ကိုရိုနာဗိုင်းရပ်စ် (Covid-19) နဲ့ အတူ မြန်မာနိုင်ငံက စာဖတ်သူတွေရော နေ့စဉ်နပန်းလုံးနေရတဲ့ စကားလုံးတွေ ကတော့ quarantine၊ Self-isolation ၊ stay at home ၊ wash your hand ၊ hand gel ၊ hand sanitizer ၊ social distancing ၊ physical distancing တို့အပြင် Lockdown ဆိုတဲ့ စကားလုံး အသစ်တွေပဲ ဖြစ်ပါတယ်။
ဒီစကားလုံးတွေနဲ့ ကျနော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေဟာ ဖေဖော်ဝါရီလ၊ မတ်လထဲမှာ အတော်ကို ယဉ်ပါးနေကြပြီလို့ ဆိုရမှာပါ။ နောက် Covid-19 ကာလကြီးမှာ ပေါ်လာတဲ့ စကားလုံးကတော့ Covidiot ဆိုတာပဲ ဖြစ်ပါတယ်။ ဒီစကားလုံးကိုတော့ Urban Dictionary ထဲမှာ ထည့်လိုက်ပါပြီ။ သူ့ရဲ့ အဓိပ္ပာယ်ကတော့ လူတယောက်ဟာ Covid-19 ရောဂါရဲ့ အန္တရာယ်နဲ့ သတိပေးတားမြစ်ချက်တွေကို လစ်လျူရှူထားသူကို ခေါ်တာဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော်တို့ဟာ Covidiot ဖြစ်လို့ မရပါဘူး။ ဒါကြောင့် lockdown ဆိုတဲ့ စကားနဲ့ အဓိပ္ပာယ်ကိုလည်း နားလည်ဖို့ လိုသလို လိုအပ်မယ်ဆိုရင်လည်း လိုက်နာကျင့်သုံးဖို့ လိုအပ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။
Lockdown ကို အင်္ဂလိပ် Dictionary တွေမှာ ပြန်ကြည့်ရင်တော့ လူတဦး တယောက်ကို ဒါမှ မဟုတ် လူအစု အဝေးကို မြိ့ရွာတွေကို ပိတ်ဆို့လိုက်ပြီး အသွားအလာ အဆက်အဆံတွေ ခေတ္တဖြတ်တောက်လိုက်တာပဲဖြစ်ပါတယ်။ Lockdown ကိုဘယ်လို အချိန်မျိုးမှာ လုပ်သလဲဆိုတော့ အရေးပေါ် အခြေအနေမျိုးမှာ လုပ်ပါတယ်။ Lokcdown မှာလည်း Stage ၁၊ ၂၊ ၃ ဆိုပြီးရှိပါတယ်။
ဒါကြောင့် Covid-19 ရောဂါပိုးဒဏ်ကို အကြီးအကျယ်ခံနေရတဲ့ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ ဂျာမနီ၊ အင်္ဂလန် စတဲ့ နိုင်ငံတွေမှာ ရောဂါဒဏ်ခံစားရတဲ့ မြို့ကြီးတွေမှာ Lockdown ပေါ်လစီကို အစိုရတွေက ဒီဂရီအလိုက် ကျင့်သုံးပြီး ဒီကူးစက်ရောဂါဆိုးကြီးရဲ့ ဒဏ်က ကာကွယ်ဖို့ ကူးစက်နှုန်းကို လျှော့ချဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။
မြန်မာရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း မြို့ကြီးတွေ တမြို့နဲ့ တမြို့ အကြား အကူးအသန်း စတင်ပိတ်ဆို့ပြီး ဒီကူးစက်ရောဂါကို နှိမ်နင်းဖို့ စတင် ကျိုးစားနေပြီဖြစ်ပါတယ်။ အိန္ဒ္ဒိယမှာလည်း စတင်နေပြီဖြစ်ပါတယ်။
Lockdown ဟာ ကြောက်စရာ မဟုတ်ပါဘူး။ ဒီကပ်ရောဂါ ကူးစက်ပိုးကို မြန်မြန် ထွက်သွား ပျောက်ကွယ် သွားစေချင်ရင် Lockdown ကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ တာဝန်သိတဲ့ ပြည်သူပြည်သားတွေဟာ Lockdown ကို Welcome လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်ဝမ်၊ တရုတ်၊ တောင်ကိုရီးယား နိုင်ငံတွေမှာ Lockdown ကြောင့် အောင်မြင်ခဲ့ကြပါတယ်။
Lockdown ဆိုပေမယ့် အစားအသောက်၊ ဆေးဆိုင်တွေကို ဆက်ပြီး ဖွင့်ထားရမှာ ဖြစ်ပြီး လူတွေက ဒီဆိုင်တွေမှာ မိမိအတွက် လိုအပ်တာတွေကို သွားယယ်ခွင့် ရှိပါတယ်။ အချိန် သတ်မှတ်ချက်ကို အာဏာပိုင်တွေ၊ အစိုးရတွေ၊ ပြည်နယ် အစိုးရတွေက သတ်မှတ်နိုင်ပါတယ်။ ဆေးရုံတွေဘဏ်တွေက ဆက်ပြီး ဖွင့်ထားရမှာဖြစ်ပါတယ်။ အစိုးရရဲ့ ရုံးတွေကလည်း ဆက်ပြီး လည်ပတ်နေမှာ ဖြစ်ပါတယ်။
ဒါပေမယ့် လူစု လူဝေးကို ခွင့်ပြုမှာ မဟုတ်ပါဘူး။ ရုပ်ရှင်ရုံတွေ၊ ပွဲလမ်းသဘင်တွေ၊ ဘာသာရေးဆိုင်ရာ ပွဲတွေ၊ ဈေးရောင်းပွဲတွေ၊ ညဈေးတွေ၊ ဘီယာဆိုင်တွေ၊ ဘားတွေကို ပိတ်ထားမှာ ဖြစ်ပြီး လက်ဖက်ရည်၊ ကော်ဖီ၊ စားသောက်ဆိုင်တွေမှာ Take-away ခေါ်တဲ့ အိမ်ကိုသယ်ပြီး ဆိုင်မှာ မထိုင်ဘဲ စားတဲ့ စည်းကမ်းကို Lockdwon ကာလမှာ သတ်မှတ်ထားမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ လိုအပ်မယ်ဆိုရင် လုံခြုံရေး အာဏာပိုင်တွေ၊ ရဲအရာရှိတွေ၊ စစ်တပ် အပါအဝင် လုံခြုံရေး ဂိတ်တွေကို ချထားပြီး စစ်ဆေးခွင့် ရှိသလို ကျန်းမာရေးကိုလည်း ရှောင်တခင် စစ်ဆေးပေးနိုင်တာ ဖြစ်ပါတယ်။ မလိုအပ်ဘဲ မြို့ကြီး တမြို့ကနေ နောက်တမြို့ကို ဒါမှ မဟုတ် နယူးယောက်ကနေ ဝါရှင်တန်ဒီစီကို ဒါမှ မဟုတ် ရန်ကုန်ကနေ ပဲခူးကို မလည်ပါတ်ပဲနေဖို့ကို အာဏာပိုင်တွေက တားဆီးပိုင်ခွင့် ရှိပါတယ်။
အစိုးရရဲ့ အလုပ်တာဝန်တွေ အရ သေရေး၊ ရှင်ရေး မိသားစုအရေးကိစ္စတွေ၊ အရေးပေါ် အလုပ်ကိစ္စတွေကိုတော့ အာဏာပိုင်တွေက ခွင့်ပြုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စခဲ့တဲ့ ဝူဟန်မြို့ကြီးမှာ ဆိုရင် တရုတ်အာဏာပိုင်တွေက Lockdown ဇန်နဝါရီလမှာ စခဲ့ပြီး ဧပြီလဆန်း အထိ သတ်မှတ်ထားပါတယ်။ လေဆိပ်ကိုပါ ပိတ်ချလိုက်ပြီး မြို့ကြီး တမြို့လုံးကို Lockdown လုပ်ပြီး ဗိုင်းရပ်စ်ကို အပြီး အပြတ် တိုက်ခိုက်ဖို့ ကျိုးစားခဲ့ရပါတယ်။
ဒါကြောင့်လည်း အခုအချိန်မှာ ကူးစက်ပြန့်ပွားနှုံးကို ထိန်းထားနိုင်ပြီလို့ ဆိုပါတယ်။ တရုတ်လူမျိုးတွေရော နိုင်ငံခြားသားတွေပါ၊ သန်းနဲ့ချီတဲ့ မြို့ကြီးကို Lockdown လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုပဲ ကမ္ဘာကျော် နယူးယောက်မြို့ကြီး အပါအဝင် ဥရောပက မြို့ ကြီးတွေ၊ နယူးဇီလန်၊ သြစတေးလျ နိုင်ငံတွေမှာလည်း ဒီလို အာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် ချမှတ် ကိုင်တွယ်လိုက်တဲ့ အတွက် ကူးစက်ပျံ့နှံ့မှုနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြတာတွေ့ရပါတယ်။
အစိုးရရဲ့ အမိန့်ကိုလိုက်နာတဲ့သူကများလို့ အောင်မြင်ခဲ့တာလည်း ပါတယ်လို့ သိရပါတယ်။ မလိုက်နာလို့ ပေါ့လျော့တဲ့ မြို့ကြီးတွေမှာတော့ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရခက်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း Covid-19 လူနာတွေ စတင်တွေ့ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အာဏာပိုင်တွေ၊ အစိုးရတွေက Lockdown ကို ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ ဒီလိုလုပ်ရင်လည်း အစိုးရလက်အောက်က တပ်မတော်၊ ပြည်သူရဲ၊ မီးသတ်၊ ကြက်ခြေနီ စတဲ့ အဖွဲ့အစည်းတွေ ပါဝင်ကြရမှာဖြစ်ပါတယ်။
Lockdown ဆိုတာ Curfew အမိန့် မဟုတ်ပါဘူး။ မြန်မာမှာ လိုအပ်လို့ Lockdown လုပ်ရင်လဲ ဝိုင်းပြီး လက်ခံပြီး လိုက်နာကျင့်သုံးပေးရမှာ ဖြစ်ပါတယ်။ အချိန်တိုကာလပဲ ဖြစ်ပါတယ်။
You may also like these stories:
ထိုင်းမှ လွှဲပေးသည့် မြန်မာ ၉၂ ဦးတွင် ကိုရိုနာစောင့်ကြည့်လူနာ ၁၁ ဦးတွေ့
ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်
စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်