Thai Air Asia က ဧပြီ ၁ ရက်နေ့ကစပြီး ဧပြီ ၃၀ ရက်နေ့ အထိ ထိုင်းနိုင်ငံအတွင်း ပျံသန်းမယ့် ခရီးစဉ်တွေကို ခေတ္တ ရပ်ဆိုင်းမယ်လို့ တရားဝင် ကြေညာလိုက်ပါပြီ။ ဧပြီလဟာ ထိုင်းနိုင်ငံအတွင်းမှာ ခရီးသွားတွေ များတဲ့လ ဖြစ်ပြီး ဈေးချိုတဲ့ လေကြောင်းလိုင်တွေ စီးသွားကြတာဖြစ်ပါတယ်။
နိုင်ငံပိုင် THAI လေကြောင်းလိုင်းကလည်း သူ့ရဲ့ ပြည်တွင်း ခရီးစဉ်တွေကို လျှော့ချလိုက်ပြီး ပြည်ပ ခရီးစဉ်တွေ ကိုလည်း စတင်ပြီး ခေတ္တရပ်နားနေပြီဖြစ်ပါတယ်။ Covid-19 ရောဂါပိုးကြောင့် လေကြောင်းလိုင်းတွေ ဒုက္ခအကြီး အကျယ်ရောက်နေပါပြီ။
ဧပြီလဟာ ရုံးပိတ်ရက်များတာကြောင့် မိမိရဲ့ နေရပ်ကို ပြန်ကြာတာများပါတယ်။ ဒါပေမယ့် ထိုင်းမှာ အခု ထုတ်ပြန်လိုက်တဲ့ အထူးအရေးပေါ် အစီအမံနဲ့ Lockdown ကြောင့် မိမိရဲ့ မြို့ရွာတွေကို အလုအယက် ပြန်တဲ့သူတွေ အများအပြား ရှိလာမှာကို ထိုင်းအစိုးရနဲ့ ကျန်းမာရေးဌာနက စိုးရိမ်မကင်းဖြစ်နေပါတယ်။
ဘန်ကောက်မှာလဲ စားသောက်ဆိုင်တွေပိတ်၊ ဟိုတယ်တွေပိတ်၊ လက်ဝှေ့ရုံတွေပိတ်၊ ညဈေးတွေပိတ်၊ Shopping Malls တွေပိတ်ခိုင်းထားပါတယ်။ အစားအသောက်ဝယ်လို့ရတဲ့ Supermarket တွေကိုတော့ ဖွင့်ခိုင်းထားပါတယ်။ လူတွေ အထိတ်တလန့် မဖြစ်အောင် အစိုးရက သတင်းတွေပုံမှန် ထုတ်ပြန်ပေးနေပါတယ်။
ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဒုတိယမြို့တော်ဖြစ်တဲ့ ချင်းမိုင် (ဇင်းမယ်လို့လည်းခေါ်ကြပါတယ်) မှာလဲ Lockdown လုပ်လိုက်ပါပြီ။ ဈေးဆိုင်တွေပိတ်ထား၊ Shopping Malls တွေပိတ်ထား၊ နာမည်ကြီး Walking Street လည်း ပိတ်ထားပါတယ်။ ဘန်ကောက် ဖူးခတ်နဲ့ ချင်းမိုင်က နာမည်ကြီး Night Life တွေလည်း ပိတ်ထားပါတယ်။ အလုပ် လက်မဲ့ လူဦးရေဟာ တနေ့တခြား တိုးပွားလာနေပါတယ်။
ထိုင်းမှာ Covid-19 ရောဂါကူးစက်ခံရသူပေါင်း ၁၁၃၆ ဦးရှိသွားပါပြီ။ ၁၀၃၄ ယောက်ကိုတော့ ဆေးရုံတင်ကုသခဲ့ပြီး ၁၁ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ ၅ ဦးကတော့ သေဆုံးခဲ့ပြီဖြစ်ပါတယ်။ မလေးရှားမှာ ဘာသာရေးပွဲကို တက်ရောက်ခဲ့တဲ့ Narathiwat ခရိုင်က အသက်၅၀ အရွယ် ထိုင်းလူမျိုးတဦးလည်း အပြန်မှာ ဖျားနာတဲ့အတွက် ဆေးရုံတင်ခဲ့ရပြီး သေဆုံးခဲ့ရပါတယ်။
ဘန်ကောက်မှာ Covid-19 လူနာတွေကို ကုသနေတဲ့ ထိုင်းဆရာဝန် တချို့နဲ့ သူနာပြုအချို့လဲ ဖျားနာပြီး ကူးစက်နိုင်တဲ့ အတွက် အချို့ကို ဆေးစစ်တာတွေ၊ စောင့်ကြည့်တာတွေ လုပ်နေရကြောင်း ဘန်ကောက်ပိုစ့်သတင်းမှာ ဒီနေ့ဖော်ပြထားတာ တွေ့ရပါတယ်။
ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကနေ ဝင်ငွေအဓိကရတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ Covid-19 ကူးစက်ရောဂါပိုးကြောင့် ဘန်ကောက်အပါအဝင် တိုးရစ်တွေ အလည်များတဲ့ မြို့ကြီးတွေက ဟိုတယ်တွေ၊ ခေတ္တပိတ်လိုက်ရပြီးဖြစ်ပါတယ်။
ဒီလိုပိတ်လိုက်ရတာ အစိုးရရဲ့ Lockdown အမိန့်ကြောင့် ပိတ်ရတဲ့ ဟိုတယ်တွေလည်း ပါတာဖြစ်ပါတယ်။ ဒါကြောင့် Thai Hotel Association (THA) က ပြီးခဲ့တဲ့ သောကြာနေ့က ထိုင်းအစိုးရနဲ့ Thai Chamber of Commerce ကို စာပို့ပြီး သူတို့ဟိုတယ်တွေက ဝန်ထမ်းတွေကို ဒီလို အမိန့်အရ ပိတ်ပေးရတဲ့ ကာလတွေမှာ ထောက်ပံ့ကူညီပေးဖို့ စာပေးပို့ထားကြောင်းသိရပါတယ်။
ဘန်ကောက်မှာ ဟိုတယ်ပေါင်း ၂၇ ခု၊ တောင်ပိုင်း ဖူးခတ်မှာတော့ ဟိုတယ်ပေါင်း ၅၂ ခု လေလောဆယ် ပိတ်ထားလိုက်ရပြီလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေ အရ နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံထဲ ဝင်ခွင့်ကို ခေတ္တပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။
ထိုင်းမှာ Covid-19 ကြောင့် သေဆုံးသူ ၅ ဦးပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကိုဗစ်ဟာ ထိုင်းစီးပွားရေးကိုတော့ ICU ဆိုတဲ့ Intensive Care Unit ထဲကို မကြာခင်ပို့တော့မယ့် ပုံစံမျိုးရောက်နေပါပြီ။ ထိုင်းစီးပွားရေး ထိနေပြီလို့ ဆိုလိုတာပါ။
ဒါကြောင့် ထိုင်းအစိုးရက Stimulus Package ချပေးခဲ့ပါတယ်။ ထိုင်းအစိုးရ ဆုံးဖြတ်ချက်က ဘတ်ငွေ ၁၁၇ ဘီလျံကို ချပေးဖို့ ဖြစ်ပါတယ်။ အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေအတွက် သုံးလတာ ကူညီထောက်ပံ့ကြေး၊ အကောက် အခွန် လွတ်ငြိမ်းခွင့်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ထိုင်းမှာ Lockdown ကို စတင်ကျင့်သုံးနေပြီဖြစ်ပါတယ်။ Covid-19 ကတော့ ထိုင်းစီးပွားရေးကို အသက်ရှူမရအောင် လုပ်နေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။
You may also like these stories:
COVID-19 ကြောင့် အထိနာခဲ့ရသည့် မြန်မာ့ခရီးသွားကဏ္ဍ