အနယ်နယ် အရပ်ရပ်က ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေနဲ့ အမြဲလိုလို စည်ကားနေတတ်တဲ့ ပုဂံဟာ အခု ချိန်မှာ လူမနေတော့တဲ့ ရှေးဟောင်းမြို့ကြီးလို တိတ်ဆိတ် ငြိမ်သက်နေပါတယ်။
ကားကြီးကားငယ် အသွယ်သွယ် ဥဒဟို သွားလာနေတဲ့ ပုဂံက လမ်းမကြီးတွေ၊ ဧည့်သည်တွေနဲ့ ကြိတ်ကြိတ်တိုး စည် ကားနေတတ်တဲ့ ဘုရားပုထိုး စေတီကြီးတွေ၊ ပြေးလွှားနေတဲ့ မြင်းလှည်းယာဉ်တွေ စတဲ့ မြင်ကွင်းတွေ ပျောက်ကွယ် လို့ သွားပါပြီ။
ဒါဟာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသည်လည်း ကမ္ဘာတလွှား ရင်ဆိုင်ကြုံတွေ့နေ ရတဲ့ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ကပ်ရောဂါကြီးရဲ့ ရိုက်ခတ်မှုကို ခံစားနေရပြီလို့ ပြသနေတာပဲ ဖြစ်ပါတယ်။
ဧပြီ ၁၀ ရက် မနက် ၃ နာရီအချိန်ထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ ၂၇ ဦးအနက် ၃ ဦး သေဆုံးသွားပြီ ဖြစ်ပါတယ်။
ပုဂံဒေသရဲ့ ခရီးသွားဧည့်သည် ဝင်ရောက်မှု
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်လောက်ကစလို့ COVID-19 ဂယက်ကြောင့် ပုဂံဒေသကို ကမ္ဘာလှည့် ခရီးသွားဧည့်သည် ဝင်ရောက်မှု အတော် နည်းသွားပါတယ်။
ပြည်တွင်း ဘုရားဖူး ကားလေးတွေ ကြိုကြားလာနေသေးပေမယ့် မတ် ၂၃ ရက်၊ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ သူ စတင်တွေ့ရှိပြီး နောက်မှာ ဧည့်သည်လာရောက်မှု လုံးဝ မရှိတော့ဘဲ အခုဆိုရင် ပုဂံဒေသရဲ့ ခရီးသွားလုပ်ငန်းဟာ လုံးဝ ရပ်တန့်သွားပါပြီ။
ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံဌာနခွဲ) ရဲ့ စာရင်းတွေအရ ၂၀၁၉ တုန်းက ပုဂံကို နိုင်ငံခြားသား ဧည့် သည် ဝင်ရောက်မှု ၄ သိန်းကျော် ရှိခဲ့ပြီး အဲဒီနှစ် ဒီဇင်ဘာ ၁ လတည်းမှာပဲ ၆၀၀၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီမှာတော့ ၂၈၀၀၀ လောက်ထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။
ပြည်တွင်း ဧည့်သည်အနေနဲ့ ၂၀၁၉ မှာ ၁၆၄၀၀၀ ကျော် လာရောက် လည်ပတ်ခဲ့ပြီး ဒီစာရင်းဟာ ဟိုတယ်/ခရီး ဆီ ရောက်ရှိလာတဲ့ လိုင်စင်ရဟိုတယ်တွေရဲ့ စာရင်းမျှသာဖြစ်တယ်လို့ ဟိုတယ်/ခရီး(ပုဂံဌာနခွဲ) တာဝန်ခံ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။
၂၀၁၉ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီက ပြည်တွင်းဧည့်သည် စာရင်းနဲ့ ဒီနှစ်ကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဧည့်သည် ဦးရေ ၅၀၀၀ ကျော်လောက် ကျဆင်းသွားတယ်လို့ သိရပါတယ်။
အရင်နှစ် ဒီလိုအချိန် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေပြီးချိန်ဆို ပုဂံမှာ ပြည်တွင်းခရီးသွားတွေနဲ့ ပြည့်နှက်နေပြီး စားသောက်ဆိုင်၊ တည်းခိုခန်းတွေ မလောက်သလို လမ်းပေါ်မှာလည်း ကားကြီး၊ ကားငယ်တွေနဲ့ ကြိတ်ကြိတ်တိုးပဲလို့ ပုဂံဒေသခံ ကိုမင်းချမ်းဦးက ပြောပါတယ်။
“အရင်တုန်းက လူတွေအများကြီးနဲ့ ကျွတ်ကျွတ်ညံအောင် ဆူနေတဲ့ပုဂံက အခုအချိန်မှာကျ အပျိုဖြန်းလေးလိုပဲ ငြိမ် သက် လှပနေတယ်ပေါ့” လို့ သိသိသာသာ ပြောင်းလဲသွားတဲ့ ပုဂံကို သူက တင်စားပြောဆိုပါတယ်။
အသက် ၃၇ နှစ်အရွယ် ကိုမင်းချမ်းဦးဟာ ပုဂံခရီးသွားဧည့်သည်တွေကို E-bike ၊ တုတ်တုတ် (Touk Touk) ငှားရမ်း ပြီး အသက်မွေးဝမ်းကြောင်း ပြုနေသူတဦး ဖြစ်ပါတယ်။
ကိုဗစ်ကြောင့် ပုဂံဒေသ အလွှာပေါင်းစုံအပေါ် ရိုက်ခတ်မှု
COVID-19 ကြောင့် ပုဂံမှာ ဖေဖော်ဝါရီ လလောက်ကတည်းက လုပ်ငန်းတွေ တဖြည်းဖြည်း ရပ်တန့်လာခဲ့ရာကနေ အခုဆို ‘ဇီးရိုး’ ဖြစ်သွားပြီလို့ ပုဂံဒေသခံတွေက ပြောပါတယ်။
ပုဂံ-ညောင်ဦး ဒေသဟာ ခရီးသွားလုပ်ငန်းအပေါ် မှီခိုရပ်တည်နေရတာဖြစ်လို့ အခုလို မမျှော်လင့်တဲ့ ကပ်ရောဂါ ကြီး ဝင်ရောက်လာတဲ့အခါ အဲဒီ ဒေသမှာရှိတဲ့ ဟိုတယ်၊ စားသောက်ဆိုင် လုပ်ငန်းကစလို့ မြင်းလှည်းမောင်းသူ၊ ဘုရား တွေမှာ အမှတ်တရ ပစ္စည်းရောင်းချသူ အဆုံး အလွှာပေါင်းစုံမှာ ရိုက်ခတ်မှုတွေ ဖြစ်သွားပါတယ်။
မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)ရဲ့ အတွင်းရေးမှူးလည်းဖြစ်၊ ပုဂံမြို့သစ်မှာ လမင်းသစ် အမည်နဲ့ မြန်မာထမင်းဆိုင်လည်း ဖွင့်ထားတဲ့ ဦးခင်မောင်ထွေးက စားသောက်ဆိုင် လုပ်ငန်းနဲ့ ပတ်သက်လို့ ဆိုင်လုပ် ငန်း ရင်းနှီးမြှုပ်နှံသူ၊ ဆိုင်ဝန်ထမ်းနဲ့ မိသားစုတွေရဲ့ အကျိုးစီးပွားအပေါ် ဆုံးရှုံးမှုများစွာ ဖြစ်စေတယ်လို့ ရှင်းပြပါတယ်။
“မှတ်မှတ်ရရ အလုံးအရင်းနဲ့ ဝင်လာတာ နည်းသွားတာက နှစ်လပိုင်း အလယ်လောက်မှာ တော်တော်များများ reservation (ကြိုတင်စာရင်းသွင်း) တွေ ပျက်သွားတယ်။ အဲဒီကစပြီးတော့မှ သိသိသာသာ ရပ်သွားတယ်” လို့ သူက ဆိုပါတယ်။
ပုဂံ-ညောင်ဦးဒေသမှာ တိုးပွားလာတဲ့ လမ်းဘေးဆိုင်လေးတွေ အပါအဝင် စားသောက်ဆိုင်ပေါင်း ၃၀၀ လောက် ရှိတဲ့ အနက် ဆိုင် ၈၀ ကျော်ကတော့ အသင်းဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
အခုဆိုရင် ဆိုင်အားလုံးနီးပါး ပိတ်ကုန်ပြီ ဖြစ်ပြီး အနည်းငယ်လောက်သာ ပါဆယ်စနစ်၊ အိမ်တိုင်ရာရောက် ပို့ပေးတဲ့စ နစ် (Delivery) တွေနဲ့ ဝန်ဆောင်မှု ဆက်လက် ပေးနေတယ်လို့ ဦးခင်မောင်ထွေးက ပြောပြပါတယ်။
သူ့ဆိုင်ကို မတ်လ ၂၀ ရက် ကတည်းက အရောင်းရပ်လိုက်ပြီး Delivery ပုံစံမျိုးပဲ ထားရှိကာ အဝေးက ဆိုင်ဝန်ထမ်း တချို့ကို ပြန်လွှတ်လိုက်ပြီး ကျန်သူတွေကိုတော့ ဆိုင်မှာပဲ ခေါ်ထားကာ လစာနှုန်းထား ၁ ခုနဲ့ ညှိနှိုင်းပြီး အတူနေထိုင် စားသောက်ကြတယ်လို့ ဆိုပါတယ်။
ဆိုင်တချို့ကတော့ ရာခိုင်နှုန်းတခု သတ်မှတ်ပြီး ဆိုင်ဝန်ထမ်းတွေကို ခွင့်အဖြစ် ပေးထားသလို ခွင့်မဲ့ လစာပုံစံမျိုးနဲ့ လုပ်လိုက်တာတွေ ရှိပေမယ့် ဒီလုပ်ငန်းတွေ ပြန်လည်ပတ်တဲ့အခါ ကိုယ့်ဝန်ထမ်းတွေကို ဦးစားပေးဖို့ သဘောတူညီ ထားကြတယ်လို့ သူက ရှင်းပြပါတယ်။
ဒေသခံ စီးပွားရေး လုပ်ငန်းတခုဖြစ်တဲ့ E-bike ၊ တုတ်တုတ် ငှားရမ်းမှုတွေလည်း ရပ်တန့်သွားတာဖြစ်လို့ ချေးငွေယူပြီး စီးပွားရေး ထူထောင်ထားတဲ့သူတွေအဖို့ စားဝတ်နေရေးအတွက် ပူပန်ရတဲ့အပြင် ချေးငွေ ပုံမှန် ပြန်ဆပ်ဖို့ပါ အတော် ခက်ခဲတဲ့ဘဝ ရောက်သွားရတယ်လို့လည်း ဒေသခံ ကိုမင်းချမ်းဦးက ပြောပြပါတယ်။
ကိုမင်းချမ်းဦးမှာ E-bike ၁၅ စီး ရှိပြီး လုပ်ငန်းကောင်းချိန်မှာ တရက်ကို အနည်းဆုံး ဝင်ငွေ ကျပ် ၅၀၀၀၀ လောက် ရသလို တုတ်တုတ် တစီးငှားရင်လည်း တရက်ကို ၁၅၀၀၀ ကနေ ၁၇၀၀၀ ကျပ် လောက်ထိ ရပါတယ်။
“အခုဆိုရင် ဒီလုပ်ငန်းတွေက လုံးဝ ဇီးရိုး ရပ်တန့်သွားတယ်။ ဝင်ငွေ တကျပ်မှ မရကြတော့ဘူး” လို့ ကိုမင်းချမ်းဦး က ပြောပါတယ်။
တုတ်တုတ် ၁ စီးရဲ့ တန်ဖိုးဟာ ငွေကျပ် ၅၆ သိန်းကျော် ရှိပြီး အရစ်ကျချေးငွေနဲ့ ဝယ်တဲ့အခါ အတိုး အပါအဝင် သိန်း ၆၀ လောက် ကျသင့်သွားတာကို လစဉ် နှုန်းထားတခုနဲ့ ပြန်လည်ပေးသွင်းကြရပါတယ်။ အနည်းဆုံး တလကို ငွေကျပ် ၂၀၀,၀၀၀ ပြန်လည် ပေးသွင်းရတယ်လို့ မကြာသေးခင်ကမှ တုတ်တုတ်ဝယ်ထားတဲ့ ကိုလှလေးက ရှင်းပြပါတယ်။
ဒီလို အသေးစား လုပ်ငန်းတွေအတွက် ထောက်ပံ့မှုတွေ မရနိုင်သော်ငြား ဒီချေးငွေတွေ ခေတ္တရပ်ပေးတာမျိုး၊ အခြေ အနေကောင်းမှ ပြန်သွင်းရတာမျိုး လုပ်ပေးစေချင်တယ်။ မဟုတ်ရင်တော့ တုတ်တုတ်ကို ပြန်သိမ်းသွားဖို့ပဲ ရှိတယ်လို့ သူက ဆိုပါတယ်။
ညောင်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုတွေမှာ အသေးစား ငွေစု၊ ငွေချေး လုပ်ငန်း ဆောင်ရွက်နေတဲ့ Pact Global Microfinance Fund, Alliance Microfinance, KEB-Hana, LOLC, မြတ်ကျွန်းသာ ငွေစုငွေချေးကုမ္ပဏီနဲ့ Sathapana ဆိုတဲ့ အဖွဲ့အစည်း ၆ ခု ရှိတယ်လို့ သိရပါတယ်။
ကိုဗစ်ကြောင့် ပြည်သူတွေ အတိုးငွေ ပြန်လည်ပေးဆပ်ဖို့ ခက်ခဲနေလို့ အတိုးငွေ ပြန်ကောက်ခံခြင်းကို ဧပြီ ၃၀ ရက်ထိ ဆိုင်းငံ့ဖို့ ဆောင်ရွက်ပေးနိုင်ရေး ညောင်ဦးခရိုင် စီမံခန့်ခွဲမှု ကော်မတီကို ဧပြီ ၁ ရက်စွဲနဲ့ တင်ပြထားပေမယ့် ဧပြီ ၇ ရက် နေ့ထိ တစုံတရာ ညွှန်ကြားချက် ပြန်မကျသေးဘူးလို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပြောပါတယ်။
“ခရိုင်က ဘယ်လို စီမံပေးမလဲ၊ တိုင်းကို တင်ပြပေးအုံးမလား မပြောတတ်ဘူး။ ကျနော်က ကြားထဲက ညှိနှိုင်းပေးတဲ့ သဘောပါပဲ။ အစိုးရရဲ့ အစီအမံနဲ့ လုပ်ရမှာဖြစ်လို့ အခုလည်း အစိုးရက ကူညီထောက်ပံ့မှုတွေ လုပ်နေတာပဲ။ အစိုးရ အနေနဲ့လည်း ညှိနှိုင်းပေးမယ် ထင်ပါတယ်” လို့ သူက ဆိုပါတယ်။
ဟိုတယ်လုပ်ငန်းရှင်နဲ့ ဝန်ထမ်းတွေရဲ့ အခက်အခဲ
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန(ပုဂံဌာနခွဲ) စာရင်းအရ ပုဂံမှာ လိုင်စင်ရပြီး ဟိုတယ်နဲ့ တည်းခိုရိပ်သာပေါင်း ၁၀၇ လုံး ဆိုပေမယ့် မြေပြင်မှာတော့ အလုံးပေါင်း ၂၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဟိုတယ် အားလုံးနီးပါး ပိတ်ကုန်ပြီ ဖြစ်ပါတယ်။
အသက် ၄၆ နှစ်အရွယ် ဦးဇော်ဦး အလုပ်လုပ်နေတဲ့ ပုဂံမြို့သစ်က Thazin Garden Hotel ကတော့ မတ်လကုန်က တည်းက ဝန်ထမ်းတွေကို ၁၅ ရက်ဆင်း၊ ၁၅ ရက်နားပြီး ၁၅ ရက်စာ အကျိုးခံစားခွင့်နဲ့ အဆိုင်းခွဲ စီစဉ်ထားသလို ဒီလို ပုံစံနဲ့ ဘယ်လောက်ကြာကြာ ဆက်သွားရမယ်ဆိုတာ မသိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ အနေအထားအရ အားလုံး အကျပ်အတည်း ဖြစ်နေပြီး တခြားဟိုတယ်တွေကလည်း အလုပ်ခေါ်မှာ မဟုတ်လို့ အလုပ်ဖြုတ်ခံရမှာထက်စာရင် ဒီအစီအစဉ်ကို လက်ခံကြရတယ်လို့ သူက ပြောပြပါတယ်။
သူ ဒီဟိုတယ်မှာ Food & Beverage မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေတာ ၅ နှစ်နီးပါ ရှိပြီဖြစ်သလို ဟိုတယ် လုပ်ငန်းပိုင်းဆိုင်ရာမှာ ကျင်လည် အသက်မွေးဝမ်းကြောင်း ပြုနေတာ နှစ် ၂၀ လောက် ရှိပြီလို့ ဆိုပါတယ်။
အရင်နှစ်တွေတုန်းက ဒီလိုအချိန်မှာ ဧည့်သည်တွေ များလွန်းလို့ အလုပ် အရမ်းလုပ်ခဲ့ရတာ၊ အခန်းပေါင်း ၇၁ ခန်း ရှိ တဲ့ သူတို့ဟိုတယ်မှာ အခန်းပြည့် ဧည့်သည်ဝင်တာကြောင့် နံနက်စာတောင် အချိန်ခွဲပြီး ကျွေးရတာကို သူ ပြန်လည် သတိရမိ သွားပုံ ပေါ်ပါတယ်။
“ကျနော်တို့က ဧည့်သည်မျှော်ပြီး လုပ်ရတာဆိုတော့ အခုအခါ ဧည့်သည်မရှိလို့ စိတ်ညစ်တာက တကြောင်း၊ ရပိုင်ခွင့် ကလည်း တဝက်ပဲ ရမှာဆိုတော့ ကျနော်တို့ ရပ်တည်ဖို့ရာ လွယ်တော့မလွယ်ဘူး” လို့ သူက ဆိုပါတယ်။
အလုပ်သမားတွေ ဒုက္ခရောက်သလို အလုပ်ရှင်လည်း ဒုက္ခရောက်နေတာ ဖြစ်ပေမယ့် ဟိုတယ်ခရီးနဲ့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်)ကနေ ဝန်ထမ်းတွေအတွက် တန်းတူရည်တူ အခွင့်အရေးရဖို့ ဆောင်ရွက် ပေးစေချင်တယ်လို့ ဝန်ထမ်းတွေ ကိုယ်စားက သူက မေတ္တာရပ်ခံပါတယ်။
အခုကတော့ လုပ်ငန်းရှင်က ကိုယ့်ဝန်ထမ်းတွေကို ပြန်ကြည့်မှသာလျှင် အဆင်ပြေမှာဖြစ်ပြီး ပြန်မကြည့်ရင်တော့ ကိုယ်ထိုက်နဲ့ ကိုယ့်ကံလို ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။
တတ်နိုင်တဲ့ လုပ်ငန်းရှင်တွေ အားလုံးကတော့ ကိုယ့်ဝန်ထမ်းကိုယ် ပစ်ထားမှာ မဟုတ်ပေမယ့် ဟိုတယ်အားလုံးကို စလုတ်တိုက်ဖို့ကတော့ မျှတမယ် မထင်ဘူးလို့ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဦးဇော် ဝိတ်က ပြောပါတယ်။
တချို့က လုပ်ငန်းရှင်လို့သာ ပြောပေမယ့် ချေးငွေတွေနဲ့ ယဲ့ယဲ့လေးသာ ကျန်တော့တာဖြစ်လို့ ကျောထောက်နောက်ခံ အားကောင်းနေတဲ့သူတွေက လုပ်ချင်တဲ့ မူဝါဒနဲ့ ချေးငွေတွေ တပုံကြီး နဲ့ ဆောက်ထားတဲ့ ဟိုတယ်လေးတွေရဲ့ မူဝါဒ ဘယ်လိုမှ တူမှာမဟုတ်ဘူးလို့ သူက ရှင်းပြပါတယ်။
ပုဂံမြန်မာကုမ္ဗဏီ ဥက္ကဋ္ဌဖြစ်တဲ့ ဦးမျိုးမင်းဦးကတော့ အခုလိုအချိန်မှာ အသင်းအနေနဲ့ လုပ်ငန်းရှင်တွေ အားလုံးကို ခေါ် ပြီး အစည်းအဝေး လုပ်သင့်တယ်၊ အခုကိစ္စဟာ အများနဲ့ ဆိုင်တာဖြစ်လို့ ဟိုတယ်တခုတည်းရဲ့ မူကို မယူစေချင်ဘဲ အစီအစဉ် တခုကို တညီတညွတ်တည်း လုပ်ရမယ့်၊ ကြိုတင် ပြင်ဆင်ရတော့မယ့် အနေအထား ဖြစ်တယ်လို့ ယူဆပါတယ်။
တယောက်တပေါက် လုပ်နေမယ်ဆိုရင် နောက်ပိုင်း မငြိမ်သက်မှုတွေ ဖြစ်လာနိုင်သလို ဝန်ထမ်းတွေရဲ့ ဆူပူအုံကြွမှုတွေလည်း အများကြီး ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
ဦးမျိုးမင်းဦးဟာ ပုဂံမှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပုဂံဇုန်ဝင်ကြေး အပါအဝင် ဟိုတယ်၊ စားသောက်ဆိုင်၊ နေ ဝင်နေထွက်ကြည့်ခြင်း၊ မိုးပျံပူပေါင်း (Balloons) စတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ Balloons လုပ်ငန်းကိုတော့ ရာသီမပြီးသေးဘဲ ရပ်လိုက်ရပြီး တရုတ်ဧည့်သည်တွေနဲ့ ချုပ်ထားတဲ့ စာချုပ်တွေ လည်း အကုန်ပျက်သွားတယ်လို့ ဆိုပါတယ်။
ယွန်းထည်လုပ်ငန်း အခြေအနေ
ကမ္ဘာလှည့် ခရီးသွားဧည့်သည်တွေ အကြား ရေပန်းစားတဲ့ အရာတခုဖြစ်တဲ့ ပုဂံ ယွန်းထည်လက်မှု လုပ်ငန်းဟာလည်း ဧည့်သည်တွေ မလာတော့ဘူးဆိုတာနဲ့ အလိုအလျောက် ဈေးကွက် ကျဆင်းသွားတာပဲလို့ ပစ်တိုင်းထောင် ယွန်းထည် လုပ်ငန်းပိုင်ရှင် ဦးမောင်မောင်က ပြောပါတယ်။
“ယွန်းထည်လုပ်ငန်းက အဓိက ကမ္ဘာလှည့်ခရီးသွားအပေါ်မှာ ရပ်တည် မှီခိုရတာ။ ပြည်တွင်းကတော့ သုံးတယ်။ ဝယ် တယ်။ သို့သော် ယွန်းထည်လုပ်ငန်းကြီး တခုလုံး မှီခိုဖို့အတွက် ဖြစ်နိုင်တဲ့ အနေအထားမရှိဘူး” လို့ မြန်မာ့ယွန်းထည် အသင်း(ပုဂံဇုန်) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမောင်မောင်က ရှင်းပြပါတယ်။
ဒီယွန်းထည် လုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ ယွန်း artist (အနုပညာရှင်)တွေဟာ သူတို့ လုပ်ငန်းရှင်တွေဆီမှာ ငယ်စဉ် ကတည်းက ပညာသင်ပြီး လုပ်လာတဲ့သူတွေ၊ မိသားစုတွေလို ဖြစ်နေတော့ မိသားစု စိတ်ဓာတ်နဲ့ ပြန်ကြည့်တဲ့အခါ ဘေးကျပ်နံကျပ် ဖြစ်ရပါတယ်လို့ သူက ဖွင့်ဟပြောဆိုပါတယ်။
သူ့အနေနဲ့ ရုန်းနိုင်သလောက် ရုန်းဖို့ စိတ်ပိုင်းဖြတ်ထားပေမယ့် ရှည်ကြာလာမယ်ဆိုရင်တော့ ယွန်းထည် လုပ်ငန်း ရှင်တွေရော၊ ဝန်ထမ်းတွေရော မခံနိုင်လောက်ဘူးလို့ သူက ပြောပြပါတယ်။
မြင်းလှည်းမောင်းသူတွေနဲ့ Souvenir Shop တွေ
“မြင်းစာဖိုးတောင် မရှိဘူး။ ဝယ်မယ့်သူ ရှိရင်တော့ ဒီမြင်းနဲ့လှည်းလေးကို ရောင်းတော့မယ်” လို့ ဖွင့်ဟပြောလာသူက ပုဂံမြို့ဟောင်း တောင်ဘီရွာက မြင်းလှည်းသမားကြီး ဦးမျိုးညွန့် ဖြစ်ပါတယ်။
မြင်း ၁ ကောင်ရဲ့ အစာအတွက် ပုံမှန် တနေ့ကို ၅၀၀၀ ကျပ်ဖိုးလောက် ကုန်ပေမယ့် အခုတော့ ၂၀၀၀ လောက်နဲ့ ချွေ တာ ကျွေးနေရတယ်။ မြင်းလှည်းသမားတွေကို မြင်းစာဖိုးအတွက် ၂ လ၊ ၃ လလောက် ထောက်ပံ့ပေးမယ် ဆိုရင်တော့ အသက် ရှူချောင်တာပေါ့လို့ သူက ပြောပြပါတယ်။
“အလုပ်က မဖြစ်ဘူး။ မနက်တခေါက်တော့ မြင်းအညောင်းပြေ ပတ်ပြီးမောင်း။ နေ့ခင်းဘက်ဆို မသွားတော့ဘူး။ လူ က ခြောက်ခမ်းနေတာလေ” လို့ သူက ဆိုပါတယ်။
ပုဂံ-ညောင်ဦးမှာ မြင်းလှည်းအစီးပေါင်း ၂၄၀ ရှိပြီး ထပ်တိုးဖို့ စီစဉ်ထားတဲ့ အရေအတွက်နဲ့ ပေါင်းလိုက်ရင်တော့ လာ မယ့် ဧည့်ရာသီမှာ အစီး ၃၀၀ လောက် ဖြစ်သွားမယ်လို့ ပုဂံ-ညောင်ဦး မြင်းလှည်းယာဉ်အသင်းထံမှ သိရပါတယ်။
ဧည့်သည်ကျချိန်ဆို လက်ပန်းချီဆိုင်ကအစ တွန်းလှည်းလေးတွေနဲ့ ရောင်းတဲ့ဆိုင်တွေအဆုံး စည်ကားနေကြတော့ ဝင်ငွေ စိုစိုပြည်ပြည် ရကြသလို မြင်းလှည်းသမားတွေလည်း တနေ့ကို အနည်းဆုံး ၃၀၀၀၀ ကျပ် လောက်တော့ ဝင်ငွေရှိတယ်လို့ ပုဂံ-ညောင်ဦး မြင်းလှည်းယာဉ်အသင်းမှ ဦးတင်အောင်မိုးက ပြောပြပါတယ်။
ပုဂံ-ညောင်ဦး မြို့နယ်ဟာ ဧည့်သည်မျှော်ပြီး နေရတဲ့ မြို့ဖြစ်လို့ ဧည့်သည် မလာဘူးဆိုရင် ဒေသခံလူထုအတွက် စား ဝတ်နေရေး အခက်အခဲရှိတယ်လို့ သဗ္ဗေညုဘုရားမှာ အမှတ်တရပစ္စည်း အရောင်းဆိုင် ဖွင့်ထားတာ ၁၅ နှစ် ရှိပြီ ဖြစ်တဲ့ ဦးသန်းဌေး က ပြောပါတယ်။
“တခြား လုပ်ငန်းလည်း မရှိဘူး။ ဒီဆိုင်က ဘိုးဘွားတွေ လက်ထက်ကတည်းက ထွက်လာတဲ့အခါ ဒီအပေါ်မှာပဲ မှီခိုနေရတာ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။
“ဒီရောဂါ မမျှော်လင့်ဘဲ ဖြစ်လာပြီး ဒီလောက်ထိ ရိုက်ခတ်သွားတော့ ရှိတာလေး ထုခွဲရောင်းချ။ ရှိသမျှလေး ကြံဖန်ပြီး စားရမှာပေါ့” လို့လည်း သူက ပြောပါတယ်။
ကိုဗစ်ပေးတဲ့ ပုဂံဒေသခံတွေရဲ့ သောက
တာမဏီ ဆုတောင်းပြည့်ဘုရားမှာ ဧည့်သည်တွေကို အမှတ်တရ သနပ်ခါးလိမ်းပေးနေတဲ့ မြင်းကပါရွာ မြို့ရှေ့ရပ်က ဒေါ်တင်တင်ဌေး တယောက်လည်း ရောဂါဝေဒနာကြောင့် ဘုရားဖူးတွေ မလာတော့ဘူးဆိုရင် ဘယ်လို ရှာဖွေစားရမ လဲ၊ ကုန်ဈေးနှုန်းတွေ တက်သွားမလားဆိုပြီး စိုးရိမ်ပူပန်လို့ နေပါတယ်။
“ဒီရောဂါ မြန်မြန်ပျောက်စေချင်ပါတယ်။ အားလုံးကလည်း စိုးရိမ်စိတ်တွေများပြီး မျက်ရည်ကျမလိုလို ဖြစ်နေပြီ” လို့ သူက ပြောပါတယ်။
ရခိုင်အရေးကြောင့် အနောက်နိုင်ငံက ခရီးသွားတွေ အဝင်နည်းတာကို ကုစားဖို့ ၂၀၁၈ အောက်တိုဘာလ ကနေစပြီး တရုတ်နိုင်ငံ အပါအဝင် ဟောင်ကောင်၊ မကာအို၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတို့မှ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင် သူတွေကို ဆိုက်ရောက်ဗီဇာ စတင် ခွင့်ပြုပေးခဲ့ပါတယ်။
ဒါ့အပြင် ဥရောပ နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ စပိန်၊ အီတလီ၊ ဆွစ်ဇာလန်၊ ရုရှားနဲ့ ဂျာမဏီ ၆ နိုင်ငံကိုလည်း ဆိုက်ရောက်ဗီဇာ ပေးခဲ့ပါတယ်။
ဒါပေမယ့် ကပ်ရောဂါကြီး ဖြစ်လာတဲ့အခါမှာတော့ မတ်လ ၂၁ ရက်ကစလို့ မြန်မာအစိုးရအနေနဲ့ နိုင်ငံအားလုံးအတွက် ဆိုက်ရောက်ဗီဇာနဲ့ အီလက်ထရွန်နစ်ဗီဇာ ထုတ်ပေးခြင်းတွေကို ဧပြီ ၃၀ ရက်ထိ ရပ်ဆိုင်းလိုက်ရပါတယ်။
အစိုးရရဲ့ ဖြေလျော့မှု တချို့ကြောင့် အရှေ့ရော အနောက်နိုင်ငံကရော ခရီးသွားတွေ ပိုပြီး ဝင်ရောက်လာမယ်၊ သိပ် မကြာခင် ကာလကမှ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်သွားလို့ ပုဂံဒေသ ခရီးသွားကဏ္ဍ ပိုမိုမြင့်တက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ လုပ်ငန်းတွေ တိုးချဲ့ပြီး ကြိုတင်ပြင်ဆင်ခဲ့ကြတာပါ။
ဒီနှစ် ခရီးသွားရာသီ အစပိုင်းက ရခိုင်ကိစ္စနဲ့ ဧည့်သည် မကျခဲ့ဘဲ အထနှေးခဲ့ပေမယ့် ပုံမှန်အတိုင်းဆို နောက် ဆွဲကောင်းမယ်လို့ မျှော်လင့်လာရင်း ဧပြီထိ လုပ်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် မမျှော်လင့်တဲ့ ကမ္ဘာ့ကပ်ရောဂါကြောင့် အရာရာ ထပ်ပြီး ရပ်တန့်သွားရပြန်ပါတယ်။
“ဒီလို ချက်ချင်း ရပ်တန့်သွားတဲ့အချိန်မှာ ကျနော်တို့ တကယ်တမ်း စုဆောင်းချိန် မရလိုက်ပါဘူး။ သေချာတာကတော့ ရေရှည်တောင့်ခံဖို့ အင်အား လက်ထဲမှာ မရှိနိုင်ဘူး” လို့ ကိုမင်းချမ်းဦးက ဖွင့်ဟပါတယ်။
အခုလိုအချိန်က နိုင်ငံခြား ခရီးသွားဧည့်သည်တွေ အလာနည်းသွားပေမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေပြီးချိန်၊ သင်္ကြန်လို ပိတ်ရက်ရှည်တွေမှာ ပြည်တွင်း ဘုရားဖူး ဧည့်သည် အများအပြား လာတာဖြစ်လို့ ဧပြီလကုန်ထိ စည်ကား နေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။
ဆယ်တန်း စာမေးပွဲ ဖြေပြီးချိန်ဆို ရွှေစက်တော် အသွားအပြန်နဲ့ ပုဂံညောင်ဦးက တော်တော်စည်ကားတဲ့ မြို့ဖြစ်ပြီး ဘုရားတွေမှာ ကြိတ်ကြိတ်တိုး၊ အခုလို တနိုင်ငံလုံး ကျောင်းပိတ်ချိန် တန်ခူးကတော့ ကြက်ပျံမကျ စည်ကားချိန်ပဲလို့ ပုဂံရောက် အမှတ်တရ ပစ္စည်းရောင်းချသူ ဦးသန်းဌေးက ပြောပါတယ်။
“ဒီနှစ် တန်ခူးအတွက်ကတော့ မျှော်လင့်ချက် မရှိတော့ဘူးလို့” သူက ညှိုးငယ်စွာ ဆိုပါတယ်။
လက်ရှိ ကျန်းမာရေး ပြဿနာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ တိုးပြီး လုပ်ငန်းတိုးချဲ့ ထားတာတွေဟာ ငွေငုတ်သွားပြီ၊ ကျန်းမာရေးလို့သာ ပြောပေမယ့် ဒါဟာ စီးပွားရေးကပ်လည်း ဆိုက်တာပဲလို့ သူက ဦးမောင်မောင်က ပြောပါတယ်။
“လူတိုင်းအကုန်လုံးက ညည်းကြတာပဲ။ တလ နှစ်လနဲ့ ပြတ်သွား ကိစ္စ မရှိဘူး။ ဘယ်လောက် ရေရှည်သွားမလဲ စိုး ရိမ်နေကြတာ။ ဘယ်လို ဆက်သွားရမလဲနဲ့ အားလုံးက သောကတွေနဲ့ချည်းပဲ” လို့ သူက ပြောပါတယ်။
ကုစားရေးကော်မတီနဲ့ ကျပ် ၁၀၀ ဘီလီယံ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး ထိခိုက်မှုကို ကုစားဖို့ဆိုပြီး အစိုးရက ကော်မတီတရပ် ဖွဲ့ထားသလို ကျပ် ၁၀၀ ဘီ လီယံကို မတည်ငွေအဖြစ် အသုံးပြုပြီး လက်ခစားလုပ်ငန်းတွေ (CMP)၊ ခရီးသွားလုပ်ငန်းတွေနဲ့ အသေးစား/ အလတ် စား (SME) စတဲ့ ဦးစားပေးကဏ္ဍတွေကို ထုတ်ချေးပေးသွားဖို့ ထုတ်ပြန် ကြေညာထားပါတယ်။
ချေးငွေကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁ နှစ် သတ်မှတ်ထားပြီး လတ်တလော ထိခိုက်မှုအများဆုံး ခံစားရ တဲ့ SME လုပ်ငန်းတွေကို ဧပြီ ၉ ရက်မှာ ပထမ အသုတ်အနေနဲ့ စတင် ထုတ်ချေးတော့မယ်လို့လည်း သိရပါတယ်။
အခုလို ထုတ်ချေးပေးတာကို ဝမ်းသာပေမယ့် နိုင်ငံတော်အစိုးရကနေ ငွေပမာဏကို ကူညီတာပဲဖြစ်ပြီး ငွေကို တာဝန် ယူရတာက လုပ်ငန်းရှင်ဖြစ်လို့ ဒီငွေတွေ ပြန်ဆပ်ရတဲ့အခါ ဝန်ထမ်းဝန်ပိုး ဖြစ်လာနိုင်တယ်လို့ စားသောက်ဆိုင် လုပ် ငန်းရှင်များအသင်း(ပုဂံဇုန်) အတွင်းရေးမှူး ဦးခင်မောင်ထွေးက ပြောပါတယ်။
“နောင်တချိန် ဒီငွေတွေ ပြန်ဆပ်ရတဲ့အခါ လုပ်ငန်း နလန်မထူနိုင်တော့တဲ့ ဘုန်းဘုန်းလဲသွားတဲ့ လုပ်ငန်းရှင်တွေ လည်း ရှိမယ်။ နောင်တချိန်မှာ အကြွေးဆိုတာကြီးတခု ကျန်ခဲ့မယ်ဆိုရင် လုပ်ငန်းရှင်တွေ အနေနဲ့ ရပ်တည်နိုင်မှာ မဟုတ်ဘူး” လို့ သူက ရှင်းပြပါတယ်။
အခုတောင်မှပဲ ဆိုင်အများစုဟာ SME ရယ်၊ SME ထက်နိမ့်တဲ့ အဆင့်တွေဖြစ်သလို ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း ဒေသ ခံတွေကပဲ တပိုင်တနိုင် ဖွင့်ထားကြတာဖြစ်လို့ ရေရှည်တောင့်ခံနိုင်ဖို့ မလွယ်ဘူးလို့ သူက ပြောပါတယ်။
ဖြစ်နိုင်ရင် နိုင်ငံတော်ကနေ တိုက်ရိုက် ထုတ်ချေးပေးတာမျိုး ပိုပြီး လိုလားတောင့်တပြီး လုပ်ငန်းရှင်တွေကိုတော့ ကို ဗစ်အလွန် ပြန်လည်ထူထောင်ရေး၊ နလန်ထူရမယ့် အချိန်အခါကျမှသာ သူတို့ရဲ့ ထိခိုက်နစ်နာမှုအပေါ် မူတည်ပြီး အစိုးရအနေနဲ့ ထောက်ပံ့မှု ပြုလုပ်ပေးစေချင်တယ်လို့ တောင်းဆိုသူတွေလည်း ရှိပါတယ်။
“ကဏ္ဍတိုင်း ထိခိုက်နေတာ နားလည်ပါတယ်။ ကျနော်တို့ ခရီးသွားလုပ်ငန်းကိုလည်း တကယ့်အရေးကြီးတဲ့ ကဏ္ဍဖြစ် လို့ ရှိသမျှ အင်အားလေးနဲ့ ကူညီစေချင်၊ ကယ်တင်စေချင်တယ်။ တတ်နိုင်တဲ့နည်းနဲ့ ထောက်ပံ့ပေးစေချင်တယ်” လို့ ပုဂံ ဧည့်လမ်းညွှန်အသင်း အလုပ်အမှုဆောင် ကိုမြင့်နိုင်က ပြောပါတယ်။
ပုဂံဒေသမှာ ဧည့်လမ်းညွှန်ပေါင်း ၂၀၀ နဲ့ ၃၀၀ ကြားရှိပြီး ဒီလုပ်ငန်းက ရတဲ့ဝင်ငွေအပေါ်မှာပဲ မှီခိုကြတာဖြစ်လို့ ကာ လ ကြာရှည်လာတာနဲ့အမျှ အခက်အခဲဖြစ်ကြမှာလို့ သူက ပြောပြတယ်။
“သူတို့ ဒီလုပ်ငန်း နယ်ပယ်ကနေပြီး စွန့်ခွာသွားမှာ တခြားအလုပ်တွေ ပြောင်းလုပ်မှာကို စိုးရိမ်မိတယ်” လို့လည်း သူက ဆိုပါတယ်။
ကိုဗစ်အလွန် ပုဂံဒေသခံတွေရဲ့ မျှော်လင့်ချက်
အခုလို အကျပ်အတည်း ကာလကို ရောက်နေချိန် ပူပန်သောကတွေ ရှိနေပေမယ့် ပုဂံ ခရီးသွားလုပ်ငန်းဟာ တချိန်မှာ ပြန်ကောင်းလာမယ်ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက် ပုဂံဒေသခံ အားလုံးမှာ ရှိနေပါတယ်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီးရင် ဧည့်သည်က တဟုန်ထိုး တိုးတက်လာတဲ့ တခြားနိုင်ငံက သာဓကတွေ ရှိတာဖြစ် လို့ ကိုဗစ်အလွန် ပုဂံဒေသမှာ ပိုမိုတိုးတက်လာမယ်လို့ ဟိုတယ်/ခရီးက ဦးဝင်းအောင်အနေနဲ့ ယုံကြည်ပါတယ်။
ဒီအတွက်လည်း ပရိုမိုးရှင်းတွေလုပ်ဖို့၊ ဧည့်သည်တွေ ဝင်ရောက်လာရင် ဝန်ဆောင်မှု ကောင်းကောင်း ပေးနိုင်အောင် လိုအပ်သူများကို သင်တန်းပေးဖို့ စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။
လောလောဆယ် အခြေအနေအရ စီးပွားရေးကို စဉ်းစားလို့မရသေးဘဲ ဖြစ်လာတဲ့ ကပ်ရောဂါကို ဘယ်လို ကာကွယ် ကြမလဲ၊ တိုက်ထုတ်ကြမလဲဆိုတာ အစိုးရ ပြည်သူအားလုံး ဝိုင်းဝန်းကြရမှာဖြစ်ပြီး ကိုဗစ်အလွန် ဆိုရင်တော့ စနစ် တကျနဲ့ ပရိုမိုးရှင်း လုပ်ငန်းတွေ ဆက်လုပ်ကြရမှာ ဖြစ်တယ်လို့ ဦးဇော်ဝိတ်ကလည်း ပြောဆိုပါတယ်။
ဒီဒေသက လူတွေဟာ ခရီးသွားလုပ်ငန်း နယ်ပယ်ထဲမှာပဲ ကျင်လည် ဝမ်းစာရှာနေကြတာဖြစ်လို့ တခြား အသက်မွေး ဝမ်းကြောင်း လုပ်ငန်းတခုကို ပြောင်းလုပ်ဖို့ဆိုတာ အခက်အခဲရှိပါတယ်။
ဒါပေမယ့် ကာလကြာလာတဲ့အခါ တခြားနယ်ပယ်ကို ပြောင်းသွားနိုင်တာဖြစ်လို့ ကျွမ်းကျင်ဝန်ထမ်းတွေ ပျောက်ဆုံး သွားနိုင်ပြီး ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာတဲ့အခါ ထပ်မံ အခက်အခဲတွေ့နိုင်တယ်လို့ ကိုမြင့်နိုင်က ပြောပြ ပါတယ်။
ဒီအတွက် ထည့်စဉ်းစားကြဖို့၊ ခရီးသွားလုပ်ငန်းကို မမေ့ဖို့နဲ့ ထောက်ပံ့မှုရှိမှ၊ လုပ်ငန်းရှင်သန်နေမှသာ ကျွမ်းကျင်ဝန် ထမ်းတွေ၊ ဒေသခံတွေ အသက်ဆက်နိုင်မယ်လို့ ကိုဗစ်အလွန်အတွက် သူ့ဆန္ဒကို ပြောပြပါတယ်။
လောလောဆယ် ပုဂံက ရှင်းလင်းပြီး ကြည့်လိုက်လို့ အရသာ တမျိုး ခံစားရတယ်ဆိုပေမယ့် သူ့အနေနဲ့ မပျော်ပိုက် နိုင်ပါ။ ဒါဟာ ဒေသခံတွေရဲ့ အိပ်မက်တွေကို ဖျက်စီးနေတဲ့ အနေအထား ဖြစ်နေလို့ စိတ်မကောင်း ဖြစ်မိတယ်လို့ သူ က ပြောပါတယ်။
ဒါပေမယ့် “ဒီကာလ ဘယ်လောက် ကြာမယ်မှန်းတော့ မသိဘူး။ ခရီးသွားလုပ်ငန်းက တချိန်မှာ ပြန်ကောင်းမှာ ကျိန်း သေတယ်။ အိပ်မက်ကတော့ မပျောက်သေးဘူး” လို့ သူက အခိုင်အမာ ဆိုပါတယ်။ ။
You may also like these stories:
နိုင်ငံခြားဘဏ် ၇ ဘဏ်ကို ဖွင့်လှစ်ခွင့်ပြု
တနင်္သာရီတိုင်း မီတာခ ကင်းလွတ်ခွင့် အစီအစဉ်ရှင်းပြရန် ထားဝယ်တိုင်းရင်းသား ပါတီပြော
ဧရာဝတီတိုင်း ခရီးသည်တင်ယာဉ်လိုင်း အားလုံး ၁၀ ရက် ပိတ်သိမ်းမည်