ယခင်က ကုန်စည်သယ်ယူပို့ဆောင်မှုများနှင့် လူဝင်လူထွက် တိုးမပေါက်အောင် စည်ကားခဲ့သည့် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး ဂိတ်ပေါက်များဖြစ်သော တရုတ်၊ ထိုင်းနှင့် အိန္ဒိယ နယ်စပ်ဂိတ်များမှာ ယခုအချိန်မှာတော့ ခြောက်ကပ်ကပ် ဟင်းလင်းပြင် ဖြစ်လာသည်။
ထိုအခြေအနေများသည် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Covid-19 ဂယက်ကြောင့်ဖြစ်သည်။ ကမ္ဘာနိုင်ငံပေါင်း ၂၀၀ ကျော်တွင်လည်း ထိုရောဂါ ဂယက်ကို ကြုံတွေ့နေရသလို တရုတ်နိုင်ငံနှင့် နယ်စပ်စည်းရိုးသာ ခြားနေသည့် မြန်မာနိုင်ငံသည်လည်း ယခုကဲ့သို့ ရင်ဆိုင်ကြုံတွေ့ နေရခြင်းဖြစ်သည်။
ထိုဗိုင်းရပ်စ်ပိုးသည် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပြများပေါ်က စက်ရုံ အလုပ်ရုံ အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်စေခဲ့သလို နိုင်ငံ၏ ကုန်သွယ်ရေး ဝင်ပေါက်၊ ထွက်ပေါက်နေရာဖြစ်သော နယ်စပ်ဂိတ်ပေါက်များတွင် အလုပ် လုပ်ကိုင်နေကြသည့် လုပ်သား အများစုလည်း အလုပ်လက်မဲ့ အခြေအနေဖြင့် ရင်ဆိုင် နေရသည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်း အဓိက ကုန်သွယ်ဖက်နိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံတို့မှာလည်း နယ်စပ် အဝင်/အထွက် ဂိတ်ပေါက်များကို ကုန်စည်မှလွဲ၍ ဖြတ်သန်း သွားလာခွင့်များကို မတ်လကုန်မှ စတင်ကာ တားဆီးမှုများ ပြုလုပ်ထားသည်။

ထို့ကြောင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်များကို မှီခို၍ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြသော သုံးဘီးဆိုင်ကယ် ကယ်ရီ သမားများ၊ ကုန်ထမ်းသမားများ၊ တနိုင်တပိုင် အရောင်းအဝယ် လုပ်သူများမှာ အလုပ်လက်မဲ့ အခြေအနေများကို ရင်ဆိုင် လာရသည်။
တရုတ်-မြန်မာ နယ်စပ်ဂိတ်
အဓိက အိမ်နီးချင်း ကုန်သွယ်ဘက် နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် မြန်မာနှင့် ဆက်စပ်နေသော နယ်စပ် ဂိတ်ပေါက် များကို COVID-19 ရောဂါ ထိန်းချုပ်ရန် ဧပြီလ ၁ ရက် နံနက် ၆ နာရီမှ စတင်ကာ ကုန်ကားမှ အပ အဝင်၊ အထွက်များကို ပိတ်လိုက်ခြင်းက မြန်မာအတွက် ကုန်သွယ်ရေး သာမက ယင်းနယ်စပ်ဂိတ်ကို မှီခိုနေသည့် လုပ်သားများလည်း ထိခိုက်ခဲ့ရ သည်။
မူဆယ်နယ်စပ် ဆန်ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်း က “မူဆယ်ခရိုင်နဲ့ ဆက်စပ်နေတဲ့ မန့်ဝမ်းဂိတ်၊ မန်းသော်ဂိတ်၊ ကျင် စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန်ဟီးရိုးဂိတ် ဒီဂိတ် ၆ ခုကို လူဝင်၊ လူထွက် လုံးဝ ပိတ်လိုက်တယ်။ မန့်ဝမ်းဂိမ် နဲ့ ကျင်စန်းကျော့ဂိတ် ကိုတော့ ကုန်ကားတွေ အဝင် အထွက် ပေးတယ်” ဟု ပြောသည်။
ကုန်သွယ်ရေး အနေနှင့် နှစ်ဖက်ကုန်သည်များ ဖုန်းဖြင့် အရောင်းဝယ် ပြုလုပ်နိုင်သော်လည်း ရောင်းချရသည့် ကုန်ပစ္စည်း ပမာဏမှာ ယခင်ထက် လျှော့ကျသွားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးကို မှီခို၍ လုပ်ကိုင်နေသည့် လုပ်သားများမှာ အလုပ်လက်မဲ့ ဖြစ်ကြရကြောင်း ၎င်းက ဆိုသည်။
“ထိခိုက်သွားတာက ရွှေလီ၊ ကျယ်ဂေါင်မှာ နေ့စဉ် သုံးဘီး ဆိုင်ကယ်လေးတွေနဲ့ ဝင်ပြီးတော့ လုပ်ကိုင်နေကြတဲ့ သုံးဘီး ဆိုင်ကယ် အစီး ၃၀၀ နဲ့ ၄၀၀ ကြားကတော့ လုံးဝ ရပ်သွားတယ်။ အလုပ်လက်မဲ့ ဖြစ်သွားတယ်။ ပျံကျ အလုပ်သမား ၄၀၀ နဲ့ ၅၀၀ အလုပ်လက်မဲ့ ဖြစ်သွားတယ်” ဟု ဦးမင်းသိန်း ပြောသည်။
တရုတ်နိုင်ငံနှင့် ဆက်စပ်နေသော နယ်စပ်ဂိတ်များ ဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ ရွှေလီ နယ်စပ်ဂိတ်များ ကို ပိတ်ထားခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံအနေဖြင့် ကုန်ပစ္စည်းများကို သယ်ယူခွင့် ပြုထားသည်ဟု စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

“မူဆယ်ကတော့ ကုန်သွယ်မှုက ပုံမှန် သွားနေတယ်။ ချင်းရွှေဟော်ဘက်လည်း ဒီလိုပဲ။ ဒါပေမယ့် လူ အဝင်၊ အထွက်တွေ ကတော့ ကန့်သတ်ထားတယ်။ နှစ်ဖက်စလုံးပေါ့။ ကန်ပိုက်တီးလို ကုန်သွယ်ရေးဇုန်မှာ ဆိုရင် စောင့်ကြည့်မယ့် အနေအ ထားတွေ ကန့်သတ်ထားတာ ရှိတယ်။ နည်းနည်းတော့ အခက်အခဲတွေ ရှိတယ်” ဟု မြန်မာနှင့် ဆက်စပ်နေသည့် ကုန် သွယ်ရေးဇုန်များ၏ အခြေအနေကို ပြောပြသည်။
တရုတ်နိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများကို ယာယီပိတ်ပင်လိုက်ပြီး ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား ပြည်နယ်ခွဲရှိ Guan Lei ဆိပ်ကမ်းဆိုင်ရာ ခရီးသည် သယ်ယူပို့ဆောင်ရေးနှင့် ကုန်တင်ပို့ဆောင်ရေး လုပ်ငန်းများကိုပါ ယာ ယီ ပိတ်လိုက်ပြီ ဖြစ်သည်။
ယင်းသို့ ပိတ်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ စ၍ COVID-19 ရောဂါပိုး တွေ့ရှိသည်ဆိုသောကြောင့် ရော ဂါပြန့်ပွားမှု မဖြစ်စေရန် တရုတ်မှ ပိတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မူဆယ် ကုန်သွယ်ရေးဇုန်တွင် အလုပ် လုပ်သည့် ကိုဖော်ဝေး က “မတ်လ လယ်လောက်ထဲက အလုပ်တွေက လုပ်စရာ မရှိတော့ဘူး။ တရုတ်ကုန်သည်တွေ လာဝယ်ရင် ကျနော်တို့က ရွေးပေးရတာ။ ဆန်ကွဲ ဘယ်လောက်ယူမယ်၊ ဆန် ဘယ် လောက်ယူမယ်၊ ကောက်ညုင်း ဘယ်လောက် ယူမယ်၊ သူတို့ယူတဲ့ ပေါ်မူတည်ပြီးတော့ ကျနော်တို့က ကုန်ထမ်းရတာ”ဟု ဆိုသည်။
တရုတ်ကုန်သည် မလာသည့် ရက်များတွင် လုပ်အားခ ဝင်ငွေမရကြောင်း ကုန်ဝယ်သည့် ကုန်သည်များသော ရက်များ တွင် တရက်လျှင် ကျပ် ၃ သောင်းမှ ကျပ် ၄ သောင်း အထိ ရရှိသည်ဟု ၎င်းက ပြောသည်။
“နေ့စားဆိုတော့ သယ်ရတဲ့ အခေါက်ရေနဲ့ ပေးတာ ဖြစ်တယ်။ အလုပ်သမား အများစုကလည်း နယ်က လာကြတာ။ လုပ် ငန်းလမ်းကြောတွေ ပိတ်မယ်ဆိုတော့ တရုတ်တွေက မလာကြဘူး။ အဲဒီတော့ ကိုယ်နယ်ကို Lockdown မလုပ်ခင် အလုပ်လည်း မရှိတော့ ပြန်ကြတာ” ဟု မြင်းခြံခရိုင် တောင်သာမြို့နယ်မှ မူဆယ်တွင် ကုန်တင်ကုန်ချ လုပ်ကိုင်သူ ကိုဖော်ဝေးက ပြောသည်။
၎င်းက ဆက်၍ “မိသားစုလိုက် လာလုပ်တဲ့သူတွေပဲ မပြန်ဘဲ ကျန်တာ။ အခုကတော့ အားလုံး အလုပ်လက်မဲ့ပေါ့။ ဘယ်တော့ ဖွင့်မယ်ဆိုတာလည်း COVID-19 က မပြီးသေးတော့ မပြောနိုင်ဘူး။ အလုပ်က အဆင်မပြေတော့ အိမ်ကို ပြန်ခဲ့တာ” ဟု ပြောသည်။

လက်ရှိအချိန်၌ တရုတ်ဘက်မှ စည်းကမ်းချက်များကို မလိုက်နာနိုင်သည့်အတွက်လည်း မြန်မာဘက်မှ ကုန်ကားများမှာ မူဆယ် မန့်ဝမ်းဂိတ်နှင့် ကျင်စန်းကျော့ဂိတ်သို့ မဝင်ဘဲ လမ်းဘေးတွင် ကုန်ကားများ တန်းစီနေသည်ဟု အဝေးပြေး ကုန် စည် ပို့ဆောင်ရေး (မူဆယ်) ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောသည်။
“ဧပြီ ၁ ရက်ကနေ လူဝင်လို့ မရတော့တာ ဖြစ်တဲ့အတွက် ရွှေလီမှာ ကုန်တင်၊ ကုန်ချ လုပ်တဲ့သူတွေ သုံးဘီး ဆိုင်ကယ် ကယ်ရီသမားတွေ တခြား လုပ်ငန်းလုပ်တဲ့ ဝန်ထမ်းတွေက သွားလုပ်လို့ မရတော့ဘူး။ အဲဒီအတွက် စားဝတ်နေရေးက ခက်ခဲတယ်။ ဒီအချိန်မှာ လုပ်ငန်း တော်တော်များများကလည်း တန့်နေတာ များတယ်။ စားသောက်ဆိုင်တွေရော အ ရောင်းအဝယ်တွေရော ဆိုတော့ အခက်အခဲကတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။
အလုပ်လက်မဲ့ ဖြစ်သွားတာထက် အလုပ်သမားများ သာမက ကုန်သည်၊ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များက အစ လုပ်ငန်းများ အားလုံး ရပ်နားထားရကြောင်း ဦးဝင်းအောင်ခန့်က ပြောဆိုသည်။
မူဆယ်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း က “အလုပ်သမားတွေကတော့ အကုန်လုံးက အခက်အခဲ တွေ့တာပေါ့။ ကျနော်တို့က ရွှေလီတို့၊ ကျယ်ဂေါင်တို့သွားပြီး အလုပ် လုပ်ဖို့ ရည်ရွယ်ချက်နဲ့ တက်လာတဲ့ သူတွေချည်းပဲ။ အခု တရုတ်တွေက ပိတ်လိုက်တော့ ဒီဘက်မှာက အလုပ်အကိုင်မရှိဘူး။ အဲဒီတော့ ဒုက္ခရောက်ကြတယ်” ဟု ရှင်းပြသည်။
၎င်းက ဆက်၍ “ကျနော်တို့ မူဆယ်မှာက အလုပ်က ဖြစ်ဖြစ်မြောက်မြောက် ရှိတာ မဟုတ်ဘူး။ တဖက်ကမ်းကို အား ကိုးပြီးတော့ လာတာ ဖြစ်တယ်။ တော်တော်များက တရုတ်နှစ်သစ်ကူး ပိတ်လိုက်ထဲက အလုပ်လက်မဲ့က ဖြစ်လာတာ” ဟု ပြောသည်။
ထိုကြောင့် အခြေခံ လူတန်းစားများ သက်သာချောင်ချိရေးအတွက် ရည်ရွယ်ပြီး မူဆယ်ခရိုင် COVID-19 စီမံခန့်ခွဲမှု ကော် မတီနှင့် ပရဟိတအဖွဲ့များ ညိုနှိုင်းကာ တန်ဖိုးနည်း ထမင်း၊ ဟင်းများကို ချက်၍ တနပ်လျှင် ကျပ် ၁ ထောင်နှင့် ရောင်းချ ပေးလျက် ရှိကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ် အခြေအနေ
အလားတူပင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်ကာ စီးပွားကူးလူး ဆက်သွယ်မှု ရှိသော ထိုင်းနိုင်ငံ နယ်စပ်တွင်လည်း စက်ရုံ အလုပ်ရုံများနှင့် ဂိတ်များ ပိတ်လိုက်ခြင်းကြောင့် ဘဝရပ်တည်ရေး ခက်ခဲနေသူများလည်း များစွာ ရှိနေပြန်သေး သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)၊ ရွှေ့ပြောင်းလုပ်သားရေး ဌာန လက်ထောက် ဌာနမှူး ကိုကျော်မြင့်က “တရုတ်ဘက်ထက် ထိုင်း-မြန်မာနယ်စပ်မှာ ဆိုရင် မဲဆောက်၊ မြဝတီကို အခြေပြုပြီး အလုပ်လုပ်နေတဲ့ အလုပ်သမား အများကြီး ရှိတယ်။ စက်ရုံတွေ စိုက်ပျိုးရေး လုပ်ငန်းတွေ ကုန်တင်၊ ကုန်ချနဲ့ ပတ်သက်တဲ့ လုပ်သမားတွေ အများကြီး ရှိတယ်။ ဒီလူတွေ အများစုက လက်ရှိမှာ တော်တော် ရပ်သွားတယ်” ဟု ပြောသည်။
လတ်တလော ရေတိုကာလအတွင်း အလုပ်လက်မဲ့ဖြစ်သော်လည်း အိမ်တွင်း၌သာ နေထိုင်ရမည့် ကာလမှာ ကြာမြင့်လာ လျှင် အဘက်ဘက်မှ စိတ်ပူစရာ အလွန်ကောင်းသော အခြေအနေတရပ်သို့ ရောက်ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။
မြန်မာ-ထိုင်း နယ်စပ်ဖြစ်သော မြဝတီ၊ တာချီလိတ်၊ ရနောင်း၊ ကော့သောင်း စသည့် တရားဝင် နယ်စပ်ဂိတ်များကို ကုန် စည်နှင့် လူဝင်၊ လူထွက် မကန့်သတ်ထားသော်လည်း ယာယီနယ်စပ်ဂိတ်များ ဖြစ်သော မယ်စဲ့၊ ထီးခီး၊ မောတောင် စသည့် ဂိတ်များကို လူ အဝင်၊ အထွက်သာမက ကုန်ပစ္စည်းဝင်ရောက်မှုကိုပါ ပိတ်ပင်ထားသည်။

မြဝတီ နယ်စပ် ကုန်သွယ်ရေး ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ် က “ကုန်ကားတွေက တဖြည်းဖြည်း ပါး ကုန်တယ်။ အရင်ကထက်စာရင် ကုန်သွယ်မှုက တဝက်လောက် ကျတယ်။ ကုန်ကားတွေက ငှားရတာ ခက်ခဲသွားပြီ။ ကုန်က ဈေးမတက်ပေမယ့် သယ်ယူပို့ဆောင် စရိတ်က သွားပြီးတော့ ဈေးကြီးတယ်။ ကုန်သွယ်ရေးမှာ ကုန်မဝင်တော့ ဆက်စပ်တဲ့ အလုပ်သမားတွေလည်း ခက်ခဲသွားတာပေါ့။ ဒါကတော့ အားလုံး ဆက်စပ်နေတာ” ဟု ရှင်းပြသည်။
နယ်စပ်တွင် ကုန်သွယ်ရေး ဂိတ်များနှင့် တဖက်နိုင်ငံကို မှီခို၍ လုပ်ကိုင်နေကြသော လုပ်သားများ အနေနှင့် ကာလတို တခုအထိသာ တောင့်ခံနိုင်မည် ဖြစ်သော်လည်း COVID-19 ဖြစ်ပွားမှု ကာလရှည်လာပါက ယခုထက်ပိုသည့် အခက်အခဲ များ ရင်ဆိုင်ရဖွယ် ရှိနေသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်များ
အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်သည့် တမူး နယ်စပ်မြို့တွင်လည်း မတ်လ ၁၀ ရက်မှ စတင်၍ တဖက်နိုင်ငံက နယ်စပ်ဂိတ် ပိတ်ထားသဖြင့် နန့်ဖာလုံဈေးမှာ ပိတ်သွားပြီး ယင်းကို အမှီပြု၍ လုပ်ကိုင်နေရသော ဒေသခံ လုပ်သား ၅၀ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့နှင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးလှမောင်က ပြောသည်။
“ကျနော်တို့ တမူးနယ်စပ်မှာ ရှိတဲ့သူအားလုံး တော်တော်များက နန့်ဖာလုံဈေးနဲ့ ဆက်စပ်ပြီး ကြီးထွားကြတာ ဖြစ်တယ်။ နောက်ပြီးတော့ အိန္ဒိယနိုင်ငံထဲကို ဆိုင်ကယ် ကယ်ရီနဲ့ ပို့တာတို့ ဘာတို့ ရှိတယ်။ ဒါတွေက အလုပ်လက်မဲ့ အကုန်ဖြစ်ကုန် တယ်။ ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင်တော့ တမူးနယ်စပ် မြို့လေးမှာ ရှိတဲ့ ၅၀ ရာခိုင်နှုန်းလောက်က အလုပ်လက်မဲ့ ဖြစ်ကြ တယ်” ဟု ဆိုသည်။
နန့်ဖာလုံဈေး ပိတ်ထားသည်မှာ ၁ လခန့် ရှိနေပြီ ဖြစ်ပြီး ယခုထက်ပို၍ ရက်ကြာလာပါက စားဝတ်နေရေး အကြပ်အတည်း များနှင့် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း သိရသည်။
ကိုရိုနာ ဂယက်နှင့် မြန်မာ့ အခြေအနေ
နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာနိုင်ငံအတွက် ဝင်ငွေအများအပြား ရှာပေးနေသည့် ကဏ္ဍ တခုဖြစ်သည့် အပြင် လူပေါင်း များစွာ မှီခိုအားထားနေရသည့် လုပ်ငန်းကြီး တရပ်လည်း ဖြစ်သည်။ ယခုကဲ့သို့ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားခြင်းသည် နိုင်ငံ့ စီးပွားရေးအတွက် ရိုတ်ခတ်မှု ရှိသလို အိမ်ထောင်စုပေါင်းများစွာအတွက် အထိနာလျက်ရှိနေသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာခဲ့ရသည်များကို ကုစားနိုင်ရန် အစိုးရက ကော်မတီများ ဖွဲ့စည်း၍ လုပ်ဆောင်လျက် ရှိသော်လည်း အသက်ဝင်ရေးနှင့် ထိရောက်သော စီမံခန့်ခွဲမှုများကို အလျင်အမြန် လုပ်ဆောင်ရန် လိုနေပေသည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ဖြစ်ပွားခဲ့သော ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါသည် တကမ္ဘာလုံးကို ခြောက် လန့်လျက် ရှိနေပြီး ယင်း ရိုတ်ခတ်မှုကြောင့် မြန်မာအပါဝင် အာရှဖွံ့ဖြိုးဆဲ ဒေသတွင်း နိုင်ငံများ၏ စီးပွားရေး တိုးတက်မှု ကျဆင်းနိုင်ချေရှိကြောင်း ကျွမ်းကျင် ပညာရှင်များက ခန့်မှန်းထားကြသည်။
ထိုသို့ စီးပွားရေး ကျဆင်းမှု ဒဏ်မှာ လာမည့် ၂၀၂၁ ခုနှစ် အထိ ခံစားရနိုင်ကြောင်း အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ထုတ် ပြန်ထားသည်။ ဧပြီလ ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၃ ဦးနှင့် ပိုးတွေ့ရှိသူမှာ ၃၈ ဦး အထိရှိလာပြီ ဖြစ် “သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်လက်မဲ့ ဖြစ်ရသည့် စက်ရုံအလုပ်ရုံ အလုပ်သမား အပါအဝင် တနိုင်ငံလုံးရှိ အခြေခံ လူတန်းစားများကို နိုင်ငံတော်မှ ကူညီထောက်ပံ့ပေးခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့မှုများ ပေးအပ်ခြင်း အပြင် ပြည်တွင်း အလှူရှင်များကပါ ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိနေသည်။
နိုင်ငံတော်အနေဖြင့် ပုံမှန်ဝင်ငွေမရှိသူ လက်လုပ်လက်စား များကို စာရင်းကောက်ယူပြီး ဆန်၊ ဆီ၊ ဆား အစရှိသည့် အခြေခံ စားသောက်ကုန်များကို ဧပြီလ ၁၀ ရက်မှစတင် ထောက်ပံ့ပေးနေပြီ ဖြစ်သည်။
သို့သော် ထိုသို့ ထောက်ပံ့မှုများသည် စားဝတ်နေရေး ကြပ်တည်းခက်ခဲနေသည့် မိသားစုအားလုံးသို့ ခြုံငုံမိနိုင်ရန် ခက်ခဲ ကြောင်းနှင့် ထိုထောက်ပံ့မှုမှာ သင်္ကြန်ကာလအတွင်း၌ အလုပ်အကိုင် ကြပ်တည်းနေ၍ စားဝတ်နေရေး ခက်ခဲသူများ အတွက် ယာယီ ပြေလည်နိုင်မည်သာ ဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမှာ မည်သည့် အချိန်ကာလအထိသို့ သွားနေဦးမည်ကို ခန့်မှန်း၍ မရသော်လည်း နိုင်ငံတော် အနေဖြင့် တုံ့ဆိုင်းနေသည့် စီးပွားရေး ပြန်လည် လည်ပတ်ရေး၊ အလုပ်လက်မဲ့ အလုပ်သမားများအတွက် ရေရှည်အစီအ စဉ်များကို ရေးဆွဲ ဖော်ဆောင်ရန် လိုအပ်နေသည့် အချိန်တခုပင် ဖြစ်နေလေသည်။
ဆက်စပ်ဖတ်ရှုရန်
ပျဉ်းမနားက အိမ်ထောင်စု ၂ သောင်းကျော်ကို ကျပ်သိန်း ၄ ထောင်ဖိုး ထောက်ပံ့ပစ္စည်းများပေးအပ်
အလုပ်လက်မဲ့ အထည်ချုပ် အလုပ်သမားများအတွက် အီးယူ တိုက်ရိုက် ထောက်ပံ့မည်