ကိုဗစ်-၁၉ ရောဂါသည် တကမ္ဘာလုံးသို့ ကူးစက်လာချိန်တွင် မြန်မာနိုင်ငံမှ သံတမန်များ၊ အလှူရှင်များ၊ ကုလသမဂ္ဂအရာရှိအချို့နှင့် ငြိမ်းချမ်းရေး အထူးကျွမ်းကျင်သူများသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မူ မြန်မာ့တပ်မတော်သားများနှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်များအကြား သွေးထွက်သံယိုများသည့် တိုက်ပွဲများ တလတာ ဖြစ်ပွားနေခဲ့သည်။ လွန်ခဲ့သော နှစ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ အသက်ပေါင်းများစွာကို သေကြေစေခဲ့သည်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် မဟုတ်ဘဲ နှစ်ဖက်အကြား ပဋိပက္ခကြောင့်သာ ဖြစ်လေတော့သည်။
ပလက်ဝအနီးတွင် ဖြစ်ခဲ့သော ရက် ၄၀ ကျော်ကြာသော တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေမည့် သဘောရှိသော်လည်း လွန်ခဲ့သောအပတ်ကမူ မြန်မာဗိုလ်ချုပ်ကြီးများက ၎င်းတို့သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ချင်းပြည်နယ် ပလက်ဝအနီးမှ နယ်မြေများကို သိမ်းယူရန်ပြင်ဆင်နေသော ရက္ခိုင့်တပ်မတော် (AA) တပ်များကို အောင်မြင်စွာ မောင်းထုတ်လိုက်ကြောင်း ကြေညာသည်။
ပလက်၀မြို့အနီး သေနင်္ဂဗျူုဟာကျသည့် တောင်ကုန်းတခုဖြစ်သော မီးဝစခန်းကို သိမ်းယူရန် ကြိုးစားနေသော AA တပ်များကို မောင်းထုတ်လိုက်ကြောင်း မြန်မာ့တပ်မတော် ပြောခွင့်ရသူတဦးက ရက်များအတွင်း ပြောခဲ့သည်။
ပလက်၀ကျောက်တော်လမ်းတွင် သေနင်္ဂဗျူဟာကျသည့် ထိုတောင်ကုန်းကို သိမ်းပိုက်ရန် ကြိုးစားသည့် ထိုးစစ်တွင် AA စစ်သား ၃၀၀၀ ကျော်ပါဝင်သည်ဟု ယူဆရသည်။ တပ်မတော်သည် လေတပ်၊ ရေတပ်များနှင့် ပူးပေါင်းပြီး ထိုဒေသကို ကာကွယ်ကာ နောက်ဆုံးတွင် AA တပ်များကို မောင်းထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။
လေကြောင်းပစ်ကူမပါလျှင် မြန်မာ့တပ်မတော်၏ မြေပြင်တပ်များသည် ထိုတောင်ကုန်းကို ဆက်လက်ထိန်းသိမ်းထားရန် မလွယ်ကူကြောင်း အချို့သော ဝါရင့်တပ်မှူးများက ဝန်ခံကြသည်။ မတ်လအစောပိုင်းတွင် AA တပ်များက ထိုတောင်ကုန်းကို ဝိုင်းထားသောကြောင့် စစ်တပ်ရဟတ်ယာဉ်နှင့် လေယာဉ်များသည် စစ်သားများအတွက် ရိက္ခာနှင့်လက်နက်ခဲယမ်းများ ချပေးရသည်။ လက်နက်တပ်ဆင်ထားသော ရဟတ်ယာဉ်များကလည်း AA တပ်များကို တိုက်ခိုက်နေပြီး တိုက်ပွဲများအတွင်း ရွာသားများနှင့် ကလေးငယ်များ ထိခိုက်သေဆုံးရသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။
လွန်ခဲ့သော နှစ်လအတွင်း စစ်လေယာဉ်များသည် ဒဏ်ရာရတပ်သားများကို အပြည့်သယ်ဆောင်ပြီး ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှ ထွက်ခွာသွားသည်ကို တွေ့ရကြောင်း မျက်မြင်သက်သေများကလည်း ပြောသည်။
မီးဝကို သိမ်းပိုက်ရန် AA ၏ ရည်မှန်းချက်မှာ ၎င်းတို့ ထိန်းချုပ်နယ်မြေကို ချဲ့ထွင်ရန်နှင့် ပလက်ဝကိုသာမက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးနှင့် ကျောက်တော်မြို့များကို ထိန်းချုပ်ရန်လည်း ဖြစ်သည်။ ၂၀၂၀ ခုနှစ်အတွင်း မြောက်ဦးဒေသတွင် အခြေစိုက်စခန်းထူထောင်ရန် ရည်ရွယ်ကြောင်း AA ခေါင်းဆောင်များက ပြောခဲ့သည်။ AA ၏ ရက္ခိတလမ်းစဉ် လှုပ်ရှားမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် စစ်ပွဲသည် ပြည်တွင်းပြည်ပရှိ ရခိုင်အသိုင်းအဝန်းမှ ထောက်ခံသူ အများအပြားကို ဆွဲဆောင်စည်းရုံးနိုင်ခဲ့သည်။ AA သည် ဆယ်စုနှစ်ပေါင်းများစွာ ဆင်းရဲနွမ်းပါးပြီး ဆင်းရဲချမ်းသာကွာဟနေသော ထိုဒေသတွင်းမှ လူငယ်များကို စည်းရုံးနိုင်ခဲ့သည်။
ကုလားတန်မြစ်ပေါ်မှ ပလက်ဝသည် တောများ၊ တောင်များနှင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်တည်ရှိသည့် ဆင်းရဲနွမ်းပါးသော မြို့နယ်တခုဖြစ်ပြီး AA အနေဖြင့် ရခိုင်ပြည်နယ်မှ စစ်ဆင်ရေးများကို ထိန်းချုပ်ရန် အခြေစိုက်စခန်း ဖြစ်လာနိုင်သည်။
သို့သော် AA သည် ချင်းတိုင်းရင်းသားများ၏ ထောက်ခံမှုကို မရခဲ့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်က ချင်းအမျိုးသားတပ်ဦး (CNF) က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ချင်းပြည်နယ်ကို စစ်အခြေစိုက်စခန်းအဖြစ် မသုံးရန်နှင့် တိုက်ပွဲများရပ်ရန် AA ကို တောင်းဆိုသည်။ ချင်းတိုင်းရင်းသားများနှင့် ရခိုင်တိုင်းရင်းသား လူမှုအသိုင်းအဝန်းများအကြား တင်းမာမှု မြင့်မားလာမည်ကို ချင်းခေါင်းဆောင်များက စိုးရိမ်နေသည်။ ရခိုင်ပြည်နယ်တွင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားချိန်မှစတင်ပြီး ချင်းနှင့် ထိုဒေသမှ အခြားတိုင်းရင်းသားများသည် စစ်ဒဏ်ကို ခံကြရသည်။ ချင်းတိုင်းရင်းသားများနှင့် ရခိုင်တိုင်းရင်းသားများအကြား တင်းမာမှုမြင့်မားနေပြီး AA အပေါ် ဒေသခံများ ယုံကြည်မှုကင်းမဲ့နေကြောင်း ချင်းပြည်နယ် သို့ သွားရောက်ခဲ့သော ဧရာဝတီ သတင်းထောက်များက တွေ့မြင်ခဲ့သည်။
ပြီးခဲ့သည့် ရက်များအတွင်း တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် အသက် ၉ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးပြီး အရပ်သား ၁၅ ဦး ဒဏ်ရာရသည်။
ချင်းတိုင်းရင်းသား အများစုနေထိုင်သော ချီတောင်ရွာအတွင်း ဗုံးကျပေါက်ကွဲသောကြောင့် ထိုကလေးငယ်သေဆုံးပြီး လူအများအပြား ဒဏ်ရာရကြောင်း ဒေသခံများပြောသည်။ AA တပ်များကို တိုက်ခိုက်ရန် ရဟတ်ယာဉ်များသုံးကြောင်း တပ်မတော်၏ ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောသော်လည်း ရွာကို ပစ်ခတ်ခြင်းနှင့် ဗုံးများအသုံးပြုခြင်းကို သူကငြင်းဆိုခဲ့သည်။
AA ကို အကြမ်းဖက်အဖွဲ့အစည်း ကြေညာ
ပြီးခဲ့သည့်အပတ်က ဝန်ကြီးသစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်မှုအောက်မှ ပြည်ထဲရေး ဝန်ကြီးဌာနက AA နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင့် အမျိုးသားအဖွဲ့ချုပ် (ULA) တို့ကို အကြမ်းဖက်အဖွဲ့အစည်း မတရားအသင်းအဖြစ် သတ်မှတ်ကြောင်း ကြေညာသည်။
“ULA နှင့် AA တို့၏ အကြမ်းဖက်လုပ်ရပ်များသည် အများပြည်သူ လုံခြုံရေး၊ အသက်အိုးအိမ်စည်းစိမ်၊ ပုဂ္ဂလိကနှင့် အများပြည်သူပိုင် အခြေခံအဆောက်အအုံများ၊ နိုင်ငံပိုင်အဆောက်အအုံများ၊ ယာဉ်များ၊ ကိရိယာနှင့် ပစ္စည်းများကို ဆုံးရှုံးမှုဖြစ်စေသည်” ဟု ထိုအမိန့်တွင် ဖေါ်ပြထားသည်။ ဒေသခံ ကျေးရွာသားများ ၎င်းတို့၏ မိသားစုများနှင့် မီဒီယာများအပါအဝင် ရခိုင်ပြည်နယ်မှ လူအများအပြားသည် ယခုအခါတွင် မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခံရမည့် အန္တရာယ်ကျရောက်လာနိုင်သည်။ ထို့အပြင် ပြည်တွင်းပြည်ပမှ AA ကို ထောက်ခံသူများသည်လည်း အကြမ်းဖက်အဖွဲ့အစည်းကို ထောက်ခံသူများဖြစ်လာပြီး AA ကို ငွေကြေးထောက်ပံ့သူများနှင့် တိုင်းရင်းသားမဟာမိတ်များကို ခြိမ်းခြောက်ရန်အတွက်လည်း ထိုဥပဒေကို ကျင့်သုံးမည်ဖြစ်သည်ဟု ယူဆရသည်။
မကြာသေးမီအချိန်အထိ နေပြည်တော်ရှိ မြန်မာထိပ်တန်း စစ်ဖက်ခေါင်းဆောင်များအကြားတွင် ရခိုင်ပြည်နယ်မှ စစ်သေနင်္ဂဗျူဟာနှင့် ပတ်သက်ပြီး ရှုပ်ထွေးမှု စိတ်ပျက်မှုများ ဖြစ်ပေါ်နေခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် AA တို့ ထိုးဖေါက်ဝင်ရောက်လာခြင်း၊ အကြိမ်ကြိမ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် နိုင်ငံပိုင်ပစ္စည်းများ ဖျက်ဆီးခြင်းတို့ကို မည်သို့ ရပ်တန့်လုပ်ဆောင်မည်နှင့် ပတ်သက်ပြီး စစ်ဖက်ထိပ်တန်းခေါင်းဆောင်များ၏ မပြတ်သားမှုများကို အချို့သော အဆင့်မြင့် စစ်ခေါင်းဆောင်များက နှုတ်ဆိတ်နေကြသည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရခိုင်ပြည်နယ်တွင် အဓိကကျသော ထိုးစစ်ဆင်နွဲလိုသော်လည်း သူသည် ထိပ်တန်းတပ်မှူးများနှင့် တိုင်ပင်ရမည်ဖြစ်ပြီး သူ၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏အမိန့်ကိုလည်း နားထောင်ရမည်ဖြစ်သည်။ လွန်ခဲ့သောနှစ်ကုန်အထိ ထိပ်ဆုံးမှလာသော အမိန့်များမှာ မပြတ်မသားဖြစ်နေသည်ဟု သတင်းများက ဆိုသည်။
ထိုသို့ ရှုပ်ထွေး စိတ်ပျက်မှုများရှိသော်လည်း မကြာသေးမီကမူ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မီးကုန်ယမ်းကုန် ထိုးစစ်ဆင်ရန်နှင့် AA ၏ ထောက်ပံ့ရေးနှင့် ဘဏ္ဍာရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် ထိပ်ဆုံးမှ ဆုံးဖြတ်လိုက်ပုံရသည်။ ထိုသို့သော နောက်ဆုံးဆုံးဖြတ်ချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံသို့လည်း ပေးပို့လိုက်သည်ဟု ဆိုသည်။
AA ထောက်ခံသူများနှင့် မြေအောက်ကွန်ရက်ကို နှိမ်နှင်းခြင်း
၂၀၁၉ ခုနှစ် ဇူလိုင်လတွင် AA အကြီးအကဲ ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် ညီအကိုတော်သူ အောင်မြတ်ကျော်နှင့် သူ၏မိတ်ဆွေ ၅ ဦးကို စင်္ကာပူတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးလိုက်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်များကို ထောက်ပံ့နေသည့် အကူအညီပေးရေးအဖွဲ့ဖြစ်သော ရခိုင်အသင်း (စင်္ကာပူ) (AAS) အဖွဲ့ဝင်များဖြစ်သည်။
ထိုသူများသည် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ တရားစွဲဆိုခံကြရသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ အနည်းဆုံး ထောင် ၃ နှစ်မှ အများဆုံး ၇ နှစ်အထိကျပြီး ဒဏ်ငွေလည်း ရိုက်ခံရနိုင်သည်။ ရခိုင်ပြည်နယ်မှ ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များသည် အရပ်သားများ၊ အရာရှိများနှင့် AA လိုလားသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုနေကြသည်။
အောက်တိုဘာလကလည်း မြန်မာရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မှ ပြန်လာသော ဦးကျော်နိုင်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးလိုက်သည်။ သူသည် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖဖြစ်သည်။
သူ့ကိုကြိုဆိုရန် လေဆိပ်သို့ရောက်နေသည့် သူ၏ဇနီး မယမင်းမြတ် (ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ အမ မိုးနှင်းဖြူ) ကိုလည်း ဖမ်းဆီးလိုက်သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလကလည်း AA အဖွဲ့ဝင်အများအပြားကို ယမ်းမှုန့် ၂၈ ထုပ်၊ ဒီတိုနေတာ ဖေါက်ခွဲရေးကိရိယာနှင့် ဆက်စပ်ပစ္စည်း ၁၀၀၀၊ ဂြိုလ်တုဖုန်း ၄၀၊ မှန်ပြောင်း ၃၀၊ ဂျီပီအက်စ် ၂၅ ခုနှင့်အတူ မန္တလေးရှိအိမ်တအိမ်တွင် ဖမ်းဆီးလိုက်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်သို့ အသွားလမ်းတွင် အဖမ်းဆီးခံရခြင်းဖြစ်သည်။
ဒီဇင်ဘာလ အစောပိုင်းကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ဇနီး ဒေါ်နှင်းဇာဖြူနှင့် သူတို့၏ ကလေးနှစ်ယောက်တို့ ချင်းမိုင်တွင် ဗီဇာသက်တမ်းတိုးရန် လူဝင်မှုကြီးကြပ်ရေးရုံးသို့အသွားတွင် ဖမ်းဆီးခဲ့သော်လည်း ၎င်းတို့ကို မြန်မာနိုင်ငံသို့ ပြည်နှင်ခြင်း မပြုလုပ်ခဲ့ပေ။ ဖေဖေါ်ဝါရီလတွင် ဆွစ်ဇာလန်နိုင်ငံက လက်ခံရန်သဘောတူခဲ့ပြီး ထွက်ခွာသွားခဲ့သည်။
လက်နက်ခဲယမ်းအများအပြားသည် မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့ကို ဖြတ်ပြီး ရခိုင်ပြည်နယ်သို့ ရောက်သွားသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်များသည် လွန်ခဲ့သော ၅ နှစ်အတွင်း မန္တလေးနှင့် စစ်ကိုင်းတိုင်းကို ဖြတ်သန်းပြီး ရခိုင်ပြည်နယ်သို့ လက်နက်ခဲယမ်းများစွာ ပို့ဆောင်ထားကြောင်း အချို့သော စစ်ဖက်ထိပ်တန်းခေါင်းဆောင်များက ယုံကြည်ကြသည်။
၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရခိုင်အမျိုးသားနှစ်ဦးကို ရန်ကုန်တွင် ရော့ကက်လောင်ချာများ၊ ဒီတိုနေတာများနှင့် ဖေါက်ခွဲပစ္စည်းများနှင့်အတူ ရန်ကုန်တွင် ဖမ်းမိသည်။ ထိုသူနှစ်ဦးအနက်တဦးသည် AA မှ ဒုတိယ ဗိုလ်မှူးကြီးဖြစ်သည်ဟု ဆိုသည်။
မကြာသေးမီက မြန်မာစစ်ဖက်နှင့်ထောက်လှမ်းရေးလုပ်ငန်းများသည် ပြည်ပရင်းမြစ်များနှင့် မူးယစ်ဆေးမှောင်ခိုမှုများအပါအဝင် AA လှုပ်ရှားမှုများနှင့် ဘဏ္ဍာငွေရင်းမြစ်များကို အကြီးအကျယ်စောင့်ကြည့်လာကြသည်။ AA သည် မူးယစ်မှောင်ခိုလုပ်ငန်းနှင့် ပတ်သက်နေသည်ဟု မြန်မာစစ်ဖက်က အကြိမ်ကြိမ်စွပ်စွဲသည်။
AA ထိပ်တန်းခေါင်းဆောင်တဦးကို မြန်မာ့တပ်မတော်က ကံကောင်းထောက်မစွာနှင့် ရခိုုင်ပြည်နယ် မြောက်ပိုင်းတွင် ဖမ်းမိခဲ့သည်။
၂၀၁၉ ခုနှစ် သြဂုတ်လတွင် မြောက်ဦးမြို့နယ် အိုးထိမ်းရွာမှ ဆရာတော်တပါးနှင့် ရွာသားနှစ်ဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီးပြီး လင်းမြွေတောင်သို့ ခေါ်ဆောင်သွားပြီး ဖမ်းဆီးစစ်ဆေးသည်။ ထိုသို့စစ်ဆေးနေချိန်အတွင်း ရွာသားနှစ်ဦးအနက်တဦးသည် AA ကိုတည်ထောင်သော အဖွဲ့ဝင်ခေါင်းဆောင်ဖြစ်ကြောင်း နောင်တွင်သိလာရသည်။
သူ၏ဖုန်းမှ အရေးပါသောသတင်းအချက်အလက်များ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြုလုပ်မည့် ထိုးစစ်များနှင့် အခြားအရေးပါသော သတင်းနှင့် ဗီဒီယိုများကို တပ်မတော်က ရရှိသွားသည်။
ထိုဖမ်းဆီးမှုအပြီးတွင် AA က လင်းမြေတောင်ကို လာတိုက်ခိုက်ပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
AA အဖွဲ့သည် အိုးထိမ်းရွာ ဆရာတော်အပါအဝင် အဖမ်းခံထားရသူများကို ကယ်ဆယ်လိုသည်ဟု ယူဆရသည်။ ထိုတိုက်ပွဲအတွင်း စစ်ဖက်ရဟတ်ယာဉ်တစင်းသည် ဖမ်းဆီးထားသူများကို ဆက်လက်စစ်ဆေးရန် လာရောက်ခေါ်ဆောင်သွားသည်။ မြန်မာ့တပ်မတော်သည် ထို AA တည်ထောင်သူ အဖွဲ့ဝင်ထံမှ အဖိုးတန်သော သတင်းအချက်အလက်များ ရရှိကြောင်း နေပြည်တော်ရှိ စစ်ဖက်အဆင့်မြင့်အရာရှိ တဦး၏ အဆိုအရ သိရသည်။ ထိုဆရာတော်နှင့် ရွာသားတဦးကို အမှုစွဲဆိုပြီး ဖြစ်သော်လည်း တဦးကိုမူ စစ်ဖက်က ဖမ်းဆီးထားဆဲဖြစ်သည်။
တိုင်းရင်းသားမဟာမိတ်များထံမှ ဖိအား
AA သည် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် အခြေစိုက်သော လက်နက်ကိုင်အဖွဲ့အစည်းလေးခုပါသည့် မဟာမိတ်အဖွဲ့တွင်လည်း အဖွဲ့ဝင်ဖြစ်သည်။ ထိုမဟာမိတ်အဖွဲ့တွင် တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် AA တို့ပါဝင်သည်။
၎င်းတို့အကြားတွင် KIA သည် အင်အားအကြီးမားဆုံးဖြစ်ပြီး KIA ဌာနချုပ်ရှိရာ လိုင်ဇာတွင် AA တပ်ဖွဲ့ဝင် ၄၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။
KIA သည် AA စစ်သားများကို လေ့ကျင့်၊ လက်နက်ခဲယမ်းနှင့် ရိက္ခာထောက်ပံ့နေဆဲဖြစ်သော်လည်း နှစ်ဖွဲ့အကြား တင်းမာမှုရှိနေပြီး AA တပ်များလိုင်ဇာမှ ထွက်ခွာရန်ပြောနေကြောင်း ကောလာဟလ များလည်း ထွက်ပေါ်နေသည်။ တရားမဝင် ကုန်သွယ်မှုများကို ရပ်ဆိုင်းရန် တိုင်းရင်းသားခေါင်းဆောင်အချို့က AA ကို ပြောနေကြောင်း သတင်းများကဆိုသည်။
ဒီဇင်ဘာလက ဧရာဝတီ သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတခုတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြည်တွင်းစစ်ကို နှစ်ပေါင်း ၇၀ ကြာအောင်တိုက်နေသော တိုင်းရင်းသားခေါင်းဆောင်အချို့ကို ဝေဖန်သည်။
“တကယ်ဆိုရင် တော်လှန်ရေး လုပ်နေပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက တကယ် သူတို့ နှစ်ပေါင်း ၇၀ မတိုက်ပါဘူး။ သူတို့ အလုပ်မကြိုးစားဘူး။ ကျနော်သေချာပြောရဲတယ်။ ခဏနေ အပစ်ရပ်လိုက် လူကြီးတွေက ဝိုင်သောက်လိုက်နဲ့ ဇိမ်ခံနေကြတာများတယ်။ အောက်ခြေ ရဲဘော်တွေပဲ လစာမရဘူး။ ဒုက္ခတွေခံပြီး သူတို့ဘဝ အချိန်တွေကို လောင်ကျွမ်းပေးဆပ်နေရရင်း အဘိုးကြီးတွေဖြစ်သွားကြတာ များတယ်။ တကယ်လည်း ဒါမျိုး တိုက်နေတာ မဟုတ်ဘူးလေ။ ဟိုဘက်မှာ ၁၅ နှစ်လောက် အပစ်ရပ်ထားတယ်။ ၁၅ နှစ်လောက် လူကြီးတွေက ချမ်းသာနေတယ်။ ရဲဘော်တွေက အချိန်တွေလောင်ကျွမ်းပြီး ဘဝတွေ ပျက်စီးသွားတယ်။ တကယ်တိုက်တာမှ မဟုတ်တာ။ ပြီးရင် ကောင်းကောင်းလည်း မတည်ဆောက်ကြဘူး။”
ထိုသို့ဝေဖန်လိုက်သောကြောင့် တိုင်းရင်းသာခေါင်းဆောင်အများအပြား ဒေါသထွက်ကြပြီး တရားဝင်တောင်းပန်ရန် ပြောခဲ့သည်။ နောက်ဆုံးတွင် သူအလျှော့ပေး တောင်းပန်ရသော်လည်း ထိုခေါင်းဆောင်များနှင့် AA အကြား မဟာမိတ်ဖွဲ့စည်းမှု ပျက်စီးသည့် တန်ဖိုးကို ပေးဆပ်လိုက်ရသည်။
မည်သို့ဆိုစေကာမူ AA အပေါ် ဖိအားသည် ဆက်လက်မြင့်မားနေမည်ဖြစ်သည်။ ယခုအခါ AA သည် မြန်မာဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်လာသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ အစိုးရနှင့် စစ်ဖက်တို့၏ ထိခိုက်လွယ်သော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများအတွက် အခက်အခဲ ပိုမိုများပြားလာမည်ကို တိုင်းရင်းသားခေါင်းဆောင်အချို့ စိုးရိမ်လာနေကြသည်။
(အောင်ဇော်သည် ဧရာဝတီကို တည်ထောင်သူဖြစ်ပြီး အယ်ဒီတာချုပ်လည်း ဖြစ်သည်။ ၎င်း၏ A Fierce Battle in Western Myanmar Has Killed Hundreds as the Country Braces for COVID ကို ဘာသာပြန်သည်။)
You may also like these stories:
ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၁)
ယုံကြည်မှုတွေ ပျက်သုဉ်းသွားတဲ့ ပလက်ဝ (၂)
AA ကို လက်ခံထားပါက KIA ၏ မြို့ ၂ မြို့တိုက်ခိုက်ခံရမည် ဟု တပ်မတော်ပြော
ကိုရိုနာဗိုင်းရပ်စ် သတင်းများ သိနိုင်ရန် ရခိုင် အင်တာနက် ပြန်ဖွင့်ပေးရေး တောင်းဆို