ဆောင်းပါး

ကိုဗစ်-၁၉ က ကမ္ဘာ့ခေါင်းဆောင်များကို စမ်းသပ်နေ

Want create site? Find Free WordPress Themes and plugins.

သန်းပေါင်းများစွာသောသူများ၏ သေရေးရှင်ရေးသည် လာမည့်ရက်များ၊ ရက်သတ္တပတ်များအတွင်း ကမ္ဘာ့ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များပေါ်တွင် မူတည်နေသည်။

ကိုဗစ်-၁၉ ကမ္ဘာတဝှမ်းကူးစက်ရောဂါသည် ကမ္ဘာတဝှမ်းမှ အသက်များနှင့် အသက်မွေးဝမ်းကြောင်းများကို ခြိမ်းခြောက်နေသည်။

သုံးလမျှကာလအတွင်း နိုင်ငံပေါင်း ၁၈၀ မှ လူ ၁. ၅ သန်းကျော်သည် ထိုဗိုင်းရပ်ပိုးကြောင့် ဖျားနာရပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာ့ စိန်ခေါ်မှုအများဆုံး အကျပ်အတည်းဟု ကုလသမဂ္ဂက သတ်မှတ်သည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေတွင် လူ ၁ သိန်းကျော် သေဆုံးရသည်။

ကမ္ဘာ့ဒေသ အများအပြားတွင် ဗိုင်းရပ်ပျံ့နှံ့မှုကို ဟန့်တားရန် ရည်ရွယ်သော ပိတ်ဆို့မှုများသည် လူမှုဘဝနှင့် စီးပွားရေးလှုပ်ရှားမှုများကို လုံးဝနီးပါး ရပ်တန့်သွားစေသည်။ အဆိုးရွားဆုံး ထိခိုက်သောဒေသများမှ ဆေးရုံများသည် လူနာများနှင့် သေလုမျောပါး ခံစားနေရသူများနှင့် ပြည့်နှက်နေပြီး အနှံ့အပြားမှ ဆင်းရဲသူများနှင့် ထိခိုက်လွယ်သူများမှာ ပြင်းထန်သော အစားအစာပြတ်တောက်မှုနှင့် ငတ်မွတ်မှုများကို ရင်ဆိုင်နေရသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် ကျရောက်နေသော အန္တရာယ်ကို မီးမောင်းထိုးပြပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က မတ်လကုန်တွင် အရေးပေါ်မေတ္တာရပ်ခံချက်တစောင် ထုတ်ပြန်ကာ နိုင်ငံရေးသမားများအနေဖြင့် နိုင်ငံရေးကစားခြင်းကို မေ့ထားရန်နှင့် ခိုင်မာထိရောက်သော တုန့်ပြန်မှုကို အတူတကွ လုပ်ဆောင်ကြရန် တောင်းဆိုခဲ့သည်။

“ကမ္ဘာသည် မကြုံစဖူးထူးကဲသော စမ်းသပ်မှုကို ခံနေရသည်။ ယခုအချိန်သည် ဆုံးဖြတ်ချက်ချရမည့် အချိန်ဖြစ်သည်” ဟု သူက ပြောသည်။

လက်တွေ့တွင်လည်း ပေးဆပ်ရမည့် အရင်းအနှီးသည် အမြင့်ဆုံးသို့ ရောက်နေပြီဖြစ်သည်။

သန်းပေါင်းများစွာသော သူများ၏ သေရေးရှင်ရေးသည် ကမ္ဘာ့ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်များပေါ်တွင် မူတည်နေသည်။ သို့သော် ကနဦးမြင်တွေ့နေရသည့် အခြေအနေများသည် စိုးရိမ်စရာကောင်းကြောင်း သုတေသီများက ပြောသည်။

အချို့နိုင်ငံများတွင် အစိုးရအကြီးအကဲများ၏ တုန့်ပြန်မှုများသည် ကိုယ်ကျိုးစီးပွား၊ သိပ္ပံပညာကို မယုံကြည်ခြင်းနှင့် စီးပွားရေးပျက်စီးမည်ကို စိုးရိမ်မှုများဖြင့် ရောထွေးနေသည်။

“နိုင်ငံတော်တော်များများမှာ အရမ်းကို စိတ်ပျက်စရာကောင်းနေတယ်” ဟု ၁၉၁၈ ခုနှစ်က လူသန်း ၁၀၀ အထိ သေဆုံးစေသော စပိန်တုတ်ကွေး ကမ္ဘာ့ကူးစက်ရောဂါကို လေ့လာခဲ့သော သမိုင်းပညာရှင် ဂျွန် အမ် ဘယ်ရီက ပြောသည်။

“တချို့နိုင်ငံတွေမှာ လုံး၀ တာဝန်မဲ့တယ်။ တချို့ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကြောင့် သူတို့နိုင်ငံသား အများအပြား မလိုအပ်ဘဲ သေတော့မယ်” ဟု သူက ပြောသည်။

ဒီဇင်ဘာလနှောင်းပိုင်းက ကိုရိုနာဗိုင်းရပ်ကို စတင်တွေ့ရှိရာ ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံတွင် အာဏာပိုင်များသည် ရောဂါကူးစက်မှုကို ဖုံးကွယ်ပြီး ရောဂါဖြစ်ပွားကာစတွင် သတိပေးခဲ့သော ဆရာဝန်များကို အပြစ်ပေးခဲ့သည်ဟု စွပ်စွဲခံနေရသည်။ ထိုသို့လုပ်ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်သည် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟမ်မှ တကမ္ဘာလုံးသို့ ပျံ့နှံ့သွားသည်ဟု ဝေဖန်သူများက ပြောကြသည်။

အမေရိကန်ပြည်ထောင်စုတွင်မူ သမ္မတထရမ့်က ထိုဗိုင်းရပ် ခြိမ်းခြောက်မှုကို လျှော့တွက်ပြီး ကိုရိုနာဗိုင်းရပ်သည် တနေ့တွင် အံ့သြဖွယ်ရာ ပျောက်ကွယ်သွားလိမ့်မည်ဟု ဟောကိန်းထုတ်ကာ စိုးရိမ်ပူပန်မှုမြင့်မားနေခြင်းမှာ သူ၏နိုင်ငံရေး ပြိုင်ဖက်များက လုပ်ဇာတ်ခင်းနေခြင်းကြောင့်ဖြစ်သည်ဟု ဆိုခဲ့သည်။ ရောဂါထိန်းချုပ်ရေးအတွက် အကြီးအကျယ်လုပ်ဆောင်မှု မရှိလျှင် အမေရိကန်ပြည်ထောင်စုတွင် လူ ၂ သိန်းသေမည်ဟု စိုးရိမ်ပူပန်နေသော လူထုနှင့် စနစ်တကျ တွက်ချက်မှုများက ပြသလာသော သဘောထားစစ်တမ်း မတ်လ နောက်ဆုံးပတ်အတွင်း ထွက်လာမှသာ ထရမ့်သည် သူ၏ နည်းပရိယာယ်ကို ပြောင်းလဲခဲ့သည်။

ဘရာဇီးနိုင်ငံတွင် သမ္မတ ဂျဲယား ဘိုဆန်နာရိုက ထိုရောဂါကူးစက်မှုသည် စိတ်ကူးယဉ်ခြင်းနှင့် သာမန်တုတ်ကွေးရောဂါအဖြစ် သတ်မှတ်ထားခဲ့သည်။ လွန်ခဲ့သောအပတ်ကပင် သူသည် လူမှုထိတွေ့မှု ရှောင်ရှားရန် သူ၏ ကျန်းမာရေးအရာရှိများ၏ အကြံပေးချက်များကို လက်မခံဘဲ မြို့တော် ဘရာဆေးလီးယားမှ လမ်းမများပေါ်တွင် လျှောက်သွားကာ ပြည်သူများ အလုပ်ပြန်ဆင်းရေးအတွက် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

မက္ကဆီကို သမ္မတ အန်ဒရက် မန်ညူရယ် လိုပက် အော့ဘရာဒိုကလည်း မတ်လနှောင်းပိုင်းတွင် နိုင်ငံရေး လူထုအစည်းအဝေးကျင်းပကာ သူ၏ထောက်ခံသူများကို နမ်းရှုံ့ပြီး မက္ကဆီကို နိုင်ငံသားများအနေဖြင့် ပုံမှန်ဘဝအတိုင်း နေထိုင်ကြရန် တိုက်တွန်းသည်။ ဗိုင်းရပ်ပိုးကို ထိန်းချုပ်ရန်အတွက် သူ၏ ကျန်းမာရေး ဝန်ကြီးက ပြည်သူများနေအိမ်တွင် နေရန် တိုက်တွန်းနေချိန်တွင် သူက ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုခေါင်းဆောင်နှစ်ဦး၏ လုပ်ရပ်သည် သိပ္ပံပညာ စူးစမ်းလေ့လာမှုနှင့် နိုင်ငံတော်မဏ္ဍိုင်အဖွဲ့အစည်းများကို အပြင်းအထန် ဆန့်ကျင်ခြင်းဖြစ်ကြောင်း ဝါရှင်တန်ဒီစီ အခြေစိုက် Brookings Institute မှ ချားလ်ကောက ပြောသည်။ ၎င်းတို့၏ ပေါ့ပျက်သော သဘောထားသည် ကျယ်ပြန့်သော ဝေဖန်မှုများကို ဖြစ်စေပြီး အကျပ်အတည်းသည် နှစ်နိုင်ငံစလုံးမှ လူပြိန်းကြိုက်ဝါဒကို စမ်းသပ်လိမ့်မည်ဟု သူက ဘလော့တခုတွင် ရေးသားသည်။

ရောဂါကူးစက်မှု သတင်းအချက်အလက်များကို တမင် ထုတ်ပြန်ခြင်း မပြုခဲ့ကြောင်းနှင့် ထိုသို့ လုပ်ဆောင်ရခြင်းမှာ လူထုတုန်လှုပ်မည် စိုးသောကြောင့်ဖြစ်ကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက လွန်ခဲ့သောတပတ်က ဝန်ခံခဲ့သည်။ ရောဂါကူးစက်မှု စတင်သည့် အစောပိုင်းကာလများတွင် သူ၏ဝန်ကြီးတချို့က ဝတ်ပြုဆုတောင်းပြီး ရောဂါကို မောင်းထုတ်နိုင်မည်ဟု ပြောကြစဉ် တချို့ကလည်း နိုင်ငံ၏ ပူပြင်းသော ရာသီဥတုကြောင့် ဗိုင်းရပ်ကူးစက်မှုကို နှေးကွေး စေနိုင်သည်ဟု ပြောသည်။

အစိုးရ၏ သိပ္ပံနည်းမကျသော သဘောထားသည် ကမ္ဘာ့ စတုတ္ထလူဦးရေ အများဆုံးနိုင်ငံ၏ စီးပွားရေးအား စိုးရိမ်ပူပန်နေမှုအပေါ် မူတည်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘာကရီ တက္ကသိုလ်မှ လက်ထောက်ပါမောက္ခ အက်စမီယာတီ မာလစ်က The Diplomat စာစောင်တွင် ရေးသားသည်။ သို့သော် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ရန် ငြင်းဆန်ခံရခြင်းနှင့် ဗိုင်းရပ်ပိုး ပျံ့နှံ့မှုသတင်းများ အကန့်အသတ်ဖြင့်သာ ရအောင် လူထုကို ပြုလုပ်ထားခြင်းကြောင့် အသက်ထောင်ပေါင်းများစွာ စတေးရနိုင်ကြောင်း သူက ဆက်လက်ရေးသားသည်။

ကူးစက်ရောဂါကို တားဆီးရန် ပြင်းထန်သော ကန့်သတ်ချက်များ လိုလျှင်နှင့် လိုသောအခါ ငြင်းပယ်ခြင်း၊ နှောင့်နှေးခြင်းသည် ထိုနိုင်ငံများကို ထိခိုက်စေမည်ဖြစ်သည်ဟု သမိုင်းဆရာ ဘယ်ရီက ပြောသည်။

“လှုမှုရေးအရ ခပ်ခွာခွာ နေထိုင်ခြင်းနဲ့ ပတ်သက်ပြီး လူထုလိုက်နာမှုကို မျှော်လင့်ရင် လူထုက အဲဒါကို ယုံကြည်မှုရှိဖို့ လိုမယ်။ ဒီလိုကန့်သတ်ချက်တွေ ဆော်ဩစည်းရုံးသူတွေကို လူတွေကအယုံအကြည် မရှိရင်လည်း သူတို့ လက်ခံမှာ မဟုတ်ဘူး။ လိုက်နာမှာ မဟုတ်ဘဲ ထိရောက်မှု အားနည်းသွားမယ်” ဟုလည်း သူက ပြောသည်။

ထို့ကြောင့် ၁၉၁၈ ခုနှစ် ကူးစက်ရောဂါမှ တခုတည်းသော သင်ခန်းစာမှာ အမှန်တရားကို ထုတ်ဖော် ပြောဆိုရေးသာဖြစ်ကြောင်း သူက ပြောသည်။

ထိုသို့ လုပ်ဆောင်သော ခေါင်းဆောင်တချို့ ရှိပါသည်။

မတ်လ ၁၁ ရက်နေ့က အထိနာနေသော အီတလီတွင် ရောဂါကူးစက်မှု မြင့်မားလာသောအခါ ဂျာမနီဝန်ကြီးချုပ် အိန်ဂျယ်လာ မာကယ်က နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ရောဂါကူးစက်နိုင်ကြောင်း သတိပေးသည်။ ထိုသို့သတိပေးခြင်းသည် ထိုစဉ်က အခြားနိုင်ငံရေးသမားများ ပြောသည့်စကားများနှင့် ဆန့်ကျင်ထူးခြားနေသည်။ နောက်တပတ်ကြာသောအခါ မာကယ်က ထူးခြားသော နိုင်ငံတဝှမ်း ရုပ်သံမိန့်ခွန်းမှ တဆင့် တင်းကျပ်သော သွားလာမှုနှင့် လူမှုထိတွေ့မှု ကန့်သတ်ချက်များကို လေးစားရန် ပြောသည်။

“အခြေအနေက လေးနက်ပြင်းထန်တယ်။ အလေးအနက်ထားဖို့ လိုတယ်” ဟု သူက ပြောသည်။ ဒီမိုကရေစီ နိုင်ငံတခုတွင် ထိုသို့ထိန်းချုပ်ခြင်းကို ပေါ့ပေါ့ဆဆ မပြဋ္ဌာန်းသင့်ကြောင်းနှင့် ယာယီသာ ပြုလုပ်သင့်သည်ဟု သူက ဆိုသည်။ သို့သော် လတ်တလောတွင် အသက်များကို ကယ်ဆယ်ရေးအတွက် ထိုကန့်သတ်ချက်များ မရှိမဖြစ် လိုသည်ဟုလည်း သူက ပြောသည်။

ထိုအချိန်မှ စတင်ပြီး ဂျာမနီတွင် ကိုဗစ်-၁၉ စစ်ဆေးရှာဖွေမှုများကို အကြီးအကျယ်လုပ်ဆောင်ပြီး ဥရောပတွင် ရှေ့ဆောင်လမ်းပြဖြစ်လာသည်။ အကျပ်အတည်း စတင်ချိန် နောက်ပိုင်း ဗိုင်းရပ်ပိုး နမူနာအတွက် စမ်းသပ်မှု ၁ သန်းကျော် ပြုလုပ်ပြီးဖြစ်သည်။ ဂျာမနီသည် ရောဂါပိုးကူးစက်ခံမှု အများဆုံးနိုင်ငံများတွင် ကူးစက်မှု ၁ သိန်း ၂ သောင်း ကျော်ဖြင့် အဆင့် ၅ ရှိနေသော်လည်း နိုင်ငံအများစုထက် သေဆုံးမှုနှုန်းနိမ့်ကျနေသည်။

မာကယ်၏ နည်းလမ်းသည် လိုအပ်နေသည့် ညီညွတ်အရေးပါသော တုန့်ပြန်မှုသို့ ချီတက်သည့် နည်းလမ်းနှင့် ဒီမိုကရေစီနိုင်ငံများသည် ထိုနည်းလမ်းကို မည်သို့ အကောင်အထည်ဖော်နိုင်သည်ကို ပြသနေသည်ဟု Carnegie Europe မှ ဂျူဒီ ဒမ့်ဆေးက မာကယ်ကို ချီးကျူးပြောဆိုသည်။

စင်ကာပူတွင် ဝန်ကြီးချုပ် လီရှန်လွန်းသည်လည်း နိုင်ငံတွင်းကူးစက်မှုကို လျှော့ချရန် အပြင်းအထန် ဗိုင်းရပ်စစ်ဆေးခြင်းနှင့် ခြေရာခံလိုက်သည့် လှုပ်ရှားမှုကြောင့် ချီးကျူးခံနေရသည်။ စင်ကာပူတွင် စတင်ဖြစ်ပွားချိန်နောက်ပိုင်း ကူးစက်မှု ၂ ထောင် ခန့်တွင် ထိန်းထားနိုင်ခဲ့သည်။ CNN သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်တခုတွင် လီက နိုင်ငံ၏ ဗိုင်းရပ်တိုက်ဖျက်ရေး စစ်ပွဲတွင် ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်မှုသည် သော့ချက်များဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့က ပွင့်လင်းမြင်သာတယ်။ သတင်းဆိုးရှိရင် ကျနော်တို့က ထုတ်ပြောမယ်။ လုပ်ဆောင်ဖို့ လိုတာတွေရှိရင် ထုတ်ပြောမယ်။ လူတွေက ယုံကြည်မှု ကင်းမဲ့နေရင်၊ မှန်ကန်တဲ့ အစီအမံတွေ ချမှတ်ရင်တောင်မှ ဒါတွေကို အကောင်အထည်ဖော်ဖို့ အရမ်းခက်လိမ့်မယ်” ဟု သူကပြောသည်။

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း၊ နယူးဇီလန် ဝန်ကြီးချုပ် ဂျဆင်ဒါ အာဒန်းနှင့် အယ်လ်ဆာဗေးဒိုး သမ္မတ နာရစ် ဘူကီလီ တို့သည်လည်း အလားတူ အဆုံးအဖြတ်ကျပြီး ပွင့်လင်းမြင်သာသော လုပ်ဆောင်မှုများကြောင့် ချီးကျူးခံကြရသည်။

အာဏာကို ချုပ်ကိုင်ရန်အတွက် အကျပ်အတည်းကို အသုံးချနေသည်ဟု စွပ်စွဲခံရသော ခေါင်းဆောင်များလည်း ရှိသည်။

ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်သည် မတ်လ ၃၀ ရက်နေ့က ဥပဒေသစ်တခုကို ထုတ်ပြန်ပြီး အမိန့်ဖြင့် အုပ်ချုပ်ခွင့် အဆုံးမရှိရမည့် အခွင့်အရေးကို ရယူလိုက်သည်။ ထိုဥပဒေအရ သတင်းမှား ဖြန့်သူများကို ထောင် ၅ နှစ် ချမှတ်နိုင်မည်ဖြစ်သည်။ ထိုဥပဒေသည် သတင်းသမားများကို ခြိမ်းခြောက်သော လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်သူများက ပြောကြသည်။ ဖိလစ်ပိုင်တွင်လည်း အလားတူ ပူပန်မှုများရှိနေပြီး သမ္မတ ဒူတာတေသည် ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်သော မှားယွင်းပြောဆိုသူများကို ခြေမှုန်းရန် သူ့ကို အခွင့်အာဏာပေးသော အရေးပေါ်အာဏာကို ရယူထားသည်။

အစ္စရေးတွင် ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုသည် ကမ္ဘာတဝှမ်း ကူးစက်ရောဂါအတွက် အရေးပေါ်အခြေအနေကို သုံးကာ ထောက်လှမ်းရေးဌာနများ အနေဖြင့် လူထုကို ပိုမိုထောက်လှမ်းရန်နှင့် သူ့အပေါ် အဂတိလိုက်စားမှု စွပ်စွဲချက်များကို မကြားနာနိုင်အောင် နိုင်ငံရှိ တရားရုံးများကို ပိတ်လိုက်သည်။

“ဒီကမ္ဘာတဝန်း ကူးစက်ရောဂါက ကမ္ဘာ့ခေါင်းဆောင်တွေကို မကြုံစဖူး စစ်ဆေးနေပြီဆိုတာကို ကျနော်တို့ အသိအမှတ်ပြုတယ်။ ကျနော်တို့အတွက် ပြဿနာကတော့ တချို့ခေါင်းဆောင်တွေဟာ အာဏာရှင်နည်းလမ်းကို သုံးနေကြတာပဲ။ ဒီအချိန်က နိုင်ငံရေးလုပ်ရမယ့် အချိန်မဟုတ်ဘူး။ အရေးပေါ် ရယူထားတဲ့ အာဏာတွေဟာ သင့်တင့်လျှောက်ပတ်မှု ရှိရမယ်။ နိုင်ငံတော်တွေက ပြည်သူ့အခွင့်အရေးတွေကို အကာအကွယ်ပေးရမယ်” ဟု တောင်အာရှ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ မီနက်ရှီ ဂန်ဂူလီက ပြောသည်။

ထိုသို့ တိတ်တဆိတ် အာဏာလုခြင်းများအပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား အထူးသဖြင့် တရုတ်နှင့် အမေရိကန်အကြား ပုတ်ခတ် တိုက်ခိုက်မှုများကိုလည်း လေ့လာသူများက စိုးရိမ်နေကြသည်။ ကိုရိုနာဗိုင်းရပ်ကို တရုတ်ဗိုင်းရပ်အဖြစ် ဝါရှင်တန်က တစိုက်မတ်မတ် ခေါ်ဝေါ်သုံးစွဲနေသောကြောင့် ဘေ့ဂျင်းမှ တရုတ်အရာရှိများကို ဒေါသဖြစ်စေသည်။ တရုတ် အရာရှိတချို့က အမေရိကန် စစ်ဖက်သည် ကိုရိုနာဗိုင်းရပ်ကို ဝူဟမ်သို့ ပို့ဆောင်ခဲ့သည်ဟု အထောက်အထားမဲ့ ပြောဆိုနေကြသည်။

ပျက်စီးယိုယွင်းနေသော တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ထရမ့်၏ အမေရိကန် ဦးစားပေးရေးမူဝါဒဖြင့် နိုင်ငံတကာဇာတ်ခုံမှ ဝါရှင်တန် ဆုတ်ခွာခြင်း တို့သည် ကမ္ဘာတဝန်း ကူးစက်ရောဂါကို ဟန်ချက်ညီညီ တုန့်ပြန်နိုင်ခြင်းမရှိ ဖြစ်စေသည်။

“တကမ္ဘာလုံး ညှိနှိုင်းတုန့်ပြန်မှု မရှိဘူး။ အဓိက နိုင်ငံတွေ စုစည်းညီညွတ်ရင် ဒီအကျပ်အတည်းကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်နိုင်မယ်ဆိုတဲ့ အမြင်အရကြည့်ရင် ဒါဟာ ကြီးမားတဲ့ ပြဿနာပဲ” ဟု အမေရိကန် အခြေစိုက် နိုင်ငံခြားဆက်ဆံရေး ကောင်စီမှ ချားလ် ကပ်ချန်က ပြောသည်။

“၂၀၁၄ ခုနှစ် အီဘိုလာ အကျပ်အတည်းမှာပဲဖြစ်ဖြစ်၊ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းမှာပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံဟာ ရှေ့ကိုထွက်လာပြီး ငါတို့ဘယ်လိုပူးပေါင်း စီမံကြမလဲလို့ မေးခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်။ ဒါပေမယ့် အဲဒီခေတ်က ကုန်သွားပြီ။ ထရမ့်အစိုးရဟာ ပြည်တွင်းမှာ အကျပ်အတည်းကို ကိုင်တွယ်ရာမှာ အရမ်းကို နှေးကွေးတယ်။ ပြည်ပမှာ ခေါင်းဆောင်မှုကလည်း မဆိုစလောက်ပဲရှိတယ်” ဟု သူက ပြောသည်။

ထိုသို့ဖြစ်နေသောကြောင့် ကမ္ဘာ့အထိခိုက်အလွယ်ဆုံးနိုင်ငံများ ဘေးဒုက္ခကြုံရနိုင်ကြောင်း ကပ်ချန်က ပြောသည်။

“ဖြေရှင်းရမယ့် အဓိက ပြဿနာတွေမှာ ဆေးကိရိယာတွေ ဝယ်ယူဖြန့်ချိဖို့၊ ရောဂါပိုးစမ်းသပ်မှုနဲ့ သီးခြားခွဲထားဖို့ အကောင်းဆုံးနည်းလမ်းတွေ မျှဝေဖို့နဲ့ ဝင်ငွေနည်းတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကူညီဖို့တွေ ပါတယ်။ ဗိုင်းရပ်ပိုးက ဒုက္ခသည် စခန်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မတိုးတက်တဲ့ နိုင်ငံတွေကို ကူးစက်မှာကို ကျနော်စိုးရိမ်တယ်။ အဲဒီလိုဖြစ်ရင်တော့ တော်တော်လေးကို ပျက်စီးသွားတော့မယ်” ဟုလည်း သူက ပြောသည်။

(Aljazeera မှ Zaheena Rasheed ၏ COVID-19 pandemic is testing world leaders. Who’s stepping up? ကို ဘာသာပြန်သည်။)

You may also like these stories:

Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်

ထိုင်ဝမ်၏ ကိုဗစ်-၁၉ တုန့်ပြန်မှု ကမ္ဘာ့အကောင်းဆုံးများတွင် ပါဝင်

ကိုဗစ်-၁၉ ကာလ တောင်တရုတ်ပင်လယ်တွင် တရုတ် အမြတ်ထုတ်

Did you find apk for android? You can find new Free Android Games and apps.
Loading