ကိုရိုနာဗိုင်းရပ်တိုက်ဖျက်ရေး ဗီယက်နမ်တွင် အားနည်းသည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် နည်းပါးသည့် ဘတ်ဂျက်သာ ရှိသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကူးစက်နှုန်း အလွန်နိမ့်နေစေရန် ဗီယက်နမ်က မည်သို့ စီမံထားပါသနည်း။
ရောဂါစတင်ခဲ့ရာ တရုတ်နှင့် မိုင်ပေါင်း ၆၀၀၀ ကျော် ဝေးကွာသည့် ချမ်းသာသော ဥရောပနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်ကပ်ရောဂါက ထိုးဖောက်မွှေနှောက်နေစဉ် ဗီယက်နမ်က ကျယ်ကျယ်ပြန့်ပြန့် သက်သာခွင့်ရနေသည်။
ဂျာမနီနိုင်ငံတခုတည်းမှာပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှ နောက်ဆုံးရရှိသည့် ကိန်းဂဏန်းများအရ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၀၀၀၀ ကျော်ရှိပြီး ၁၄၉ ဦးသေဆုံးသွားပြီဖြစ်သည်။ သို့သော်လည်း ကီလိုမီတာ ၁၁၀၀ ခန့် တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဗီယက်နမ်တွင် ဇန်နဝါရီလတွင် စတင်ခဲ့သည့် ရောဂါဖြစ်ပွားမှု စတင်ကတည်းက ကူးစက်ခံရသူ ၁၃၄ ဦးသာရှိသေးပြီး သေဆုံးသူ မရှိသေးပေ။
ယင်းကိန်းဂဏန်းကို စဉ်းစားကြည့်ရုံနှင့်ပင် ကိုရ်ိုနာဗိုင်းရပ်ကို တိုက်ဖျက်ရာတွင် ဗီယက်နမ်၏ အရည်အချင်းကို သိသာစေသည်။
ဇန်နဝါရီလကုန် Tet နှစ်သစ်ကူးအခမ်းအနားများ ကျင်းပနေစဉ်အတွင်း ကိုရိုနာဗိုင်းရပ်က တရုတ်တွင်သာ ဖြစ်ပွားနေသော်လည်း ဗီယက်နမ်အစိုးရက ကိုရိုနာဗိုင်းရပ်အပေါ် စစ်ကြေညာသည်ဟု ပြောကြားခဲ့သည်။ ကိုရိုနာဗိုင်းရပ်သည် မကြာမီအချိန်တွင် ဗီယက်နမ်သို့ ရောက်လာမည်ဖြစ်ကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc က ဗီယက်နမ်၏ အာဏာရကွန်မြူနစ်ပါတီ၏ အစည်းအဝေးတခုတွင် ပြောကြားခဲ့သည်။ “ဒီကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်တာက ရန်သူကို တိုက်ခိုက်တာနဲ့ အတူတူပဲ” ဟု Phuc ကပြောကြားခဲ့သည်။
ရှေ့တန်းမှန်သမျှ နေရာချ
သို့သော်လည်း ယင်းတိုက်ခိုက်မှုက အစိုးရ၏ ငွေကြေးထောက်ပံ့မှုများစွာနှင့် အားကောင်းသည့် ပြည်သူ့ကျန်းမာရေးစနစ်တို့အပေါ် မူတည်လိမ့်မည်ဖြစ်သည်။ သို့သော်လည်း အဆိုပါအရာနှစ်ခုလုံး ဗီယက်နမ်တွင် မရှိပေ။
ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်ရာတွင် တောင်ကိုရီးယားစတိုင်တော့ ဗီယက်နမ်လုပ်နိုင်မည် မဟုတ်ပေ။ တောင်ကိုရီးယား၏ တိုက်ဖျက်မှုတွင် ယခုအချိန်အထိ လူ ၃၅၀၀၀၀ ကို စစ်ဆေးစမ်းသပ်မှုပါဝင်သည်။
ဗီယက်နမ်၏ ဆေးဘက်ဆိုင်ရာစနစ်ကလည်း အကန့်အသတ်ရှိသည်။ လူဦးရေ ၈ သန်းရှိသော ဟိုချီမင်းစီးတီး မြို့တော်၏ ဆေးရုံများတွင် အထူးကြပ်မတ်ကုသမှု ပေးနိုင်သည့် ကုတင်အရေအတွက် စုစုပေါင်းက ၉၀၀ သာရှိသည်ဟု မြို့တော်ဝန် Nguyen Thanh Phong ကပြောသည်။ ယင်းကုတင်အားကို မြို့ကြီးရှိ ကူးစက်ပြန့်ပွားမှုက အလွယ်တကူ လွှမ်းမိုးသွားနိုင်သည်။
ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်ရန် ဗီယက်နမ်သည် တင်းကျပ်သည့် ရောဂါခြေချုပ်ထားရှိသည့် ပေါ်လစီများကို ပြဋ္ဌာန်းခဲ့ပြီး ဗိုင်းရပ်နှင့် ထိတွေ့ခဲ့သူအားလုံးကို ပြီးပြည့်စုံသည့် ခြေရာခံမှုကို ဆောင်ရွက်ခဲ့သည်။ ယင်းသို့ အရေးယူဆောင်ရွက်မှုများကို တရုတ်နိုင်ငံမှာထက် ကူးစက်မှုလမ်းကြောင်းတွင် များစွာ စော၍ အကောင်အထည်ဖော်ခဲ့သည်။ နောက်ထပ်ကူးစက်ပျံ့နှံ့မှုမှ ဗိုင်းရပ်ကို ထိန်းထားရန် နောက်ဆုံးအားကိုးရာအဖြစ် မြို့များကို ဝင်ထွက်ပိတ်ပင်မှု ပြုလုပ်ခဲ့သည်။
သာဓကအနေဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဗီယက်နမ်သည် ဟနွိုင်းမြို့အနီး လူဦးရေ ၁၀၀၀၀ ရှိသော မြို့ငယ်လေးတခုလုံးကို ရောဂါခြေချုပ်အောက် သုံးပတ်ကြာ ထားရှိခဲ့သည်။ ထိုအချိန်က တနိုင်ငံလုံးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀ ဦးသာ ရှိခဲ့သည်။ အာဏာပိုင်များကလည်း ဗိုင်းရပ်နှင့် ထိတွေ့နိုင်ခြေရှိသူ မည်သူကိုမဆို ကျယ်ကျယ်ပြန့်ပြန့်နှင့် စေ့စေ့စပ်စပ် မှတ်တမ်းတင်ခဲ့ကြသည်။
ဂျာမနီကဲ့သို့ အနောက်နိုင်ငံများက ကူးစက်ခံရသူများနှင့် ၎င်းတို့နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံသူများလောက်ကိုသာ မှတ်တမ်းထားသည်။ ဗီယက်နမ်က ကူးစက်ခံရသူများနှင့် ထိတွေ့မှုကို အဆင့်-၂၊ အဆင့်-၃ နှင့် အဆင့်-၄ အထိ အဆင့်များသတ်မှတ်ကာ အဆိုပါအဆင့်-၄ အထိ ခြေရာခံခဲ့သည်။ ထို့နောက် ယင်းလူများအားလုံးကို လှုပ်ရှားသွားလာမှုနှင့် ထိတွေ့ဆက်ဆံမှုတှို့နှင့် ပတ်သက်၍ အဆင့်ဆင့် တင်းကျပ် ထားရှိခဲ့သည်။
ထို့အပြင် အလွန်အစောပိုင်းကျသည့် ကာလမှစ၍ အန္တရာယ်ကြီးသောအရပ်မှ ဗီယက်နမ်ကို ရောက်လာသူတိုင်း ၁၄ ရက်ကြာ ရောဂါခြေချုပ်ထား စောင့်ကြည့်ခံရမည်ဖြစ်သည်။ ဖေဖော်ဝါရီလရောက်ကတည်းက ကျောင်းများနှင့် တက္ကသိုလ်များအားလုံးကိုလည်း ပိတ်လိုက်သည်။
ဗီယက်နမ်၏ စောင့်ကြည့်အခြေအနေ
ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကို တားဆီးကာကွယ်ရန် ဆေးပညာနှင့် နည်းပညာကို အားကိုးမည့်အစား ဗီယက်နမ်၏ ရှိပြီးသား ခိုင်မာသည့် နိုင်ငံတော်လုံခြုံရေးယန္တရားက လူထုကို ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်သည့်စနစ်ကို ကျင့်သုံးပြီး ပံ့ပိုးမှုကောင်းစွာရထားပြီး ယေဘုယျအားဖြင့် လေးစားခံရသော စစ်တပ်က ချောချောမောမော ဖြစ်အောင် ကူညီသည်။
လုံခြုံရေးအရာရှိများ သို့မဟုတ် ကွန်မြူနစ်ပါတီ သတင်းပေးများကို ကားလမ်းတိုင်း ရပ်ကွက်တိုင်းရှိ လူကူးလမ်းတိုင်း ကျေးရွာတိုင်းတွင် တွေ့နိုင်သည်။ စစ်တပ်ကလည်း ကိုရိုနာဗိုင်းရပ်ကို တိုက်ခိုက်ရာတွင် စစ်သားများနှင့် လိုအပ်သည့်ပစ္စည်းများကို တာဝန်ချထားသည်။ ယင်းသို့ အနီးကပ်စောင့်ကြည့်မှုက အများအားဖြင့် မည်သူ့ကိုမဆို ကွန်ရက်မှ ဖြတ်ထွက်မသွားအောင် သို့မဟုတ် စည်းမျဉ်းစည်းကမ်းကို ရှောင်ထွက်မသွားအောင် ထိန်းသိမ်းပေးသည်။
သို့သော်လည်း ယင်းကို အဆိုးဘက်မှကြည့်လျင် ကိုဗစ်-၁၉ ကြောင့် နာမကျန်းဖြစ်နေသူများမှာ ၎င်းတို့၏ လူ့အသိုင်းအဝိုင်းနှင့် ဆိုရှယ်မီဒီယာတွင် ဝိုင်းပယ်ခံရသည်။ ဥရောပသို့ ခရီးသွားခဲ့ပြီး ဗိုင်းရပ်ကူးခံခဲ့ရသည့် အမျိုးသမီးတဦးအကြောင်း လူထုကြားပျံ့နှံ့သွားခဲ့ပြီး အာဏာပိုင်များထံ မှတ်ပုံတင်ခြင်းနှင့် ရောဂါခြေချုပ် ဆက်ရှိခြင်းကဲ့သို့ ညွှန်ကြားချက်များကို လျစ်လျူရှုခဲ့မှုအတွက် ဆိုရှယ်မီဒီယာတွင် အစော်ကားခံရသည်။
သူမမှာ အထူးလူနာတဦးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမ ရောက်ရှိချိန်က ဗီယက်နမ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ပထမဆုံးလူနာ ၁၆ ဦးမှာ ပြန်ကောင်းသွားခဲ့သောကြောင့်ဖြစ်သည်။ သူမသည် ဗိုင်းရပ်ကို ပြန်သယ်လာသူုအဖြစ် ယူဆခံခဲ့ရသည်။ ဖျားနာလာသူများကို ဝိုင်းပယ်မှုမျိုးက အစိုးရ၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာစေရန် အလွန်ကြီးမားသည့် လူမှုရေးဖိအားပေးမှုကို ဖြစ်ပေါ်စေသည်။
စစ်ပွဲဆိုသည့် အသုံးအနှုန်း
ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်ရာတွင် ဗီယက်နမ်သည် ထိရောက်မှုရှိစေရန် စစ်ပွဲဆိုသည့် အသုံးအနှုန်း သုံးစွဲလျက်ရှိသည်။ လုပ်ငန်းတိုင်း၊ နိုင်ငံသားတိုင်း၊ လူနေဧရိယာတိုင်းဟာ ဗိုင်းရပ်ကူးစက်မှုကို တားဆီးကာကွယ်ဖို့ ခံတပ်တခုဖြစ်နေရမယ် ဟုလည်း ဝန်ကြီးချုပ်က ပြောကြားထားသည်။ ယင်းသို့ပြောကြားမှုက အကျပ်အတည်း အခက်အခဲကာလတခုတွင် အတူရပ်တည် တွန်းလှန်နိုင်စွမ်းအပေါ် ဂုဏ်ယူတတ်ကြသည့် ဗီယက်နမ်လူမျိုး အများအပြားမျာ၏ အကြောကို ဖမ်းကိုင်လိုက်ခြင်း ဖြစ်သည်။
နိုင်ငံက ထိန်းချုပ်ထားသည့် မီဒီယာများကလည်း ကြီးမားသည့် သတင်းအချက်အလက် လှုံ့ဆော်မှုတခုကို စတင်လိုက်သည်။ ကျန်းမာရေးဝန်ကြီးဋ္ဌာနက သင့်လျော်သည့် လက်ဆေးမှုအကြောင်း ရေးဖွဲ့ထားသည့် သီချင်းတပုဒ်ကို ကမကထလုပ်၍ ယူကျုတွင် လွှင့်တင်ခဲ့ကာ ၎င်းဗီဒီယိုက ပျံ့နှံ့သွားသည်။
စည်းမျဉ်းများကို လိုက်နာခြင်း
သက်သေပြရန် လေ့လာမှုများမရှိသော်လည်း ဆိုရှယ်မီဒီယာပေါ်က သဘောထားနှင့် ဗီယက်နမ်လူမျိုးများနှင့် ပြောဆိုမှုအရ ပြည်သူအများစုက အစိုးရ၏ အရေးယူဆောင်ရွက်မှုများကို သဘောတူညီကြသည်။
ဗီယက်နမ်သည် အကျပ်အတည်းကို ရင်ဆိုင်ရာတွင် နှိုင်းယှဉ်မှုသဘောအရ တိုးတက်မှုရှိသည်ဟု ၎င်းတို့က ဂုဏ်ယူနေသည်။ ဒုတိယဝန်ကြီးချုပ် Vu Duc Dam မှာ နိုင်ငံ၏ လူကြိုက်အများဆုံး ကိုရိုနာဗိုင်းရပ် တိုက်ခိုက်ရေးသမားဖြစ်ပြီး အမျိုးသားသူရဲကောင်းအဖြစ် ဖေ့စ်ဘွတ်တွင် ပြည်သူများက ဂုဏ်ပြုကြသည်။ ယင်းအောင်မြင်မှုက ဗီယက်နမ်၏ တပါတီကွန်မြူနစ်အစိုးရအတွက် နိုင်ငံရေးတပန်းသာစေသည် ဆိုသည့်အချက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သူ မရှိပေ။ ပြည်သူများကလည်း မီဒီယာများအပေါ် ပိုမိုတင်းကျပ်သည့် ထိန်းချုပ်မှုကို လက်ခံနေသည်။
ကူးစက်ခံရသူအရေအတွက် နည်းပါးသော်လည်း ဗီယက်နမ်ကို ထိခိုက်မည့် ခန့်မှန်းထားသည့် စီးပွားရေးဆုံးရှုံးမှုများကိုလည်း ပြည်သူများက ကျယ်ပြန့်စွာ လက်ခံနေသည်။ အစိုးရ၏ စာရင်းဇယားများအရ စီးပွားရေးလုပ်ငန်း ၃၀၀၀မှာ ၂၀၂၀ ပြည့်နှစ်၏ ပထမနှစ်လအတွင်း ပိတ်ခဲ့ရသည်။ Vin Group ကဲ့သို့ ကြီးမားသည့် ကော်ပိုရေးရှင်းကြီးများမှာလည်း ခရီးသွားလုပ်ငန်းကျဆင်းမှုကြောင့် ဒါဇင်ပေါင်းများစွာသော ဟိုတယ်များနှင့် အပမ်းဖြေစခန်းများကို ပိတ်ခဲ့ရပြီး ဝန်ထမ်းများစွာလည်း အလုပ်အကိုင် ဆုံးရှုံးခဲ့သည်။
ဝန်ထုပ်ဝန်ပိုးကို သက်သာစေရန် ဗီယက်နမ်အစိုးရသည် စီးပွားရေးအတွင်း ငွေဖြစ်လွယ်မှုကို ရှိစေရန် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံကို ထိုးသွင်းပေးခဲ့သည်။ သို့သော်လည်း အကျပ်အတည်းကြောင့် အခွန်ငွေရရှိမှုမှာ အလွန်နည်းလိမ့်မည်ဟု ဘဏ္ဍာရေးအရာရှိများက မျှော်လင့်ထားသည်။ အစိုးရကလည်း စေတနာအလျောက် လှူဒါန်းမှုများပြုလုပ်ကြရန် တောင်းဆိုလျက်ရှိပြီး ပြည်သူများကလည်း ကိုရိုနာဗိုင်းရပ်ကို တိုက်ဖျက်နေရသည့် အကျပ်အတည်းကာလအတွင်း ၎င်းတို့၏ အစိုးရအပေါ် ယုံကြည်မှုရှိသောကြောင့် ၎င်းတို့တတ်နိုင်သရွေ့ လှူဒါန်းလျက် ရှိသည်။
(ဂျာမန်သတင်းဌာန DW ပါ How Vietnam is winning its ‘war’ on coronavirus ကို ဘာသာပြန်သည်။)
You may also like these stories:
ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်းရောက် သူရဲကောင်းများ
COVID-19 ဆိုင်ရာ ဒေသန္တရတားမြစ်အမိန့်များ ထုတ်ပြန်
မန်းတိုင်းသို့ ပြည်ပမှ ရောက်လာသူတိုင်း Facility Quarantine မဖြစ်မနေ ဝင်ရမည်
ရပ်ရွာတွေမှာ လူထုအားကိုယူပြီး စောင့်ကြည့် သတင်းပေးတဲ့စနစ် လုပ်နေတယ်