COVID-19 ကူးစက်ရောဂါ ကပ်ရောဂါကြီး(Big Outbreak) အသွင်ဖြစ်ခြေရှိကြောင်း သတိပေးကြေညာပြီးနောက် တပ်မတော်တိုက်ရိုက်ပါဝင်သည့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီတရပ်အား အစိုးရမှ ဖွဲ့စည်းလိုက်ခြင်းသည် မြန်မာနိုင်ငံ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးတွင် စိတ်ဝင်စားစရာ နိုင်ငံရေးခြေလှမ်းဖြစ်သည်။ ကပ်ရောဂါ အန္တရာယ် ကာလ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟု ပြောနိုင်သည်။
ဗိုင်းရပ်စ် ကူးစက် ခံထားရသူများကို ဖော်ထုတ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် ဒုသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် COVID-19 ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပြီဟု သမ္မတရုံးက မတ်လ၃၀ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့ပြီး ယင်းကော်မတီတွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးကို အတွင်းရေးမှူး (၁)၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးအား အတွင်းရေးမှူး (၂) အဖြစ် တာဝန် ပေးထားသည်။
ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့ မှ ပြည်ထောင်စုဝန်ကြီးများ နှင့် ကာကွယ်ရေး ဦးစီး ချုပ်ရုံး (ကြည်း)၏ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ကလည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။
တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်က ဝန်ကြီးအဖြစ် ခန့်ထားသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများသာမက ထိုကော်မတီတွင် တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက အဖွဲ့ဝင်အဖြစ် ပါဝင်နေသောကြောင့် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးတွင် တပ်မတော်အင်အားကို အစိုးရက ရယူဆောင်ရွက်တော့မည့် အနေအထား ဖြစ်သည်။
မြန်မာအစိုးရအနေဖြင့် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင် ကာကွယ်ထိန်းချုပ်ရန် အချိန် ၂ လ ခန့် ရရှိခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ကပ်ရောဂါကြီးအသွင် ဖြစ်လာနိုင်ကြောင်း သတိပေးချိန်တွင် သောင်းနှင့်ချီသည့် ပြည်ပမှပြန်လာသူများမှာ မြို့နယ်အသီးသီးတွင် ပျံ့နှံနေနှင့်ပြီဖြစ်လေသည်။
လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားသူ ၂၀ ဦးအထိ တွေ့ရှိထားပြီ ဖြစ်ပြီး ယင်းတို့ထဲတွင် ပြည်ပမှဝင်ရောက်သူ အများစုဖြစ်သော်လည်း ထပ်ဆင့်ကူးစက်ခံသူများ ပါဝင်နေပြီဖြစ် သည်။
ထိုသူများသည် လေဆိပ်မှ ဝင်ရောက်သူနှင့် နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံမှ ပြန်လာသူများဖြစ်ပြီး ရောဂါလက္ခဏာ မပြမီ ၎င်းတို့သွားလာခဲ့သည့် နေရာများနှင့် ထိတွေ့ခဲ့သူများအား လက်လှမ်းမီ ထိန်းချုပ်တားဆီးနိုင်ရန် အစိုးရအတွက် အခက်တွေ့နေပြီဖြစ်သည်။
ယင်းအနေအထားတွင် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရန် အစိုးရ၏ ဆောင်ရွက်မှုအပေါ် အများစုက အ ကောင်းမြင်မှုရှိသော်လည်း အစိုးရ၏ ထိန်းချုပ်ရေးအစီအမံများသည် နောက်ကျနေကြောင်း ဝေဖန်ထောက်ပြမှု များလည်းရှိသည်။
“ကူးစက်မှု များလာတာနဲ့အမျှ ထိန်းချုပ်ကန့်သတ်ရမယ့်နေရာတွေကလည်း များလာပြီ၊ မပူးပေါင်းလို့မှ မရတော့ ဘဲ၊ နယ်စပ်က အလုံးအရင်းနဲ့ ဝင်လာတဲ့အခါမှာ လုံခြုံရေးအင်အား မလုံလောက်တာလဲ အမှန်အကန်ပါပဲ၊ တခြား နိုင်ငံတွေမှာလည်း တပ်ကိုခေါ်သုံးကြရတာပါပဲ၊ ဒါပေမယ့် ကျနော်တို့ဆီမှာတော့ ခေါ်သုံးတာ နည်းနည်းနောက် ကျခဲ့တယ်ထင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။
တပ်မတော်သည် အစိုးရ၏ ကော်မတီသစ်တွင် ပါဝင်ခဲ့သော်လည်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ရွေးကောက်ခံ အစိုးရနှင့် တပ်မတော်တို့အကြား လုပ်ပိုင်ခွင့်များသည့် သီးခြားစီပေးအပ်ထားသည့် သဘော ဖြစ်နေသည့် အတွက် မည်သို့ပူးပေါင်းဆောင်ရွက်မည်ကို မေးခွန်းများလည်း ရှိနေသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး အစောပိုင်းအချိန်များတွင် အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်း မဲခွဲမှုများနှင့် နိုင်ငံတော်အတိုင်ပင်ခံ၏ လူထုတွေ့ဆုံပွဲများ ကျင်းပနေသကဲ့သို့ တပ်မတော်က ကြိုတင် ကာကွယ်ရေးပြသသည့်အနေဖြင့် တပ်မတော်နေ့အခမ်းအနား ဆိုင်းငံ့ခဲ့သလို လွှတ်တော်အတွင်း Mask တပ်ကာ တက်ရောက်ခြင်းဖြင့် ပြသခဲ့သည်။
ထိုအခြေအနေတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သည့် ပါတီများက ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ်ကာ ဆောင်ရွက်ရေးကို တိုက်တွန်းတောင်းဆိုကြသည်။
“ဒီလိုအချိန်မှာ ပူးပေါင်းမှုက ပိုကောင်းလာမယ်ဆိုပေမယ့် နိုင်ငံရေး အကျိုးအမြတ်ကိုပဲကြည့်ပြီး သေးသိမ်တဲ့ သဘောထားနဲ့ဆိုရင်တော့ ဒီရောဂါဘေးကို ကျော်သွားရင်လဲ ဆက်ဆံရေးက ကောင်းလာမှာမဟုတ်ပါဘူး၊ နိုင်ငံ ကို ဦးဆောင်တဲ့သူတွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို ကျွမ်းကျင်ဖို့လိုသလို ဘယ်သူ့ကို ဘယ်နေရာမှာ ခိုင်းရမလဲဆိုတဲ့ လူမှန်နေရာမှန် သိဖို့လိုတယ်၊ ကာ/လုံဆိုတာကို ခေါင်းပေါ်ကျော်တက်မှာ ပူနေမယ့်အစား ခိုင်းစရာလို့မြင်ပြီး ကိုင်တွယ်တတ်ဖို့လိုတယ်လို့ မြင်ပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း တဦးဖြစ်သူ ဦးရဲထွန်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးအောင်ကြည်ညွန့်ကတော့ တပ်မတော်က ပါဝင်လာသည့် ကော်မတီသစ်သည် တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်သည့်ဆောင်ရွက်သည့် လုပ်ငန်းစဉ်တရပ်သာဖြစ်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေတွင် နိုင်ငံရေးရည်ရွယ်ချက်များ ဦးတည်မဆောင်ရွက်သင့်ကြောင်း ပြောသည်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲဥပဒေတွင် ကော်မတီတရပ်အား ဒုတိယသမ္မတ တဦးက ဥက္ကဌအဖြစ် ဦးဆောင် ကာ ဖွဲ့စည်းရမည်ဖြစ်ပြီး လိုအပ်ပါက တပ်မတော်၏ အင်အား အကူအညီသုံးစွဲနိုင်ကြောင်း ပြဌာန်းထားကြောင်း ထောက်ပြပြီး ဦးအောင်ကြည်ညွန့်က “ ရှိနေပြီးသား ဥပဒေတွေနဲ့ အဆင်ပြေချောမွေ့အောင် လုပ်နေနိုင်တာကိုက Rule of Law ပါပဲ။ ကာလုံခေါ်ပါ ဆိုပြီးတောင်းဆိုနေကြတာက ဘယ်လိုလဲဆိုရင် ရိုးရိုး နိုင်ငံတော်မှာ ပေါ်ပေါက်နေတဲ့ အခြေအ နေ ကို ဝိုင်းဝန်းပူးပေါင်းပြီးတော့ ဖြေရှင်းမယ့်အစား နိုင်ငံရေးအရ ရည်ရွယ်ချက်တခုခုအပေါ်မှာ ဦးတည်ပြီး ဆောင်ရွက်တာမျိုးက ဒီအချိန်မှာ လုပ်ကောင်းတဲ့အရာမျိုးမဟုတ်ဘူးလို့ ယူဆပါတယ်”ဟု ပြောသည်။
ကော်မတီသစ်၏ များပြားလှသည့် လုပ်ငန်းတာဝန်များတွင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပေးအပ်သည့် တာဝန်ဝတ္တရာများကိုလည်း ဆောင်ရွက်ရန် အတိအကျ ထည့်သွင်းထားသည်။
အစိုးရ ကော်မတီသစ်တွင် တပ်မတော်အရာရှိတယောက် ပါဝင်ခဲ့ပြီဖြစ်သည့်အတွက် တပ်မတော်က လုပ်ဆောင် နေသည့် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ သွက်သွက် လက်လက် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ချမှတ်ပေးထားတဲ့ ဟာတွေအတိုင်း ကျနော် တို့ လိုက်ပါလုပ်ဆောင်နေတယ်၊ ကျန်းမာရေးဝန်ထမ်းတွေသည် ကုသရေးနဲ့ ပတ်သက်ပြီးလုပ်နေတဲ့အချိန်မှာ ကျ နော်တို့အနေနဲ့က ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးပိုင်းနဲ့ပတ်သက်ပြီး အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
တပ်မတော်သည် ရန်ကုန်နှင့် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးတပ်များတွင်လည်း စောင့်ကြည့်လူနာ ၁၇၀၀၀ ဦးခန့် ထားရှိနိုင်ရန် ပြင်ဆင်ထားကြောင်းနှင့် လိုအပ်လာပါက တပ်မတော်ထောက်ပံ့ရေး ရေယာဉ်များကိုလည်း ဆေးရုံအဖြစ် အပြုနိုင်ရန်ပြင်ဆင်ထားကြောင်း ထုတ်ဖော်ပြောကြားထားသည်။
ရန်ကုန်တိုင်းအတွင်းမှာပင် သံသယနှင့် စောင့်ကြည့်လူနာများ များပြားလာသည့်အတွက် ထားရှိရန် အခက်အခဲရှိ လာချိန်တွင် လှိုင်မြို့နယ်ရှိ တပ်မတော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စောင့်ကြည့်လူနာများ စတင် လက်ခံထားပြီဖြစ်သည်။
ယင်းအပြင် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်ပြီး ပြန်လာသည့် တပ်မတော် အရာရှိ/စစ်သည်များနှင့် ၎င်းတို့နှင့် မိသားစုဝင်များ စုစုပေါင်း ၄၀ ဦးကျော်ကိုလည်း စောင့်ကြည့်လျှက်ရှိကြောင်း တပ်မတော်က ကြေညာထားသည်။
လက်ရှိတွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားသူများနှင့် ဆက်စပ်ပြီး ကန့်သတ်ထိန်းချုပ်ရမည့် နေရာများနှင့် ၁၄ ရက်ကြာ သီးခြားစောင့်ကြည့်နေသူ အရေအတွက် တိုးလာလျက်ရှိရာ လိုက်နာရမည့် ကန့်သတ်တားမြစ်ချက်များပါဝင်သည့် ဒေသန္တရအမိန့်များအား မြို့နယ်အသီးသီးတွင် ထုတ်ပြန်ထားပြီဖြစ်သည်။
ထို့ပြင် COVID-19 ကူးစက်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်လာပါက နေရာဒေသအချို့အား အသွားအလာကန့်သတ်ခြင်း အစီအစဉ်(Community Quarantine) မျိုး ဆောင်ရွက်ကောင်းဆောင်ရွက်မည်ဖြစ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၃၁ ရက်နေ့က ပြောပြီးနောက်ပိုင်း အစားအသောက်နှင့် ကျန်းမာရေးကြောင့် အိမ်ပြင်ထွက်ခြင်းများက လွဲ သင်္ကြန်ကာလ အိမ်မှာသာ နေရန် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် မြို့ကြီးများတွင် သက်ဆိုင်ရာ ဒေသခံ တိုင်းနှင့် ပြည်နယ် အစိုးရများက ထုတ်ပြန်ချမှတ်လိုက်သည်။
“ရေထွက်မကစားရတဲ့ သင်္ကြန်။ ခြိမ့်ခြိမ့်သဲအလှူတွေနဲ့ ရပ်ကွက် မပျော်ကြရတဲ့သင်္ကြန်ဆိုပြီး စိတ်မပျက်ကြပါနဲ့။ ကိုယ့်အတွက်သာမက၊ အများအတွက် အကောင်းဆုံး လာဘ်လာဘကို ပေးကမ်းတဲ့ စေတနာအလှူကြီး ကျမတို့ အားလုံး လုပ်နိုင်ပါတယ်။ ကိုယ့် ကိုယ်ကို ထိန်းခြင်းနဲ့ သမာဓိအား ပွားနိုင်ပါတယ်။ ထူးကဲတဲ့သင်္ကြန်ကြီးမှာ ထူးကဲတဲ့ကုသိုလ်တွေ ပြုနိုင်ပါတယ်။ အိမ်မှာ ငြိမ်ငြိမ်လေးနေပြီးပြုနိုင်ပါတယ်” ဟု မကြာသေးမီက ဖွင့်လိုက်သော ဖေ့ဘွတ်အကောင့်တွင် ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။
ထိုသို့ ဒေသအလိုက် အသွားအလာ ကန့်သတ်ခြင်း (Community Quarantine) ဆောင်ရွက်ပါက စားနပ်ရိက္ခာ၊ ဆေးဝါး စသည့် အခြေခံပစ္စည်းများ မပြတ်လပ်ရေး၊ လုံခြုံရေးနှင့်တည်ငြိမ်ရေးတို့အတွက် အစိုးရက အသစ်ဖွဲ့ စည်း ထားသည့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့အပြင် ရောဂါကူးစက်သူများနှင့် ထိတွေ့ခဲ့သူများအား လက္ခဏာပြသည်အထိ စောင့်ဆိုင်းမနေဘဲ စုံစမ်းဖော်ထုတ်ကာ စနစ်တကျ Quarantine လုပ်နိုင်ရေးနှင့် ကူးစက်မှုပြန့်ပွားလာပါက အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွန့်မှုအောက်တွင် သက်ဆိုင်ရာ ဝန်ကြီးချုပ်များနှင့် ကော်မတီက ညှိနှိုင်းဆောင်ရွက်ရ မည်ဖြစ်သည်။
ကော်မတီသစ်၏ အတွင်းရေးမှူးရုံးအဖွဲ့မှာလည်း ပြည်ထဲရေးဝန်ကြီးဌာနတွင် ထားရှိမည်ဖြစ်ပြီး ပြည်သူများကြား အကြောက်တလန့်ဖြစ်စေရန် သတင်းမှားဖြန့်ဝေနေသူများအား ရှာဖွေဖမ်းဆီးအရေးယူရေးမှာလည်း ကော်မတီ၏တာဝန်တရပ်ဖြစ်သည်။
“ဒီလိုရင်ဆိုင်ရတဲ့အခါမှာ COVID-19 နဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ ဘယ်လိုပူးပေါင်း ရင်ဆိုင်မလဲဆိုတာက နေ ကျန်းမားရေးကပ်ကျော်သွားရင် ဒုတိယအဆင့် စီးပွားရေးထိခိုက်မှုတွေအတွက်လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်မယ်ထင်ပါတယ်၊ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာတဲ့အချိန်မှာ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်လို့ တိုက်တွန်းချင်ပါတယ်”ဟု ဦးမောင်မောင်စိုးက တိုက်တွန်းထားသည်။
မြန်မာနိုင်ငံအနေဖြင့် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနှုန်းမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးနေ သေးသော်လည်း ဖွံ့ဖြိုးရန်အရှိန်ယူနေရသည့် စီးပွားရေကဏ္ဍအပေါ် ရိုက်ခတ်မှုသည် ကြီးမားလျက်ရှိပြီး ကုန်သွယ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းတို့တွင် များစွာထိခိုက်လျှက်ရှိသည်။
အထည်ချုပ်လုပ်ငန်းများ ပိတ်လာခဲ့ရပြီး လက်ခစားများ အလုပ်လက်မဲ့ဖြစ်လာချိန်တွင် အစိုးရသည် ကိုရိုနာဗိုင်းရပ်၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများအား ကုစားရေးကော်မတီဖွဲ့ကာ တုန့်ပြန်ဆောင်ရွက်ခဲ့သည်။ ဗဟိုဘဏ်အနေဖြင့် ၀ ဒသမ ၅ ရာခိုင်နှုန်း ပထမဆုံးအကြိမ် လျော့ချပေးခဲ့ပြီး ယခုအခါ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ကျပ်ဘီလီယံ ၁၀၀ ရံပုံငွေ မတည်ပြီး ထိခိုက်နေသော ခရီးသွားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် အသေးစားလုပ်ငန်းများအား အတိုး ၁ ရာခိုင်နှုန်းသာ ယူသော ချေးငွေနှင့် အခြားသက်သာခွင့်များ ပေးလာခဲ့သည်။
စီးပွားရေး၊ ကျန်းမာရေးအရ ဖွံ့ဖြိုးမှုနိမ့်ကျပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်ဒဏ်ခံနေရဆဲဖြစ်သည့် ပြည်သူများအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှုတွင် ရွေးကောက်ခံ အစိုးရနှင့် တပ်မတော်၏ ရင်ကြားစေ့ရေး အကွဲအပြဲကို တွေ့မြင်ခဲ့ရပြီးဖြစ်၍ ကိုဗစ်-၁၉ ကပ်ရောဂါ အန္တရာယ် ကာလ မည်မျှ လက်တွဲညီပြီး အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်မည်ကိုကား စိတ်ဝင်တစား ဆက်လက်စောင့်ကြည့်ကြရဦးမည်။
You may also like these stories:
အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို
အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်
လူကြားထဲသွားရင် နှာခေါင်းစီးတပ် ဟု WHO အကြံပြုချက် ပြန်ပြင်