ယခုလက်ရှိ အချိန် ၌ ကမ္ဘာ့ တိုက်ကြီးများအားလုံး (အန္တာတိက မပါဝင်ပါ) တွင် COVID-19 ဗိုင်းရပ်စ် (novel coronavirus ဟုလည်းလူသိများ) ရောက်ရှိနေပြီ ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) မှ အချက်အလက်များအရ သိရသည်။
WHO က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ လ၃၁ ရက် နေ့တွင် နိုင်ငံတကာနှင့်ဆိုင်သော ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေ အနေ တခုပေါ်ပေါက်ကြောင်း ကြေညာခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်အကဲဖြတ်ချက်ကို “ မြင့်” မှ“ အလွန်မြင့်မားသော” အဆင့်သို့ တိုးမြှင့်ခဲ့ကာ မတ်လ ၁၁ ရက်တွင် ကူးစက်ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်။
Trip.com ၏အဆိုအရ နိုင်ငံ အများအပြားတွင် ခရီးသွားများအတွက် ကန့်သတ်ချက်များ ချမှတ်ထားခြင်း သို့မဟုတ် လုံးဝပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခြေအနေများ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး သတင်းအချက်အလက်အသစ်များ ပေါ်ပေါက်လာသည်နှင့်အမျှ သက်ဆိုင်ရာ အာဏာပိုင်များက ကျန်းမာရေးဆိုင်ရာ အကြံပြူချက်များနှင့် တွေ့ရှိမှု အသစ်များကို ထုတ်ပြန်လိမ့်မည် ဖြစ်ပါသည်။ နောက်ဆုံးသတင်းများ ရရန်အတွက် ရောဂါကူးစက်မှုအကြောင်း ရေးသားနေကြသော သတင်းထောက်များ အနေဖြင့် WHO၊ အမေရိကန်အခြေစိုက် ရောဂါထိန်းချုပ်ရေးစင်တာ(CDC) နှင့် အင်္ဂလန် ပြည်သူ့ကျန်းမာရေး ဌာန (PHE) (နှင့် မြန်မာဂျာနယ်လစ်များအဖို့ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန) တို့ကို စောင့်ကြည့်နေသင့်ပါသည်။
COVID-19 ဖြစ်ပွားမှု အကြောင်း ရေးသားရန် စီစဉ်နေသော စာနယ်ဇင်းသမားများ အနေဖြင့် အောက်ပါ ဘေးကင်း လုံခြုံမှု ဆိုင်ရာအချက်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ နောက်ဆုံး အခြေအနေများနှင့် ကန့်သတ်ချက်များအားလုံး ကို အချိန်နှင့် တပြေးညီ သိရှိထားသင့်ပါသည်။ ပြည်တွင်းအခြေစိုက် သို့မဟုတ် နိုင်ငံရပ်ခြားတွင် ဖြစ်စေ လျင်မြန်စွာ ပြောင်းလဲ နေသော အခြေအနေများအရ မည်သည့် တာဝန်မျိုးတွင် မဆို(မိမိဖက်မှ) ကြိုတင်သိရှိ ထားမှု အနည်းငယ်သာ ရှိခြင်း သို့မဟုတ် လုံးဝမရှိခြင်း တို့ကြောင့် အပြောင်းအလဲ ဖြစ်သွားနိုင်ချေ အလွန်များပြား ဖွယ်ရာရှိသည်ကို သတိပြုထားရမည် ဖြစ်သည်။
Pre-Assignment တာဝန်မထမ်းဆောင်မီ
• CDC ၏အဆိုအရ သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသော လူပုဂ္ဂိုလ်များကို ကူးစက်ခံရနိုင်သည့် အန္တရယ် အလွန် မြင့်မားသောသူများ အဖြစ် သတ်မှတ်သည်။ အကယ်၍ သင်က ဤကဲ့သို့သော အမျိုးအစားများထဲတွင် ပါဝင်နေပါက တာဝန် မထမ်းဆောင်သင့်ပါ။ ကိုယ်ဝန်ဆောင်နေသော ဝန်ထမ်းများကိုလည်း ထိုနည်းတူ သတ်မှတ်သင့်ပါသည်။
• BuzzFeed ၏အဆိုအရ အချို့သော နိုင်ငံသားများနှင့် ပတ်သက်၍ လူမျိုးရေး ခွဲခြား တိုက်ခိုက်မှုများ ရှိခဲ့ပါသည်။ မည်သည့် တာဝန်အတွက်မဆို ဝန်ထမ်းများကို ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်တခု ဖြစ်ပါ သည်။ ရန်လိုမုန်းတီးမှု အဆင့် တိုးလာခြင်းနှင့် နှင့် မစူးမစမ်း ဘက်လိုက်ခြင်းကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်သည်။
• သတ်မှတ်ထားသည့် အရေအတွက်ထက် ကျော်လွန်၍ စုဝေးခြင်းကို နိုင်ငံအများအပြားတွင် တားမြစ်ထားခြင်းကြောင့် သင်တက်ရောက်ရန် စီစဉ်ထားသည့် မည်သည့်အခမ်းအနား၏ အခြေအနေကိုမဆို ပုံမှန် စစ်ဆေးပါ။
• WHO က အထူးသဖြင့် သတိပေးထားပြီး ဖြစ်သလို BBC ကလည်း ဖော်ထုတ်တင်ပြထားသည့် သတင်းအချက်အလက် အမှားအယွင်းများကိုလည်း သတိထားပါ။ မဆင်မခြင်ဖော်ပြနေသူများနှင့် ပတ်သက်သည့် လမ်းညွှန်တခုကို BBC ဝက်ဘ်ဆိုတ်တွင် ရရှိနိုင်ပါသည်။
• အကယ်၍ ရောဂါဖြစ်ပွားနေသည့်နိုင်ငံတခုသို့ ခရီးသွားရန်ဖြစ်နိုင်သည်ဆိုလျှင် သင်သွားရမည့်နေရာအတွက် သက်ဆိုင်ရာ ရောဂါကာကွယ်ဆေး ထိုးခြင်းများနှင့် ရောဂါ ကုသမှုများက ခေတ်မီကြောင်း သေချာပါစေ။ သင့်တွင်ဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာ မှန်သမျှနှင့် ရောထွေးခြင်းမှ ကာကွယ်ရန် တုတ်ကွေး ကာကွယ် ဆေးထိုးရန်လည်း စဉ်းစားပါ။
• သင်တာဝန်ထမ်းဆောင်နေစဉ် ဖျားနာခြင်း၊ မိမိဖာသာသီးခြားနေရနိုင်သည့် အခြေအနေနှင့်/ သို့မဟုတ် သီးခြားခွဲထားခြင်း/ ပိတ်ဆို့ထားသည့် ဇုန်တခုတွင် ကန့်သတ်ခံထားရနိုင်သည့် ဖြစ်နိုင်ခြေများကို ထည့်သွင်း စဉ်းစားခြင်းဖြင့် သင်၏ စီမံခန့်ခွဲမှုအဖွဲ့ က သင့်ကို ကူညီရန်နှင့် ထောက်ပံ့ရန်အတွက် အစီအစဉ်များကို ဆွေးနွေးပါ။
• သင်နှင့်အတူ မည်သည့် ထောက်ပံ့ရေးပစ္စည်းများ ယူသွားရန် လိုအပ်သည်ကို စဉ်းစားပါ။ ကြောက်လန့်တကြား ဝယ်ယူကြခြင်းများနှင့် အတူ မျက်နှာဖုံးများ၊ လက်သန့်ရှင်းရေးဆေးများ၊ ဆပ်ပြာများ၊ စည်သွတ်ဘူးများနှင့် အိမ်သာသုံးစက္ကူများ အပါအဝင် အချို့သော ပစ္စည်းများ ရှားပါး ပြတ်တောက်မှုရှိကြောင်း သတင်းများ ရရှိခဲ့ပြီး ဖြစ်သည်။
• သင် သွားမည့်နေရာမှ နောက်ဆုံး လုံခြုံရေး အခြေအနေကို သုတေသနပြုပါ။ လက်ရှိအချိန်၌ ဆိုက်ပရပ်စ်၊ ရီယူနီယံနှင့် ယူကရိန်းတို့တွင် သီးခြား အကြမ်းဖက်ဖြစ်စဉ်များ ရှိနေခဲ့ပြီး COVID-19 ဖြစ်ပွားမှုကြောင့် အီရတ်နှင့် ဟောင်ကောင် ၂ ခုလုံးတွင် ဖြစ်ပေါ်နေဆဲ ဆန္ဒပြမှုများ ပိုမိုဆိုးရွားလာနေသည်။
• COVID-19 ထိခိုက် ခံစားနေရသည့် ဒေသမှ သတင်းပို့ခြင်း၏ ဖြစ်နိုင်ချေရှိသော စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကို စဉ်းစားပါ။ အထူးသဖြင့် အကယ်၍ ဆေးရုံတခုမှ သို့မဟုတ် သီးခြားခွဲထားသည့် အဆောက်အဦတခုမှ သို့မဟုတ် သီးခြားထားရှိသည့် ဇုန်တခုမှ နေ၍ သတင်းပို့ရလျှင် ဖြစ်သည်။ စိတ်မချမ်းသာ စရာ အခြေအနေများ သတင်းပို့ရသော မီဒီယာလုပ်သားများအတွက် အသုံး ဝင်သောအရင်းအမြစ်တခုကို DART စင်တာမှတဆင့် တွေ့ရှိနိုင်ပါသည်။
• မိသားစုဝင်များ၏ စိုးရိမ်မှုများနှင့် ထိုကဲ့သို့သော တာဝန်များနှင့် ပတ်သက်သော စိတ်ဖိစီးမှုများ ရှိနိုင်ပါသည်။ အန္တရာယ်များနှင့် သူတို့၏ စိုးရိမ်မှုများနှင့် ပတ်သက်၍ သူတို့နှင့်ဆွေးနွေးပါ။ လိုအပ်ပါက မိသားစုဝင်များနှင့် သင့်အဖွဲ့အစည်း၏ ဆေးဘက်ဆိုင်ရာ အကြံပေးများကြား ဆွေးနွေးမှုများ ပြုလုပ်ပါ။ အချို့သော အဖွဲ့အစည်းများနှင့် အလုပ်ရှင်များက ဘေးဒဏ်သင့်သည့်နိုင်ငံများမှ မည်သည့် ဝန်ထမ်းများအတွက်မဆို ပြန်လည် ခေါ်ထုတ်ရန် ပြင်ဆင်ထားမှုကို အဆင့်တိုးမြှင့်ထားကြောင်း သတိပြုပါ။
Digital Security ဒီဂျစ်တယ်လုံခြုံရေး
• သင်၏ ဒစ်ဂျစ်တယ်လုံခြုံရေးကို ဂရုပြုပါ၊ မရိုးသားသူများနှင့် ဟက်ကာများက ကိုယ်ရေးအချက်အလက်များ လိမ်လည် ရယူသည့် အီးမေးလ်များကို COVID-19 နှင့်ဆက်နွယ်၍ ပြည်သူများထံ ပစ်မှတ်ထား ပေးပို့နေကြောင်း သတိပြုရန် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Norton က သတိပေးထားသည်။
• COVID-19 Tracker ကဲ့သို့သော လူတဦးချင်း၏ အချက်အလက်များကို ကာယကံရှင်ကိုယ်တိုင် ရယူအသုံးပြု၍ မရအောင် လုပ်သည့် application များကို သတိထားပါ
• ဆိုရှယ်မီဒီယာပေါ်တွင် COVID-19 နှင့်သက်ဆိုင်သည့် မည်သည့် Link ကို မ ဆိုနှိပ်ကြည့်သည့်အခါ သတိထားပါ။ အချို့ Link များက သင်၏ စက်ကို malware ဖြင့် တိုက်ခိုက်မည့် ဝက်ဘ်ဆိုက်များဆီသို့ ရောက်သွားစေ နိုင်ပါသည်။
• COVID-19 ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်းရေးသားခြင်းကို အနီးကပ် စောင့်ကြပ်ကြည့်နေနိုင်သည့် အာဏာရှင် အစိုးရများရှိသည့် နိုင်ငံများနှင့် ပတ်သက်၍ သတင်းပို့ခြင်း သို့မဟုတ် အဆိုပါန်ိုင်ငံများအတွင်းမှ သတင်းပို့ခြင်းကြောင့် ဖြစ်နိုင်မည့် အန္တရာယ်များကို သတိထားပါ။ အချို့အစိုးရများက မည်သည့်ရောဂါဖြစ်ပွားမှုကိုမဆို ဖုံးကွယ်ထားရန်၊ မီဒီယာကို ဆင်ဆာဖြတ်ရန် နှင့်/သို့မဟုတ် သတင်းပို့သူများ ကို အပြစ်ပေး အရေးယူမှုများ ပြုလုပ်ရန် ကြိုးစားနိုင်သည်။
• စာနယ်ဇင်းသမားများ အနေဖြင့် COVID-19 နှင့် ပတ်သက်သော သတင်းများ ဆောင်းပါးများနှင့် ဆက်စပ်၍ အွန်လိုင်း ပေါ်တွင် အလှောင်ပြောင်ခံရမှုများ တိုးလာခြင်းနှင့် ရင်ဆိုင်ရနိုင်ပါသည်။ အထူးသဖြင့် ဆိုရှယ်မီဒီယာများ ပေါ်တွင် ဖြစ်သည်။
Travel Planning ခရီးသွားလာရေး အစီအစဉ်ပြုလုပ်ခြင်း
• သင်၏ ခရီးသွား အာမခံကို စစ်ဆေးပါ။ အချို့ အစိုးရများက ခရီးသွားလာမှုနှင့် ပတ်သက်၍ အဆင့်အတန်း အမျိုးမျိုးသော အကြံပြုချက်များနှင့် ရောဂါကူးစက်မှု တိုးပွားလာသော နိုင်ငံများသို့ ဦးတည်ခြင်းမပြုရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ထဲတွင် တွင် ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့်ပြင်သစ် နိုင်ငံ၏ ဥရောပ နှင့် န်ိုင်ငံခြားရေး ဝန်ကြီးဌာနတို့ အပါအဝင် ဖြစ်သည်။ သတိပြုရန်မှာ COVID-19 နှင့်သက်ဆိုင်သည့် ခရီးသွားခြင်းအတွက် အကာအကွယ် ရယူခြင်း က ရှေ့ဆက်ရန် ဖြစ်ကောင်းမှ ဖြစ်နိုင်ပါလိမ့်မည်။
• သင်သွားမည့် နေရာအတွက် လက်ရှိ နှင့် / သို့မဟုတ် နောက်လာရန် ရှိသည့် ခရီးသွားလာခွင့် တားမြစ်ချက်များကို စစ်ဆေးပါ။ နိုင်ငံခြားသားများကို ထပ်မံတားမြစ်ခြင်းနှင့်/ သို့မဟုတ် ကန့်သတ်ခြင်းများ က ဆက်လက် ဖြစ်လာဖွယ်ရာ ရှိပါသည်။
• မြို့ပြ အချက်အချာများ၊ သတ်မှတ်ထားသည့် ဒေသများ နှင့်/ သို့မဟုတ် တိုင်းပြည်တခုလုံးကို ပိတ်ဆို့မှု သို့မဟုတ် သီးခြားခွဲခြားထားရှိမှုများကို ကြိုတင် သတိပေးချက် အနည်းငယ် သို့မဟုတ် လုံးဝမရှိဘဲ ပြုလုပ်နိုင်ကြောင်း ထည့်သွင်း စဉ်းစားထားခြင်းဖြင့် သင့်တွင် အရေးပေါ်အစီအစဉ် ရှိရန် သေချာပါစေ။
• နယ်နိမိတ်ကို ပိတ်ထားခြင်းများ အရေအတွက်တိုးလာသည်ကို သတိပြုပါ။ ထပ်မံ ပိတ်ပင်မှုများလည်း ရှိလာနိုင်သည်၊ သင်၏ အရေးပေါ် အစီအစဉ်ရေးဆွဲခြင်းတွင် ထိုအချက်ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။
• သင်နေမကောင်းလျှင် ခရီးမသွားပါနှင့်။ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာလေဆိပ် အများစုအပြင် အခြားသော သယ်ယူပို့ဆောင်ရေး အချက်အချာ နေရာများတွင်လည်း တင်းကျပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ထားသည်။ ခရီးသွားများအနေဖြင့် ရောက်ရှိချိန်တွင် စစ်ဆေးစမ်းသပ်ခြင်း နှင့်/သို့မဟုတ် သီးသန့် ထားရှိခြင်း/ မိမိဖာသာ သီးခြားနေရခြင်းများကို ကြုံတွေ့ရနိုင်သည်။
• ပြန်အမ်းငွေ အပြည့်အဝ ပြန်လည်ရရှိမည့် လေယာဉ်လက်မှတ်ဝများ ဝယ်ယူသင့်ပါသည်။ IATA ၏အဆိုအရ COVID-19 က လေကြောင်းလိုင်း အများအပြားကို အခက်အခဲများဖြစ်ပေါ်စေခဲ့သည်ဟု သိရသည်။ ဥရောပ၏ အကြီးဆုံးလေ ကြောင်းလိုင်း ဖြစ်သည့် FlyBe မကြာသေးမီက ပြိုလဲခဲ့ရခြင်းတွင် ၎င်းကြောင့်လည်း ဝင်သည် ဟု IATA ကပြောသည်။
• လေကြောင်းလိုင်းများက အရပ်ဒေသအများအပြာမှ လာသည့် သို့မဟုတ် သွားမည့် ခရီးစဉ်များစွာ ကို မကြာ သေးမီ ရက်သတ္တပတ်များအတွင်း ဖျက်သိမ်းခဲ့သောကြောင့် ကမာ္ဘ့ ခရီးသွားလာရေးတွင် ရွေးချယ်စရာ အကြီး အကျယ် လျော့ကျ သွားခဲ့ သည်ကိုသတိပြုပါ။ COVID-19 ဖြစ်ပွားမှုများ က နိုင်ငံ အများ အပြားတွင် သိသိ သာသာ တိုးပွားလာသောကြောင့် နောက်ထပ်ဖျက်သိမ်းခြင်းများဖြစ် လာနိုင်ဖွယ်ရာ ရှိပါသည်။
• သင်သွားမည့် နေရာအတွက် ဗီဇာ ဆိုင်ရာ နောက်ဆုံး အခြေအနေကို စစ်ဆေးပါ။ နိုင်ငံအများအပြားက ခရီးသွား ရန် ထုတ်ပေးထာပြီး ဖြစ်သည့် ဗီဇာများ ကို ဆိုင်းငံ့ထားကြောင်း သတိပြုပါ။
• သင်သွားလိုသည့် နိုင်ငံတွင် သင်က COVID-19 ကင်းစင်ကြောင်း သက်သေပြရန် ဆေးဘက်ဆိုင်ရာ လက်မှတ်များ ပြသရန် လို/မလို စစ်ဆေးပါ။ ဥပမာအချို့ကို ဤနေရာတွင် ကြည့်နိုင်ပါသည်။
• ပြောင်းလွယ်ပြင်လွယ်ရှိသော ခရီးစဉ်များကို ထိန်းသိမ်းထားပါ။ ကမာ္ဘတလွှားမှ လေဆိပ်များတွင် အချိန်ပိုပေးရမည့် ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်များနှင့် အပူချိန်စစ်ဆေးသည့် နေရာများကို ထည့်သွင်းစဉ်းစားပါ။ အချို့သောဘူတာရုံများ၊ ဆိပ်ကမ်းများနှင့် အဝေးပြေး ဘတ်စ်ကားဂိတ်များ တွင်လည်း အလားတူ အသုံးပြုနိုင်ပါသည်။
• သင် ရောက်ရှိမည့်နေရာနှင့်ပတ်သက်သည့် ပြောင်းလဲမှုများနှင့် နောက်ဆုံးသတင်းများကို ရယူပါ။ ဆော်ဒီအာရေးဗီးယားနှင့် ရုရှားကဲ့သို့သော နိုင်ငံများက အချို့သော နိုင်ငံသားများကို သတ်မှတ်ထားသည့် လေဆိပ် နှင့်ဆိပ်ကမ်းများမှသာ ဝင်ခွင့်ပြုလိမ့်မည် ဖြစ်သည်။
• သင် လည်ပတ်နေသည့် နိုင်ငံအတွင်းမှ မည်သည့် မြို့တွင်းပိုင်း လှုပ်ရှားမှု ကန့်သတ်ချက်များ အတွက်ကိုမဆို ဒေသခံသတင်းရင်းမြစ်များကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ပါ။
Avoiding Infection ရောဂါကူးစက်မှုကို ရှောင်ရှားခြင်း
ယခုအခါ နိုင်ငံအတော်များများတွင် တဦးနှင့်တဦး နီးကပ်စွာ ထိတွေ့ဆက်ဆံမှုကို ရှောင်ရှားနေကြသည်။ ကျန်းမာရေးဌာန၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ၊ ဆေးကုသမှုဇုန်၊ တိရစာ္ဆန်ဈေးကွက်နှင့်/ သို့မဟုတ် မွေးမြူရေးခြံများသို့ သွားရောက်ပါက တကိုယ်ရေ သန့်ရှင်းမှု အစီအမံများနှင့် ပတ်သက်၍ မေးမြန်းပါ။ အကယ်၍ သံသယရှိခဲ့လျှင်၊ မသွားပါနှင့်။ ရောဂါကူးစက်မှုကို ရှောင်ရှားရန် စံအဖြစ် သတ်မှတ်ထားသော အကြံပြုချက်များမှာ
• ချောင်းဆိုးခြင်းနှင့် နှာချေခြင်းကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများပြသသူနှင့် အနီးကပ်ထိတွေ့မှု (အနည်းဆုံး ၆ ပေခန့် အကွာတွင် နေရမည်) ကို ရှောင်ရှားပါ။ ချောင်းဆိုးစဉ်နှင့် နှာချေစဉ် သင့်ပါးစပ်နှင့် နှာခေါင်းကို အမြဲတမ်းဖုံးထားပါ။
• တာဝန်ကျသည့် နေရာသို့ သွားခြင်းနှင့် ပြန်ခြင်းအတွက် သင်အသုံးပြုရမည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းကို စဉ်းစားပါ။ လူစည်ကားချိန်တွင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်ကို ရှောင်ရှားပါ။ ယာဉ်ပေါ်မှ ဆင်းသည့်အချိန်တွင် လက်များကို အရက်ကို အခြေခံသည့် ဂျယ်ကို အသုံးပြုသန့်ရှင်းခြင်းကို သေချာအောင် ပြုလုပ်ပါ။ (ethanol ၆၀ ရာခိုင်နှုန်း သို့မဟုတ် isopropanol ၇၀ ရာခိုင်နှုန်းထက်ပို၍ ပါဝင်သော အရက်အခြေပြု လက်သန့်ရှင်းရေး ဆေးရည်များကို အသုံးပြုရန် CDC က အကြံပြုထားသည်။ ) အကယ်၍ သင်၏ ကိုယ်ပိုင်ယာဉ်ဖြင့် ခရီးသွားလျှင် ယာဉ်ပေါ်တွင် ကူးစက်ခံရသူ ပါ/မပါ သတိပြုပါ။ ယာဉ်ပေါ်တွင် ရှိသည့် အခြားသူများသို့လည်း ကူးစက်နိုင်ပါသည်။
• ဂျာနယ်လစ်များ အနေဖြင့် ရောဂါလက္ခဏာပြသူများ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ ရောဂါ လက္ခဏာရှိသူများနှင့် နီးကပ်သူများ၊ COVID-19 လူနာများအား ကုသပေးသော ကျန်းမာရေး ဝန်ထမ်းများ၊ သို့မဟုတ် အန္တရာယ်မြင့်မားသောနေရာများတွင် အလုပ်လုပ်နေသော အလုပ်သမားများနှင့် တွေ့ဆုံ မေးမြန်းသည့်အခါ ဘေးကင်းလုံခြုံသော အကွာအဝေးကို ထိန်းသိမ်းထားရန် သတိပြုသင့်ပါသည်။
• ကိုယ်တွင် ညှပ်ရသည့် မိုက်ခရိုဖုန်းများအစား အဝေးမှအသံဖမ်းယူနိုင်သည့် မိုက်ခရိုဖုန်းများကို လုံခြုံ စိတ်ချရသောအကွာအဝေးမှအသုံးပြုပါ။ အန္တရာယ်မြင့်မားသော နေရာများတွင် အလုပ်လုပ်နေကြသော အချို့ သတင်းထောက်များက မိုက်ကရိုဖုန်းအပေါ်မှ ရေမြှုပ်အလွှာများကို နေ့စဉ်ရေပူဖြင့် လျှော်ဖွပ်ကြသည်။
• သင်၏ လက်များကို ရေပူနှင့် ဆပ်ပြာတို့ဖြင့် ပုံမှန်ဆေးကြောပေးပါ။ ရေပူနှင့် ဆပ်ပြာမရှိပါက ဘက်တီးရီးယား သတ်သည့် ဂျယ်သုံးပါ သို့မဟုတ် သုတ်ပါ၊ သို့သော် ထိုသို့ပြုလုပ်ပြီးလျှင် ရေနွေးနှင့်ဆပ်ပြာတို့ ဖြင့် ဆေးကြောခြင်းကို တတ်နိုင်သမျှ အမြန်ဆုံးပြုလုပ်ပါ။
• ဆေးကုသသည့် ဆေးရုံကဲ့သို့သော ရောဂါကူးစက်ခံထားရသောနေရာ၌ အလုပ်လုပ်စဉ် သို့မဟုတ် သွားရောက်စဉ် အကာအကွယ်လက်အိတ်များ သုံးပါ။ ကိုယ်ခန္ဓာကို ကာကွယ်ပေးသည့် ဝတ်စုံများနှင့် မျက်နှာအပြည့် မျက်နှာဖုံး အစရှိသည့် အခြား ကျန်းမာရေး ကာကွယ်မှုဆိုင်ရာ ကိရိယာများ (PPE) လည်း လိုအပ်နိုင်ပါသည်။
• အန္တရာယ်များသည့် ဒေသများမှ ပြန်လာပြီးနောက် သူတို့၏ အဝတ်အစားများကို အပူချိန်မြင့်မားသည့် ရေဖြင့် အထပ်ထပ် လျှော်ကြသည်ဟု သတင်းထောက်များက ပြောသည်။
• ချက်ပြုတ်ထားသည့် အသားနှင့် ဥများကိုသာ စားပါ။
• အကယ်၍ ကူးစက်မှုရှိသော ကျန်းမာရေးဌာနတခု၊ ဈေး သို့မဟုတ် မွေးမြူရေး ခြံတွင် အလုပ်လုပ်ပါက တခါသုံး ဖိနပ်ကိုသုံးပါ သို့မဟုတ် ရေလုံသည့် Overshoe များကို သုံးပါ။ ထိုနေရာမှ သင်ထွက်ခွာသည်နှင့် ချက်ချင်း ဆိုသလို ၂ ခုလုံးကို သုတ်ပစ်ရမည်။ ရေဆေးရမည်။ အကယ်၍ ရေလုံ Overshoe များကို အသုံးပြုပါက ၎င်းတို့ကို ထိုနေရာမှ မထွက်ခွာမီ စွန့်ပစ်သင့်ပြီး လုံးဝ ပြန်လည် အသုံးမပြုသင့်ပါ။
• သင်က COVID-19 ရှိနိုင်သည့် မည်သည့်နေရာတွင်မဆို အလုပ်လုပ်နေပါက Meliseptol ကဲ့သို့သော ရောဂါ ပိုးမွှားတိုက်ဖျက်သည့် သုတ်စရာများဖြင့် စက်ပစ္စည်းများအားလုံးကို အမြဲသုတ်သင်ရှင်းလင်းခြင်းဖြင့် ရောဂါပိုးမွှား ကင်းစင်အောင်ပြုလုပ်ပါ။ သန့်ရှင်းအောင်ပြုလုပ်ရမည့် လုပ်ငန်းစဉ်များကို တိကျစွာ လိုက်နာပါ။ အခြေစိုက်စခန်းသို့ ပြန်ပို့သည့်အခါ ပစ္စည်းကိရိယာများအားလုံးက ပြန်လည်သန့်စင်ထားပြီးဖြစ်ရန် သေချာစေရပါမည်။ ပစ္စည်းကိရိယာများအတွက် တာဝန်ရှိသူများက ကြိုတင်၍ အပြည့်အဝ သတိထားကြရပါမည်။
• ဘေးဒဏ်သင့်ဧရိယာ တခုသို့ မရောက်မီ၊ ထိုနေရာတွင် ရှိနေစဉ်အတွင်းနှင့် ပြန်လည် ထွက်ခွာ ပြီးနောက်တွင် သင်၏လက်များကို ရေပူနှင့် ဆပ်ပြာတို့ ဖြင့် အမြဲတမ်း သေချာစွာဆေးကြောပါ။
• အကယ်၍ သင့်တွင် ရောဂါလက္ခဏာများ၊ အထူးသဖြင့် အဖျားတက်ခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ် လျှင်၊ ဆေးကုသမှု မည်သို့ရယူမည် ဆိုသည်ကို စဉ်းစားပါ။ အခြားသူများ ရောဂါကူးစက်ခြင်းကို ကာကွယ်ရန် အတွက် အချို့သော အစိုးရကျန်းမာရေးအဖွဲ့များက မိမိဖာသာ သီးခြားနေထိုင်ရေးအတွက် အကြံပြုနိုင်ပါသည်။ အကယ်၍ သင်သည် ပြင်းထန်စွာ ရောဂါကူးစက်ခံ ထားရသော နိုင်ငံတခု သို့ ရောက်ရှိနေခဲ့ပါက လူနာများ ပြည့်ကျပ်နေသော ကုသရေး စင်တာများတွင် COVID-19 ကူးစက်ခံထားရသော လူနာများနှင့် ကြုံတွေ့ ရနိုင်သည့် အန္တရယ် ရှိပြီး သင့်ကို ကူးစက်နိုင်သည့် အခွင့်အလမ်း ပိုများလာနိုင်ပါသည်။
• ပြည်တွင်း ကျန်းမာရေး အာဏာပိုင်များ လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များကို အမြဲတမ်းလိုက်နာပါ။
If you are operating in China အကယ်၍ သင်က တရုတ်နိုင်ငံတွင် အလုပ်လုပ်နေခဲ့လျှင်
• ထိခိုက်ခဲ့သော ဧရိယာများရှိ သားငါးရောင်းသည့် ဈေးများ သို့မဟုတ် ခြံများသို့ မသွားပါနှင့်။ တိရိစာ္ဆန်များ (အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ) နှင့် သူတို့၏ ပတ်ဝန်းကျင်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ရှားပါ။ တိရိစာ္ဆန်အညစ်အကြေးများဖြင့် ညစ်ပေနေသော မျက်နှာပြင်များကို မထိတွေ့ပါနှင့်။ အကယ်၍ သင်က ကျန်းမာရေးဌာန၊ ဈေး သို့မဟုတ် မွေးမြူရေး ခြံတခုတွင် သွားရောက် သတင်းယူနေပါက သင်၏ စက်ပစ္စည်း ကိရိယာ များကို ကြမ်းပြင်တွင် မည်သည့် အချိန်တွင်မျှ မချထားရပါ။ ကိရိယာများကို Meliseptol ကဲ့သို့သော လျင်မြန်စွာ အလုပ်လုပ်သည့် ရောဂါပိုးမွှားတိုက်ဖျက်ရေး သုတ်စရာ ပစ္စည်းများဖြင့် အမြဲတမ်း သန့်ရှင်းပါ။ သန့်ရှင်းရမည့် လုပ်ငန်းစဉ်များ အတိုင်း အတိအကျလိုက်နာ ဆောင်ရွက်ပါ။
• တိရိစာ္ဆန်ခြံ သို့မဟုတ် ကြီးမားသော/ခန့်မှန်းရခက်သော တိရိစာ္ဆန်များ၏ လှောင်အိမ်များ အနီးသို့ ချဉ်းကပ်ခြင်း နှင့်/သို့မဟုတ် ဝင်ရောက်ခြင်းကို ရှောင်ရှားပါ။ အကယ်၍ သင့်ကို တိရစာ္ဆန်တကောင်က ကိုက်ခြင်းခံခဲ့ရလျှင် ဖြစ်နိုင်သမျှ အမြန်ဆုံးဆေးကုသမှု ခံယူပါ။
• တိရိစာ္ဆန်များနှင့် ထိတွေ့နေစဉ် သို့မဟုတ် ဈေး သို့မဟုတ် မွေးမြူရေးခြံ အနီးတွင် အစားစားခြင်း၊ ရေသောက်ခြင်း မပြုပါနှင့်။
Face Masks မျက်နှာဖုံးများ
ဒေသဆိုင်ရာ အာဏာပိုင်များက မပြောလျှင်၊ ဆေးရုံကဲ့သို့သော အန္တရာယ်များသည့် ဧရိယာတွင် ရှိမနေလျှင် သို့မဟုတ် COVID-19 ကူးစက်ခံရသည်ဟု သံသယရှိသူတဦးကို ပြုစုစောင့်ရှောက်နေသူ မဟုတ်လျှင် ရောဂါလက္ခဏာ မရှိ သောသူများ မျက်နှာဖုံး ဝတ်ရန် မလိုအပ်ကြောင်း CDC နှင့် WHO တို့က သဘောတူကြသည်။ အကယ်၍ သင်က မျက်နှာဖုံး ဝတ်ဆင်ပါက အောက်ပါ အကြံပြုချက်များကို လိုက်နာသင့်ပါသည်။
• အကယ်၍ လိုအပ်လျှင် ပုံမှန် ခွဲစိတ်ခန်းသုံး မျက်နှာဖုံးအစား N95 မျက်နှာဖုံး (သို့မဟုတ် FFP2 / FFP3) ကို အသုံးပြုရန် အကြံပြုထားပါသည်။
• မျက်နှာဖုံးက လစ်ဟနေသည့်နေရာ အနည်းဆုံး ဖြစ်ကာ မေးစေ့နှင့် နှာခေါင်းပေါ်တွင် လုံလုံခြုံခြုံ ချပ်ချပ်ရပ်ရပ် ရှိရေး သေချာရပါမည်။ မျက်နှာပေါ်မှ ဆံပင်ကို ဖယ်ရှားပြီး ထိန်းသိမ်းထားပါ။
• မျက်နှာဖုံးကို မထိပါနှင့်။ ကြိုးကိုသာအသုံးပြု၍ ဖယ်ရှားပါ။ ရှေ့ဘက်ကို မည်သည့်အခါတွင်မျှ မထိပါနှင့်။
• မျက်နှာဖုံးကို ဖယ်ရှားပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေနွေး (သို့) အရက် အခြေပြုလက် သန့်ရှင်းဆေးရည် (ethanol ၆၀ရာခိုင်နှုန်း သို့မဟုတ် isopropanol ၇၀ ရာခိုင်နှုတ်းထက်ပိုသော) ဖြင့် အမြဲတမ်း ဆေးပါ။
• မျက်နှာဖုံး က စိုစွတ်/ စိုထိုင်း လာသည်နှင့် တပြိုင်နက် သန့်ရှင်းခြောက်သွေ့သော မျက်နှာဖုံးအသစ်ဖြင့် အမြန်ဆုံး အစားထိုးပါ။
• မျက်နှာဖုံး အဟောင်းများကို မည်သည့်အခါတွင်မျှ ပြန်လည် အသုံးမပြုပါနှင့် အသုံးပြုထားသော မျက်နှာဖုံးများကို ပိတ်ထားသည့် အိတ်ထဲထည့်ပြီး ချက်ချင်း စွန့်ပစ်ပါ။
• မျက်နှာဖုံး တပ်ဆင်ခြင်းက တကိုယ်ရေ ကာကွယ်မှု၏ အစိတ်အပိုင်း တခုသာဖြစ်ကြောင်း သတိပြုပါ။ သင်၏ ပါးစပ်၊ နှာခေါင်း၊ မျက်လုံးတို့ကို မထိခြင်းနှင့် လက်များကို ပုံမှန်ဆေးကြောခြင်း များပြုရန် အထူးအကြံပြုလိုပါ သည်။
• ချည်/ပိတ်ကျဲစ မျက်နှာဖုံးများကို မည်သည့် အခြေအနေမျိုးတွင်မျှ ထောက်ခံချက် မပေးထားပါ။
• မျက်နှာဖုံးများသည် နေရာဒေသပေါ် မူတည်၍ ပစ္စည်းပြတ်လပ်ခြင်း သို့မဟုတ် ဈေးနှုန်းများ မြင့်တက် ခြင်းတို့ ဖြစ်ပေါ် နိုင်သည်ကိုသတိပြုပါ။
Post-Assignment တာဝန် ပြီးဆုံးပြီးနောက်
• သင်သွားရောက်ခဲ့သည့်နေရာက ရောဂါဖြစ်ပွားမှုနှုန်း မည်မျှမြင့်တက်ခဲ့သည် ဆိုသည့် အပေါ်တွင် မူတည်၍ သင့်အနေဖြင့် မိမိဖာသာ သီးခြားခွဲ၍ နေထိုင်ရန် လိုအပ်ကောင်း လိုအပ်လိမ့်မည် ဆိုသည်ကို မျှော်လင့်ထားရပါမည်။ ကျေးဇူးပြု၍ သက်ဆိုင်ရာ အစိုးရများ၏ အကြံပြုချက်ကို စစ်ဆေးပါ။
• COVID-19 နှင့် ပတ်သက်သော နောက်ဆုံးသတင်းများနှင့် သတင်းအချက်အလက်များအပြင် သင်၏ မူလနေရာနှင့် သင်သွားခဲ့သော နေရာများတွင် အကောင်အထည်ဖော်နေသည့် မည်သည့် quarantine နှင့် isolation လုပ်ထုံးလုပ်နည်းများကို မဆို လေ့လာစောင့်ကြည့်ပါ။
If you do have symptoms အကယ်၍ သင့်တွင် ရောဂါလက္ခဏာများ ရှိနေခဲ့လျှင်
• သင်၏ စီမံခန့်ခွဲရေး အဖွဲ့နှင့် အာဏာပိုင်များသို့ အသိပေးပါ။
• လေဆိပ် သို့မဟုတ် အခြားသော ပို့ဆောင်ရေး နေရာများမှ သင်၏ နေအိမ်သို့ သင့်တော်သော ပို့ဆောင်ပေးမှုဖြင့် သွားရန် သူတို့နှင့်အတူ ဆောင်ရွက်ပါ။ အလွယ်တကူ တက္ကဆီ ငှားစီးလိုက်ခြင်းမျိုး မပြုပါနှင့်။
• အိမ်သို့ ပြန်၍ သက်ဆိုင်ရာ မိမိဖာသာ သီးခြားနေထိုင်ရေး အကြံပြုချက်များအတိုင်း လိုက်နာ ဆောင်ရွက်ပါ။
If you do not have symptoms အကယ်၍ သင့်တွင် ရောဂါ လက္ခဏာ မရှိခဲ့လျှင်
• သင်၏ ကျန်းမာရေးကို ဆက်လက်၍ လေ့လာစောင့်ကြည့်နေပါ။
• သင်ရှိနေသော နိုင်ငံမှ ရောဂါ ကူးစက်မှုနှုန်းပေါ်တွင် မူတည်၍ သင့်အနေဖြင့် ပြန်လည်ရောက်ရှိပြီး ၁၄ ရက် အတွင်းတွင် သင့်နှင့် အနီးအနားသို့ ရောက်လာသူများ၏ အမည်များနှင့် အရေအတွက်ကို မှတ်တမ်းပြုစုထား ရန် စဉ်းစားသင့်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းက အကယ်၍ သင့်တွင် ရောဂါလက္ခဏာများ စတင်ပြသလာခဲ့ပါက ခြေရာခံရန် အထောက်အကူ ဖြစ်ပါလိမ့်မည်။
(နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Committee to Protect Journalists (CPJ) မှ ထုတ်ပြန်ထားသော CPJ Safety Advisory: Covering the coronavirus outbreak ကို ဘာသာပြန်ဆိုဖော်ပြသည်။)
You may also like these stories:
နယ်စပ်ဖြတ် ပြန်လာသူများ အိမ်ပြန်ပို့ပြီး ၁၄ ရက် စောင့်ကြည့်မည်
ရွှေ့ပြောင်းလုပ်သားများ သောင်းနှင့်ချီ၍ ပြည်တွင်းပြန်ဝင်
ရပ်ရွာတွေမှာ လူထုအားကိုယူပြီး စောင့်ကြည့် သတင်းပေးတဲ့စနစ် လုပ်နေတယ်