အထက်ရွာကိုရောက်တော့ အထက်ရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှသိန်းက သူတို့ရွာမှာလည်း စစ်ဘေးဒဏ် သင့်လာမှာကို ကြောက်ပြီး အိမ်တိုင်းမှာ ကတုတ်ကျင်းတွေ တူးခိုင်းထားရတယ်လို့ ပြောပြပါတယ်။
ကျေးရွာထဲမှာ နေထိုင်ရတာ မလုံခြုံလို့ ပလက်ဝမြို့ကို ထွက်ပြေးကြဖို့ စီစဉ်ပေမယ့်လည်း ပလက်ဝ မြို့နယ် အုပ်ချုပ်ရေးမှူး က ကိုယ့်ရွာမှာပဲ ကတုတ်ကျင်းတူးပြီး နေကြဖို့ ပြောတယ်လို့လည်း ဦးမောင်လှသိန်းက ပြောပါတယ်။
ဒီ့အပြင် ဦးမောင်လှသိန်းက“ဗိုလ်မှူး (တပ်မတော်) ကဆို ခဏခဏ လှမ်းမေးနေတာ အခြေအနေ ထူးရင်ပြောပါမယ် လို့ ပြောထားရတယ်။ ကျနော်တို့လည်း တအားကြောက်တယ်။ ပြောမယ်ဆိုရင် ကျနော်တို့က ပထမဆုံးခံရမှာ။ ဒီကျေးရွာ အုပ်စုမှာ လူကြီးလုပ်နေတာ ဆိုတော့ တအား စိုးရိမ်နေရတယ်။ ကြောက်တယ်”လို့ ဆိုပါတယ်။

AA စစ်သားတွေ ရွာထဲဝင်လာရင် သတင်းပေးဖို့ တပ်မတော်ဘက်က မကြာခဏ ဖုန်းလှမ်းဆက်ပြီး မေးတာလည်း ရှိတယ် လို့ သူက ပြောပါတယ်။
ဦးမောင်လှသိန်းက“ဗိုလ်မှူးက မေးလာလည်း မရှိရင် မရှိဘူး ကျနော်က ပြောတယ်။ မယုံတာလည်း ရှိချင်ရှိမှာပေါ့။ ကျနော် တို့က ရခိုင်ဖြစ်နေတာကိုး။ တဖက်မှာ လှုပ်ရှားနေတာကလည်း ရခိုင်နာမည်နဲ့ကိုး။ ကိုယ်က အမှန်ပြောနေရဲ့နဲ့ တခုခု အမြင်စောင်းမှာကိုလည်း ကျနော်က စိုးရိမ်နေတာ။ ရွာကိုလည်း စိုးရိမ်တယ်”လို့ ပြောဆိုပါတယ်။
တပ်မတော်နဲ့ အဆက်အသွယ် ရှိတာကြောင့်လည်း AA ဘက်က သစ္စာဖောက်လို့ စွပ်စွဲပြီး အန္တရာယ်ပြုမှာကို စိုးရိမ်ရတယ် လို့ ဦးမောင်လှသိန်းက ဆိုပါတယ်။
ဆက်လက်ပြီး ဦးမောင်လှသိန်းက“ကျနော်တို့က နှစ်ဖက်လုံးကို ကြောက်ရတာပါ”လို့လည်း ပြောပါသေးတယ်။
ဦးမောင်လှသိန်း ပြောသလိုပါပဲ။ ပလက်ဝမြို့နယ်ထဲမှာ နေထိုင်တဲ့ ရခိုင်ကျေးရွာက ရပ်မိရပ်ဖ တချို့နဲ့ အရပ်သားတွေဟာ မသင်္ကာမှုတွေနဲ့ စစ်ဆေးတာ ကြုံဖူးကြပါတယ်။
တောင်ပြိုကျေးရွာက ရပ်မိရပ်ဖ ဦးတင့်ဆိုရင်လည်း AA ကို ကူညီတယ်လို့ သံသယရှိခံရတာကြောင့် တပ်မတော်က ဖမ်းဆီးရိုက်နှက် စစ်ဆေးတာ ခံရဖူးတယ်လို့ ဆိုပါတယ်။

ဦးတင့်က“ကျနော့်ကို ဖမ်းတုန်းက ခင်ဗျား AA ကို ကူညီတယ်ပေါ့။ အဘိုးကြီး အမှန်အတိုင်းဖြေ မိသားစုကို မသနားဘူး လားတဲ့။ ကျနော်က ပြောလိုက်တယ်။ ကျနော့်ကိုယ် ကျနော်ပဲ သနားပါတယ်လို့။ မဖြေဘူး ခေါင်းမာတယ်ဆိုပြီးလည်း ပြောတယ်။ ရိုက်တယ်။ နောက်ဆုံးတော့ ကျနော် မဟုတ်လို့ သူတို့ ပြန်လွှတ်ပေးလိုက်တယ်လေ”လို့ ပြောပြပါတယ်။
ရခိုင်လူမျိုးတွေ ကုလားတန်မြစ်ကြောင်း အတိုင်း သွားလာရာမှာလည်း အထုပ်အပိုးတွေပါလာရင် ပိုက်စိတ်တိုက် ရှာဖွေ စစ်ဆေးတာ လက်ကိုင်ဖုန်းအတွင်းက ဖုန်းနံပါတ်နဲ့ ဓာတ်ပုံတွေကို မွှေနှောက် စစ်ဆေးခံရတာတွေ ရှိပါတယ်။
ကျမတို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ ရခိုင်လူမျိုး ဦးရေ ၄၀ ကျော်လောက်က သူတို့ဟာ ရခိုင်ဖြစ်တာကြောင့် မသင်္ကာဖြစ်မှာ စိုးရိမ်နေကြရတဲ့ အကြောင်း ပြောပြကြပါတယ်။
တပ်မတော်ရဲ့ လုံခြုံရေးဂိတ်တွေမှာ ဗမာလူမျိုး မှတ်ပုံတင် ကိုင်ဆောင်လာသူဆိုရင် သွားသတိ လာသတိထားဖို့ ပြော သလို ရခိုင်လူမျိုး မှတ်ပုံတင် ကိုင်ဆောင်လာသူတွေဆိုရင်လည်း တင်းတင်း ကြပ်ကြပ် စစ်ဆေးနေတာကို ကျမတု့ိ မျက်မြင် တွေ့ခဲ့ရပါတယ်။
ပဋိပက္ခဖြစ်နေတဲ့ ပလက်ဝနယ်ထဲမှာ ရခိုင်လူမျိုးတွေချည်း သံသယဝင် ခံနေရတာလည်း မဟုတ်ပါဘူး။ ချင်းလူမျိုး တွေ ဖြစ်တဲ့ ခူမီးမျိုးနွယ်စုဝင်တချို့နဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို တပ်မတော်နဲ့ နီးစပ်သူတွေ၊ တပ်မတော်ကို ကျောထောက်နောက်ခံ ရှိသူတွေအဖြစ် AA ဘက်က စွပ်စွဲတာတွေ ရှိပါတယ်။
ခူမီးမျိုးနွယ်စုတွေဘက်က သူတို့ကျေးရွာတွေမှာ AA က ဆန်တွေ ဝင်ယူတယ်၊ လူတွေ ဖမ်းတယ် ဆိုတဲ့ သတင်း အချက်အလက်တွေကို ထုတ်ဖော် ပြောဆိုတာမျိုးတွေလည်း ရှိပါတယ်။
သတင်းတွေ ထွက်လာတိုင်းမှာလည်း AA ဘက်က မဟုတ်မှန်ကြောင်း ငြင်းဆို တုံ့ပြန်လေ့ ရှိပါတယ်။
ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) အတွင်းရေးမှူး ဦးစောမြ ကတော့“ကျနော်တို့ အပေါ် မှာလည်း သတင်းပေးဆိုတဲ့ အမြင်တွေ ရှိတယ်။ တဖက်ကိုလည်း AA သတင်းပေးဆိုပြီး အမြင်တွေ ရှိတယ်။ တကယ်တမ်း ကျတော့ ပဋိပက္ခရဲ့ အကျိုးဆက်ပဲ။ နှစ်ဖက်လုံး ခံနေရတယ်”လို့ ပြောပါတယ်။
ပလက်ဝဒေသဟာ စစ်ရေးဗျူဟာအရ အရေးပါသလို ပလက်ဝဒေသ တခုလုံးကို စိုးမိုးနိုင်အောင် တိုက်ခိုက် သွားမယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဖေဖော်ဝါရီလ အတွင်းမှာ ဧရာဝတီကို ပြောဆိုထားပါတယ်။
AA ရဲ့ ပလက်ဝနယ်မြေအပေါ် ထားရှိတဲ့ စစ်ရေးရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ဦးစောမြကတော့“ကျနော်တို့ ကတော့ သူတို့ကို မထောက်ခံနိုင်ပါဘူး”လို့ ပြောပါတယ်။
ကျမတို့ တွေ့ဆုံခဲ့တဲ့ ခူမီးမျိုးနွယ်စု လူဦးရေ ၄၀ ကျော်ဟာ ဦးစောမြလိုပဲ AA ရဲ့ လှုပ်ရှားမှုနဲ့ တိုက်ပွဲတွေကို မထောက်ခံ ကြောင်း ပြောဆိုကြပါတယ်။
ရပ်ရွာထဲမှာ အေးအေးချမ်းချမ်းနေလိုပြီး ရခိုင်လူမျိုးတွေရဲ့ တော်လှန်ရေးတိုက်ပွဲတွေထဲမှာ ခူမီးချင်းတွေက ကြားကနေ အထိနာနေတယ်လို့ ယူဆနေကြသူတွေလည်း ရှိပါတယ်။

ဦးစောမြက“ဒီပဋိပက္ခကြောင့် အကုန်လုံး ပြောင်းလဲသွားတယ်။ အသိုင်းအဝိုင်း ၂ခုမှာ ဆက်ဆံရေးတွေ ယုံကြည်မှု တွေ အားလုံး ပျက်စီးသွားတယ်။ စီးပွားရေး အကွက်အကွင်းတွေရော၊ ကျန်းမာရေးတွေရော အားလုံးပျက်စီး သွားတယ်”လို့ လည်း ဆိုပါတယ်။
ပလက်ဝမြို့နယ်နဲ့ ပတ်သက်ပြီး ရခိုင်နဲ့ ချင်းတွေကြားမှာ အငြင်းပွားမှုတွေကလည်း ရှိနေပါသေးတယ်။
အဲ့ဒါကတော့ ပလက်ဝဟာ ယခင်က ရခိုင် တောင်တန်းဒေသထဲမှာ ပါတဲ့နယ်မြေလို့ ရခိုင် လူမျိုးတွေဘက်က သမိုင်း ကြောင်းကို ပြောသလို ချင်းလူမျိုးတွေကလည်း သူတို့ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာတဲ့ ချင်းနယ်မြေလို့ ပြောရင်း ငြင်းခုန်ကြတာတွေပါ။
AA ထိပ်ပိုင်း ခေါင်းဆောင်တွေကြားမှာ ပြောဆိုတာ၊ မူဝါဒ ချမှတ်တာတွေ ရှိမရှိ မသိရပေမယ့် အောက်ခြေ တပ်ဖွဲ့ဝင်တွေ ဟာ အရပ်သားတွေနဲ့ တွေ့တဲ့အခါမျိုးမှာ ပလက်ဝက ရခိုင်နယ်မြေ၊ ခူမီးတွေဟာ ရခိုင်လူမျိုးတွေ ဖြစ်တယ်ဆိုတဲ့ ပြောဆို ချက်တွေလည်း ရှိပါတယ်။
ကျီးလေကျေးရွာမှာဆိုရင်လည်း ဇန်နဝါရီ ၁၇ ရက်က ရွာသားတွေကို ဆန်အိတ်တွေ သယ်ခိုင်းတာ၊ မပြေလည်လို့ ရိုက်နှက်တာတွေကြောင့် ဝေဖန်မှုတွေ ထွက်လာတဲ့ အချိန် AA ဘက်က ရွာသားတွေနဲ့ အင်တာဗျူးလုပ်ပြီး ပြန်လည် ဖြေရှင်းတာမျိုး ရှိခဲ့ပါတယ်။
ရုပ်သံ အင်တာဗျူးလုပ်ချိန်မှာ ကျီးလေကျေးရွာက အမျိုးသမီးတဦးကို ခူမီးဟာ ရခိုင်လူမျိုး ဖြစ်တဲ့အကြောင်း ပြောဆို ခိုင်းတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ AA စစ်သားတွေကို ကြောက်လို့ ခူမီးဟာ ရခိုင်ဖြစ်ကြောင်း ပြောခဲ့ရတာပါလို့ ဒေသခံတွေက ကျမတို့ကို ပြောကြပါတယ်။

ကျီးလေကျေးရွာအကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းတော့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပလက်ဝဒေသခံ ခူမီးမျိုးနွယ်စု တွေက သူတို့ကိုယ်သူတို့ ချင်းလို့ ခံယူတာက သူတို့ အခွင့်အရေးပဲ ဖြစ်တယ်လို့ ပြောပါတယ်။
အောက်ခြေတပ်တွေကိုလည်း ဒေသခံတွေ မကြိုက်တာ မပြောဖို့ မှာကြားရမယ် ဆိုပြီးလည်း သူက ပြောပါတယ်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်က“အရေးကြီးဆုံးကတော့ အဲ့ဒီ့ဒေသက တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်တွေကို ကျနော်တို့ သေချာ အရမ်းဂရုစိုက်တယ်။ တိုက်ပွဲကာလမှာ စစ်မြေပြင်မှာ ကြမ်းကြမ်း တမ်းတမ်းနဲ့ ကြုံရတဲ့ ခါးသီးစရာ အတွေ့အကြုံတွေ တော့ ရှိမှာပါ။ သို့သော် ကျနော်တို့ အခွင့်အရေးရတာနဲ့ သေချာကုစားပြီးမှ မျှမျှတတ ဖြစ်အောင် ကြိုးစား သွားပါမယ်”လို့ လည်း ပြောဆိုပါတယ်။
ဦးစောမြတို့ KACC အနေနဲ့ကတော့ စစ်ရေးပဋိပက္ခတွေ တည်ငြိမ်သွားရင် ပလက်ဝမြို့နယ် အတွင်းက အရပ်သားတွေ ကြား ယုံကြည်မှုပြန်လည် တည်ဆောက်ဖို့နဲ့ သံသယတွေကို ပြန်လည် ချေဖျက်ဖို့ လိုတယ်လို့ ပြောပါတယ်။
ပဋိပက္ခတွေ ရပ်ဆိုင်းသွားတဲ့ တနေ့တော့ အစိုးရ၊ တပ်မတော်၊ AA နဲ့ အရပ်သားတွေ အားလုံးပါဝင်ပြီး ပြန်လည် ရင်ကြား စေ့ရေး လုပ်ဖို့ လိုလိမ့်မယ်လို့လည်း ဦးစောမြက ဆိုပါတယ်။
ပလက်ဝဒေသ အတွင်းမှာ လူမှုအသိုင်းအဝိုင်း အချင်းချင်းကြား သူ့လူ ကိုယ့်လူ ဆိုတဲ့ သံသယတွေ ရှိနေကြပေမယ့် စစ်ဘေးဒဏ်ကတော့ ဘယ်သူ့ကိုမှ မျက်နှာသာ မပေးပါဘူး။

ပလက်ဝ စစ်ရေးပဋိပက္ခကြားမှာ ဒေသခံ ရခိုင်လူမျိုးတွေရော ချင်းလူမျိုးတွေရော ထိခိုက် ခံစားနေကြရတာပါ။
မတ်လ တလတည်းမှာပဲ အရပ်သား ၂၁ ဦး သေဆုံးပြီး ၂၇ ဦးက ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိထားကြပါတယ်။ အရပ်သား ၁၅၀၀ ဝန်းကျင်ကလည်း နေရပ်စွန့်ခွာ ထွက်ပြေး သွားကြပါပြီ။
တိုက်ပွဲတွေကြား ပလက်ဝကို အခြေခံ စားသောက်ကုန်တွေ သွင်းတဲ့ ကုန်းလမ်း၊ ရေလမ်းတွေလည်း ပိတ်ဆို့သွားတာ ရက် ၄၀ ကျော်ကြာပြီဖြစ်လို့ ပလက်ဝဒေသခံ ၁ သိန်းကျော်ဟာ ဆန် ပြတ်တောက်လုနီးနီး ဖြစ်နေကြပါပြီ။
ပလက်ဝဒေသ စစ်ရေးပဋိပက္ခတွေ ဘယ်အချိန် အဆုံးသတ်မယ် ဆိုတာကတော့ အဖြေမရှိသေးပါဘူး။
အခုမြင်တွေ့ခဲ့ရတဲ့ ပလက်ဝ လူမှု အသိုင်းအဝိုင်းဟာ စစ်မီးဒဏ်ကို ထမ်းပိုးထားရတဲ့ အပြင် ယုံကြည်မှုတွေ ပျောက်ဆုံး နေပြီး တဖက်နဲ့တဖက် သံသယ တံတိုင်းတွေကိုလည်း တည်ဆောက်နေကြပြီ ဖြစ်ပါတယ်။ ။
မှတ်ချက်။ အခု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ပြောဆိုချက်တွေဟာ မတ်လ ၂၃ ရက်က AA ကို အကြမ်းဖက် အုပ်စု အဖြစ် လည်းကောင်း၊ မတရား အသင်း အဖြစ် လည်းကောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟို အဖွဲ့ နဲ့ ပြည်ထဲရေး ဝန်ကြီး ဌာနက ထုတ်ပြန် ကြေညာချက် မတိုင်မီ ဖေဖော်ဝါရီလကုန်ပိုင်းက ဧရာဝတီသို့ ပြောဆိုထားတာတွေ ဖြစ်ပါ တယ်။
ဆက်စပ်ဖတ်ရှုရန်
ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၁)
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၁)
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၂)
အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၃)