ကိုရိုနာဗိုင်းရပ်စ် (COVID -19) ကူးစက်မှု မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက် အစိုးရအာဏာ မသက်ရောက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေ၌ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေပြီး ဗိုင်းရပ်စ် ကာကွယ်ရေး အစီအမံများ အပူတပြင်း ပြင်ဆင်နေကြသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလား လက်နက်ကိုင် အဖွဲ့ (NDAA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့ ထိန်းချုပ်ဒေသများတွင် ဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရန် နိုင်စွမ်းသမျှ ဆောင်ရွက်နေသည်မှာ မြင်သာထင်သာလည်း ရှိပါသည်။
ယင်းသို့ဆောင်ရွက်ခြင်းသည် ကောင်းမွန်သည့် ကိစ္စဖြစ်သော်လည်း ဗိုင်းရပ်စ်ကို အမှန်ပင် ထိထိရောက်ရောက် ကာကွယ် နိုင်ပါမည်လောဟု ဒေသခံတချို့က သတိကြီးစွာဖြင့် မေးခွန်းထုတ်ကြသည်လည်း ရှိသည်။
နိုင်ငံရေးလေ့လာသူ တချို့ကမူ တိုင်းရင်းသား လက်နက်ကိုင်များ ဆောင်ရွက်နေသည့် ဗိုင်းရပ်စ်ကာကွယ်ရေး အစီအမံ သည် လုံလောက်သည်ဟု ဆိုကြသည်။ ဗိုင်းရပ်စ်သည် လူသားများအပေါ် ခွဲခြားမှုမရှိဘဲ မည်သည့်နေရာက မဆို ကူးစက် မှု ဖြစ်နိုင်ခြေရှိနေသည်။
သို့ဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆောင်ရွက်နေသည့် ဗိုင်းရပ်စ်ကာကွယ်ရေး အစီအစဉ်များ မည်မျှ စနစ် ကျ ပြီး လုံလောက်မှု ရှိမရှိဆိုသည်မှာ စိတ်ဝင်စားမိပါသည်။
တရုတ် – မြန်မာ နယ်စပ်တွင် တည်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် UWSA နှင့် မိုင်းလား NDAA အဖွဲ့တို့ကမူ ဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများကို ဇန်နဝါရီ လကုန်ပိုင်း ကတည်းက ဆောင်ရွက်နေကြောင်း သိရသည်။
UWSA
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဗိုင်းရပ်စ် စတင်ဖြစ်ပွားကတည်းက “ဝ” ဒေသတွင် ဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းများ ဆောင် ရွက် ထားကြောင်း UWSA ၏ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက ဧရာဝတီသို့ ပြောကြားသည်။
တောရိုင်း တိရစ္ဆာန်များ ရောင်းဝယ် ဖောက်ကားမှု မလုပ်ရန် အပါအဝင် လူစုလူဝေး မလုပ်ရန်နှင့် တကိုယ်ရည် သန့်ရှင်း ရေး ဆောင်ရွက်ရန်တို့ကို UWSA ထိန်းချုပ် နယ်မြေရှိ ပြည်သူများအား မှာကြားထားကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံသို့သွားလာနိုင်သည့် နယ်စပ်ဂိတ်များကိုလည်း ပိတ်ထားပြီး တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသည့် တောလမ်း များတွင်လည်း လူဝင် လူထွက် မရှိစေရန် UWSA တပ်ဖွဲ့ဝင်များက စောင့်ကြပ်နေကြောင်း သိရသည်။
မတ်လ ၂၈ ရက်အထိ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ မတွေ့ရှိသေးကြောင်း၊ “ဝ” ဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးမည့် “ဝ” ပြည်နယ် ကျန်းမာရေးဌာန၏ ဆရာဝန်များလည်း ရှိကြောင်း ဦးညီ ရန်း က ဆက်လက် ပြောဆိုသည်။
၎င်းက “တကယ်လို့ သံသယ လူနာတို့ ဘာတို့ ရှိလာရင်လည်း အတတ်နိုင်ဆုံးပေါ့။ ကုသဖို့ ပြင်ဆင်ထားတာရှိပါတယ်။ လိုအပ်ရင် တော့ လိုအပ်သလို ပတ်ဝန်းကျင် နိုင်ငံတွေက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နိုင်ဖို့၊ ကုသနိုင်ဖို့ အစီအစဉ် ရှိပါ တယ်။ အရင်တုန်းက ပူးပေါင်းမှုတွေလည်း ရှိခဲ့ပါတယ်”ဟု ပြောသည်။
UWSA သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှု အန္တရာယ် ကာကွယ်ရန် ၎င်းတို့ ထိန်းချုပ်ထားသည့် ဝ ဒေသ နယ်စပ်ဂိတ်များအားလုံး (မြန်မာနိုင်ငံနှင့် ဆက်သွယ်ထားသည့် နယ်စပ်ဂိတ်များ အပါအဝင်)ကို မတ်လ ၂၆ ရက်မှစ၍ ယာယီပိတ်ထားလိုက်သည်။
နယ်စပ်ဂိတ်များ ပိတ်လိုက်သဖြင့် ဝ ဒေသအတွက် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း ဦးညီရန်းက ပြောသည်။
“ထိခိုက်မှုကတော့ အနည်းနဲ့ အများရှိမှာပေါ့။ ဒါကတော့မတတ်နိုင်ဘူး။ နစ်နာမှုရှိပေမယ့်လည်း လူ့ရဲ့ကျန်းမာရေး သာလျှင် အရေးကြီးဆုံးပဲလေ” ဟု ၎င်းက ပြောဆိုသည်။
မိုင်းလားအဖွဲ့ (NDAA)
မိုင်းလားအဖွဲ့ (NDAA) က ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ နှင့် အထူးဒေသ၂ တို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လုပ်ငန်းကို ဇန်နဝါရီလ၂၆ ရက်ကတည်းက ဆောင်ရွက်ထားကြောင်း အထူး ဒေသ ၄ ကျန်းမာရေး ဌာနက တာဝန်ရှိသူ တဦးက ပြောကြားသည်။
၎င်းက “ကျမတို့ ဘက်မှာတော့ လက်ရှိ အနေအထားအရပေါ့။ တားဆီး ကာကွယ်ရေးကိုပဲ အဓိက လုပ်နေပါတယ်။ အကယ်၍ ဖြစ်လာခဲ့ရင်လည်း ကုသနိုင်တဲ့ အဆောက်အအုံကိုလည်း ကော်မတီ အဖွဲ့က လုပ်ထားတာ ရှိပါတယ်။ အဆောက်အအုံ တခုပါ” ဟု ဧရာဝတီသို့ ပြောသည်။
သံသယလူနာ ရှိလာပါကလည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ လမ်းညွှန်ချက်နှင့်အညီ ဆရာဝန်များဖြင့် တနေ့ ၂ ကြိမ် အပူချိန်တိုင်းခြင်း ဆောင်ရွက်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့်လည်း ချိတ်ဆက်ထား ကြောင်း အထူးဒေသ ၄ ကျန်းမာရေး ဌာန တာဝန်ရှိသူတဦးက ပြောသည်။
မတ်လ ၂၉ ရက်အထိ မိုင်းလားဒေသတွင် ဗိုင်းရပ်စ်ကူးစက်ခံရသည့် သံသယလူနာ မတွေ့ရှိသေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
မိုင်းလားဒေသ (ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄) ၏ နယ်စပ်ဂိတ်များ အားလုံးကိုလည်း မတ်လ ၂၉ ရက် ည ၁၂ နာရီမှ စ၍ NDAA အဖွဲ့က ယာယီပိတ်ထားလိုက်သည်။
လူစုလူဝေးကိုလည်း မိုင်းလားဒေသတွင် ကန့်သတ်ထားပြီး စစ်မှုထမ်းလက်မှတ်၊ ဝန်ထမ်းလက်မှတ်နှင့် ဆက်ဆံရေးနှင့် ဆက်သွယ်ရေးဌာနမှ ထုတ်ပေးထားသည့် လက်မှတ်ကိုင်ဆောင်ထားသူများကိုသာ အလုပ်တာဝန်အရ မိုင်းလားဒေသတွင် မဖြစ်မနေ သွားလာခွင့်ပြုမည်ဟု ဆိုသည်။
ကုန်စည်ကားများသည်လည်း သတ်မှတ်နေရာများတွင် ကုန်စည်ချရမည်ဖြစ်ပြီး ဖြစ်နိုင်လျှင် နေ့ချင်းပြန်ရမည် ဖြစ်ကြောင်း လည်း သိရသည်။
မိုင်းလားဒေသသို့ လာရောက်သူများသည်လည်း မဖြစ်မနေ မိမိကုန်ကျစားရိတ် မိမိတာဝန်ယူကာ ၁၄ ရက် ကျန်းမာရေး စောင့်ရှောက်မှု ခံယူရမည်ဟုလည်း NDAA အဖွဲ့က ကြေညာထားသည်။
NDAA အဖွဲ့ ဗဟိုကော်မတီဝင် ဦးကြည်မြင့်ကမူ NDAA အဖွဲ့သည် မြန်မာနိုင်ငံ အစိုးရ၏ အကြံပြု လမ်းညွှန်မှုများ နှင့် အညီ ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်နေကြောင်း ပြောသည်။
၎င်းက “ကျနော်တို့ဆီကို ငြိမ်းချမ်းရေးကော်မရှင်က အကြောင်းကြားစာလာတယ်။ လမ်းညွှန်မှုလည်း ပေးထားတယ်။ အဲဒါနဲ့ တြိဂံ ဒေသမှာရှိတဲ့ အစိုးရအာဏာပိုင်နဲ့ တိုင်ပင်ပြီးနောက်မှာ စနစ်တကျနဲ့ကာကွယ်တယ်။ လုပ်နေတယ်”ဟု ပြောသည်။
ထို့အတူ တရုတ်နိုင်ငံ အစိုးရ၏ တာဝန်ရှိသူများကလည်း မိုင်းလားဒေသတွင် ဗိုင်းရပ်စ်ကာကွယ်မှု ထိရောက်ရန် အကူ အညီ ပေးနေမှုများ ရှိကြောင်း ဦးကြည်မြင့်က ဆက်လက် ပြောဆိုသည်။
KIA
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ဌာနချုပ် အခြေစိုက်ထားသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကလည်း ဗိုင်းရပ်စ် အန္တရာယ် တွန်းလှန်နိုင်ရန် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေသည်။
ဗိုင်းရပ်စ် အန္တရာယ်နှင့် ပတ်သက်၍ လူထုကို အသိပညာပေးသည့် လုပ်ငန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်း က တည်းက စတင်ကာ လက်ရှိအချိန်အထိ ဆောင်ရွက်နေကြောင်း KIA ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိင်းဝေါင်က ဧရာဝတီသို့ ပြောကြားသည်။
၎င်းက “လက်ကမ်းစာစောင် ဝေတာ၊ ဗီနိုင်းတွေ ထောင်တာ ပညာပေးတာ အဓိကလုပ်ပါတယ်။ Check Point မှာဆိုရင် ကျန်းမာ ရေး အဖျားတိုင်းတာ ဒါတွေလုပ်ဆောင်နေပါတယ်။ ပိုပြီးတော့ အခုဆိုရင် တဆင့်ပိုသတိထားရပြီဆိုတော့ လူစုလူဝေး၊ ဒါတွေ အခုနည်းနည်း အဲဒါတွေလျှော့ဖို့ ဒါတွေပါတယ်” ဟု ဆိုသည်။
နယ်စပ်ဂိတ်များကို ပိတ်ထားမှု မရှိသေးဘဲ ဝင်ရောက်လာသူများအား ကျန်းမာရေးကောင်းမွန်မှုရှိမရှိ စိစစ်ကာ ဝင်ရောက် ခွင့် ပြုထားကြောင်း ဗိုလ်မှူးကြီး ဟိင်းဝေါင်က ပြောဆိုသည်။
၎င်းက “အဓိကတော့ အဖျားတိုင်းတာရယ်။ ဘယ်ကလာသလဲသူတို့ရဲ့ မှတ်ပုံတင်တွေ ဒါတွေ အဓိကမှတ်တယ်။ တကယ်လို့ အဖျား ရှိလာလို့ စောင့်ကြည့်လူနာတွေ ရှိလို့ရှိရင် သက်ဆိုင်ရာ ဌာနတွေကို ဆက်လက်ပြီး တာဝန်ယူသွားဖို့ စီစဉ်ထား တာ ရှိပါတယ်” ဟုလည်း ပြောပြသည်။
KIA ထိန်းချုပ်ဒေသတွင် လူဦးရေ သုံးသောင်းကျော် နေထိုင်နေပြီး မတ်လ ၂၈ ရက်အထိ ဗိုင်းရပ်စ် ကူးစက်ခံရသည့် သံသယ လူနာ မရှိသေးကြောင်းလည်း သိရသည်။
KIA ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကော်မတီ အနေနှင့် ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်ရာတွင် ကျန်းမာရေးဆိုင်ရာ ပစ္စည်းကိရိယာတချို့ လိုအပ်နေပြီး အခက်အခဲများရှိနေကြောင်း ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိင်းဝေါင်က ပြောကြားသည်။
“ကျနော်တို့ဆီမှာ အခက်အခဲကတော့ ပြောမယ်ဆိုရင် အများကြီးပဲ။ ဒါပေမယ့် အခုလောလောဆယ်တော့ ကျနော်တို့ အခု သုံးနေတဲ့ မျက်နှာဖုံးရယ်။ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ နေရာမှာ သုံးတဲ့ပစ္စည်းတွေ၊ အဖျားတိုင်းတဲ့ သာမိုမီတာ အဲဒါတွေ အထူးလိုအပ်နေတယ်”ဟု ၎င်းက ဆိုသည်။
သံသယလူနာတွေ့ရှိပါက တရုတ်နိုင်ငံနှင့် ချိတ်ဆက်၍ ကုသမှုပေးနိုင်ရေး ဆောင်ရွက်ရန် စဉ်းစားထားကြောင်း၊ ရောဂါ ကာကွယ်ရေး အတွက် မည်ကဲ့သို့ ဆောင်ရွက်သင့်သည်ကို မြန်မာအစိုးရဘက်က လမ်းညွှန်မှုပေးထားသော်လည်း ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များကိုမူ ထောက်ပံ့ပေးမှု မရှိသေးကြောင်း KIA ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကော်မတီ ထံမှ သိရသည်။
KIA ဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းကို မည်သူမဆို ကူညီထောက်ပံ့ ပေးနိုင်ကြောင်းလည်း ဗိုလ်မှူးကြီး ဟိင်းဝေါင်က ပြောသည်။
“လိုင်ဇာမှာ ကိုဗစ် ၁၉ ကာကွယ်နှိမ်နင်းရေးအတွက် ကော်မတီရုံး ဖွင့်ထားပြီဆိုတော့ တခြားအဖွဲ့အစည်းတွေ အကူအညီ ပေးလိုတယ်ဆိုရင် ဆက်သွယ် အကူအညီပေးနိုင်ပါပြီဆိုတဲ့အကြောင်း တောင်းဆိုလိုပါတယ်”ဟုလည်း ၎င်းက ပြောဆို သည်။
KNU
ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း ၎င်းတို့၏ ထိန်းချုပ်ဒေတွင် COVID -19 ကာကွယ်ရေး ဆောင်ရွက်နေ သည်။
KNU ကတော့ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ တပ်မဟာ (၆) လုံခြုံရေး တပ်ဖွဲ့မှူး ဗိုလ်မှူး စောရန်နိုင် က ဧရာဝတီသို့ ပြောသည်။
WHO က ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာပြီးနောက် ကရင်ပြည်နယ် အစိုးရက ပြည်ပက ပြန်လာသူများ ကျန်းမာရေး စစ်ဆေးခြင်း၊ နေအိမ်တွင် ၁၄ ရက်ကြာ စောင့်ကြည့်ခြင်း စသည်တို့ကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် KNU ဘက် က ပူးပေါင်းပါဝင်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
ဗိုလ်မှူး စောရန်နိုင်က“ဒေသအခြအနေအနေအရ အဖွဲ့အစည်းတွေက များတယ်။ ဒေသခံတွေက မြဝတီမြို့ အပြင်ဘက် ရောက်လို့ရှိရင် ဟိုအဖွဲ့အစည်း အားကိုး ဒီအဖွဲ့အစည်းအားကိုးနဲ့ အစိုးရ စကား နားမထောင်မှာစိုးလို့ ကျနော်တို့က ဝန်းရံ တာပေါ့။ အစိုးရက သတ်မှတ်ထားတဲ့ ၁၄ ရက် စောင့်ကြည့်ကာလကို လိုက်နာသင့်တယ်လေ။ ဒီအပေါ်မှာ ကျနော်တို့က လည်း ဝိုင်းဝန်း တာဝန်ယူတဲ့သဘောပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
မတ်လ အလယ်လောက်တွင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက် အမှတ် ၂ ချစ်ကြည်ရေး တံတားမှတဆင့် ကရင်ပြည်နယ် မြဝတီမြို့ဘက်သို့ ဝင်ရောက်လာသည့် ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သား ၄ သောင်းခန့်ရှိပြီး ၎င်းတို့သည် နေရပ် အသီးသီးသို့ ပြန်ဝင်သကဲ့သို့ ကရင်ပြည်နယ် နေရာအနှံ့အပြားတွင်လည်း ရောက်ရှိနေသည်။
ထိုသို့ မြဝတီဘက်က ပြန်ဝင်လာသူများထဲမှ တဦးတွင် ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးနောက်တွင် မြဝတီက ပြန်လာသူများထံမှ တဆင့် ဗိုင်းရပ်စ် ကူးစက်ခံရမည်ကို မြန်မာပြည် တွင်း၌ စိုးရိမ်မှုများလည်း ရှိနေသည်။
KNU အနေဖြင့် ၎င်းတို့ လှုပ်ရှားနယ်မြေများအတွင်း ပြန်လည်ဝင်ရောက်လာသူများကို ၁၄ ရက် အပြင်မထွက်ဘဲ နေထိုင် ကြရန် သတိပေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထူးခြားမှု ရှိလာလျှင် ခရိုင်အဆင့်၊ ဗဟိုအဆင့်နှင့် အတွင်းရေးမှူး ရုံးချုပ်များကို တိုက်ရိုက်ဆက်သွယ်ရန် KNU ဗဟို ကျန်းမာရေး ဌာနက ညွှန်ကြားထားကြောင်း သိရသည်။
ထို့အတူ KNLA တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ နှင့် လူစုလူဝေးဖြစ်နိုင်သည့် သင်တန်းများ တပ်တွင်း၊ တပ်ပြင်ကို COVID -19 နှင့် ပတ်သက်၍ အထူး သတိထားရမည့် အချက်များအား လိုက်နာကြရန် သတိပေး ညွှန်ကြား ထားသည်ဟုလည်း ဆိုသည်။
KNU ထိန်းချုပ်ဒေသရှိ နေအိမ်တိုင်း၏ အရှေ့တွင် လက်ဆေးရန် နေရာများ ထားပေးရန်လည်း KNU က ညွှန်ကြားထား ကြောင်း သိရသည်။
ညွှန်ကြားချက်ကို မလိုက်နာပါက ထိပ်တုံး ၁၄ ရက် အခတ်ခံရမည်ဖြစ်ပြီး ဒဏ်ငွေ ၃ သိန်းကျပ်လည်း ပေးဆောင် ရမည် ဖြစ်ကြောင်း KNU က အမိန့် ထုတ်ထားသည်။
တခြားလက်နက်ကိုင် အဖွဲ့များ
ကိုးကန့် လက်နက်ကိုင် အဖွဲ့ (MNDAA) နှင့် တအာန်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA) တို့၏ ဗိုင်းရပ်စ် ကာကွယ်ရေး ဆောင်ရွက်မှု အခြေအနေကို မေးမြန်းရန် အဆိုပါအဖွဲ့များထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။
ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ကမူ ၎င်းတို့ ထိန်းချုပ်ဒေသတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပြန်လာသည့် ရွှေ့ပြောင်းလုပ်သား ၁၀၀ ဝန်းကျင် ရှိသဖြင့် COVID -19 ပါလာပြီး ပြန့်ပွားမှုဖြစ်မည်ကို စိုးရိမ်နေကြသည်။
SSPP တွင်လည်း ဗိုင်းရပ်စ် ကာကွယ်ရေး ကော်မတီ ဖွဲ့စည်းထားသည်။ ထိုကော်မတီက လူထုကို ဗိုင်းရပ်စ် ကာကွယ်ရေး အတွက် မည်ကဲ့သို့ ပြုမူနေထိုင်ရမည် ဆိုသည်ကို အသိပေးထားကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောကြားသည်။
SSPP ထိန်းချုပ်ဒေသရှိ ဒေသခံများ မိမိနေရပ်သို့ ပြန်လာသည်ကို ကန့်သတ်ထားခြင်း မရှိသေးဘဲ ပြန်လာသူများကို ကိုယ် အပူချိန်တိုင်းခြင်းများ ဆောင်ရွက်ပေးနေကြောင်း၊ ဒေသခံမဟုတ်သူများကို ညအိပ်ခွင့်မပြုထားကြောင်း ၎င်းက ပြောသည်။
နေရပ်ပြန်လာသူများကို မိမိအိမ်တွင်သာ လူအများနှင့် ခပ်ခွာခွာနေရန် SSPP က ညွှန်ကြားထားသည်။
မတ်လ ၃၀ ရက်အထိ SSPP ထိန်းချုပ်ဒေသတွင် ဗိုင်းရပ်စ် ကူးစက်ခံရသည့် သံသယလူနာ မရှိသေးကြောင်း၊ သို့သော် ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အစိုးရနှင့် ချိတ်ဆက် ဆောင်ရွက်ထားမှု မရှိသေးကြောင်း SSPP က ဆိုသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့၏ ထိန်းချုပ်နယ်မြေတွင် COVID-19 ကာကွယ်ရေး အတွက် ဆောင်ရန်၊ ရှောင်ရန်များကိုသာ သတိပေးကြေညာထားပြီး ကာကွယ်ရေးနှင့် ကုသရေး မဆောင်ရွက်နိုင်သေးကြောင်း သိရသည်။
RCSS အဖွဲ့မှ ဗိုလ်မှူး စိုင်းခမ်းစံ က “ကာကွယ်တာတို့၊ ကုသတာတို့ လက်လှမ်း မမီနိုင်သေးဘူးဗျ။ ကျနော်တို့ နှိုးဆော်တာပဲ လုပ်နိုင်တယ်။ ကျနော်တို့ကလည်း တော်လှန်ရေး အဖွဲ့အစည်းဆိုတော့ ဆေးရုံ၊ ဆေးခန်းက အရမ်း မလုံလောက်ဘူး လေ” ဟု ပြောသည်။
RCSS အဖွဲ့သည် တာချီလိတ်မှ ကယားပြည်နယ် နယ်စပ်အထိ အပါအဝင် ရှမ်းပြည်နယ်၏ နယ်မြေ ၄၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်၍ ရှမ်းလူထုသာမက ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး သတိ ဝီရိယဖြင့် နေထိုင်ကြရန် RCSS အဖွဲ့က မတ်လ ၁၅ ရက်တွင် ကြေညာချက်ထုတ်ကာ သတိပေးလှုံ့ဆော်ထားကြောင်း ဗိုလ်မှူး စိုင်းခမ်းစံက ဧရာဝတီသို့ ပြောကြားသည်။
RCSS ၏ ကြေညာချက်တွင် လက်ကို အရက်ပျံ ၇၀ ရာခိုင်နှုန်းပါဝင်သည့် လက်ဆေးရည်ဖြင့် မကြာခဏ လက်ဆေးရန် အပါအဝင် အချင်းချင်းနှုတ်ဆက်ပါကလည်း လက်ဆွဲမနှုတ်ဆက်ဘဲ လက်အုပ်ချီကာ မိုင်ဆွန်ခဟု နှုတ်ဆက်ရန် တိုက် တွန်း ထားသည်။
လူထူထပ်သည့် နေရာများသို့ မဖြစ်မနေသွားရပါကလည်း Mask တပ်ပြီးမှသွားရန်နှင့် ပွဲလမ်းသဘင်များ၊ ရိုးရာ ယဉ်ကျေး မှု ပွဲတော်များနှင့် လူစုလူဝေးများသည့် အစည်းအဝေးများ မပြုလုပ်ကြရန်လည်း RCSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ဗိုင်းရပ်စ် ကာကွယ်ရေး ပြင်ဆင်မှု လုံလောက်ပါ၏ လော
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လုပ်ဆောင်ချက်များနှင့် အဖွဲ့ ပြောရေးဆိုခွင့် ရှိသူများ၏ ပြောဆိုချက်အရ လေ့လာ ကြည့်လျှင် ဝ အဖွဲ့၊ ကချင်အဖွဲ့ နှင့် မိုင်းလားအဖွဲ့ကဲ့သို့ တိကျသည့် နယ်မြေထိန်းချုပ်မှုရှိပြီး အင်အားတောင့်သော အဖွဲ့များသည် ဗိုင်းရပ်စ်ကာကွယ်ရေးကို ပိုမိုလုပ်ဆောင်နေကြောင်း တွေ့ရသည်။
ပြောက်ကျား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် တခြားလက်နက်ကိုင် အဖွဲ့များသည်ကား ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်နှင့် အခက်အခဲများစွာ ရှိနေကြောင်း သိရရသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ တရုတ်နိုင်ငံ၏ ကျောထောက်နောက်ခံပြုထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းကို အတိုင်းအတာတခု အထိ ကောင်းမွန်စွာ ဆောင်ရွက်နိုင် မည် ဖြစ်ကြောင်း ရှုမြင်သည်။
“ဝ ၊ မိုင်းလား၊ KIA ။ အဲဒီသုံးဖွဲ့လောက်အနေအထားက ဘာပဲဖြစ်ဖြစ် တစုံတရာ အတိုင်းအတာတခုအထိ လုပ်နိုင်တဲ့ အနေအထားရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်ကျောထောက်နောက်ခံ ပြုထားတာဖြစ်တာကိုး။ အဲဒါကြောင့် ဆေးဝါးတို့ ဘာတို့ဆိုတဲ့ ကိစ္စတွေကတော့ နည်းနည်း အဆင်ပြေနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။
ထို့အတူ KNU ကဲ့သို့ မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသော အဖွဲ့အစည်းများသည်လည်း ဗိုင်းရပ်စ်ကာကွယ်ရေးကို အတိုင်းအတာတခု အထိ ကာကွယ်ဆောင်ရွက်နိုင်မည့် အခြေအနေရှိကြောင်း ဦးသန်းစိုးနိုင်က ပြောဆိုသည်။
TNLA၊ MNDAA၊ SSPP နှင့် RCSS အဖွဲ့များသည်ကား ပြောက်ကျား လက်နက်ကိုင်အဖွဲ့များ ဖြစ်သဖြင့် နေရာဒေသ တိကျ စွာပိုင်းခြားထားမှု မရှိသေးသကဲ့သို့ ကချင်၊ ဝနှင့် မိုင်းလား အဖွဲ့များကဲ့သို့ လူနှင့် ငွေကြေးအင်အား မတောင့်တင်းသဖြင့် ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်ရာတွင် တတ်နိုင်သလောက်သာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
“ပြဿနာက မတည်မငြိမ်လှုပ်ရှားနေရတဲ့ ဒေသတွေပေါ့။ ဥပမာ SSPP တို့ ၊ TNLA တို့၊ MNDAA တို့ အဲဒီလို အဖွဲ့တွေရဲ့ လှုပ်ရှားနေတဲ့ ဒေသတွေမှာတော့ ဘယ်လိုမှ သူတို့အဖွဲ့တွေအတွက် လုံခြုံမှုရော ဒေသခံပြည်သူရဲ့ လုံခြုံမှုရော ဖြေရှင်း ပေးဖို့ အတွက် မလွယ်ဘူး။ အခက်အခဲရှိလိမ့်မယ်”ဟု ဦးသန်းစိုးနိုင်က ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်သည့် ဒေသများရှိ လူထုအတွက် မျက်နှာမူ၍ ဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အဆိုပါအဖွဲ့များ၏ အခြေအနေကို မြန်မာအစိုးရက စဉ်းစားကာ ဗိုင်းရပ်စ်ကာကွယ်ရေး အတွက် တတ်နိုင်သည့် အကူအညီများ ပေးသင့်ကြောင်းလည်း ဦးသန်းစိုးနိုင်က မှတ်ချက်ပေးသည်။
ကချင်ပြည်နယ် ပြည်သူပါတီ၏ လူငယ်ကော်မတီ အတွင်းရေးမှူး မဆိုင်းနူးပန်ကမူ တရုတ်အစိုးရ၏ အကူအညီဖြင့် ဗိုင်းရပ်စ် ကူးစက်ခံရသူများအတွက် ကုသရေး ဆောင်ရွက်မည့် အစီအစဉ်သည် ကောင်းမွန်သော်လည်း အမှန်တကယ် ကူညီနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်များက တရုတ်အစိုးရကို တောင်းဆိုနိုင်ပါမည်လောဟု မေးခွန်းထုတ်သည်။
“တရုတ်ဘက်ကနေ တခြားသူ့ရဲ့ ပြည်သူမဟုတ်တဲ့သူတွေကို ဘယ်လောက်အထိ ဦးစားပေးနိုင်မလဲဆိုတာက မေးခွန်း ဖြစ်လိမ့်မယ်။ သူတောင်မှ ဒီကိစ္စနဲ့ ပတ်သက်ရင် တော်တော်လေးခေါင်းကိုက်နေတာလေ။ အရမ်းကိုင်တွယ်ဖို့ ခက်နေတဲ့ အနေအထားမှာ ဒီဘက်ကလူတွေအတွက် ဖြစ်လာရင် ဘယ်လောက်အထိ သူကူညီပေးနိုင်မလဲ”ဟု ၎င်းက ဆိုသည်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် ထိစပ်နေသော ၎င်းတို့၏ နယ်စပ်ဂိတ်များကို ပိတ်ထားသည်ဖြစ်ရာ မြန်မာနိုင်ငံဘက်က ဗိုင်းရပ်စ်ကူးစက်ခံရသူကို တရုတ်နိုင်ငံသို့ ဝင်ရောက်ခံ၍ ဆေးကုခွင့်ပြုပါမည်လောဟုလည်း မဆိုင်းနူးပန်က မေးခွန်း ထုတ်သည်။
KIA ဘက်က ၎င်းတို့၏ နယ်စပ်ဂိတ်များကို မပိတ်သေးဘဲ ဝင်ရောက်ခွင့်ပြုထားရာ ဝင်ရောက်လာသူများကို ဗိုင်းရပ်စ်ပိုး ရှိမရှိ မည်မျှတိကျစွာ စစ်ဆေးနိုင်မည်ဆိုသည့် အချက်ကလည်း ဂရုပြုစဉ်းစားစရာ အချက်ဖြစ်နေပါသည်။
နယ်စပ်မှ ဝင်လာသူတွင် ဗိုင်းရပ်စ်ပိုးရှိနေသည်ကို မသိဘဲ ကချင်ပြည်နယ်ထဲ ဝင်ခွင့်ပြုပါက လျင်မြန်စွာ ကူးစက်ပြန့်ပွား သွားနိုင်ကြောင်း မဆိုင်းနူးပန်က စိုးရိမ်စွာ ပြောသည်။
“တရုတ်ကတော့ Lockdown လုပ်နေတယ်။ ဒါပေမယ့် ဘယ်လောက်အထိ လုပ်နိုင်မလဲ။ နယ်စပ်ဂိတ်မှာ ဆိုတော့ စစ်တပ် ကရော ဘယ်လိုပေါ်လစီရှိလဲ။ လက်နက်ကိုင်တွေ၊ နယ်ခြားစောင့်တပ်တွေကရော ဘယ်လို ကြပ်မတ်မလဲ။ သူတို့ဘက်က ရော Enforce ဘယ်လောက်အထိ လုပ်နိုင်မလဲ။ ဘာမှရှင်းလင်းစွာ မသိရတော့ ကျမတို့ကတော့ ပြည်သူလူထု တယောက် အနေနဲ့ စိုးရိမ်မိတယ်ပေါ့”ဟု ၎င်းက ပြောဆိုပါသည်။
You may also like these stories:
Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်
ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်းရောက် သူရဲကောင်းများ
Covid-19 ကပ်ဆိုက်နေချိန် ပြင်းထန်သော ရခိုင်စစ်ပွဲကြောင့် လူရာချီသေဆုံးနေ