ဆောင်းပါး

ကိုဗစ်-၁၉ ကာလ တောင်တရုတ်ပင်လယ်တွင် တရုတ် အမြတ်ထုတ်

Want create site? Find Free WordPress Themes and plugins.

အမေရိကန်စစ်တပ်သည် ပြည်တွင်း ဗိုင်းရပ်အကျပ်အတည်း ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံသည် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုနှင့် စွမ်းအင်ရှာဖွေမှုများ ပြုလုပ်လျှက်ရှိသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာတဝှမ်းကူးစက်ရောဂါကို ထိန်းချုပ်နိုင်စပြုပြီး အမေရိကန်ပြည်ထောင်စုတွင် အကြီးအကျယ် ထိခိုက်နေချိန်တွင် လုံခြုံရေးဆိုင်ရာ သုတေသီများသည် အပြင်းအထန် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်မှ တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများကို အနီးကပ်လေ့လာနေကြသည်။

မကြာသေးမီရက်များအတွင်း တရုတ်နိုင်ငံသည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး အကြီးစား စစ်လက်နက်များကို တောင်တရုတ်ပင်လယ်တွင် ချထားလိုက်ကာ တရုတ်အရာရှိများသည် ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာကြွယ်၀သော ထိုဒေသတွင် အငြင်းပွားဖွယ်ရာ စွမ်းအင်ထုတ်လုပ်မှု မဟာခြေလှမ်းအတွက် အောင်ပွဲခံအခမ်းအနားများ ကျင်းပနေကြသည်။

တရုတ်နိုင်ငံ၏ အမျိုးသားရေး သတင်းစကားသည် ခက်ခဲလှသော ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူလူထုကို စည်းရုံးရေး လုပ်ဆောင်ခြင်းအဖြစ် အချို့က မြင်ကြသော်လည်း အချို့သုတေသီများကမူ ပိုမိုအတင့်ရဲလာသော တရုတ်နိုင်ငံ၏ ရေကြောင်း စစ်ရေးလှုပ်ရှားမှုသည် အမေရိကန်ဘက်က အခြေအနေ အားနည်းနေချိန်တွင် တောင်တရုတ်ပင်လယ်စစ်မျက်နှာကို ရယူရေး အမြတ်ထုတ်ရန်  အားထုတ်မှုဟု ယူဆကြသည်။

တောင်တရုတ်ပင်လယ်ကို ပိုင်ဆိုင်ကြောင်းပြောဆိုသည့် အရှေ့တောင်အာရှနိုင်ငံများသည်လည်း ပိုမိုဆိုးရွားလာသော ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် အလျှော့ပေးရသော သေနင်္ဂဗျူဟာ အနေအထားသို့ ရောက်ရှိနေကြသည်။

တောင်တရုတ်ပင်လယ်တွင် နယ်နိမိတ်ပြဿနာနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ထိပ်တိုက်ဖြစ်နေသော ဖိလစ်ပိုင်နှင့် မလေးရှားတို့သည် ၎င်းတို့၏ အုပ်ချုပ်ရေးနှင့် စီးပွားရေး မြို့တော်များကို စစ်အင်အားဖြင့် ရက်သတ္တပတ်များစွာ ပိတ်ဆို့ထားရသည်။ ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီး ဒယ်လ်ဖင် လော်ရန်ဇာနာ အပါအဝင် ထိပ်တန်းလုံခြုံရေးအရာရှိများနှင့် သမ္မတ ဒူတာတေတို့သည် ရောဂါမကူးစက်ရေး ၎င်းတို့ဆန္ဒအလျောက် သီးခြား နေထိုင်နေပြီး ဖိလစ်ပိုင် လက်နက်ကိုင်တပ်များ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖယ်လင်မွန် ဆန်တော့သည် မကြာသေးမီက ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသည်။

တောင်တရုတ်ပင်လယ်တွင် ဥပဒေ အခြေပြုသည့် စနစ်ကို နှစ်ပေါင်းများစွာ အာမခံထားသော အမေရိကန် ပြည်ထောင်စုသည် ကိုဗစ်-၁၉ ကူးစက်မှု ၄၆၆၂၉၉ ဦး ဖြင့် ရင်ဆိုင်နေရပြီး အိမ်ဖြူတော်သည် အမေရိကန်သမိုင်းတွင် အကြီးမားဆုံး စီးပွားရေး ထောက်ပံ့မှု အပါအဝင် ကြီးမားသော အစီအမံများကို ချမှတ်နေရသည်။

၂၀၁၈ ခုနှစ် ဧပြီလအတွင်း တောင်တရုတ်ပင်လယ်တွင် ပြုလုပ်သော တရုတ်ရေတပ် စစ်ရေးလေ့ကျင့်မှု/Xinhua

တချိန်တည်းတွင် ပင်တဂွန် စစ်ဌာနချုပ်သည်လည်း အရပ်ဖက်ဌာနများနှင့် လုပ်ငန်းများသို့ အရေးပါသော ကျန်းမာရေး ဝန်ဆောင်မှုပေးရန်နှင့် ဆေးကိရိယာများ ထုတ်လုပ်လွှဲပြောင်းပေးရန် လိုသည့် ကာကွယ်ရေးထုတ်လုပ်မှုဥပဒေအရ ကိုဗစ်-၁၉ ကူးစက်ရောဂါကို တိုက်ဖျက်ရန် လုပ်ဆောင်နေရသည်။

ဝူဟန်မြို့မှ စတင်ခဲ့သော ကိုဗစ်-၁၉ အကျပ်အတည်းကို အမြတ်ထုတ်ရန် တရုတ်နိုင်ငံ၏ အားထုတ်မှုများကို နယ်ပယ်အများအပြားတွင် တွေ့မြင်နေရသည်။ တချိန်တည်းတွင် တရုတ်နိုင်ငံသည် ထိုဗိုင်းရပ်နှင့် ပတ်သက်သော ဇာတ်လမ်းကို ပြန်လည် ပုံဖော်ရန်ကြိုးစားနေပြီး တရုတ်ထိပ်တန်း အရာရှိများက ထိုဗိုင်းရပ်ကို အမေရိကန်က တရုတ်နိုင်ငံတွင် လာရောက်ဖြန့်ချိသည်ဟုပင် ပြောနေကြသည်။

တချိန်တည်းတွင် တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အတွက် အမေရိကန် ဦးဆောင်သည့် စစ်ရေးလေ့ကျင်မှုတွင် ၎င်းတို့၏ စစ်သင်္ဘောများ ပါဝင်မည်ဟု မကြာသေးမီက ကတိပြုထားသော အစဉ်အလာမဟာမိတ်များနှင့် အမေရိကန်အကြား သံတမန်ရေး သပ်လျှိုမှုများလည်း ရှိနေသည်။

အမေရိကန်နိုင်ငံက ဥရောပမှ ရောဂါကူးစက်ခံ နိုင်ငံများသို့ သွားလာမှု ပိတ်ပင်ခြင်းကို တရုတ်နိုင်ငံက မီးမောင်းထိုးပြရန် ကြိုးစားနေသည့် တချိန်တည်းတွင် တရုတ်နိုင်ငံသည် အီတလီနှင့် စပိန်ကဲ့သို့သော အဆိုးရွားဆုံး ကူးစက်ခံနိုင်ငံများတွင် အပြင်းအထန်လိုအပ်နေသော ဆေးပစ္စည်း ကိရိယာများကို ထောက်ပံ့သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဘေ့ဂျင်း၏ နှာခေါင်းစည်း သံတမန်ရေး (Face mask diplomacy) ဟု အချို့က ခေါ်ဝေါ်ကြသည်။

အကျပ်အတည်းကာလတွင် တရုတ်သည် ကမ္ဘာ့ခေါင်းဆောင်အဖြစ် မိမိကိုယ်မိမိကြေညာရုံသာမက ဘေ့ဂျင်းသည် အရှေ့တောင်အာရှတွင် သေနင်္ဂဗျူဟာနှင့် စီးပွားရေးခြေကုပ်ကိုလည်း ဆက်လက်တိုးချဲ့နေသည်။

တရုတ်နိုင်ငံ သဘာဝသယံဇာတ ဝန်ကြီးဌာန၏ အဆိုအရ တရုတ်နိုင်ငံသည် အငြင်းပွားနေသော တောင်တရုတ်ပင်လယ်မြောက်ပိုင်းတွင် ဂက်စ်ဟိုက်ဒရိတ်မှ သဘာဓာတ်ငွေ့ထုတ်လုပ်ခြင်းကို တရက်တည်းတွင် ပမာဏနှင့် ထုတ်လုပ်မှုအရ အမြင့်မားဆုံး ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်မှ တွင်းထွက်ဖြစ်သော ဂက်စ် ဟိုက်ဒရိတ်ကို ကန့်လန့်ဖြတ် တူးဖော်သောနည်းဖြင့် ပထမဆုံး စီးပွားဖြစ် ထုတ်ယူသောနိုင်ငံဖြစ်သည့် ခိုင်မာသော နည်းပညာ အခြေခံရှိကြောင်း ထိုဝန်ကြီးဌာနက ဂုဏ်ယူပြောကြားသည်။

ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါ အနောက်နိုင်ငံများတွင် အကြီးအကျယ် စတင်ကူးစက်သည့် မတ်လ ၁၇ နှင့် ၁၈ ရက်အတွင်း ထိုထုတ်လုပ်မှုများကို လုပ်ကိုင်ခြင်းဖြစ်သည်။

စွမ်းအင်ထုတ်လုပ်မှုနည်းပညာတွင် တရုတ်နိုင်ငံ၏ မဟာခြေလှမ်းများသည် တောင်တရုတ်ပင်လယ်၏ ၈၅ ရာခိုင်နှုန်းနီးပါးကို တောင်းဆိုသော မျဉ်းစက် ၉ စက်ပါ တောင်းဆိုမှုပိုင်နက်မှ မထုတ်ယူရသေးသော ရေနံနှင့်ဓာတ်ငွေ့သိုက်များကို လက်ဝါးကြီးမအုပ်လျှင်ပင် လွှမ်းမိုးထားရေးအားထုတ်မှုကို ပိုမို အထောက်အကူပြုစေမည့် သဘောရှိသည်။ တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက တောင်းဆိုထားသော ပိုင်နက်သည် အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း နက်တူနာကျွန်း ကမ်းလွန်ပင်လယ်ပြင်အထိပင် ရောက်နေသည်။

တချိန်တည်းတွင် တရုတ်နိုင်ငံသည် အငြင်းပွား ရေပိုင်နက်အတွင်း ကြီးမားသော စစ်ရေးလေ့ကျင့်မှုများလည်း ပြုလုပ်နေသည်။

ထိုစစ်ရေးလေ့ကျင့်မှုများတွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလည်း ပါဝင်ပြီး အမေရိကန်နိုင်ငံသို့ ကိုရိုနာဗိုင်းရပ်ပိုး အပြည့်အဝမကူးစက်မီက လမ်းညွှန်ဒုံးကျည်တပ်ဆင်ထားသော အမေရိကန်ဖျက်သင်္ဘော USS McCampbell လွတ်လပ်စွာ ရေကြောင်းသွားလာမှု စစ်ဆင်ရေးအတွက် တောင်တရုတ်ပင်လယ်တွင် ဖြန့်ချပြီးနောက် ထိုစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) သည် နိုင်ငံ၏ ပထမဆုံးသော လေယာဉ်တင် သင်္ဘော Liaoning ဦးဆောင်သည့် မကြာသေးမီက စစ်ရေးလေ့ကျင့်မှုများဖြင့်လည်း တောင်တရုတ်ပင်လယ်အတွင်း အင်အားတိုးချဲ့နေသည်။ ထိုလေ့ကျင့်မှုသည် တောင်တရုတ်ပင်လယ်မြောက်ပိုင်း လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်မှုအပြီး ထပ်မံလေ့ကျင့်မှု ဖြစ်သည်။

တောင်တရုတ်ပင်လယ်တွင်း နေရာချထားသော အမေရိကန် တိုက်သဘောင်္များ/ US Navy

“နွေဦးရာသီ အစောပိုင်း ဘိုဟိုင်း ရေလက်ကြားမှ ကြမ်းတမ်းသော ပင်လယ်ပြင်အခြေအနေများ အောက်ရှိ J-15 ဂျက်တိုက်လေယာဉ်များသည် Liaoning လေယာဉ်တင် သင်္ဘောကုန်းပတ် လေယာဉ်ကွင်းမှ ပျံတက်သွားပြီး နာရီများစွာအကြာတွင် ပြန်လည်ဆင်းသက်ခဲ့ကာ ရေတပ်လေကြောင်းတက္ကသိုလ်မှ နည်းပညာများအတွက် နည်းစနစ်ပြန်လည်ထူထောင်ရေး လေ့ကျင့်မှု အောင်မြင်သည်” ဟု PLA နေ့စဉ်သတင်းစာက မတ်လ ၂၃ ရက်နေ့တွင် ကြေညာသည်။

“စစ်ရေးအသင့်ဖြစ်ရန် လေ့ကျင့်ခြင်းကို ကိုဗစ်-၁၉ ကူးစက်မှု အရှိန်အဟုန် မြင့်မားနေချိန်တွင်ပင် ရပ်တန့်မည် မဟုတ်ဘဲ သင်္ဘောရှိ လေယာဉ်မှူးများ လေ့ကျင့်မှုကို ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်” ဟုလည်း ဖော်ပြထားသည်။

နောက်ဆုံးပြုလုပ်ခဲ့သော ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုသည် ကူးစက်ရောဂါတိုက်ဖျက်ရေး၏ အစိတ်အပိုင်းဖြစ်သည်ဟုပင် တရုတ်အစိုးရမီဒီယာများက ဆိုသည်။

“လေယာဉ်တင် သင်္ဘောတစီးဆိုသည်မှာ မောင်းခန်းများတွင် လူအများအပြား စုရုံးနေရပြီး ကူးစက်ရောဂါများ ခံရနိုင်ခြေရှိသော စစ်သင်္ဘောတစင်းဖြစ်သည်။ သက်ဆိုင်ရာတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်သောကြောင့် Liaoning လေယာဉ်တင် သင်္ဘောသည် ကူးစက်ရောဂါထိန်းချုပ်ရေး ကြီးမားသောလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်” ဟု ဘေ့ဂျင်းအခြေစိုက် ရေကြောင်းကျွမ်းကျင်သူ လီကျယ်က အစိုးရအာဘော် Global Times သို့ပြောသည်။

“နိုင်ငံ၏ ဒုတိယမြောက် လေယာဉ်တင် သင်္ဘောဖြစ်သော Shandong တွင်လည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိပေ” ဟု  မျိုးချစ်စိတ်ပြင်းထန်သည့် သတင်းခေါင်းကြီးများနှင့် အယ်ဒီတာ့အာဘော်များအတွက် လူသိများသော Global Times က ဖော်ပြသော်လည်း နောက်ပိုင်းအခြေအနေ အသေးစိတ်ကို ဖော်ပြခြင်းမရှိပေ။

အမေရိကန်နိုင်ငံသည် ထိုအရေးပါသော စစ်မျက်နှာကို လုံး၀ စွန့်ပစ်ထားခြင်း မပြုပေ။

၎င်းတို့၏ Arleigh Burke အတန်းအစား လမ်းညွှန်ဒုံးကျည် ဖျက်သင်္ဘော USS Barry (DDG 52) သည် လက်နက်ပြည့် စစ်ရေးလေ့ကျင့်မှုကို မကြာသေးမီရက်များက ပြုလုပ်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း ဒုံးကျည်တစင်း ပစ်ခတ်ခဲ့ကာ အနောက်ပစိဖိတ်တွင် လွတ်လပ်သော ရေကြောင်းသွားလာမှု စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် အမှတ် ၇ စစ်သင်္ဘောအုပ်စုက ကြေညာသည်။

“Arleigh Burke အတန်းအစား လမ်းညွှန်ဒုံးကျည် ဖျက်သင်္ဘော USS Barry (DDG 52) သည် လက်နက်ပြည့် စစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပြီး ထို စစ်သတင်းအချက်အလက်ဌာန စစ်ဆင်ရေးကို ပြုလုပ်ခဲ့သည်” ဟု အမှတ် ၇ ရေတပ်သင်္ဘောအုပ်စု၏ လူမှုကွန်ရက်တွင် လွန်ခဲ့သောတပတ်က ဖော်ပြသည်။

“[USS] Barry သည် အင်ဒိုပစိဖိတ်ဒေသ လုံခြုံတည်ငြိမ်ရေးကို အထောက်အကူပြုမည့် စစ်ဆင်ရေးများ ဆောင်ရွက်နေသည်” ဟု ရေးသားထားသော်လည်း မည်သည့်ဖက်ကမျှ ထိုရေကြောင်းဒေသ အဆုံးအထိ သွားလာခြင်း မရှိပေ။

(Asia Times သတင်းထောက် Richard Javad Heydarian ၏ China seizes Covid-19 advantage in South China Sea ကိုဘာသာပြန်သည်။)

You may also like these stories:

“လာမစမ်းနဲ့ မှားသွားမယ်” ပင်တဂွန် သတိပေး ပြောကြား

Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်

ကိုဗစ်-၁၉ ကာလ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး

Did you find apk for android? You can find new Free Android Games and apps.
Loading