အတာသင်္ကြန်ပိတ်ရက်ကာလ ရက်သတ္တပတ် ၂ ပတ်မှ ၃ ပတ်အတွင်း Covid-19 ရောဂါ ပျံ့ပွားနှုန်း ဘယ်လောက် မြန်နိုင်မယ်ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သတိပေးစကားသည် ပြည်တွင်းကူးစက်မှုအပေါ် လူထုက ပိုမိုအာရုံစိုက်စရာ ဖြစ်လာခဲ့သည်။
ဧပြီ ၈ ရက်နေ့ မနက်ပိုင်းထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးရှိသူ ၂၂ ဦး ( ၃ ဦးကွယ်လွန်) တွေ့ရှိထားပြီဖြစ်ပြီး ၎င်းတို့အနက်မှ ၈ ဦးသည် ပြည်တွင်းထပ်ဆင့်ကူးစက်ခံရသူများဖြစ်သည်။
မြင်သာသည့် ကူးစက်မှု ကွင်းဆက်တခုသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ပြင်သစ်နိုင်ငံသားများထံမှ ဧည့်လမ်းညွှန်နှင့် ၎င်းတို့ဆေးစစ်ခဲ့သည့် ဆေးခန်းမှ သူနာပြုတို့ ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး နောက်ဆက်တွဲ အနေဖြင့် ပေါက်ခေါင်းမြို့နယ်၌ နေထိုင်သည့် သူနာပြု၏ မိသားစုဝင် ၄ ဦးမှာ ထပ်မံကူးစက်ခံထားရပြီဖြစ်သည်။
“ပြည်တွင်းကူးစက်မှုလို့ပြောဖို့က ပေါက်ခေါင်း case ဆိုရင် သေချာပေါက် ပြောလို့ရပါပြီ၊ ကျနော်တို့ သတိထားကို ထားရတော့မှာပါ၊ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေကို လူထုက အကုန်လိုက်နာရင်၊ နိုင်ငံခြားက ပြန်လာသူတွေလည်း သတ်မှတ်တဲ့အတိုင်း Quarantine ဝင်ကြမယ်ဆိုရင် ရောဂါကူးစက်မှုက နည်းမှာပါ၊ အခုက မလိုက်နာတဲ့သူတွေကြောင့် ပြည်တွင်းကူးစက်မှု(Local transmission)တွေက ဆက်ရှိလာဦးမယ်လို့မြင်ပါတယ်” ဟု မန္တလေး ကန်တော်နဒီဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က သုံးသပ်သည်။
ပြည်ပမှ ပြန်လာသူများနှင့် ပတ်သက်လျှင် မြဝတီ-မဲဆောက်နယ်စပ်ဂိတ်များမှတဆင့် ထိုင်းနိုင်ငံက ပြန်လာသူပင်လျှင် လေးသောင်းခွဲကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သိရသည်။
အဆိုပါအရေအတွက်သည် ကျန်းမာရေးဝန်ကြီးဌာနက စာရင်းကောက်ယူရရှိသည့် ပမာဏသာဖြစ်ပြီး တရားမဝင် ဂိတ်ပေါက်မှ ပြန်လာသူဦးရေမှာ မည်မျှအထိ ရှိမည်ကို မသိနိုင်သည့်အတွက် အစိုးရဘက်က ထိန်းချုပ်ကန့်သတ် မှုများတွင် အခက်အခဲများရှိနေပြီး လူထုကလည်း စိုးရိမ်လျှက်ရှိကြသည်။
“ ကျနော်တို့ မမြင်နိုင်၊ မပြောနိုင်တာက အောက်လမ်းကနေ ပြန်လာတဲ့ တရားမဝင်ပြန်လာသူတွေရဲ့ စာရင်းဇယားက ကျနော်တို့မှာမရှိဘူး၊ အကြားနဲ့ပဲ လိုက်နေရတယ်၊ အကုန်လုံးကို စစ်နိုင်ပါတယ်၊ ဘယ်သူမှမလွတ်ပါဘူး လို့တော့ ကျနော်တို့အနေနဲ့ အာမခံလို့ မရဘူးပေါ့နော်” ဟု ဒေါက်တာခင်ကျော်က ထောက်ပြသည်။
နေရပ်ပြန်များထဲမှလည်း မြဝတီမှ ဝင်လာသူတဦးထံတွင် မတ်လ ၂၇ က်နေ့က ရောဂါပိုးတွေ့ရှိပြီး ယင်းနောက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ရောဂါပိုးပါလာနိုင်သည့်အတွက် ကပ်ရောဂါကြီး (Big Outbrake) အသွင် ဖြစ်နိုင်ချေ အလားအလာများနေကြောင်း လူထုထံ သတိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါ သတိပေးချက်များနှင့်အတူ အစိုးရသည် လူစုလူဝေး မဖြစ်စေရန် အစဉ်အလာ ကြီးမားသည့် ရိုးရာအတာ သင်္ကြန်ပွဲတော်ကိုပင် ကျင်းပခြင်း မပြုရန်ကြရန် တားမြစ်ထားပြီး မြို့နယ်လိုက် ဒေသန္တရအမိန့်များ ထုတ်ပြန်ကာ တတ်နိုင်သမျှ လူများအပြင်မထွက်စေရန် ထိန်းချုပ်လျက် ရှိသည်။
ယင်းသို့ ထိန်းချုပ်မှုများကြားတွင် လူထုသည် ပြည်ပမှပြန်လာသူများနှင့် ပတ်သက်လျှင် စိုးရိမ်မှုလွန်ကဲခြင်းများ ရှိနေကြပြီး အစိုးရ၏ နေ့စဉ်ဓာတ်ခွဲစစ်ဆေးနိုင်မှုအပေါ်တွင်လည်း မေးခွန်းထုတ်လာကြသည်။
လတ်တလောအခြေအနေအရ အစိုးရတွင် Covid-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုကို ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(NHL) တခုတည်းတွင်သာ ဆောင်ရွက်နိုင်ပြီး ပစ္စည်းလိုအပ်ချက်များ ရှိနေသည့်အတွက် နေ့စဉ် လူဦးရေ ၈၀ ခန့်သာ စစ်ဆေးလျက်ရှိနေသည်။ (ယနေ့မနက် တရုတ်ပြည်မှ ဆေးအဖွဲ့နှင့် ဆေးပစ္စည်းများ ရောက်လာရာ စစ်ဆေးမှု ပိုမြန်လာနိုင်မည်ဟု မျှော်လင့်ရသည်။)
ဓာတ်ခွဲစစ်ဆေးရာတွင်လည်း ရောဂါလက္ခဏာ ပြသသူများနှင့် ရောဂါပိုးရှိသူ လူနာနှင့် ထိတွေ့မှုရှိသူ (contact) များကိုသာ ဦးစားပေးစစ်နေရသည့် အနေအထားဖြစ်ပြီး လုံလောက်မှုမရှိသည့်အခြေအနေတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ စီမံခန့်စွဲမှုအပေါ် မေးခွန်းထုတ်မှုများလည်း ရှိလာပြီဖြစ်သည်။
“ထိတွေ့တဲ contact တွေကို တခါတည်းတန်းစစ်ရမှာ၊ ထပ်တွေ့တာနဲ့ သူကို ခွဲခြားထား၊ ၁၄ ရက်နေ ပေါ့၊ များများနဲ့မြန်မြန်စစ်နိုင်ရင် ပိုပြီးတော့ ကူးစက်မှုကို အမြစ်ဖြတ်နိုင်မှာပေါ့၊ ရောဂါလက္ခဏာပြမှ စစ်မယ်ဆိုတာက သိပ်တော့မမှန်ဘူး၊ ဘာလို့ဆိုရင် တချို့က ၁၄ ရက်ကျော်မှ လက္ခဏာပြတာရှိတယ်၊ တချို့နိုင်ငံတွေမှာဆို ရင် ၂၃ ရက်၊ ၂၄ ရက်မှ ပြတာတွေရှိတယ်၊ မစောင့်ဘဲ စစ်တာက အကောင်းဆုံးပါပဲ၊ အခုက တနေရာကျတော့ လက္ခဏာမပြဘဲ စစ်တယ်၊ တနေရာမှာ မစစ်ဘူးဆိုတာက ညီမျှမှုမရှိတာပေါ့”ဟု တီးတိန်မှ ပိုးရှိသူလူနာ သွားရောက်ပြသခဲ့သည့် ဆေးခန်းမှ ဒေါက်တာဖြိုးကျော်က ပြောသည်။
ဒေါက်တာဖြိုးကျော်သည် ပိုးရှိသူအား ကုသပေးခဲ့သည့် ထိတွေ့မှုရှိသူ(contact) တဦးဖြစ်သော်လည်း ၁၄ ရက် ကြာသည်အထိ ဆေးစစ်ခံရခြင်းမရှိမှုအပေါ် လူမှုကွန်ယက်တွင် ရေးသားဖော်ပြကာ တောင်းဆိုခဲ့သူတဦးဖြစ်ပြီး ၎င်းကဲ့သို့ပင် ကျောက်မဲမှ ပိုးတွေ့ရှိသူ လူနာ၏ မိသားစုဝင်များကလည်း ဆေးစစ်ခြင်းမခံရသည့် အခြေအနေကို ဧရာဝတီသို့ ထုတ်ဖော်ပြောကြားထားသည်။
လက်ရှိပြည်တွင်း ထပ်ဆင့်ကူးစက်ခံရသူ ၈ ဦးတွင်လည်း ရောဂါလက္ခဏာမပြမီ စစ်ဆေးတွေ့ရှိသူများ ရှိနေသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရောဂါလက္ခဏာ ပြသသည်အထိမစောင့်ဘဲ ထိတွေ့မှုရှိသူများအား စောစောစစ်ဆေးပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။
ဆေးစစ်ရာတွင် ကမာ္ဘ့ကျန်းမာရေးအဖွဲ့၏ အဓိပ္ပါယ် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား ရွေးချယ်ကာ ဓါတ်ခွဲနမူနာ ယူပြီး စစ်ဆေးနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ ပိုးရှိသူနှင့် ထိတွေ့မှုရှိသူ(contact) အဖြစ်သတ်မှတ်ရာတွင် ပိုးတွေ့ရှိသူ လက္ခဏာမပြမီ ၂ ရက်အလိုနှင့် ပိုးတွေ့ရှိ ပြီးနောက် ၁၄ ရက်အတွင်း အနီးကပ်အတူရှိခဲ့သူ၊ လူနာနှင့် ၃ ပေ(၁ မီတာ) အကွာတွင် ၁၅ မိနစ်ကြာ မျက်နှာချင်း ဆိုင်စကားပြောခဲ့သူ၊ အကာအကွယ်မပါဘဲ ကုသပေးခဲ့သူနှင့် တိုင်းပြည်၏ အန္တရာယ်ရှိမှု အဆင့်အပေါ်မူတည်ပြီး သတ်မှတ်သူများကိုသာ contact သတ်မှတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာခင်ခင်ကြီးက ရှင်းပြသည်။
COVID-19 ကူးစက်ရောဂါ စစ်ဆေးနိုင်မှုအခြေအနေအား တိုးမြင့်ရေးအတွက်လည်း မန္တလေးတွင် ဓာတ်ခွဲခန်းတခု ထားရှိရန်နှင့် ဓာတ်ခွဲခန်းများ အဆင့်မြင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောထားသည်။
“ကျနော်တို့ မန္တလေးမှာ ဓာတ်ခွဲခန်းတခုဖို့ ညှိနှိုင်းတာရှိပါတယ်၊ ပြင်ပအလှူရှင်ဆီကနေ လှူထားတဲ့ စက်တလုံးလည်း ရောက်လာတော့မှာပါ၊ အဲ့ဒါရောက်လာရင် တိုးပြီးစစ်နိုင်မှာပါ”ဟု ဒေါက်တာသာထွန်းကျော်က ပြောသည်။
အခြားသောနည်းလမ်းတခုအနေဖြင့်လည်း အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးတွင် အသုံးပြုနေသည့် Gene-Xpert စက်များအား သတ်မှတ်ဓာတ်ခွဲပစ္စည်းများနှင့် တွဲဖက်ကာ Covid-19 ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်ပိုးအား စစ်ဆေးနိုင်မှုနှင့် စစ်ဆေးရာတွင် ရောဂါပြန့်ပွားကူးစက်မှု မရှိရေး Biosafety Cabinet(Class IIA2)များ အသုံးပြုရန် ဝန်ကြီးဌာနက ဆွေးနွေးမှုများရှိထားသည်ကိုလည်း သိရသည်။
တပ်မတော်ထံတွင်လည်း Covid-19 ရောဂါပိုးဓာတ်ခွဲစစ်ဆေးနိုင်သည့် ဇီဝလုံခြုံရေးအဆင့် ၃ ရှိ ဓာတ်ခွဲခန်းတခု ပြင်ဆင်ထားကြောင်း သိရပြီး ပြည်ပမှ တာဝန်ထမ်းဆောင်ပြီး ပြန်လာသည့် တပ်မတော်အရာရှိ/စစ်သည်များနှင့် မိသားစုများအား စစ်ဆေးပေးလျှက်ရှိကြောင်း တပ်မတော်ဘက်က ပြောကြားထားသည်။
အစိုးရသည် တပ်မတော်က တိုက်ရိုက်ပါဝင်သည့် Covid-19 ကူးစက်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတရပ် ဖွဲ့စည်းထားပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ကာ တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေး၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျှက်ရှိသည်။
ယင်းအခြေအနေများအရ ပြင်ပအလှူရှင်များ၏ ထောက်ပံ့ပစ္စည်းများ ရောက်ရှိလာမှုနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ပြင်ဆင်မှုများ၊ အစိုးရနှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာမည်ဆိုပါက နေ့စဉ် ဓာတ်ခွဲစစ်ဆေးပေးနိုင်မှုအခြေအနေမှာ ပိုမိုကျယ်ပြန့်ကောင်းမွန်လာမည်ဟု မျှော်လင့်ရသည်။
လတ်တလောတွင်မူ မြန်မာနိုင်ငံအတွင်း ရောဂါပိုးရှိသူ စတင်တွေ့ရှိခဲ့သည့် မတ်လ ၂၃ ရက်နေ့မှ စတွက်ပါက ရောဂါလက္ခဏာပြသရန် ယေဘုယျသတ်မှတ်ရက်ဖြစ်သည့် ၁၄ ရက်တာကာလကို ကျော်လွန်လာပြီဖြစ်သော်လည်း ရောဂါပိုးစစ်ဆေးတွေ့ရှိသူမှာ အိမ်နီးထိုင်းနိုင်ငံနှင့် နှိုင်ယှဉ်လျှင်ပင် လွန်စွာနည်းပါး နေသည်။
ယင်းအခြေအနေသည် အကောင်းဘက်ရှုမြင်ရန် လိုအပ်သော်လည်း အစောပိုင်းကာလများတွင် ပြည်ပမှဝင်လာသူများအား စိစစ်မှုအားနည်းမှုနှင့် ပြည်ပမှပြန်လာသူများ ကိုယ်တိုင်က အသိပေးမှုမရှိဘဲ အချက်အလက်လိမ်ညာမှုများ၊ တိမ်းရှောင်သူများရှိနေသည့်အတွက် ရုတ်တရက်ပေါက်ကွဲနိုင်ခြေကိုလည်း စဉ်းစားရမည်ဖြစ်သည်။
“တချို့က အကြောက်လွန်တော့ ရှောင်ချင်တယ်၊ ညာပြောတယ်ပေါ့၊ သူလုပ်တာရဲ့ နောက်ဆက်တွဲက တော်တော်များတယ်၊ ဒါတွေက တကယ်တမ်းပြောရင် မလုပ်သင့်ဘူး၊ case 16 လူနာရဲ့သားက အစကတည်းက သူကိုယ်တိုင် Quarantine ဝင်သင့်တာ၊ သူသာ ၁၄ ရက် Quarantine နေခဲ့ရင် နောက်ဆက်တွဲက တော်တော်နည်းခဲ့မှာ” ဟု ဒေါက်တာခင်ကျော်က သတိပေးထောက်ပြသည်။
လက်ရှိမြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးရှိသူ ၂၂ ဦး( ၃ ဦးကွယ်လွန်)ရှိရာတွင် ၎င်းတို့နှင့် ထိတွေ့မှု(contact) ရှိခဲ့သူ ၁၂၈၃ ဦးအထိ ရှိနေသည်။ ထိုအရေအတွက်သည် အစိုးရ၏ လက်လှမ်းမီ စုံစမ်းဖော် ထုတ်ထားနိုင်သည့် အရေအတွက်သာဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ သံသယနှင့် စောင့်ကြည့်လူနာ အနေဖြင့်လည်း ၈၀၇ ဦးရှိပြီး သတ်မှတ်နေရာ များတွင် သီးခြားစောင့်ကြည့်မှု(Quarantine) ပြုလုပ်ထားသူ ၇၄,၇၇၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Covid-19 ကူးစက်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်လာပါက နေရာဒေသအချို့အား အသွားအလာကန့်သတ်ခြင်း အစီအစဉ်(Community Quarantine) မျိုး ဆောင်ရွက်ကောင်းဆောင်ရွက်မည်ဖြစ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၃၁ ရက်နေ့က ပြောပြီးနောက်ပိုင်း အစားအသောက်နှင့် ကျန်းမာရေးကြောင့် အိမ်ပြင်ထွက်ခြင်းများက လွဲ သင်္ကြန်ကာလ အိမ်မှာသာ နေရန် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် မြို့ကြီးများတွင် သက်ဆိုင်ရာ ဒေသခံ တိုင်းနှင့် ပြည်နယ် အစိုးရများက ထုတ်ပြန်ချမှတ်လိုက်သည်။
“ဒီအချိန်မှာပြည်သူတွေအားလုံး အထူးသတိဝိရိယနဲ့ရောဂါမပျံ့ပွါးရေးအတွက် စည်းကမ်းညွှန်ကြားချက်တွေ လိုက်နာဖို့အရေးကြီးပါတယ်။ ကျွန်မတို့တွေ မတွေ့ရမကြုံရဘူးတဲ့ သင်္ကြန်မျိုးကိုဖြတ်ကျော်ရပါမယ်။ လူစုလူဝေး လုံးဝ ရှောင်ရမဲ့သင်္ကြန်ပါ။ လူစုလူဝေးဆိုတာ ဘယ်နှစ်ယောက်လဲလို့ စဉ်းစားတာတွေရှိမှာပါ။ လူနည်းလေကောင်းလေ၊ အလှမ်းဝေးလေကောင်းလေပါ။ထိတွေ့မှုရှိသူ တဦးပိုလာတာနဲ့ အန္တရာယ်တခုပိုလာပြီလို့ မှတ်ပါ။ သတိဆိုတာ လွန်ကဲတယ်လို့မရှိပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးထားသည်။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကမ္ဘာပေါ်တွင် အားအနည်းဆုံး နိုင်ငံတနိုင်ငံဖြစ်သည့်မြန်မာနိုင်ငံအတွက် လာမည့် ပိတ်ရက်ရှည်များတွင် Covid-19 ၏ ပျံ့ပွားနှုန်းက မည်မျှထိ ခြိမ်းခြောက်မည်ကို စောင့်ကြည့်ကြရဦးမည်ဖြစ်သည်။
You may also like these stories:
ကိုဗစ်-၁၉ ကာလ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး
ဘယ်လောက် ဖြစ်လာဦးမလဲ ကျနော်တို့ မှန်းဆလို့ မရပါဘူး
အရှေ့တောင်အာရှတွင် စစ်အုပ်ချုပ်ရေးပြန်လာရန် ကိုရိုနာဗိုင်းရပ်က လမ်းခင်းပေးနေလား