ်သားများမှာ လုပ်သက်နည်းသောကြောင့် နစ်နာကြေး ထပ် ပို၍ တောင်းဆိုသည့် အချက်များကိုလည်း ဖြေရှင်းပေးနေရကြောင်း ဦးသိန်းမင်းထွန်းက ဆိုသည်။
အထည်ချုပ် ပိတ်စကုန်ကြမ်းများကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်း တင်သွင်းပြီး အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ ထိုင်းနှင့် ကိုရီးယား နိုင်ငံတို့မှလည်း တင်သွင်းကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက သိရသည်။
အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်မှာ လုပ်သားဦးရေ ၅ သိန်းကျော် အထိ ရှိပြီး တရုတ်အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယား အထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ်စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံရှိ ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
You may also like these stories:
COVID- 19 ကြောင့် စက်ရုံ ပိတ်သိမ်းမှု ပိုများလာနိုင်ဟု အလုပ်သမားဝန်ကြီးပြော
ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ
ဘဏ်တိုးနှုန်းလျှော့ချမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ
ဗိုင်းရပ်စ်ရိုက်ခတ်မှု ကြီးလာပါက အခွန်ကင်းလွတ်၊ သက်သာခွင့်၊ အတိုးနည်း ချေးငွေ ပေးရန် စီစဉ်
COVID-19 မြန်မာ အပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှု ရှိသလဲ