နေခြစ်ခြစ်တောက် ပူနေတဲ့ နေ့တနေ့ရဲ့ နေ့လယ်ခင်းမှာ ပလက်ဝမြို့နဲ့ ဆမီးမြို့ကို ချိတ်ဆက်ထားတဲ့ တောင်ပတ် လမ်း တနေရာ ကတ္တရာလမ်းမပေါ်မှာ ကားတစီး မီးဟုန်းဟုန်း တောက်နေပါတယ်။
ဘေးပတ်ဝန်းကျင်မှာလည်း လူသူ မရှိ။ အဲ့ဒီ့နေ့က ဖေဖော်ဝါရီ ၂၉ ရက်၊ နေ့လယ် ၁၁ နာရီ မိနစ် ၂၀။
စစ်မီး တောက်လောင်နေတဲ့ ပလက်ဝမြို့လေးကို သတင်းလာယူတဲ့ ကျမအဖို့တော့ မြင်ကွင်းဟာ ဓာတ်ပုံမှတ်တမ်း ယူချင် စရာပါ။
မီးလောင်နေတဲ့ ကားက ဆီပေပါတွေ သယ်လာတဲ့ ကားဖြစ်ပုံရပါတယ်။ ဆီပေပါပုံးတွေ ကားပေါ်မှာ တဝက်၊ ကား အောက်မှာ တဝက်နဲ့ တဟုန်းဟုန်းတောက်နေတာများ ကားတစင်းလုံးတောင် လောင်ကျွမ်းနေပါပြီ။

“ဆိုင်ကယ်ကို ခဏရပ်လိုက်။ ခဏလေး ရပ်ပေးပါ”လို့ ပြောတာကို ဆိုင်ကယ် ကယ်ရီဆရာက“မရပ်ဘူး။ လုံးဝ မရပ်ဘူး အစ်မ”လို့ ပြောရင်း လီဗာကိုလည်း အရှိန်မြှင့်ပြီး မောင်းလိုက်ပါတယ်။
မီးလောင်နေတဲ့ ကားရဲ့ပတ်ဝန်းကျင်၊ တောင်ပတ်လမ်း ဘေးတဖက်တချက်စီက ခြုံနွယ်တွေနဲ့ တောင်ကုန်းတခုလုံးဟာ လည်း အကုန်လုံး မီးစွဲနေပါပြီ။
“ဒီကားက ဘာဖြစ်သွားတာလဲ။ ဘယ်လိုကြောင့် မီးလောင်သွားတာလဲ”လို့ မေးတော့ ဆိုင်ကယ်ဆရာက စကား တလုံးမှ ခွန်းတုံ့မပြန်ပါဘူး။
မီးလောင်နေတဲ့ မြင်ကွင်းကို မတွေ့ခင်ကတော့ စစ်ဘေးဒဏ်ကြောင့် သူ့ရွာမှာ ဆန်ဝယ်စားဖို့ ခက်နေပြီဆိုတဲ့ အကြောင်း နဲ့ ငွေလိုတာကြောင့် အရဲစွန့်ပြီး ဆိုင်ကယ် ကယ်ရီ လိုက်လာတာ ဆိုတဲ့ အကြောင်းတွေအပြင် သူက ခူမီး မျိုးနွယ်စု၊ ချင်းလူမျိုး ဖြစ်တဲ့ အကြောင်းတွေကို ရွှန်းရွှန်းဝေအောင် ပြောပြနေတာပါ။
ကျမက စောဒကတက်ပြီး“ဘာဖြစ်တာလဲ။ ဘာလို့ ဆိုင်ကယ်ကို စွတ်မောင်းနေတာလဲ”လို့ ပြောတဲ့ ကျမကို “အစ်မရယ် တိတ်တိတ်လေး လိုက်လာပါ။ မမေးပါနဲ့”လို့ ပြန်ပြောရင်း သူက ဆိုင်ကယ် အရှိန်ထပ်တင် လိုက်ပါတယ်။

ဆက်လက်ပြီး ကျမက “ဒါဆိုရင် ဒီနေရာက ဘာလို့ ခေါ်လဲ။ ဒီတောင်နာမယ်က ဘာလဲ”လို့ မေးတော့ “လမြွေတောင်၊ လမြွေတောင်။ နောက်မှ ပြောမယ်။ ဒီနားမှာ သူတို့တွေ အများကြီး ရှိတယ်။ အစ်မ ဒီလို ဗမာစကား လျှောက်ပြောနေ ရင် အဆင်မပြေဘူး။ အစ်မ ဒုက္ခရောက်လိမ့်မယ်။ တိတ်တိတ်ကလေးသာ လိုက်”လို့ ပြောပြီး စကားကို အဆုံးသတ် လိုက် ပါတော့တယ်။
စိုးရိမ်လွန်းနေတဲ့ ဆိုင်ကယ်ဆရာကို အားနာတာကြောင့် ကျမ တခွန်းမှ ဆက်မမေးတော့ပါဘူး။
ပလက်ဝမြို့ထဲမှာ ပြောနေကြသလို ရက္ခိုင်စစ်တပ် (AA) က ဗမာစကားပြောသူတွေနဲ့ ဗမာလူမျိုးတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်၊ သတ်ဖြတ်တယ်၊ ဖမ်းဆီးတယ် ဆိုတဲ့ သတင်းစကားတွေကြောင့် ဆိုင်ကယ်ဆရာ ကြောက်လန့်နေ တယ် ဆိုတာကိုတော့ ကျမ သဘောပေါက်လိုက်ပါတယ်။
လမြွေတောင်ကို ကျော်လာမှ ဆိုင်ကယ်ဆရာက“အဲ့ဒီ့ မီးလောင်တဲ့ နားက ရွာတွေမှာ အယောက် ၄၀၀ လောက် ရှိတယ်။ သူတို့ ရောက်နေတာ ၇ ရက်လောက် ရှိပြီ။ ပြီးခဲ့တဲ့ တနေ့ကလည်း ခရီးသည်တင်ကားတွေကို တားစစ် တယ်။ သူတို့က ဘာမှတော့ မလုပ်ဘူး။ ဒါပေမယ့် အားလုံးက ကြောက်နေကြတာ”လို့ ပြောပါတယ်။
လမြွေတောင် ကျော်လာတဲ့ အတွက် လုံခြုံပြီဖြစ်တာကြောင့် ကျမကို မေးချင်တာ မေးလို့ ပြောလို့ ရပြီလို့လည်း ဆိုင်ကယ် ဆရာက ဆိုပါတယ်။
ပလက်ဝမြို့ထဲကို ဖေဖော်ဝါရီ တတိယပတ်လောက်က စပြီး သတင်းလာယူနေတဲ့ ကျမအဖို့တော့ ဒီလို အဖြစ်အပျက်က ပထမဆုံး ကြုံရတာ မဟုတ်ပါ။
ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ပလက်ဝမြို့ကနေ ကုလားတန်မြစ်အတိုင်း ကျောက်တော် မြို့နယ်ဘက်ကို ဆင်းဖို့ မြစ်ကြောင်း တကြောက ရွာတချို့ကို သတင်းယူဖို့ စက်လှေနဲ့သွားတော့ မြို့က ထွက်ထွက်ချင်း တပ်မတော် ခြေလျင် တပ်ရင်း (ခလရ) ၂၈၉ စခန်းမှာ မှတ်ပုံတင်တွေ ပြရတော့လည်း တကြိမ် ကြုံရပါသေးတယ်။
ခလရ ၂၈၉ စခန်းမှာ ထိုင်တဲ့ တပ်မတော် တပ်ဖွဲ့ဝင်တွေ ပြောတာက ဗမာလူမျိုးဆိုရင် AA စစ်သားတွေက ဖမ်းဆီး သတ်ဖြတ်မှာလို့ ပြောဆိုတာပါပဲ။
တပ်မတော်သား တဦးက“ဒီမှာ ဗမာတွေ ဒုက္ခရောက်နေတာ တော်တော်များပြီ။ ကျနော်တို့က စေတနာနဲ့ ပြောတာပါ”လို့ လည်း ဆိုပါတယ်။
ဒီလို ပြောရတာကလည်း ကျမတို့ သတင်းထောက်အဖွဲ့ထဲမှာ ဗမာလူမျိုး မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေ ပါဝင်နေ လို့ပါ။
ခလရ ၂၈၉ ဂိတ်စခန်းက တပ်ရင်းမှူး ဆိုသူကို ဖုန်းဆက်မေးမြန်းပြီးနောက် တခုခုဖြစ်ရင်တော့ ကိုယ့်တာဝန် ကိုယ် ယူရမယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ကျမတို့ စက်လှေကို ရှေ့ဆက်သွားဖို့ ခွင့်ပြုလိုက်ပါတယ်။
ဗမာလူမျိုးတွေကို ပစ်မှတ်ထား ဖမ်းဆီး သတ်ဖြတ်တယ်ဆိုတဲ့ သတင်းစကားတွေ ဘယ်က စတင် ပျံ့နှံ့နေတယ်ဆိုတဲ့ ရင်းမြစ်ကိုတော့ ရှာမတွေ့ခဲ့ပေမယ့် ပလက်ဝမြို့ရဲ့ ထမင်းဆိုင်၊ မုန့်ဆိုင်၊ တည်းခိုခန်းကစပြီး နေရာတိုင်းမှာလို ပြောနေ ကြတဲ့ အကြောင်းအရာတခု ဖြစ်လို့ နေပါတယ်။
တကယ်တမ်း ပလက်ဝမြို့နယ်ထဲမှာ ဗမာလူမျိုးဆိုပြီး အငြိုးထား သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေကိုတော့ လက်ဆုပ် လက်ကိုင် အချက်အလက် ခိုင်ခိုင်မာမာနဲ့ ပြနိုင်တာမျိုး မတွေ့မြင်ခဲ့ရပါဘူး။
ပလက်ဝမှာ ကျမတို့ သတင်းယူခဲ့တဲ့ ရက်သတ္တပတ်အတွင်း ရခိုင်နဲ့ ဗမာလူမျိုးကြားက စိုးရိမ်မှုတွေကိုပဲ မြင်တွေ့ရတာ မဟုတ်ပါဘူး။ ဒေသခံ ချင်းလူမျိုးတွေက ရခိုင်လူမျိုးတွေ အပေါ် ယုံကြည်မှုပျက်ပြားပြီး သံသယ ဝင်နေတာတွေကို လည်း တွေ့ခဲ့ရပါတယ်။

ရခိုင်လူမျိုးတွေ အပေါ် ယုံကြည်မှုပျက်ပြားနေပြီ ဆိုတဲ့ အကြောင်းကို ကျမတု့ိ ပလက်ဝ ရောက်စဉ်က တွေ့ခဲ့ရတဲ့ ဒေသခံ လူငယ် အသိုင်းအဝိုင်း၊ ခူမီးမျိုးနွယ်စုထဲက နိုင်ငံရေးပိုင်းမှာ တက်ကြွ လှုပ်ရှားသူတွေ ဒေသခံတွေနဲ့ မေးမြန်း တွေ့ဆုံရာက ကြားသိလာရတာ ဖြစ်ပါတယ်။
သူတို့ ပြောပြချက်တွေအရ သံသယဝင်ကြတဲ့ အဓိက အချက်ကတော့ ပလက်ဝ နယ်ထဲကို AA ဝင်လာဖို့၊ အင်နဲ့ အားနဲ့ ရာချီတဲ့ AA စစ်သားတွေ လာလှုပ်ရှားဖို့အတွက် ဒေသခံ ရခိုင်လူမျိုးတွေဟာ အကူအညီတွေ ပေးနေတယ်လို့ ယုံကြည် နေကြလို့ပါ။
ဒီ့အပြင် တရွာဝင် တရွာထွက်နဲ့ ပလက်ဝနယ်ထဲက တောင်ကုန်းတောင်တန်းတွေမှာ လှုပ်ရှားသွားလာနေတဲ့ AA စစ်သား တွေဟာ စစ်ယူနီဖောင်း မဝတ်ကြလို့ပါ။
အရပ်သားတွေလိုပဲ အားကစားဘောင်းဘီရှည်၊ ဘောင်းဘီတိုနဲ့ အရပ်ဝတ် အကျီတွေကိုပဲ ဝတ်ဆင်ကြတာကြောင့် လျှို့လျှို့ဝှက်ဝှက် စစ်သင်တန်း သွားတက်ထားတဲ့ ဒေသခံတွေလည်း ပါနိုင်တယ်လို့ ယူဆနေကြသူတွေလည်း ရှိပါတယ်။
ဒါဟာ ခူမီးမျိုးနွယ်စုတွေ ကြားထဲမှာပဲ ထင်ကြေးပေးနေကြတာ မဟုတ်ပါဘူး။
တပ်မတော်နဲ့ AA တို့ကြားမှာ တိုက်ခိုက်နေတဲ့ စစ်မြေပြင်တခုလုံးကို စောင့်ကြည့်လေ့လာနေတဲ့ Myanmar Institute For Peace and Security က အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ဆိုရင်လည်း AA စစ်သားတွေဟာ လိုအပ်ရင် သေနတ်ယူ စစ်ထွက်တိုက်ပြီး မလိုအပ်ရင် ရွာတွေထဲ အရပ်သားလို ပြန်ဝင်နေထိုင်တဲ့ နည်းကို သုံးနေတာ ဖြစ်နိုင်တယ် လို့ သုံးသပ်တာ ရှိပါတယ်။
AA ဘက်ကတော့ သူတို့ဟာ တပ်ဖွဲ့အလိုက် လှုပ်ရှားသွားလာနေတာ ဖြစ်ပြီး အရပ်သားလို အယောင်ဆောင်တာ မရှိဘူး လို့ ငြင်းဆိုထားပါတယ်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ရဲ့သတင်းစာ ရှင်းလင်းပွဲတွေမှာဆိုရင်လည်း စစ်ထွက်တိုက်ရင်တော့ လက်နက် တွေနဲ့ AA တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး တပ်မတော်က ပစ်ခတ်လို့ သေဆုံးရင်တော့ အရပ်သားတွေ သေတယ်လို့ ပြောနေကြ တယ်ဆိုပြီး မကြာခဏ ပြောဆိုဖူးပါတယ်။
ရခိုင်ပြည်နယ် အတွင်းမှာဆိုရင် တပ်မတော်က မသင်္ကာမှုနဲ့ စစ်ဆေးခဲ့တဲ့ အရပ်သား ၂၀၀ ကျော် ရှိခဲ့ပါတယ်။
တချို့ဆိုရင်လည်း ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေး ခံထားရပါတယ်။ အကြမ်းဖက် ဥပဒေနဲ့ တရားစွဲဆို ခံထားကြရပါတယ်။ စစ်ကြောရေးမှာ စစ်ဆေးရင်း ဆေးရုံရောက်လာပြီး ဒဏ်ရာတွေနဲ့ သေဆုံးသွားသူ အနည်းဆုံး ၁၅ ဦးလောက် ရှိခဲ့ပါတယ်။
မတ် ၂၂ ရက် နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာဆိုရင်လည်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်ချုပ် ထွန်းထွန်းညီက“ရွာသားတွေကို သူတို့နဲ့ ပေါင်းပြီးတော့ လက်နက်တော့ မပါဘူး။ ညာသံ ပေးပြီး အော်ပြီး တိုက်ခိုင်းတာတို့။ တချို့ ကွဲသွားတဲ့ ကျနော်တို့ရဲ့ စစ်သည်တချို့ကို ဝိုင်းဝန်း ဖမ်းဆီးဖို့ ကြိုးစားတဲ့ နေရာမှာ အရပ်သားတွေကို အသုံးပြုပြီး ဝိုင်းဖမ်းဆီးဖို့ ကြိုးစားတာ”လို့ ပြောပါတယ်။
ပလက်ဝ ဒေသတွင်းမှာ တပ်မတော် နဲ့ AA ကြား တိုက်ပွဲတွေအကြောင်း ပြောဆိုရင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ထည့်သွင်း ပြောဆိုသွားတာပါ။
တိုက်ပွဲတွင်းမှာ AA က အရပ်သားတွေကို လူသားဒိုင်းအဖြစ် သုံးနေတယ်လို့လည်း ဗိုလ်ချုပ် ထွန်းထွန်းညီက ဆိုပါတယ်။
AA ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကတော့ တိုက်ပွဲကာလအတွင်း အစိုးရ စာသင်ကျောင်းတွေ ဘုန်းကြီး ကျောင်းတွေနဲ့ ရွာတွေမှာ ဝင်အခြေချတာက တပ်မတော်သာ ဖြစ်တယ်လို့ ပြန်လည် ချေပပါတယ်။
“မြန်မာစစ်တပ်က သူတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ အခြေအမြစ် မရှိတာတွေ ကျနော်တို့ကို စွပ်စွဲ နေတာ”လို့လည်း ဦးခိုင်သုခက ပြောပါတယ်။
ပဋိပက္ခတွေကြားမှာ ရခိုင်အမျိုးသား ၄၀၀ ခန့်ကို မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးတာ တရားစွဲဆိုထားတာတွေကိုတော့ ဗိုလ်ချုပ် ထွန်းထွန်းညီက ထည့်ပြောမသွားဘူးလို့လည်း ဦးခိုင်သုခက ဆိုပါတယ်။
တပ်မတော်နဲ့ AA ကြားမှာ အပြန်အလှန် ငြင်းခုန်နေကြပေမယ့် တကယ့်မြေပြင်မှာ ဖြစ်နေတဲ့ သံသယဟာ အရပ်သား စစ်စစ်တွေ အတွက်တော့ အန္တရာယ်ပါပဲ။

ပလက်ဝမြို့နယ်အတွင်း နေထိုင်ကြတဲ့ အရပ်သား ၁ သိန်းကျော်ထဲက ၂၀ ရာခိုင်နှုန်းဟာ ရခိုင်လူမျိုးတွေ ဖြစ်ပါတယ်။ လူဦးရေအရ နည်းပါးပေမယ့် ပလက်ဝမြို့နယ်အတွင်းမှာ ဘုံသုံးကြတဲ့ စကားဟာ ရခိုင်စကား ဖြစ်ပါတယ်။
ဖေဖော်ဝါရီလရဲ့ နောက်ဆုံး ရက်သတ္တပတ်က ပလက်ဝမြို့ရဲ့ တဖက်ကမ်း မီးလက်ဝ ကျေးရွာကို ကျမတို့ သွားခဲ့ပါတယ်။ မီးလက်ဝ ကျေးရွာထဲမှာ အထက်ရွာ၊ အောက်ရွာ၊ ရုပ်ဝရွာ၊ လိပ်ကုန်းရွာ၊ ကေသရွာ ဆိုတဲ့ ရွာ ၅ ရွာ ရှိပြီး လူဦးရေ ၂၅၀၀ လောက် နေထိုင်ပါတယ်။
လက်နက်ကြီးကျည်တွေ ကျပြီး ရွာသားတွေ ထိခိုက်ဖူးတာကြောင့် ကျမတို့က မီးလက်ဝ ရွာကို သတင်း သွားမေးတာပါ။
ခူမီး၊ ချင်းလူမျိုးတွေချည်း ၆၀၀ ကျော် နေထိုင်တဲ့ အောက်ရွာကို အရင်ဆုံးရောက်တော့ ရွာသားတွေက သူတို့ ရွာလေးကို လက်နက်ကြီး ကျည်တွေ ကျတာ ၃ လုံးထက် မနည်းရှိပြီဖြစ်လို့ ရွာမှာ နေ့နေ့ညည လုံခြုံတယ်လို့ မခံစားကြရတဲ့ အကြောင်းတွေကို ပြောပြကြပါတယ်။
ငွေနားတောင်း ဝိုင်းဝိုင်းကြီးတွေကို နားနှစ်ဖက်မှာ ဝတ်ဆင်ထားတဲ့ ခူမီး အမျိုးသမီးတဦးက စကားပြောဖို့ ဟန်တပြင်ပြင် ဖြစ်နေတာကို လူအုပ်ကြားထဲကနေ တွေ့လိုက်ရပါတယ်။
ဘာတွေပြောပြချင်လဲလို့ အနားကို ချဉ်းကပ်ပြီးမေးတော့ သူက“သူတို့ (AA စစ်သားတွေ) ဒီမှာ လက်နက်ကိုင်ပြီး ဝင်လာ ကတည်းက ကျမတို့ အကုန်လုံး ဒုက္ခရောက်ရတယ်။ စားစရာ သောက်စရာလည်း ကျမတို့မှာ ခက်ခဲနေပြီ။ အခု ဟိုလည်း မသွားရဲ ဒီလည်း မသွားရဲ ရှေ့ဆက် ဘယ်လိုလုပ်ရမလဲ”လို့ ပြောပါတယ်။
ပလက်ဝမြို့ကို ပြောင်းပြေးဖို့ စဉ်းစားပေမယ့်လည်း မြို့ပေါ်မှာ ဆွေမျိုးအသိလည်း မရှိတာကြောင့် မနက်ဆို ရွာမှာနေ ညဘက်ဆို ကလေးတွေခေါ်ပြီး ပလက်ဝမြို့က ခရစ်ယာန်ဘာသာရေး ကျောင်းမှာ သွားအိပ်တယ်လို့ သူက ဆက်ပြော ပါတယ်။
“ကျမတို့ အေးအေးချမ်းချမ်းပဲ နေချင်တာလေ။ သူတို့က ဘာလို့ ဒီလိုဖြစ်အောင် လုပ်ရတာလဲ”လို့လည်း မေးခွန်း ထုတ်ပါ တယ်။
ရွာရဲ့ ရပ်မိရပ်ဖတွေကတော့ ရွာထဲ လက်နက်ကြီးကျည် ကျဖူးတဲ့ နေရာ၊ လက်နက်ကြီးကျည်ရဲ့ ကြွင်းကျန်ရစ်ခဲ့တဲ့ အစိတ် အပိုင်းတွေကို ပြရင်း ကျည်ဆန်အစတွေ များစွာဝင်ထားတဲ့ အိမ် ၂အိမ် ရှိတယ်လို့ ပြောပြီး ကျမတို့ကို ခေါ်သွားပါတယ်။ ရပ်မိရပ်ဖတွေ ပြတဲ့ အိမ် ၂အိမ်လုံးက သွပ်တွေ ထရံတွေမှာ ကျည်ဆန်ပေါက်ရာတွေ ဗရပွပါပဲ။
ကျည်ထိ ဒဏ်ရာတွေနဲ့ အိမ် ၂လုံးကနေ တဖက်ကို လှမ်းကြည့်တော့ အထက်ရွာလို့ ခေါ်တဲ့ ရခိုင်လူမျိုး ၁၁၀၀ ကျော် နေထိုင်ကြတဲ့ ရွာကို လှမ်းမြင်နေရပါတယ်။
အထက်ရွာဟာလည်း လက်နက်ကြီးကျည် ကျပေါက်ကွဲဖူးတဲ့ ရွာပဲ ဖြစ်လို့ သွားချင်တယ်၊ လိုက်ပို့ပေးဖို့ ပြောတော့ အောက်ရွာက ရပ်မိရပ်ဖတွေရော ရွာသားတွေကရော မသွားဖို့ ကျမတို့ကို တားပါတယ်။
ရွာသားတဦးက“အဲ့ဒီ့မှာ AA တွေ ရှိတယ်။ မသွားသင့်ဘူးနော်”လို့ ပြောပါတယ်။
AA စစ်သားတွေကို ကြောက်လို့ သူတို့ကိုလည်း လိုက်မပို့ခိုင်းဖို့ ပြောကြပါတယ်။ တားမရတဲ့ အဆုံးတော့ ကျမတို့ကို အုပ်ချုပ်ရေးမှူး တဦးတည်းကသာ လိုက်ပို့ပါတယ်။ ။
အပိုင်း (၂) ကို ဆက်လက် ဖော်ပြပါမယ်။
You may also like these stories:
ရခိုင်ပဋိပက္ခ ပိုကြီးလာမည်ကို စိုးရိမ်၍ မီဒီယာတချို့ ကို အရေးယူရဟု တပ်မတော် ပြော
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၂)
ပလက်ဝ တိုက်ပွဲများ အရှိန်မြင့်လာ၍ ခရီးသွားလာရေး ပြတ်တောက်