AA အတွက် စစ်ရေး ဗျူဟာကျတဲ့ ပလက်ဝ
ပလက်ဝမြို့နယ် အတွင်းက အရေးပါတဲ့ ရေလမ်း၊ ကုန်းလမ်းတွေကို စိုးမိုးနိုင်မယ့် အချက်အချာကျ နေရာတွေကို ရယူဖို့အတွက် AA က ဆက်လက် ကြိုးပမ်းနေပါတယ်။
ပြင်းထန်လာတဲ့ စစ်မြေပြင်ကြားမှာ နှစ်ဖက်လုံးက စစ်သားတွေဟာ ခက်ခက်ခဲခဲ ရုန်းကန် တိုက်ခိုက်ကြရတဲ့ အခြေ အနေ ရှိနေတယ်လို့ ယူဆရပါတယ်။
တပ်မတော်နဲ့ AA ကြား အပြန်အလှန် စားနပ်ရိက္ခာ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ဗျူဟာချ တိုက်ခိုက်တာတွေ၊ နယ်မြေကို စိုးမိုးနိုင်မယ့် ဗျူဟာကုန်းတွေကို တိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီလမှာ ပိုပြီး အရှိန်မြှင့်လာခဲ့ပါတယ်။
တပ်မတော်ရဲ့ ရဟတ်ယာဉ်တွေ မကြာခဏ ဗုံးလာကျဲတဲ့ ကြားထဲကနေ တပ်မတော်ရဲ့ မီးချောင်းဝ ဗျူဟာကုန်းကို သိမ်းယူဖို့ AA က တိုက်ခိုက်နေတာလည်း တလခန့် ရှိနေပါပြီ။
မီးချောင်းဝ ဗျူဟာကုန်းဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ ပလက်ဝမြို့နယ်ကို ကုလားတန်မြစ် အတိုင်း လာရင် မဖြစ်မနေ ဖြတ်သွားရမယ့် နေရာတခုပါ။
မီးချောင်းဝ ဗျူဟာကုန်းရှိတဲ့ တောင်တကြောဟာ မြင့်ပြီး စစ်ရေးအရ ဘေးပတ်ဝန်းကျင် တကြောကို အပေါ်စီးကနေ ကြည့်နေနိုင်တဲ့ နေရာဖြစ်ပါတယ်။ ကုလားတန်မြစ်ကြောင်းကို စိုးမိုးနိုင်တဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
မတ်လ ပထမအပတ်မှာ တပ်မတော်က ပြင်းအားကြီးမားတဲ့ ဗုံးတွေ ရဟတ်ယာဉ်နဲ့ ကျဲချတော့ မီချောင်းဝ ဗျူဟာ ကုန်းကို သိမ်းဖို့ တိုက်ခိုက်နေတဲ့ ရခိုင်စစ်သားတချို့ နားစည်ပင်းသွားတဲ့အထိ အကြားအာရုံ ထိခိုက် ကုန်ကြတယ်လို့ သိရပါတယ်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က“ကျနော်တို့ ခန့်မှန်းတာက Thermobaric Bomb ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးတွေ ဖြစ်ဖို့ များပါတယ်။ ပေါက်ကွဲအား ပြင်းထန်ပြီး အနီးနားရှိတဲ့ အောက်ဆီဂျင်တွေ လောင်ကျွမ်းတာပေါ့။ သူက Wave တွေနဲ့ ရိုက်ပြီး ကွဲတော့ ဘန်ကာထဲက လူတွေပါ နားစည်တွေ ကွဲတယ်”လို့ ပြောပါတယ်။
အဲဒီလို AA စစ်သားတွေ တိုက်ပွဲထဲမှာ နားစည်ကွဲတာ နှာခေါင်းသွေးလျှံတာ နားစည်ထဲက သွေးတွေယိုတာ မျိုးတွေ ဟာ ပေါက်ကွဲအားပြင်းတဲ့ လက်နက်တွေကြောင့် ဖြစ်လေ့ဖြစ်ထ ရှိတာတွေလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ပြောပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“အတိတ်သမိုင်း ပြန်လှန်တာတော့ မဟုတ်ဘူး။ ကရင်ပြည်နယ်အတွင်းမှာ မဲသဝေါတို့ တိုက်တုန်းကလည်း လက်နက်ကြီးကျည်ကျရင်ကို အလုံပိတ်ထားတဲ့ ဘန်ကာထဲမှာ တည့်တည့်ကျရင်တော့ အလုံ ပိတ် ထားတဲ့ထဲမှာ နေတဲ့လူတွေကတော့ နားစည်ကွဲတာတွေ ဖြစ်တာပေါ့။ ဒါက ပေါက်ကွဲအားပြင်းတဲ့ လက်နက်တွေ ကြောင့် ဖြစ်လေ့ဖြစ်ထ ရှိတဲ့ဟာတွေပါ”လို့ ပြောဆိုပါတယ်။
ပလက်ဝမှာ ခြေကုပ်ယူထားပြီး လှုပ်ရှားနေတဲ့ AA အတွက်ကတော့ ပလက်ဝဟာ စစ်ရေးဗျူဟာ အရ အရေးပါတယ် လို့ မကြာခဏ ထုတ်ဖော်ပြောဆိုဖူးပါတယ်။
ပလက်ဝက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ၂ နိုင်ငံကို ဖြတ်သန်း ဝင်ရောက်နိုင်တဲ့ ဂိတ်ပေါက်တခု ဖြစ်သလို ပလက်ဝ ရဲ့ တောတောင်ထူထပ်တဲ့ နယ်မြေဟာလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဆက်စပ်နေတာပါ။
တောင်ကုန်း တောင်တန်းတွေကတဆင့် ကုန်းလမ်းက ဖြစ်စေ၊ ကုလားတန် မြစ်ကြောင်းအတိုင်း ရေကြောင်းကနေ ဖြစ်ဖြစ် ပလက်ဝဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်ရောက်ဖို့ အဓိကကျတဲ့နေရာ ဖြစ်ပါတယ်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သူရဲ့စစ်သားတွေဟာ ၂၀၁၁ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ် နယ်စပ် တောင်ပေါ်ရွာတွေ ကတဆင့် ပလက်ဝထဲကို ဖြည်းဖြည်းချင်း စိမ့်ဝင်ဖို့ နှစ်ရှည်အစီအစဉ်ချပြီး ကြိုးစားခဲ့ရတာလို့ ပြောပြပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ပလက်ဝ ဒေသတွင်းမှာ တပ်မတော် နေရာယူထားတဲ့ ဗျူဟာကျစိုးမိုးကုန်းတွေကို လိုက်တိုက်နေတာ ရှိတယ်လို့ ဖေဖော်ဝါရီ တတိယပတ်က နေပြည်တော် မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
“သူတို့ အကျအဆုံး တော်တော်များပါတယ်”လို့လည်း ပလက်ဝတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်းမှာ မီးချောင်းဝ ဗျူဟာကုန်းအပြင် ကုလားတန်မြစ် အထက်ဘက်က နုန်းဘူး စခန်း ၂ ခုကို လည်း လာတိုက်နေတာ ရှိပေမယ့် အကျအဆုံးများပြီး အရေးနိမ့်လို့ AA စစ်သားတွေဟာ ဆုတ်ခွာ ပြေးသွားတယ် လို့လည်း တပ်မတော်ဘက်က ပြောဆိုပါတယ်။
AA က ကြွေးကြော်ထားတဲ့ ရက္ခိတအိပ်မက် ၂၀၂၀ ကို အကောင်အထည် မဖော်နိုင်တာကြောင့် တစုံတရာ လက်ဆုပ် လက်ကိုင်ပြဖို့ အတွက် ပလက်ဝရဲ့အဓိကကျတဲ့ စခန်းတွေကို လိုက်ဖိတိုက်နေတာလို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဆိုပါတယ်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကတော့ မီးချောင်းဝတိုက်ပွဲမှာ တပ်မတော်ဘက်က စစ်ကူတွေ လာပေမယ့် AA က ဝိုင်းပိတ်ပြီး တိုက်နေတာကြောင့် တချို့တပ်တွေဆိုရင် စားနပ်ရိက္ခာ ပြတ်တောက်တဲ့ အထိ ဖြစ်နေပြီလို့ ပြောပါတယ်။
“သူ့ရဲ့ ဗျူဟာကုန်းအဖွဲ့က ရိက္ခာတော်တော်ပြတ်သွားပြီ။ မတ် ၈ ရက်ကဆို သူတို့ ရဟတ်ယာဉ် ၇ စင်း သုံးတယ်။ ၁၀ ကြိမ် မက ဗုံးကျဲတယ်။ ဂျက်လေယာဉ်အပေါ်က ဝဲပြီး ဒုံးတွေပစ် ဗုံးကျဲတယ်။ တပြိုင်တည်း အပေါ်ကနေ ဆန်ပြုတ် ထုတ်တွေ ရေခဲတွေ ရေသန့်ဖာတွေ ချပေးနေတယ်”လို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုပါတယ်။
ပလက်ဝမှာ တပ်မတော်နဲ့ AA ဟာ ကျားကုတ်ကျားခဲ အပြင်းအထန်ကို တိုက်ခိုက်နေကြတာပါ။
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မတ်လ ၁၀ ရက်နဲ့ ၁၁ ရက်မှာတော့ တပ်မတော် တပ်မ ၇၇ လက်အောက်ခံ ခြေလျင် တပ်ရင်း (ခမရ) (၇) က တပ်ရင်းမှူး၊ အရာရှိတွေနဲ့ တပ်သားတွေ စုစုပေါင်း ၃၆ ဦးကို လက်နက်ခဲယမ်းတွေနဲ့ အတူ AA က ဖမ်းဆီးလိုက်ပါတယ်။
တပ်မတော်က လက်နက်အင်အား၊ လေကြောင်းစစ်ကူ သာပေမယ့် မမှုဘူးလို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆို နေပါတယ်။
တပ်မတော် ရဟတ်ယာဉ်တွေကို ပစ်ချဖို့ ကြိုးစားနေတာ ရှိတယ်လို့လည်း ထုတ်ဖော် ပြောဆိုပါတယ်။
“လောလောဆယ် ပေါက်အောင်တော့ လုပ်နိုင်တယ်။ ကွဲအောင်တော့ မလုပ်နိုင်သေးဘူးပေါ့ဗျာ။ သူတို့ ရဟတ်ယာဉ် တွေမှာ ဒဏ်ရာတွေ အများကြီးရှိပါတယ်”လို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်က မြေပြင်က သူ့စစ်သားတွေဆီမှာ ရဟတ်ယာဉ်တွေကို ပစ်ခတ်နိုင်တဲ့ လက်နက်တွေ ရှိတယ် ဆိုတာကို ထုတ်ပြောနေတာပါ။
ဘယ်လို လက်နက် အမျိုးအစားတွေလဲ ဆိုတာကိုတော့ အတိအလင်း ထုတ်ဖော်ပြောတာ မရှိပေမယ့် လူမှုကွန်ရက် မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုမှတ်တမ်းတခုမှာတော့ AA Gun လို့ အတိုကောက် ခေါ်ကြတဲ့ လေယာဉ်ပစ် စက်သေနတ် Anti-Aircraft Gun (12.7mm) ကို AA စစ်သားတဦးက ပစ်ခတ်နေတာ တွေ့ ရပါတယ်။
ယခင် အရှေ့မြောက်ဒေသ ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) ရဲ့ တိုက်ပွဲတွေတုန်းကလည်း တပ်မတော် ရဟတ်ယာဉ်တွေကို ပစ်ချမှုမျိုး ရှိခဲ့ပါတယ်။
ဗကပ မြောက်ပိုင်း ဗျူရို အထူးဒေသရဲ့ တပ်မှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးမောင်မောင်စိုးကတော့ “အရင် ခေတ်က စစ်တပ်လေယာဉ်တွေကို ဗကပက ပစ်ချတာ ဒီပွိုင့် ၅ စက်ကြီးနဲ့ပဲ။ အခုခေတ် အဆင့်မြင့် (ရဟတ်ယာဉ်) တွေကိုတော့ အပေါက်လောက်ပဲ ဖောက်နိုင်မယ် ထင်တယ်”လို့ ပြောပါတယ်။
ရခိုင် စစ်မြေပြင်တခုလုံးကို ပြန်ကြည့်ရင် တပ်မတော်ဘက်က ရဟတ်ယာဉ်တွေရဲ့ ထိခိုက်မှုတွေကို ထုတ်ပြောတာ မရှိ သေး ပါဘူး။
သို့ပေမယ့် ဖေဖော်ဝါရီ ၁၆ ရက်ကတော့ စစ်တွေကနေ ဘူးသီးတောင်မြို့ကို သွားတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး စီးနင်းလာတဲ့ ရဟတ်ယာဉ် ပစ်ခတ်ခံရတဲ့ သတင်းဟာ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပါတယ်။
ဒေါက်တာ ဝင်းမြတ်အေးကတော့ ထိခိုက်မှု တစုံတရာ မရှိပေမယ့် AA ပစ်ခတ်လိုက်တဲ့ ကျည်ကတော့ ရဟတ်ယာဉ် ဝမ်းဗိုက်မှာ ၂ ချက် ထိမှန်သွားခဲ့ပါတယ်။
AA စစ်သားတွေ စားနပ်ရိက္ခာ ရရှိရေး၊ ဆေးဝါး အထောက်အပံ့ ရရှိရေးဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် ဖြစ်တဲ့ ပလက်ဝ ဒေသဟာ အရေးပါတဲ့ နယ်မြေလည်း ဖြစ်နိုင်ပါတယ်။
AA ရဲ့ လက်နက်ခဲယမ်း ဖြည့်တင်းဖို့ အတွက် နယ်စပ် ဒေသတွေဟာ အရေးပါတဲ့ နေရာတွေ ဖြစ်တယ်လို့ သုံးသပ် ကြသူတွေ ရှိပေမယ့် AA ကတော့ သူ့ရဲ့လက်နက်ခဲယမ်း သယ်ယူတဲ့ လမ်းကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ ဘူး။
မြန်မာနိုင်ငံတွင်းမှာ အစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက စားနပ်ရိက္ခာ ရရှိဖို့ ဆေးဝါးအထောက်အပံ့နဲ့ လက်နက်ခဲယမ်းတွေ ရှာဖွေနိုင်ဖို့ အတွက် နယ်စပ် စည်းမျဉ်းတွေကို ခြေကုပ်ရယူကြ ပါတယ်။
လူမှုကွန်ရက်တွင် ပျံနှံနေသည့် AA စစ်သားတဦး လေယာဉ်ပစ် စက်သေနတ် Anti-Aircraft Gun (12.7mm) ကို ပစ်ခတ်နေပုံ
AA ရဲ့ ညီနောင် မဟာမိတ်တွေဖြစ်တဲ့ ကချင်၊ ရှမ်း၊ ဝနဲ့ မိုင်းလား စတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ဆိုရင်လည်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့နဲ့ ကုန်းလမ်း၊ ရေလမ်း နယ်နိမိတ်စည်းတွေမှာ ၎င်းတို့ရဲ့ နယ်မြေအခြေစိုက် စခန်းတွေကို တည်ဆောက်ကြတာပါ။
နယ်စပ်ထွက်ပေါက် မရှိဘဲ ကုန်းတွင်းပိတ်မိနေတဲ့ တော်လှန်ရေး တပ်ဖွဲ့တခုဟာ တပ်မတော်ကို အင်အား တောင့် တောင့် တင်းတင်းနဲ့ ကာလရှည်ကြာ တိုက်ခိုက်နိုင်ဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။
ပလက်ဝဒေသရဲ့ ပထဝီမြေပြင် အခြေအနေက ထူးခြားချက်တွေလည်း ရှိပါတယ်။ ကုလားတန်မြစ် တကြောရဲ့ တဖက် တချက်စီက တောင်ကုန်းတောင်တန်းတွေချည်း ဖြစ်ပါတယ်။ မြေပြန့်ဧရိယာ နည်းပါးလွန်းတာကြောင့် ရေကြောင်းက အနိမ့်ပိုင်း ပစ်ကွင်းလို အနေအထားမျိုး ဖြစ်နေတာပါ။
ကုလားတန်မြစ်ကြောင်းဘေးက တောင်ကုန်းတွေပေါ်မှာ တပ်အင်အားတွေ ဖြန့်ကျက်မထားနိုုင်ဘဲ ရေကြောင်းအတိုင်း စစ်သားတွေ သွားလာမယ်ဆိုရင် အရေးနိမ့်နိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
နောက်တချက်ကတော့ ပလက်ဝမြို့နယ် အစွန်အဖျားက တောင်တန်းတွေဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ ၃နိုင်ငံ နယ်နိမိတ် ဖြစ်တာကြောင့် တပ်မတော်ရဲ့ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုဒဏ် အလွတ်ကင်းနိုင်ဆုံး နေရာလည်း ဖြစ်ပါတယ်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း ရခိုင်ပြည်နယ်ထက် ပလက်ဝမြို့နယ်တွင်းမှာ ပြင်း ထန်တဲ့ တိုက်ပွဲတွေ မဖြစ်တာက စစ်ဆင်ရေးတွေမှာ ပထဝီမြေပြင် အနေအထားအရ အကန့်အသတ်တွေ ရှိနေတာ ကြောင့် လို့ သုံးသပ်ပါတယ်။
ဦးမောင်မောင်စိုးက“လေကြောင်းက တိုက်ခိုက်မယ် ဆိုရင်လည်း နယ်စပ်နဲ့ နီးကပ်သွားရင် အခြားနိုင်ငံရဲ့ နယ်နိမိတ် ထဲကို လေယာဉ်ပစ် ဒုံးကျည်တွေ လေကြောင်းတိုက်ခိုက်မှု ဒုံးကျည်တွေ ကျသွားမှာစိုးလို့ ပလက်ဝ ဧရိယာထဲမှာ စစ်ဆင်ရေးတွေ လျော့ကျသွားတယ်လို့ ထင်ပါတယ်”လို့လည်း ပြောပါတယ်။
ပထဝီမြေပြင် အနေအထားအရ စစ်ဆင်ရေးမှာ အကန့်အသတ်တွေ ရှိနေတယ် ဆိုပေမယ့် နယ်စပ်နဲ့ အလှမ်းဝေးတဲ့ ပလက်ဝမြို့ ပတ်ဝန်းကျင်မှာ လေကြောင်း အသုံးပြုပြီး တပ်မတော်ဘက်က AA ကို ဗုံးကျဲတိုက်ခိုက်တာ အတွဲလိုက် ဒုံးကျည်တွေနဲ့ ပစ်တာမျိုး တွေကို ပြုလုပ်နေတာလည်း ရှိနေပါတယ်။
ညပိုင်းတွေမှာလည်း တပ်မတော်က ပစ်ခတ်နေတဲ့ လက်နက်ကြီး ပစ်သံတွေ အတွဲလိုက်ဒုံးကျည် ကျရောက်ပေါက်ကွဲ သံတွေက ပလက်ဝမြို့တွင်းထဲမှာ အိမ်တွေတောင် တုန်ဟီး သွားတယ်လို့ ထင်ရအောင် ကျယ်ကျယ် လောင်လောင် ကြားရပါတယ်။
အင်အားကောင်းနေဆဲဖြစ်တဲ့ AA ကို အင်အားချိနဲ့အောင် တပ်မတော်ဘက်က မတိုက်နိုင်ရင် ပလက်ဝ နယ်မြေထဲမှာ AA က အခြေခံစခန်းတခု တည်ဆောက် လာနိုင်တယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
ဦးမောင်မောင်စိုးက“တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက နောက်တန်းစခန်းတွေကို တည်ဆောက်လေ့ ရှိပါ တယ်။ KIA ဆိုရင်လည်း မိုင်ဂျာယန်၊ လိုင်ဇာတို့မှာ နောက်တန်း အခြေစိုက် စခန်းတွေထားပြီး ရှေ့တန်းမှာတော့ ပြောက်ကျား တပ်ဖွဲ့တွေ စေလွှတ်တာပေါ့။ အဲ့ဒီလို ပုံစံမျိုး ဖြစ်လာနိုင်တယ်”လို့လည်း ပြောဆိုပါတယ်။
ပလက်ဝဟာ ပထဝီမြေပြင် အနေအထားအရ အချက်အချာကျတာကြောင့် ပလက်ဝဒေသထဲက နယ်စပ်နေရာတွေမှာ အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေလို ထိန်းချုပ်နယ်မြေတခု ရယူနိုင်ဖို့ AA က ကြိုးစားနေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ ရှိနေပါတယ်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကတော့ ထိန်းချုပ်နယ်မြေဆိုတဲ့ နေရာ အကန့်အသတ် တခုလေးအတွက်ပဲ တိုက်ခိုက်နေတာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဆက်လက်၍ သူက“ကျနော်တို့က ထိန်းချုပ်နယ်မြေဆိုပြီးတော့မှ ကိုယ့်ရဲ့ ဘိုးဘွားပိုင် နယ်တွေမှာ အကွက်လေး တကွက်ကို မက်မောနေတာ မဟုတ်ပါဘူး။ ကျနော်တို့မှာ ဒီ့ထက် ကြီးမားတဲ့ ရည်မှန်းချက် ရှိတယ်။ ဒေသတခုလုံးကို ရအောင် တိုက်သွားမယ်”လို့လည်း ပြောပါတယ်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ပြောဆိုချက်အရတော့ ပလက်ဝမှာ AA က ကြီးကြီးမားမား အောင်မြင်မှု ရသွားမှသာ စစ်ရေး ပဋိပက္ခတွေ တည်ငြိမ်သွားမယ်လို့ သိရပါတယ်။
ဒီအတိုင်း ဆိုရင်တော့ ပလက်ဝဒေသဟာ စစ်ရေး တည်ငြိမ်ဖို့ လမ်းစ မမြင်ရသေးပါဘူး။
အပိုင်း (၃) ကို ဆက်လက် ဖော်ပြပါမယ်။
ဆက်စပ်လင့်
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၁)