လူဦးရေ ၇ သန်းကျော်ရှိတဲ့ ရန်ကုန်မြို့ကြီးမှာ မြို့နေလူထုအများစုဟာ ရုံးသွားရုံးပြန်နဲ့ အကြောင်းအမျိုးမျိုးအတွက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး (Public transportation) ဖြစ်တဲ့ ဘတ်စ်ကား၊ ရထားနဲ့၊ သင်္ဘောတွေကို အားကိုးနေကြရတာပါ။
COVID – 19 နဲ့ ပတ်သက်လို့ ဇန်နဝါရီ ၄ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့ အထိ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၄ နိုင်ငံမှာ ဓာတ်ခွဲ အတည်ပြုလူနာ ၂၆၇၀၁၃ ဦး၊ သေဆုံးသူ ၁၁၂၀၁ ဦး ရှိရာ သေဆုံးမှု ရာခိုင်နှုန်းအနေနဲ့ ၄ ဒသမ ၂ နှုန်းရှိကြောင်း WHO ရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီး ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာနက ယမန်နေ့ညက သတင်းထုတ်ပြန်ထားပါတယ်။
ဒီလို တကမ္ဘာလုံး အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် (COVID-19) အတွက် စိုးရိမ်ပူပန်စိတ် ရှိကြပေမယ့်လည်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို လက်ရှိအချိန်ထိ မဖြစ်မနေ အသုံးပြုနေကြရဆဲ ဖြစ်ပါတယ်။
မြို့ပြလူထုနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး
ရန်ကုန်မှာ တနေ့ကို ဘတ်စ်ကား (YBS) အသုံးပြုသူ ၂ သန်းခန့်၊ ရထားအသုံးပြုသူ ၅ သောင်းကျော်နဲ့ ရန်ကုန်-ဒလ ကူးသင်္ဘော အသုံးပြုသူ ၁ သောင်းကျော် ရှိပြီး ရုံးတက်ရုံးဆင်းချိန်ဆို YBS ၁ စီးပေါ်မှာ လူ အယောက် ၅၀ ကျော်၊ ရ ထားတွဲ ၁ တွဲမှာ ၅၀ ကနေ ၈၀ ကြားနဲ့ သင်္ဘော ၁ စီးမှာ ၂၅၀ ကနေ ၃၅၀ ဦးရေ ကြား စီးနင်းလိုက်ပါတယ်လို့ သိရ ပါတယ်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ သတိပေးချက် တခုဖြစ်တဲ့ “လူစုလူဝေး နေရာတွေကို ရှောင်ကြဉ်ဖို့” ဆိုတာနဲ့ ကူးစက်ရောဂါတွေရဲ့ ကူးစက်ပြန့်ပွားမှုကို လျော့နည်းအောင် ပြုလုပ်ရာမှာ နည်းလမ်းတခုဖြစ်တဲ့ Social Distancing ဆိုတာတွေကို လိုက်နာနိုင်ဖို့ အခက်အခဲရှိတယ် ဆိုတာ ဒီကိန်းဂဏန်းတွေက မီးမောင်းထိုးပြနေပါတယ်။
ဒါပေမယ့် အစိုးရအနေနဲ့ စားဝတ်နေရေးအတွက် သွားလာနေရသူတွေကို မသွားနဲ့ဆိုတာမျိုး တား၍ မရနိုင်သလို အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို ရပ်တန့်ပစ်လိုက်ဖို့၊ ရုံးတွေ အကုန်လုံး ပိတ်ပစ်လိုက်ဖို့ကလည်း လော လောဆယ်မှာ အဆင်မပြေဘူးလို့ ကျောက်တံတားမြို့နယ် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က ပြောပါတယ်။
အစိုးရအနေနဲ့ လူအများသွားလာတဲ့ နေရာတွေမှာ လက်သန့်ဆေးရည်တွေ၊ လက်ဆေးဖို့ ဘေစင် ထားပေးတာတွေ၊ အသိပညာ လုပ်ငန်းတွေလောက်ပဲ ဆောင်ရွက်ပေးနိုင်မယ်လို့ သူက ဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့တော့ သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြု ချက်တွေအတိုင်း ရပ်ရွာတာဝန်ရှိသူများနဲ့ ပူးပေါင်းပြီး စီမံဆောင်ရွက်နေတယ်လို့ ဒေါ်ကြည်ပြာက ပြောပါတယ်။
Public Transportation အသုံးပြုသူတွေရဲ့ စိုးရိမ်မှု
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ယနေ့အချိန်ထိ သတင်းထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရသူ မရှိသေးပေမယ့်လည်း အချိန်မရွေးဝင်ရောက် ဖြစ်ပွားနိုင်ခြေရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ထုတ်ပြန်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
Public Transportation မှာ အထူးသဖြင့် YBS ဟာ လူတွေအများကြီး လာကြတာ၊ အလုံပိတ်နေတယ်ဆိုတဲ့ အ ချက်တွေက အန္တရာယ် ပိုများနိုင်တဲ့ အနေအထားဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်နေသူ ဒေါက်တာစစ်နိုင်က မှတ်ချက်ပြုပါတယ်။
လှိုင်သာယာမြို့နယ်ကနေ ကျောက်တံတားမြို့နယ်ထိ အလုပ်လာလုပ်ရတဲ့ မမီးမီးက “ကားတို့ ရထားတို့က ရုံးချိန်တွေ မှာ အရမ်းကြပ်တယ်။ နောက် Mask (နှာခေါင်းစည်း) လည်း သုံးတဲ့သူက အရမ်းနည်းတယ်။ အဲဒီတော့ ရုတ်တရက် ချောင်းဆိုး နှာချေလိုက်ရင် ကားကလည်း ကြပ်တော့ ရှောင်ဖို့ခက်တယ်” လို့ ပြောပြပါတယ်။
ရုံးသွားရုံးပြန်အတွက် အငှားယာဉ် (Taxi) အမြဲတမ်း ငှားစီးဖို့ကလည်း ကိုယ့်ဓနအင်အားကို ကြည့်ရသေးတာဖြစ်လို့ သက်ဆိုင်ရာ ရုံး၊ ဌာနတွေကရော ဘယ်လို စီစဉ်ပေးမလဲ ဆိုတာတွေက အရေးပါလာပါပြီလို့ ရုံးဝန်ထမ်းအများစုက ပြောပြကြပါတယ်။
တချို့ရုံးတွေကတော့ ရုံးကားဖယ်ရီ စီစဉ်ပေးတာမျိုး၊ လူကြပ်တာ ရှောင်နိုင်အောင် ရုံးတက်ရုံးဆင်းချိန်ကို ဖြေလျော့ ပေးတာမျိုး၊ အိမ်ကနေပဲ အလုပ်လုပ်ဖို့အတွက် (Work from Home) စီစဉ်နေတာ၊ အကောင်အထည်ဖော် ဆောင် ရွက်နေတာမျိုးတွေ ရှိလာပြီဆိုပေမယ့် အရေအတွက်အားဖြင့် အလွန် နည်းနေပါသေးတယ်။
“တော်တော်များများ အခုက ရောဂါပိုး ကြောက်တယ်ဆိုပေမယ့်လည်း စားဝတ်နေရေးအရ သွားလာနေတဲ့သူတွေ အများကြီးရှိတယ်လေ။ အဲဒါကြီးကို ကြောက်လို့ အိမ်မှာ ထိုင်နေလို့မှ မရတာ” လို့ YBS ၉၄ ယာဉ်မောင်း ဦးထွန်းထွန်း လှိုင်က ပြောပြပါတယ်။
Public Transportation အသုံးပြုမယ်ဆိုရင်
ဒီတော့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို မဖြစ်မနေ အသုံးပြုနေရအုံးမယ့် သူတွေအတွက်ကတော့ ဒါကို အန္တရာယ်ဇုန်လို့ သတ်မှတ်ထားပြီး အသိ၊ သတိနဲ့ ကိုယ့်တယောက်ချင်းကပဲ ကာကွယ်မှုတွေ လုပ်နိုင်မယ်လို့ ကျန်း မာရေးဆိုင်ရာ အသိပညာပေး ဆောင်ရွက်နေသူတွေက အကြံပြုပါတယ်။
YBS မှာ ယာဉ်မောင်း နေမကောင်းရင် လုံးဝ ပေးမမောင်းဖို့၊ အဲကွန်းကားဖြစ်လို့ အခက်အခဲ ရှိနိုင်ပေမယ့် ဖြစ်နိုင်ရင် အလုံပိတ်မထားဘဲ ရသလောက် အပြင်လေဝင်အောင် ဖွင့်ထားဖို့၊ မော်တော်ယာဉ် အပါအဝင် ရထား၊ သင်္ဘောတွေ အားလုံးကို နေ့တနေ့ ပြီးသွားရင် ရေနဲ့ ဆပ်ပြာနဲ့ သေသေချာချာ ဆေးကြောဖို့ ဒေါက်တာစစ်နိုင်က အကြံပြုပါတယ်။
မဖြစ်မနေ စီးရမယ့်သူတွေအနေနဲ့ လုံးဝ မစီးနိုင်ရင်တော့ ပိုပြီး အန္တရာယ်ကင်းတယ် ဆိုပေမယ့် မဖြစ်နိုင်တာ ဖြစ်လို့ စီးရတဲ့ အကြိမ် အရေအတွက်နဲ့ ကြာမြင့်ချိန်တွေ နည်းနိုင်လေ ကောင်းလေပဲလို့ သူက ပြောပါတယ်။
ဒေါက်တာစစ်နိုင်က “ရသလောက် လမ်းလျှောက်၊ မဖြစ်တော့မှစီး။ စီးတဲ့အခါ လူများတဲ့ အချိန်ကို ရသလောက် ရှောင်။ တကယ်တမ်းရှောင်ဖို့ အရမ်းခက်ပေမယ့် တတ်နိုင်သလောက် လူနည်းတဲ့အချိန် စီးနိုင်ရင်ကောင်းတယ်” လို့ အကြံပြုပါတယ်။
အရာဝတ္ထုမှာ ထိကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ ကိုင်တွယ် ထိတွေ့ရာကနေ တဆင့်လည်း ရောဂါကူးစက်နိုင်တာ မို့ ဘတ်စ်ကား၊ ရထား၊ သင်္ဘောပေါ်မှာရှိတဲ့ လက်ကိုင်ကွင်းတွေ၊ ထိုင်ခုံတန်းတွေ စတာတွေကလည်း အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေပါတယ်။
ဒါကြောင့် ဒီအရာတွေကို ထိတွေ့ကိုင်တွယ်ပြီး ဆင်းလာတာနဲ့ လက်ကို ရေနဲ့ဆပ်ပြာနဲ့ သေချာစွာ ဆေးကြော ဒါမှမ ဟုတ် လက်သန့်ဆေးရည်နဲ့ ဆေးရမှာ ဖြစ်ပါတယ်။ အဲဒီလို လက်မဆေးနိုင်သေးခင် ကြားအချိန်မှာတော့ မျက်နှာကို လက်နဲ့ မထိမိအောင် သတိထားရမယ်လို့ ဒေါက်တာစစ်နိုင်က အထူးမှာကြားပါတယ်။
ကြိုတင်ကာကွယ်ရေး
YBS ယာဉ်လိုင်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်တွေအတိုင်း ဆောင်ရွက်ဖို့ ညွှန်ကြား ထားတယ်လို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့(YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောပါတယ်။
တချို့သော ယာဉ်လိုင်းတွေမှာ ဆေးဖြန်းတာတွေကို ကုမ္ဗဏီတွေက ကိုယ်ထူကိုယ်ထ လုပ်နိုင်ပေမယ့် တချို့ကတော့ မလုပ်နိုင်တာ ရှိတယ်လို့ သူက ဆိုပါတယ်။
“အဲဒီတော့ ကျနော်တို့က အတက်အဆင်းများတဲ့ နေရာတွေမှာ လက်ဆေးကန် ထားပေးတာမျိုး လုပ်တယ်။ ပြီးတော့ ကျန်းမာရေးဌာနက ပေးဝေနေတဲ့ လက်ကမ်းစာစောင်တွေ ဝေတယ်။ ကြေညာချက်တွေ ကပ်ထားပေးတယ်။ ကျန်း မာရေးဌာနက ပြောတဲ့အတိုင်း ကျနော်တို့ လုပ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။
ရန်ကုန်ဘူတာကြီးမှာလည်း ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပံ့ပေးထားတဲ့ လက်ကမ်းစာစောင်တွေကို မတ်လ ၁၀ ရက်နေ့ကစလို့ ခရီးသည်တွေကို ဝေပေးနေတယ်လို့ အမှတ်(၇) မီးရထားတိုင်းရုံး (ရန်ကုန်)ရဲ့ လက်ထောက် တိုင်းမန်နေဂျာ ဦးအောင်နိုင်မြင့်က ပြောပါတယ်။
အဲဒါအပြင် ဘူတာကြီး ပြန်ကြားရေးကနေလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်အသိပေးချက်တွေကို နာရီဝက် တကြိမ် ကြေညာပေးလျက်ရှိပြီး မီးရထားဌာန (အောက်ဗမာပြည်) က ထောက်ပံ့ပေးတဲ့ လက်သန့်ဆေးရည်တွေကို ဂိတ်ပေါက်ဝတိုင်းမှာ ဘေစင်တွေနဲ့အတူ ထားပေးထားတယ်လို့လည်း သိရပါတယ်။
မီးရထား ဝန်ထမ်းတွေကိုလည်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အသိပညာပေး ဟောပြောမှုတွေ လုပ်သလို တွဲဆိုင်းတွေကို လည်း (အရင်က တပတ်/ဆယ်ရက် တကြိမ်လောက် ကြွက်၊ ခြင်၊ ယင်၊ ဂျပိုး မတွယ်အောင် ဆေးဖျန်းခဲ့) ကိုရိုနာ အတွက် နေ့တိုင်းနီးပါး ပိုးသတ်ဆေး ဖျန်းပေးနေတယ်လို့ ဦးအောင်နိုင်မြင့်က ပြောပြပါတယ်။
“မကူးစက်သေးဘူး။ မတွေ့သေးဘူး ဆိုတော့ ကာကွယ်တဲ့နည်းက အကောင်းဆုံးပဲ။ မဖြစ်ရင် ပိုကောင်းတာပေါ့” လို့ သူက ဆိုပါတယ်။
ရန်ကုန်-ဒလကူး သင်္ဘောပေါ်မှာတော့ မတ်လ ၂၀ ရက် အထိ ဌာနကနေ ညွှန်ကြားမှု မရှိသေးတဲ့အတွက် ဘာမှ မလုပ်သေးဘူးလို့ ချယ်ရီ ၁ ရေယာဉ်မှူး ဦးမြင့်အေးက ပြောပါတယ်။
ဖြစ်နိုင်ရင် ဂိတ်ပေါက်တွေမှာ ခရီးသည်တွေ ပြန်ဆင်းလာတဲ့အခါ လက်ဆေးလို့ရအောင် လက်သန့်ဆေးရည်တို့၊ ဘေစင်တို့၊ ဆပ်ပြာတို့ ချထားပေးစေချင်တယ်လို့လည်း သူက ပြောပါတယ်။
အသိပညာပေးမှုတွေ လုံလောက်ပြီလား
လက်ရှိ ကျန်းမာရေး ဝန်ကြီးဌာနကစလို့ ပရဟိတအဖွဲ့တွေအဆုံး ဆောင်ရွက်နေတဲ့ အသိပညာပေး လုပ်ငန်းတွေ ဟာ ရေရှည်မှာ တောက်လျှောက် ကာကွယ်ဖို့ အတွက်ဆိုရင်တော့ အများကြီး ဒီထက်ပိုမို လုပ်ရအုံးမယ်လို့ Clean Yagon အဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်တဲ့ မသဉ္ဇာအေးက ပြောပါတယ်။
“အစ်မတို့ ပြည်သူတွေက ကျန်းမာရေး အသိပညာပိုင်းမှာ တချို့တွေက တော်တော်လေး အားနည်းတယ်။ မဟာ ဗန္ဓုလပန်းခြံမှာ အမေးအဖြေလေးတွေ မေးတဲ့အခါ ဒါလေးတွေကို သိပ်ပြီး Awareness မရဘူး။ ဘက်ပေါင်းစုံကနေ အသိပညာ တော်တော်များများ ပေးဖို့ လိုတယ်” လို့လည်း သူက ပြောပြပါတယ်။
မတ်လ ၁၉ ရက်တုန်းက မဟာဗန္ဓုလပန်းခြံနဲ့ ကားဂိတ်တွေမှာ Clean Yangon နဲ့ မိတ်ဖက်ဖြစ်တဲ့ ကလျာဏ လူငယ် အသင်းတို့ ပေါင်းပြီး အသိပညာပေး စာစောင်တွေ လက်သန့်ဆေးရည်တွေ ဝေပေးခဲ့တုန်းက သူကြုံတွေ့ခဲ့ရတာကို ပြန်လည်ပြောပြတာပါ။
သူတို့အဖွဲ့အနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအနှံ့မှာ ကိုရိုနာ အသိပညာပေး Bill Board တွေ ထောင်သွားဖို့ ရှိသလို ဆိုရှယ်မီဒီယာကနေလည်း ကိုရိုနာနဲ့ ပတ်သက်တဲ့ သတင်းတွေ အသိပညာပေးတဲ့ အကြောင်း အရာ တွေ တောက်လျှောက် တင်ပေးနေတယ်လို့လည်း မသဉ္ဇာအေးက ဆိုပါတယ်။
ဝန်ကြီးဌာနအနေနဲ့ရော ပရဟိတအဖွဲ့ တော်တော်များများက တတ်နိုင်တဲ့ဘက်က လုပ်ပေးနေကြသလို တဦး တယောက်ချင်းစီတိုင်းကလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ အရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။
“အကြောင်းအမျိုးမျိုးကြောင့် Public Transportation အသုံးပြုနေရခြင်းအပေါ် စိုးရိမ်ပူပန်မှု အများကြီးရှိပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်ပေးနေတဲ့ အသိပညာပေးမှုတွေက မြေပြင်မှာ ထိရောက်မှု အများကြီး အား နည်းနေပါသေးတယ်” လို့ YBS စီးနင်းသူ မခင်ခင်ထွန်းက ပြောပါတယ်။
ဘတ်စ်ကား၊ ရထားနဲ့ သင်္ဘောတွေပေါ်မှာ နှာချေ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ခြင်း မရှိ တာ၊ သလိပ်/တံထွေးတွေကို တွေ့ကရာ နေရာမှာ ထွေးပစ်တာ၊ အသုံးပြုပြီး တစ်ရှူးတွေကို စနစ်တကျ စွန့်ပစ်ခြင်းမရှိ တာတွေက ဒီပြောဆိုချက်အပေါ် သက်သေထူနေပါတယ်။
လက်ရှိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆောင်ရွက်ပေးနေတဲ့ အသိပညာပေး လုပ်ငန်းတွေဟာ လူထုအား လုံးရဲ့ နားထဲဝင်မှာ မဟုတ်သလို နားထဲဝင်လည်း အကုန် လိုက်လုပ်ချင်မှ လုပ်မှာဖြစ်လို့ အသိပညာပေးမှုကို နည်းမျိုးစုံ နဲ့ လုပ်ဆောင်ရမယ်လို့ ဒေါက်တာ စစ်နိုင်က ရှင်းပြပါတယ်။
ဒီနေရာမှာ လူစုလူဝေး ရှောင်ကြဉ်ရမှာဖြစ်လို့ စေတနာ့ဝန်ထမ်းတွေ အများကြီးခေါ်ပြီး အသိပညာပေး ဟောပြောပွဲ လုပ်တာမျိုးတွေ ဆင်ခြင်ရမယ်လို့လည်း သူက သတိပေးပါတယ်။
လက်ကမ်းစာစောင်ဝေတာ၊ ဗီနိုင်းလို ပိုစတာအကြီးကြီးတွေကို ထင်သာမြင်သာတဲ့ နေရာတွေမှာ ချိတ်ထားတာ၊ စိတ် ဝင်စားစရာ ဗီဒီယိုကလစ် အတိုလေးတွေကို LED ဘုတ်ကြီးတွေ ထောင်ပြီး ပြသတာမျိုးတွေ လိုအပ်တယ်လို့ သူက အကြံပြုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် မိမိကစ၍ ကာကွယ်ပါ
လူတိုင်းမှာ စိုးရိမ်မှုတော့ ရှိတယ်။ မြို့ပေါ်က လူတွေက ဆိုရှယ်မီဒီယာသုံးတော့ အားလုံးက ကျန်းမာရေး အသိရှိကြ ပေမယ့် ပညာပေးမှုအတိုင်း လိုက်နာကျင့်သုံးမှု အားနည်းနေသေးတယ်လို့ ရုံးဝန်ထမ်း ၁ ဦးဖြစ်တဲ့ မမီးမီးက ပြောပါ တယ်။
“မြန်မာပြည်မှာက ရောဂါပိုး မတွေ့သေး ဆိုတော့ စိတ်အေးနေတာလည်း ပါလိမ့်မယ် ထင်တယ်” လို့ သူက ဆိုပါ တယ်။
ကိုရိုနာကို မြန်မာနိုင်ငံမှာ လတ်တလော မတွေ့ရှိရသေးပေမယ့် ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီး ထိရောက် တယ် ဆိုတဲ့အတိုင်း ပြည်သူတွေ တဦးတယောက်စီတိုင်းက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အတိုင်း အလေးပေးပြီးတော့ လိုက်နာစေချင်တယ်လို့ မသဉ္ဇာအေးက တိုက်တွန်းပါတယ်။
တဦးချင်း လုပ်နိုင်တဲ့ အရာတွေဖြစ်တဲ့ ချောင်းဆိုးနှာချေတဲ့အခါ ဂရုစိုက်ဖို့၊ တကိုယ်ရေသန့်ရှင်းရေးကို အလေးထားဖို့၊ အာဟာရပြည့်ဝစွာ စားသုံးဖို့နဲ့ ကောင်းစွာ အိပ်စက်အနားယူဖို့လည်း သူက အကြံပြုပါတယ်။
မီးရထား တိုင်းရုံး လက်ထောက်မန်နေဂျာ ဦးအောင်နိုင်မြင့်ကလည်း “ဒီအချိန်က ကျန်းမာရေးကို အထူးသတိထားရ မယ့် အချိန်။ တယောက်ချင်းစီရဲ့ အသိတရားနဲ့ ကာကွယ်မှရမှာ။ ပေါ့ပေါ့ပျက်ပျက် နေလို့ရှိရင် တယောက်ထိလိုက်ရင် အများကြီးထိမှာလေ” လို့ သတိပေး ပြောဆိုပါတယ်။ ။
You may also like these stories:
COVID-19 ကာကွယ်ဆေးကို အမေရိကန်မှာ ပထမဆုံးအကြိမ် စတင် စမ်းသပ်
ကိုရိုနာဗိုင်းရပ် ပူပန်မှုများကြောင့် နိုင်ငံတော်အတိုင်ပင်ခံ၏ ခရီးစဉ် ဝေဖန်ခံရ
သင်္ကြန်ပိတ်ရက်ရှည် ခရီးသွားခြင်းများ မပြုလုပ်ရန် ကျန်းမာရေးဌာန သတိပေး