မဲဆောက်မြို့လေးရဲ့ အာရုံတက်ချိန်ကတော့ အရင်လို လမ်းမီးတွေ ထိန်ထိန်လင်းနေတဲ့ အောက်မှာ ရှိနေပေမယ့် တိတ်ဆိတ်မှုက ပိုသိသာပါတယ်။ အအေးဓာတ် မပြယ်သေးတဲ့ မြို့တွင်းလမ်းတွေပေါ်မှာ လူသူသွားလာမှု ရှင်းလင်းနေပြီး မနက်တိုင်း ကားလမ်းမဘေးမှာ ထွက်ရောင်းနေကြ အသားကင်နဲ့ ကောက်ညှင်းဆိုင်တွေတောင် မတွေ့ရတော့ပါ။
မြို့တွင်း မြို့ပြင်လမ်းတွေ လူနဲ့ ယာဉ်သွားလာမှု တိတ်ဆိတ်နေပေမယ့် မဲဆောက်မြို့ အဝေးပြေး ကားဝန်းထဲမှာတော့ လူတွေစည်ကား နေပါတယ်။ ကားဝန်းထဲက မီးအလင်းရောင်အောက်မှာ အထုပ်အပိုးတွေ အစုလိုက် အပုံလိုက်နဲ့ လူတိုင်းက Mask တွေတပ်ထားကြပါတယ်။ Mask ရဲ့ အထက်မှာ မြင်ရတဲ့ သူတို့မျက်ဝန်းတွေ ထဲမှာတော့ ပင်ပန်းနွမ်းနယ်နေတဲ့ အရိပ်အရောင်တွေ အထင်းသားနဲ့ပါ။
သူတို့ကတော့ ဘန်ကောက် အပါအဝင် ထိုင်းနိုင်ငံ ဒေသ အသီးသီးမှာ ရွှေ့ပြောင်း အလုပ်သမား အဖြစ် လုပ်ကိုင် နေကြတဲ့ မြန်မာနိုင်ငံသားတွေပါ။ မြန်မာနိုင်ငံကို ပြန်ကြဖို့ အတွက် သူတို့ အလုပ်လုပ်ကိုင်တဲ့နေရာကနေ လိုင်းကား အသီးသီးနဲ့ ဝင်ရောက်လာနေကြသူတွေ ဖြစ်ပါတယ်။
မဲဆောက်လေယာဉ်ကွင်းဘေးမှာ ရှိတဲ့ ဒီကားဝန်းကနေ ၈ မိုင်လောက်ဝေးတဲ့ မြို့ပြင်က အမှတ် ၂ ချစ်ကြည်ရေး တံတားကို သူတို့ခရီးဆက်ကြရဦးမှာပါ။ အမှတ် ၂ ချစ်ကြည်ရေး တံတားဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် မဲဆောက်နဲ့ မြဝတီကို သွယ်တန်းဖောက်ထားတဲ့ တံတားဖြစ်ပြီး နှစ်နိုင်ငံအကြား အဓိက ကုန်သွယ်ရေး တံတားကြီး ဖြစ်ပါတယ်။
အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးကိုရောက်တော့ လမ်းကြောင်းတလျှောက်မှာ ကုန်တွေ အပြည့်တင်ထားတဲ့ ၁၂ ဘီးကားကြီးတွေ တန်းစီနေပါတယ်။ လူသုံးကုန်၊ စားသောက်ကုန်၊ အဝတ်အထည်နဲ့ စက်ပစ္စည်း မျိုးစုံ တင်ဆောင်ထားတဲ့ ကုန်ကားကြီးတွေဟာ တံတားဖွင့်တာနဲ့ မြန်မာနိုင်ငံဘက်ကို သွားပို့ကြမှာဖြစ်ပါတယ်။
လမ်းမတဖက်စီမှာ တန်းစီရပ်ထားတဲ့ ကုန်ကားကြီးတွေကြား ဖြတ်မောင်းရတဲ့ အိမ်စီးကားတွေဟာ တောင်တန်းကြီး ၂ ခုအကြား ဖြတ်မောင်းနေရသလိုပါပဲ။ ကုန်ကားတန်းကြီးရဲ့ အဆုံးမှာတော့ နယ်စပ်ဂိတ် အဆောက်အဦနဲ့ အတူ ပုရွက်ဆိတ် အုံကြီးလို တရွရွဖြစ်နေတဲ့ ထောင်နဲ့ ချီတဲ့ လူအုပ်ကြီးကို မြင်လိုက်ရပါတယ်။
အထုပ်အပိုးတွေကိုယ်စီနဲ့ အမိနိုင်ငံကို ပြန်ဖို့ လှုပ်ရှားသွားလာနေကြတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေပါပဲ။ ဒီလူအုပ်ကြီးကို တွေ့လိုက်ရမှ ခုနက မဲဆောက်ကားဝန်းထဲမှာ တွေ့ခဲ့တဲ့ လုပ်သားတွေဟာ ဒီအထဲက အစွန် အဖျား လောက်သာ ရှိလိမ့်မယ်လို့ တွေးမိပါတယ်။ အားလုံးမှာ တူညီနေတာကတော့ လူတိုင်း Mask တွေတပ်ထား ကြတာချင်းပါ။
ဒီလူအုပ်ကြီးကို ကြည့်ရတဲ့ မြင်ကွင်းက မွန်းကြပ်စရာ။ တချို့ဆိုရင် အဝတ်အစားအိတ်အပြင် လေးလှတဲ့ အထုပ်ကြီး ၂ ထုပ် ၃ ထုပ်လောက် ပါပါသေးတယ်။ အထဲကိုစနစ်တကျ တန်းစီဝင်နိုင်အောင် ထိုင်းအာဏာပိုင်တွေက ၄ ပေလောက်သာ ဖွင့်ပေးထားတဲ့ ခြံတံခါးကြားမှာ အထုပ်အပိုးတွေ ဆွဲသူဆွဲ ငါးပိသိပ်၊ ငါးချဉ်သိပ် တိုးသူတိုးနဲ့ တကယ့် ရင်မောစရာ။
ဒီလောက် များပြားလွန်းတဲ့ လူအုပ်ကြီးကြားမှာ ဆောင်းဘောက်စ်ကြီးတွေ၊ ဂစ်တာကြီးတွေ လူကြီး လက်နှစ်ဖက်ခန့် ရှိတဲ့ အိတ်ကြီးတွေ၊ ၅ ဂါလံလောက်ဆန့်တဲ့ သင်္ဘောဆေးဗူးတွေနဲ့ တချို့ လသားအရွယ် ကလေးပွေ့ပိုက်ထားတဲ့ မိခင်တွေလည်းပါသလို ဘီးတပ်ကုလားထိုင်နဲ့ လူနာတွေလည်း လူအုပ်ကြားထဲ တွေ့ရပါသေးတယ်။
ဒီအမှတ် ၂ ချစ်ကြည်ရေး တံတားက တဆင့် မြန်မာအလုပ်သမားတွေ အခုလို ကြိတ်ကြိတ်တိုးပြန်နေတာ အခုလ ၂၁ ရက်နေ့ကတည်းကပါ။ အရင်က မဲဆောက်နဲ့ မြဝတီ မြို့နှစ်မြို့ အကြား က အမှတ် ၁ ချစ်ကြည်ရေးတံတားနဲ့ သောင်ရင်း မြစ်ပေါ်က ကူးတို့ဆိပ်တွေကနေ ကူးဖြတ်နေကြတာပါ။
ထိုင်းအစိုးရက နိုင်ငံ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်လိုတဲ့ အတွက် လေဆိပ်၊ ရေဆိပ်နဲ့ နိုင်ငံ နယ်စပ် ထွက်ပေါက်တွေကို တင်းကျပ်
စိစစ်မှုတွေ ပြုလုပ်ပြီးတဲ့နောက် အမှတ် ၁ ချစ်ကြည်ရေး တံတားနဲ့ ကူးတို့ဆိပ် တွေကို ပိတ်လိုက်ပါတယ်။ ဒီလို ပိတ်အပြီးမှာဘဲ ရွှေ့ပြောင်းလုပ်သားတွေဟာ အမှတ် ၂ တံတားဘက်က ပြန်ဖို့ ဦးလှည့်လာကြတာဖြစ်ပါတယ်။
ပြန်လာကြသူတွေထဲမှာ ထိုင်းနိုင်ငံအတွင်းမှာ ကူးစက်မှု အရှိန်မြင့်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကို စိုးရိမ်သူတွေ ပါသလို ဒီရောဂါကို အကြောင်းပြပြီး စက်ရုံ အလုပ်ရုံတွေနဲ့ စားသောက်ဆိုင်၊ ဈေးဆိုင်တွေ ပိတ်သိမ်းသွားလို့ ပြန်လာသူတွေလည်း ပါပါတယ်။ ဒါ့အပြင် လက်ရှိကိုင်ဆောင်နေတဲ့ နေထိုင်ခွင့် လက်မှတ် သက်တမ်းကုန်ဆုံး သွားသူတွေ၊ သင်္ကြန်ကာလ ပြန်လိုသူတွေ အသီးသီးရှိပါတယ်။
ဘန်ကောက်က ပြန်လာတဲ့ ကိုဝင်းလှိုင် က “စက်ရုံမှာကလည်း အလုပ်ကနည်းသွားတော့ Work Permit ကလည်း မရှိတော့ ပုလိပ် (ရဲ) ကြေးပေးပြီး နေရတယ်။ စက်ရုံက ကျနော်အပါအဝင် ၁၂ ယောက် အဖြုတ်ခံရတယ်။ အဲဒါကြောင့် ကျနော်က မြန်မာပြည်ကို အပြီးပဲ ပြန်လာတယ်” လို့ သူပြန်လာဖြစ်တဲ့ အကြောင်းကို မြန်မာနိုင်ငံထဲ မဝင်ခင်မှာ ရှင်းပြသွားပါတယ်။
သူအနေနဲ့ လက်ရှိကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီး ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြား ချက်တွေ အတိုင်း လိုက်နာခဲ့သလို မြန်မာနိုင်ငံဘက်ရောက်ရင်လည်း မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ဘက်က ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ရွာရောက်ရင်တော့ အစိုးရက ထိန်းသိမ်းတဲ့ စည်းကမ်းအတိုင်း လိုက်နာရမှာပေါ့။ တကယ်လို့ ရောဂါ ပါလာမယ်ဆိုရင် လည်း ဖြစ်ရင်းဖြစ် ကျနော်တယောက်တည်း အဖြစ်ခံမယ်။ ကျန်တဲ့လူတွေကိုတော့ အကူးမခံပါဘူး။ မပါလာဘူး ဆိုရင်လည်း မိသားစုနဲ့ စည်းစည်းလုံးလုံး ပြန်နေမှာပေါ့” လို့ ကိုဝင်းလှိုင်က ဆိုပါတယ်။
မဲဆောက် မြို့က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ခဲ့တဲ့ ကိုမင်းထိုက် ကတော့ စက်ရုံက နောက်ဆုံးထုတ်ရမယ့် လစာကိုတောင် မထုတ်တော့ဘဲ ပစ္စည်းတွေ ထုပ်ပိုးပြီး ရွာပြန်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ သူကတော့ ကိုရိုနာ ရောဂါပိုးကူးစက်မှာကို စိုးရိမ်လို့ ပြန်လာတာလို့ ပြောပြပါတယ်။
“ကျနော်တို့ အခု အလုပ်သမားတွေအကုန်လုံးက စိုးရိမ်နေကြတာပေါ့။ အကုန်လုံးက ပြန်ချင်နေကြတယ်။ ဒါပေမယ့် သူဌေးက ဒါကို လက်မခံဘူး။ သူတို့ အလုပ်ပဲ လုပ်စေချင်တယ်။ သူစက်ရုံမှာဘဲနေ ဘယ်မှမသွားနဲ့ ဒါပေမယ့် လူပေါင်း တရာကျော်မှာ သူ့ဆိုင်က ဖွင့်ထားတဲ့ အစားအစာကလည်း ဘယ်လောက်ခံမှာတုန်း ဒါကြောင့် လစာလည်း မယူဘဲ ပြန်လာတာ” လို့ ကိုမင်းထိုက်က ရှင်းပြပါတယ်။
နခွန်စဝမ် က ဆောက်လုပ်ရေးကုမ္ပဏီတခုမှာ လုပ်ကိုင်ခဲ့တဲ့ ကိုကျော်စွာကတော့ သူပြန်လာရခြင်း အကြောင်း အရင်းထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေမှုအပေါ် စိုးရိမ်တာရယ်၊ ဗီဇာလုပ်ရတဲ့ အခက်အခဲရယ်ကြောင့် အပြီးပြန်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘန်ကောက်က ပြန်လာတဲ့ ကိုကြံတိုင်းအောင် ကတော့ အထောက်အထားမဲ့ အလုပ်သမား တဦးဖြစ်ပြီး စာအုပ်လုပ်ဖို့ အခက် အခဲ ရှိနေတာကတကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်မှာကို စိုးရိမ်တာကလည်း တကြောင်းမို့ မိသားစုနဲ့ အတူ အပြီးပြန်နေဖို့ ဆုံးဖြတ်ချက်နဲ့ ပြန်လာခဲ့တာလို့ ဆိုပါတယ်။
သစ်လုပ်ငန်း စက်ရုံတခုမှာ လုပ်ခဲ့တဲ့ ဒေါ်ဌေးကတော့ သူ့ရဲ့ စာအုပ်ဟာ ဒီလကုန်ရင် ဗီဇာကုန်မှာမို့ သက်တမ်း တိုးနိုင်အောင် ပြန်လာတာလို့ဆိုပါတယ်။ Mask ကို ၂ ထပ်တပ်ထားတဲ့ ဒေါ်ဌေးလည်း ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး စိုးရိမ်နေပါတယ်။ သူစိုးရိမ်တာက သူ့မိသားစုတခုတည်းတင်မကပါဘူး။
“ကိုယ့်မိသားစုအတွက်တင်လည်း မဟုတ်ဘူး။ ကိုယ့်အတွက်တင်လည်း မဟုတ်ဘူး။ အကုန်လုံး တတိုင်းပြည်လုံး ကိုယ့်တိုင်းရင်းသားပေါင်းစုံ ကင်းစင်စေချင်တယ်” လို့ ဒေါ်ဌေး က သူရဲ့ နိုင်ငံအပေါ် ချစ်စိတ် သဘောထားကို ပြောပြပါတယ်။
ဒီနေ့ မနက်က မေးဖြစ်တဲ့ ရွှေ့ပြောင်းလုပ်သား ၆ ယောက်အနက် ၅ ယောက်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်ကြသလို ထိုင်းနဲ့ မြန်မာ ၂ နိုင်ငံလုံးက ကျန်းမာရေးစောင့်ရှောက်မှုတွေအတိုင်း လိုက်နာမယ်၊ မြန်မာနိုင်ငံ ရောက်ရင် ၁၄ ရက်စောင့်ကြည့်မှုကိုလည်း တာဝန်သိပြည်သူတဦးအနေနဲ့ ပူးပေါင်းမယ်လို့ ဆိုကြပါတယ်။
ဒီ ၆ ယောက်ထဲက လူငယ်တဦးကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး “မကြောက်ပါဘူး။ လူဆိုတာ သေတနေ့ မွေးတနေ့မို့လို့” လို့ဆိုပါတယ်။ သူကတော့ လက်ရှိ ထိုင်း၊ မြန်မာ နှစ်နိုင်ငံက ထုတ်ပြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အသိပညာပေးမှု လှုံ့ဆော်မှုတွေကိုလည်း အလေးအနက် ထားပုံမရပါဘူး။ ကျန်းမာရေး အလေး အနက်ထားသူတွေကတော့ သူ့အပေါ်မှာ စိုးရိမ်ကြမှာပါပဲ။
သူက ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား တဦးအနေနဲ့ ဖြတ်သန်းနေတာဖြစ်ပြီး ဘဝတူ သူငယ်ချင်း ၇ ယောက်နဲ့ အတူ မြန်မာပြည်ကို ပြန်လာခဲ့ကြတာပါ။ လက်ရှိ အချိန်မှာတော့ ဒီရောဂါ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းဘက်ကလည်း တင်းကျပ်မှုတွေ သိပ်မလုပ်ဘဲ ပြန်လိုတဲ့ အလုပ်သမားတွေကို ပေးပြန်တာတွေ ရှိပါတယ်။
ဒီကနေ့ နောက်ဆုံးရရှိတဲ့ သတင်းတွေ အရ ထိုင်းနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၈၂၇ ဦးရှိပြီး ဒီအထဲကမှ ကုသလို့ ပျောက်ကင်းသွားတဲ့သူ ၅၇ ဦးရှိပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၄ ဦးရှိပါတယ်။ ဒါကြောင့် ထိုင်းဘက်က ပြန်လာတဲ့ အလုပ်သမားတွေအပေါ် မြန်မာဘက်ကလည်း စိုးရိမ်မှုတွေရှိနေတာ အမှန်ပါ။
မြန်မာအစိုးရအနေနဲ့လည်း ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို အဖျားရှိ၊ မရှိ တဦးချင်း စစ်ဆေးပြီး ပြန်မဝင်လာခင် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ အတွင်း သွားလာခဲ့တဲ့ နေရာတွေ၊ ပြန်ရမယ့် နေရပ်ရင်း ဒေသတွေရဲ့ လိပ်စာတွေကို ယူထားပြီး အနီးဆုံး မြို့နယ် ခရိုင်တွေအထိ ကရင်ပြည်နယ်အစိုးရက စီစဉ်ပေးထားတဲ့ ကားတွေနဲ့ လိုက်ပို့ပါတယ်။
ဒီကမှတဆင့် ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဆင့်ဆင့်က တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ပြန်ဝင်သွားသူတွေကို အိမ်အပြင်မထွက်စေဘဲ ၂ ပတ် စောင့်ကြည့်မှုတွေ ပြုလုပ်သွားမှာလို့ ဆိုပါတယ်။ ပြန်ဝင်သွားတဲ့ လုပ်သားတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ဖို့ မြန်မာအစိုးရဘက်က တိုက်တွန်းထားပါတယ်။
ထိုင်း-မြန်မာ နှစ်နိုင်ငံကတော့ ကိုရိုနာဗိုင်းရပ် ထိန်းချုပ်နိုင်ရေးအတွက် နှစ်နိုင်ငံ နယ်စပ်တလျှောက်က မဲဆောက်-မြဝတီ၊ တာချီလိတ်-မယ်ဆိုင်၊ ကော့သောင်း-ရနောင်း စတဲ့ တရားဝင် အဝင် အထွက် ဂိတ်ပေါက် အားလုံးကို မတ်လ ၂၃ ရက်နေ့က နောက်ဆုံးထား ပိတ်လိုက်ပြီဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက တရားဝင် ထုတ်ပြန်ခဲ့ကြပါတယ်။
ဒါပေမယ့်လည်း ဒီနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံ အတွင်း ဒေသအသီးသီးက ပြန်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၂ ထောင်ကျော်ဟာ ပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာထားတဲ့ အမှတ် ၂ ချစ်ကြည်ရေး တံတားထိပ်မှာ အုံလိုက် ကျင်းလိုက် စုရုံးရောက်ရှိလာပြီးနောက် ဖွင့်ပေးလိုက်ရပါတယ်။
မြန်မာအစိုးရဘက်ကတော့ ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို ရောဂါစစ်ဆေးပြီး လက်ခံမှုတွေ ပြုလုပ်ပေးသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းဘက်က ဂိတ်ပေါက်တွေကို ပိတ်ပင်ကြောင်း တရားဝင် ထုတ်ပြန်ထားပေမယ့် အုံလိုက် ကျင်းလိုက် ပြန်လာနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိန်းသိမ်းထားလို့တဲ့ သဘော မရှိတာကြောင့် လွှတ်ပေးမယ့် သဘောရှိတယ်လို့လည်း မြန်မာဘက်က မျှော်လင့်နေပါတယ်။
ထိုင်းနိုင်ငံ အတွင်းမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်းက တရက်ကို ၁၀၀ဝန်းကျင် တိုးပွားနေတဲ့ အတွက် ထိုင်းအစိုးရကလည်း ပိုမို ကြပ်မတ်မှုတွေ လုပ်ဆောင်နေပါတယ်။ အရင်က ကမ္ဘာလှည့် ခရီးသည်တွေနဲ့ စည်ကားနေတဲ့ ချင်းမိုင်မြို့ဆိုရင် ခြောက်ကပ်ပြီး အရောင်းအဝယ်တွေ ရပ်ဆိုင်းနေပါပြီ။
မြဝတီမြို့နဲ့ မျက်နှာချင်းဆိုင် မဲဆောက်မြို့မှာလည်း စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ တော်တော်များများ ပိတ်ကုန်ပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကလည်း မြန်မာ လုပ်သားတွေ အတွက် အလုပ်လက်မဲ့ ဖြစ်ပွားမှု တိုးလာနိုင်သလို ကိုရိုနာဗိုင်းရပ်စ် ခြောက်လှန့်မှုကလည်း အလုပ်သမားတွေကို အိမ်ပြန်ဖို့ တွန်းပို့နေသလိုပါ။
နောက်ဆုံး အိမ်ပြန်ခဲ့ရတဲ့ အလုပ်သမားတွေမှာလည်း အလုပ်လက်မဲ့ ဘဝကို ဖြတ်သန်းရမယ့် အပြင် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်ကြရဦးမှာမလွဲပါ …။
You may also like these stories:
အလုပ်လက်မဲ့ အလုပ်သမားများ အတွက် လူမှုဖူလုံရေး ခံစားခွင့်များ တိုးမြှင့်
ကိုရိုနာဗိုင်းရပ်ရောဂါပျံ့နှံ့နေချိန် ဘယ်လိုသတင်းယူကြမလဲ