ကမ္ဘာကပ်ရောဂါ COVID-19 သည် မြန်မာအပါအဝင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၉၀ ဝန်းကျင်တွင် တပြိုင်တည်း ဖြစ်ပွားနေမှု ကြောင့် ခရီးသွားကဏ္ဍသည် အခက်ခဲဆုံးအချိန် ရောက်ရှိနေပြီ ဖြစ်ကြောင်း ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) က ယခုလ ပထမပတ်က ထုတ်ပြန် ကြေညာခဲ့သည်။
ဖွံ့ဖြိုးမှုနှင့် အခြေခံ အဆောက်အအုံ ပြည့်စုံမှု အားနည်းနေသေးသော မြန်မာအတွက် ခရီးသွားလုပ်ငန်းကဲ့သို့ မီးခိုး မထွက်သော စက်ရုံများ တည်ထောင်ကာ တိုင်းပြည် ဝင်ငွေတိုးရန် အစိုးရတွင် ဆန္ဒရှိသော်လည်း လက်ရှိ အခြေ အနေအရ မြန်မာသာမက ကမ္ဘာ့နိုင်ငံ အသီးသီး၏ ခရီးသွားကဏ္ဍသည် ကပ်ဆိုက်နေချိန် ဖြစ်သည်။
“ဒီလထဲမှာ ဟိုတယ် တော်တော်များများ လက်ခံထားတဲ့ ဘွတ်ကင်တွေ အားလုံး ပျက်သလောက် ဖြစ်နေတယ်။ တချို့ဟိုတယ်တွေက ဧည့်သည် မရှိတော့တဲ့အတွက် ပိတ်သိမ်းရမယ့် အခြေအနေမျိုး ကြုံနေကြပြီ” ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၏ ဥက္ကဋ္ဌ ဦးမင်းနိုင်က ဧရာဝတီကို ပြောပြသည်။
ဖေဖော်ဝါရီမှ စတင်၍ မန္တလေးဇုန်အတွင်းက ဟိုတယ်အများစုသည် ကြိုတင် စာရင်း ပေးထားသော အခန်းများ ပြန် လည် ပယ်ဖျက်ခြင်း ကြုံနေရသလို မြန်မာနိုင်ငံသို့ လာရောက်ရန် စာရင်းပေးထားသော ခရီးစဉ်အများစု ပြန်လည် ပယ်ဖျက်ခြင်းများ ရှိသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်) ၏ အတွင်းရေးမှူး ဦးသန့်ဇော်က ဧရာဝတီကို ပြောသည်။
ခရီးစဉ် ပယ်ဖျက်မှုများသည် တရုတ် အပါအဝင် အာရှနိုင်ငံများ သာမက အနောက်ဥရောပနှင့် အရှေ့အလယ် ပိုင်းဒေသ နိုင်ငံများမှ ပါဝင်သည်ဟု ဆိုသည်။
“ခရီးသွားကဏ္ဍရဲ့အဆိုးဆုံး အခြေအနေကို ရောက်နေပြီလို့ ပြောလို့ရမယ်။ လုပ်ငန်းရပ်တည်ဖို့ ဘယ်လောက် အထိ တောင့်ခံထားနိုင်မလဲ၊ ကိုယ့်ဝန်ထမ်းတွေကိုရော ဘယ်လောက်အထိ အလုပ် ပေးထားနိုင်မလဲ ဆိုတာ အချိန်နဲ့အမျှ တွေးနေရပြီ” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်)၏ အတွင်းရေးမှူး ဦးသန့်ဇော်က ဆိုသည်။
ထိုသို့ ညည်းတွားမှုမှာ ဦးသန့်ဇော် တဦးတည်း မဟုတ်ပေ။ ခရီးသွားကဏ္ဍတွင် ပါဝင်ပတ်သက်နေသူ အခြေခံ အဆင့် ရှိ တောင်သမန်အင်းမှ ငှက်လှေသမား၊ ပုဂံမြင်းလှည်းဂိတ်မှ မြင်းလှည်းသမားများ အပါအဝင် ဟိုတယ်ပိုင်ရှင်ကြီးများ အထိ ဖြစ်သည်။
ပုဂံဒေသမှ မြင်းလှည်းဆရာ ကိုဝင်းမြင့်ဦးက “ကျနော်တို့ဒေသက ဒီတိုးရစ်တွေနဲ့ပဲ စီးပွားရှာရတာလေ။ သူတို့လာမှ အဆင်ပြေတာလေ။ အခု သူတို့ မလာကြတော့ ကျနော်တို့ ဘာလုပ်စားရမလဲဆိုတာ မတွေးတတ်တော့ဘူး” ဧရာဝတီ ကို ပြောပြသည်။
၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံခြားခရီးသွား ဧည့်သည် ၄ ဒသမ ၄ သန်း ရှိခဲ့သော်လည်း ယခုနှစ်တွင် ကိုရိုနာဂယက်ကြောင့် ခရီးသွားဝင်ရောက်မှု ထက်ဝက်အထိ ကျဆင်းသွားနိုင်မည့် အနေအထားတွင် ရှိသည်ဟု ပြည်ထောင်စု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ဒုဝန်ကြီး ဦးတင်လတ်က ဧရာဝတီကို ခန့်မှန်း တွက်ချက်ပြသည်။
ဝန်ကြီး ခန့်မှန်းပြသလို ပြီးခဲ့သော ဖေဖော်ဝါရီလ၌ မန္တလေးတိုင်းသို့ ခရီးသွားဝင်ရောက်မှုသည် ဇန်နဝါရီလနှင့် နှိုင်း ယှဉ်ပါက ထက်ဝက်နီးပါး လျော့ကျသွားပြီ ဖြစ်ကြောင်း တိုင်းဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများ က ဖော်ပြနေသည်။
၂၀၂၀ ခုနှစ် ဇန်နဝါရီက မန္တလေးတိုင်းသို့ နိုင်ငံခြားသား ခရီးသွား ၇ သောင်းကျော် ဝင်ရောက်ခဲ့သော်လည်း ဖေဖော် ဝါရီတွင်မူ ၃၈၀၀၀ ကျော်သာ ဝင်ရောက်ခဲ့သည်ဟု အထက်ပါဌာန၏ စာရင်းများအရ သိရသည်။
“လက်ရှိ အခြေအနေတွေ အရ နောက်လလောက်ဆို ဇီးရိုးအထိ ကျသွားနိုင်မယ်လို့ ခန့်မှန်းနေရပြီ။ ဒီလိုဖြစ်လာတာ ဟာ ခရီးသွားကဏ္ဍအပေါ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်စပ်နေကြတဲ့ လုပ်ငန်းတွေ အားလုံး ထိခိုက်နစ် နာကြမှာ ဖြစ်ပါတယ်။” ဟု မန္တလေးတိုင်း ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြား ရေးမှူး ဦးစန်းယုက ဧရာဝတီကို ပြောသည်။
ကမ္ဘာ့ ခရီးသွားလုပ်ငန်းအဖွဲ့၏ ခန့်မှန်းချက်အရ တကမ္ဘာလုံး အတိုင်းအတာအရ နိုင်ငံတကာ ခရီးသွားဧည့်သည် အခြေအနေသည် ၂၀၂၀ ခုနှစ်တွင် ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်မည်ဟု ဆိုထားသည်။
ထိုသို့ အကျပ်အတည်းများကြောင့် ခရီးသွားကဏ္ဍတွင် ပါဝင်ပတ်သက်နေသူများ အားလုံးသည် ကိုယ့်နည်း ကိုယ့်ဟန် ဖြင့် ဖြေရှင်းရသည့် အချိန်ကျလာပြီဖြစ်သည်။ ဟိုတယ်၊ စားသောက်ဆိုင်၊ ခရီးသွားအေဂျင်စီ၊ ရိုးရာ အမှတ်တရ လက်ဆောင်ပစ္စည်း ရောင်းဝယ်ရေး၊ သယ်ယူပို့ဆောင်ရေး အစရှိသော လုပ်ငန်းများ သာမက တဦးချင်း ဝန်ဆောင်မှု ပေးရသော ဧည့်လမ်းညွှန်များလည်း အပါအဝင် ဖြစ်သည်။
ဟိုတယ်၊ စားသောက်ဆိုင်နှင့် ခရီးသွားအေဂျင်စီများတွင် ဝန်ထမ်းအင်အား လျှော့ချခြင်း၊ လစာမဲ့ ခွင့်ပေးခြင်း၊ လစာ တဝက်ဖြင့် ခေတ္တအနားပေးခြင်း၊ နေရပ်ပြန်ပို့ခြင်း၊ နေ့စဉ်ကုန်ကျစရိတ်များအား လျှော့ချ နိုင်သမျှ လျှော့ချခြင်း စသည် တို့ကို ကိုယ့်နည်းကိုယ်ဟန်ဖြင့် စတင် ဖြေရှင်းကြပြီ ဖြစ်သည်။
ထို့အတူ တဦးချင်း ဝန်ဆောင်မှု ပေးရသော ဧည့်လမ်းညွှန်များအပြင် အခြေခံ ဝန်ဆောင်မှု ပေးနေသော မြင်းလှည်း၊ ငှက်လှေမောင်းသူများသည်လည်း မိသားစု စားဝတ်နေရေးအတွက် လက်ရှိ လုပ်ကိုင်နေသော အလုပ်မှ တခြားသော အသက်မွေးဝမ်းကြောင်း အလုပ်များသို့ ပြောင်းလဲ လုပ်ကိုင်ရန် စီစဉ်ကြရလေသည်။
“ဧည့်လမ်းညွှန် ဆိုတာက ဘာသာစကား ကျွမ်းကျင်မှု ရှိကြတော့ အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်တာမျိုး၊ အချိန်ပိုင်း စကားပြန် လုပ်တာမျိုး လုပ်တယ်။ တချို့ကျတော့လည်း မိဘလက်ငုတ်လက်ရင်း အလုပ်တွေကို ဝင်လုပ်ကြတယ်။” မန္တလေးမြို့ခံ ဧည့်လမ်းညွှန် ကိုစိုးက ဧရာဝတီကို ပြောသည်။
“သဇင်ပန်း” မြန်မာရိုးရာအမှတ်တရ လက်ဆောင်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် မစုမွန်တိုးကလည်း “နိုင်ငံခြားသား မလာတော့ ရောင်းအားကတော့ ထိုးကျသွားတယ်။ ဒါကြောင့် ညီမတို့ လုပ်ငန်းက လက်မှုလည်း ဖြစ်တော့ ကျွမ်းကျင် ဝန်ထမ်းကို ထိန်းထားနိုင်ဖို့အတွက် Local ဈေးကွက်ကို ဦးတည်ပြီး ပြန်ဖောက်နေရတယ်” ဟု ပြောပြသည်။
ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုသည် မတ်လ ၂၅ ရက် နံနက်အစောပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့သူ ၃ ဦး ရှိကာ ကမ္ဘာတဝှမ်းတွင် ကူးစက်ခံရသူ ၃ သိန်း၃ သောင်းကျော်နှင့် သေဆုံးသူပေါင်း ၁ သောင်း ၄ထောင်ကျော်လာ ပြီ ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် ရောဂါ ကူးစက်မှုနှုန်း မြင့်မားသော နိုင်ငံများအလိုက် ပြည်ဝင်ခွင့်ဗီဇာများ ကန့်သတ်ချက်များအား အစိုးရ ထုတ်ပြန်လျက် ရှိသလို ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသား ခရီးသွားများ အနေဖြင့် လေယာဉ်ပေါ် မတက်မီ လွန်ခဲ့သော ၇၂ နာရီမတိုင်မီက ရရှိထားသော ကိုရိုနာဗိုင်းရပ်စ် ကင်းရှင်းကြောင်း ဓာတ်ခွဲခန်း ဆေးစစ်ချက် အထောက်အထား ပြသရန်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိပါက ၁၄ ရက် သီးသန့် ကျန်းမာရေး စောင့်ကြည့် မှု (Facility Quarantine) ခံယူရမည်ဟု မတ်လ ၂၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်သည် မတ်လ ၂၅ ရက်မှ စတင်အသက်ဝင်ပြီ ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် အတွက် မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ထိုသို့သော နိုင်ငံခြား သား ခရီးသွား ဝင်ရောက်မှုများအား ကန့်သတ်လျက် ရှိသလို ၎င်းရောဂါ ကူးစက် ဖြစ်ပွားမှု အခြေအနေသည် မည့် သည် ကာလတွင် ပြီးဆုံးလိမ့်မည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အပါအဝင် မည်သူမှ ခန့်မှန်းနိုင်သည့် အနေအထား မရှိ သေးပေ။
“ဒီကာလကြီးက ဘယ်လောက်အထိ ကြာမယ်ဆိုတာ မခန့်မှန်းနိုင်တော့ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ပြောရခက်တယ်။ တောင့်မခံနိုင်တဲ့ဆိုင်တွေလည်း ပိတ်လိုက်ရုံအပြင် ဘာတတ်နိုင်မှာလဲ” ဟု မြန်မာနိုင်ငံ စားသောက် ဆိုင် လုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်)၏ ဥက္ကဋ္ဌ ဦးသင်္ကြန်ကျော်က ဧရာဝတီကို ပြောသည်။
မတ်လ ၁၆ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ အစီရင်ခံစာ မိန့်ခွန်းတွင် ကိုဗစ်ကြောင့် ထိခိုက်မှု အများဆုံး ကြုံတွေ့နိုင်မည့် လုပ်ငန်းများအား အထူး သက်သာသော အတိုးနှုန်းဖြင့် ငွေချေးရန် စီမံသွားမည်ဟု ပြောကြားခဲ့သည်။ အဆိုပါ လုပ်ငန်းများတွင် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းလည်း အပါအဝင်ဖြစ်ကြောင်း သူက ထည့်သွင်း ပြောကြားခဲ့သည်။
ကိုဗစ်ကြောင့် ထိခိုက်မှု အများဆုံး ဖြစ်သော လုပ်ငန်းများအနက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း အပါအဝင် CMP အထည်ချုပ် လုပ်ငန်း၊ အသေးစား အလတ်စား စက်မှုလက်မှု လုပ်ငန်းများအား ဦးစားပေး၍ ကျပ် ဘီလီယံ ၁၀၀ မတည်ကာ ၁ ရာခိုင်နှုန်း အတိုးနှုန်းဖြင့် သက်တမ်း ၁ နှစ် ချေးမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်က အစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။
ထို့အတွက် ခရီးသွားကဏ္ဍရှိ သက်ဆိုင်ရာ အသင်းအဖွဲ့များက ချေးငွေ ရယူလိုသူများ၏ စာရင်း အချက်အလက်များ အား စတင်ကောက်ယူနေပြီး ဘီလီယံ ၁၀၀ ချေးငွေအပေါ် ခရီးသွားကဏ္ဍမှ လုပ်ငန်းရှင် အများစုက မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။
“အရင်တုန်းက ဘာမှ လုပ်မပေးခဲ့တာမျိုးထက်စာရင် အစိုးရဘက်က ခုလိုလုပ်ပေးတာကိုက မျှော်လင့်ချက် ရှိတယ် လို့ ခံစားရပါတယ်။ ကောက်ရိုးတမျှင်ပေါ့။ ထုတ်ချေးမယ့် ဘီလီယံ ၁၀၀ မှာ ကဏ္ဍတွေကလည်း အများကြီးပါနေတော့ ဘယ်လောက် အထိ အကျိုးသက်ရောက်မှုရှိမယ်၊ မရှိဘူးဆိုတာကတော့ ပြောဖို့ စောပါဦးမယ်” ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး ဦးသန့်ဇော်က ပြောသည်။
COVID-19 ရောဂါ ဖြစ်ပွားမှုသည် အားနည်းနေသော ကမ္ဘာ့စီးပွားရေးအား ပိုမိုချိနဲ့စေရန် အကျဘက်သို့ ဦးတည် စေသော ခြိမ်းခြောက်မှု အသစ် ၁ ခုလည်း ဖြစ်လာသည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့က ပြောဆိုထားသည်။
တောင်သမန်အင်းအတွင်း ငှက်လှေမောင်းသူ ကိုနိုင်က “မလာနိုင်သေးတဲ့ ဧည့်သည်ကို မျှော်နေမယ့်အစား မိသားစု စားဝတ်နေရေးအတွက် လုပ်စရာရှိတာ ရှာကြံ လုပ်စားရတာပေါ့ဗျာ။ အလုပ်မရှိတော့တဲ့ အခါကျလည်း သူများဆီ ချေးငှား ပေါင်နှံစားရတာပေါ့” ဟု ပြောသည်။
လက်ရှိ ခရီးသွားကဏ္ဍလုပ်ငန်း ယာယီရပ်တန့်နေချိန် မိမိလုပ်ငန်းများအလိုက် ဝန်ထမ်းများအား အရည် အသွေး မြင့် သင်တန်းများပေးခြင်း၊ ခရီးစဉ် နေရာသစ်များ ဖော်ထုတ်ခြင်းနှင့် အရည်အသွေး ပြည့်မီသော ဝန်ဆောင်မှုများ ပေးနိုင်ရန် ပြင်ဆင်ထားရန် လိုအပ်သည်ဟု မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
ထိုမှသာ ယခုလို အကျပ်အတည်းကာလအား အခွင့်အလမ်းအဖြစ် အသုံးချနိုင်မည်ဖြစ်ပြီး လက်ရှိ အနေ အထားအား ကြံ့ကြံ့ခံကာ အခြေအနေကောင်းတခုအား စောင့်ဆိုင်းသွားရန် လိုအပ်သည်ဟု ဆိုသည်။
ကိုဗစ်အလွန် အနာဂတ်ခရီးသွားကဏ္ဍတွင် ဧည့်သည်များ၏ အမူအကျင့်များ၊ လိုအပ်ချက်များလည်း ပြောင်းလဲ လာနိုင်မည်ဖြစ်သလို အထူးသဖြင့် ကျန်းမာရေးနှင့် ပတ်သက်သော ကိစ္စရပ်များ၊ အရည်အသွေး ပြည့်မီသော ဝန်ဆောင်မှုများအား ပေးနိုင်ရန် ခရီးသွားကဏ္ဍရှိ လူများအားလုံးက အဆင့်သင့်ဖြစ်ထားရန် လိုအပ်သည်ဟုလည်း ၎င်းက ထောက်ပြသည်။
ဆက်စပ်လင့်
ဗိုင်းရပ်စ် ပျံ့နှံ့အောင် နိုင်ငံတကာ ခရီးသွားနေသူများအား အကြမ်းဖက်မှုဖြင့် တရားစွဲနိုင်ဖွယ်ရှိ
ထိုင်း-မြန်မာ တရားမဝင် နယ်စပ်ဂိတ်ပေါက်မှ ခိုးဝင်သူတွေရှိနေ
အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနှင့် ကိုရိုနာအန္တရာယ်