အမေရိကန်ပြည်ထောင်စု သည် တနေ့တည်းတွင် Covid-19 ကြောင့် သေဆုံးမှု ၂၀၀၀ ကျော် ရှိခဲ့သော ပထမဆုံး နိုင်ငံဖြစ်လာခဲ့ပြီး ကမ္ဘာတလွှား နေရာအများစု၌ အီစတာ အားလပ်ရက် သီတင်းပတ်ကုန် ရက်များကို နေအိမ်ထဲတွင် သာနေထိုင် ဆင်နွှဲနေကြရသည့် အချိန်၌ မလိုလားအပ်သော မှတ်တိုင်တခု ဖြစ်စေခဲ့သည်။
ဗိုင်းရပ်စ်ကြောင့် ကမာ္ဘတလွှား၌ သေဆုံးသူပေါင်း ၁၁၄၂၄၇ အထိ မြင့်တက်လာခဲ့ပြီး အမေရိကန် နိုင်ငံသည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက တရုတ်နိုင်ငံတွင် ပထမဆုံး စတင်ပေါ်ပေါက်ခဲ့သော ကူးစက်ကပ်ရောဂါ၏ ဗဟိုချက် အလျင်အမြန် ဖြစ်လာသည်။
အဆိုးရွားဆုံး ထိခိုက်ခဲ့သော အချို့နိုင်ငံများတွင် ဂရပ်မျဉ်းက အပေါ်ထောင်မတက်ဘဲ စတင်၍ ဝပ်ပြားလာသည့်အတွက် မျှော်လင့်ချက် လက္ခဏာများ ရှိနေသည့်တိုင် ဥရောပက ယခုအချိန်အထိ သေဆုံးမှုနှင့် ကူးစက်မှု အများစု ဖြစ်ပွားရာ နေရာ ဖြစ်နေသေးသည်။
စပိန်နိုင်ငံမှ ကိန်းဂဏန်းများက ဧပြီလ ၁၁ ရက်နေ့တွင် မျှော်လင့်ချက် များစွာ ပေးခဲ့သည်။ သေဆုံးမှု အသစ် ၅၁၀ ခု ရှိခဲ့ရာ သေဆုံးမှုများ ၃ ရက်ဆက်တိုက် ကျဆင်းသွားခဲ့သည်။
ဧပြီလ ၁၀ ရက် နေ့က ပြင်သစ်နိုင်ငံတွင် သေဆုံးမှုအသစ် ၁၀၀၀ နီးပါးရှိကြောင်း သိရသော်လည်း အထူးကြပ်မတ် ကုသမှု ပေးရသည့် လူနာအရေအတွက် ၂ ရက်ဆက် ကျဆင်းကြောင်း အတည်ပြုခဲ့သည်။
တချိန်တည်းမှာပင် အီတလီနိုင်ငံက နေ့စဉ်သေဆုံးမှုနှုန်း စတင်၍ တည်ငြိမ်နေပြီ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အစိုးရက ပိတ်ဆို့မှုများ ပြန်လည် ရုပ်သိမ်းရန် ဖိအားပေးမှုများကို ညင်းဆန်ခဲ့ပြီး ကန့်သတ်မှုများကို မေလ ၃ ရက် အထိ သက်တန်းတိုးခဲ့သည်။
သို့သော် ဗြိတိန်နိုင်ငံက ဧပြီလ ၁၁ ရက် နေ့တွင် ၎င်းနိုင်ငံအတွက် သေဆုံးမှု ဒုတိယအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထိုအချိန်တွင် ဗိုင်းရပ်စ် ကူးစက်မှု ခံခဲ့ရသော ဝန်ကြီးချုပ် Boris Johnson က အထူးကြပ်မတ်ကုသဆောင်မှ ပြန် ထွက်လာနိုင်ခဲ့ပြီး “တိုးတက်မှု အလွန်ကောင်းမွန်ကြောင်း ” ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတဦးက ပြောသည်။
ဧပြီလ ၁၃ ရက် စာရင်းအရ အမေရိကန် နိုင်ငံက သေဆုံးသူ ၂၂၁၁၅ ဦး ဖြင့် ကမ္ဘာပေါ်တွင် သေဆုံးသူ အများဆုံး နိုင်ငံအဖြစ် သေဆုံးသူ ၁၉၈၉၉ ဦး ရှိသော အီတလီကို ကျော်တက်သွားသည်။
ဧပြီလ ၁၀ ရက်နေ့တွင် အမေရိကန်၌ သေဆုံးမှု အသစ် ၂၁၀၈ ခု ရှိခဲ့သည်။ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ ပထမဆုံး စတင် ဖြစ်ပွားပြီး ကတည်းက မည်သည့် နိုင်ငံထက်မဆို များသည့် တရက်အတွင်း သေဆုံးမှု ဖြစ်သည်။
လူ သန်း တဝက်ကျော် ကူးစက်ခံထားရခြင်းနှင့် အတူ အမေရိကန်နိုင်ငံက ကမ္ဘာပေါ်မှ အခြား မည်သည့်နေရာများ ထက်မဆို Covid-19 ရောဂါဖြစ်ပွားမှု ပိုမိုများပြားနေခဲ့ပြီးသား ဖြစ်သည်။
ယခုအခါ ကမာ္ဘ့ ကူးစက်မှုနှုန်းက ၁. ၈ သန်း ကျော်ရှိနေသော်လည်း နိုင်ငံအများစုတွင် အဆိုးရွားဆုံးဖြစ်ရပ်များကိုသာ စမ်းသပ်မှုပြုလုပ်နိုင်ခဲ့ခြင်းကြောင့် အရေအတွက် အမှန်က ပိုမိုများပြားသည်ဟု ယုံကြည်ရသည်။
သို့သော်လည်း အမေရိကန်၏ ကူးစက်မှု လမ်းကြောင်းသည်“ အထွဋ်အထိပ် ” နီးပါးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး လူမှုရေးအရ ခပ်ခွာခွာနေခြင်းက ကောင်းကောင်း အလုပ် ဖြစ်နေခြင်းနှင့် အတူ ကမာ္ဘ့ အကြီးဆုံး စီးပွားရေးကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန် နည်းလမ်းများကို သူ စဉ်းစားနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
အကယ်၍ စီးပွားရေးလုပ်ငန်းများကို အလျှင်အမြန် ပြန်လည်စတင်ပါက သေဆုံးသူ ဦးရေ ပိုများသွားနိုင်သည့် အန္တရာယ်ရှိကြောင်းကိုမူ သူက အသိအမှတ်ပြုသည်။ ကမာ္ဘ့ကျန်းမာရေးအဖွဲ့(WHO) ကလည်း နိုင်ငံများအနေဖြင့် ပိတ်ဆို့မှုများကို လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းခြင်း မပြုရန် သတိပေးထားပြီး ဖြစ်သည်။
“ဒါပေမယ့် ခင်ဗျားတို့ ဘာသိသလဲ။ အိမ်ထဲမှာ နေတာကလည်း သေနိုင်တာပဲ ” ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ သန်းပေါင်းများစွာသော အမေရိကန်နိုင်ငံသားများ စီးပွားရေးအရ ကြီးမားစွာ ထိခိုက်မှုကို သူက ထောက်ပြခဲ့သည်။
ပြန်လည်ဖွင့်လှစ်ခြင်းမပြုမီ (အမေရိကန် နိုင်ငံတွင် အဆိုးရွားဆုံး ထိခိုက်ခဲ့ရသည့်) ပြည်နယ်တွင်းမှ သန်းပေါင်းများစွာသော လူများကို စမ်းသပ် စစ်ဆေးရလိမ့်မည်ဟု နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောကြားထားခြင်းနှင့် အတူ ပိတ်ဆို့တားမြစ်မှုများ မည်သည့်အချိန်တွင် အဆုံးသတ်လိမ့်မည် ဆိုသည်မှာ မသဲကွဲသေးပါ။
နယူးယောက်ဆေးရုံများသည် ဆက်တိုက် ဝင်ရောက် လာနေသော လူနာများကို ကုသပေး ရန် ကြိုးပမ်းလျက်ရှိသည်။ ပိုင်ရှင်မဲ့ အလောင်းများ (တနေ့လျှင် ၂၅ ယောက် ခန့် အထိ) ကို ပြည်နယ်အတွင်းရှိ အများပြည်သူ သုဿန်တွင် အမှတ်အသားမရှိသော မြေပုံများဖြင့် အစုလိုက် အပြုံလိုက် မြှုပ်နှံပေးနေရသည်။
ဆန်းကျယ်သော တိတ်ဆိတ်မှု
ခရစ်ယာန်ဘာသာဝင်များက သူတို့၏အိမ်များ၌ ပိတ်မိနေကြခြင်းကြောင့် အီစတာ သတင်းပတ်ကုန်ရက်များက ကမာ္ဘတဝှမ်းမှ ဟာလာဟင်းလင်း ဖြစ်နေသော ဘုရားကျောင်းများတွင် စတင်ခဲ့ရသည်။
အစိုးရများက ကူးစက်ရောဂါ၏ ကမာ္ဘအနှံ့ ပျံ့နှံ့ ချီတက်နေမှုကို ထိန်းချုပ်ရန် အသည်းအသန် ကြိုးစားနေကြစဉ် နယူးယောက်မှ နေပယ်လ်မှ နယူးဒေလီအထိ ကမာ္ဘ့လူဦးရေ၏ တဝက်ကျော် ဖြစ်သည့် လူပေါင်း လေးဘီလီယံကျော်က ၎င်းတို့၏ နေအိမ်များထဲတွင် ပိတ်မိနေကြသည်။
ပုပ်ရဟန်းမင်းကြီးက အားလပ်ရက် သီတင်းပတ်ကုန်ကို စတင်ရန် ဧပြီလ ၁၀ ရက်နေ့တွင် လူသူကင်းရှင်းသည့် မဟာသောကြာကြီးနေ့ (Good Friday) ဝတ်ပြုပွဲတခုကို ကြီးမှူးပြုလုပ်ခဲ့ပြီးနောက် ဧပြီလ ၁၁ ရက်နေ့ နှောင်းပိုင်းတွင် သူ၏ အီစတာ ပွဲကြို အခမ်းအနားကို လူသူ မရှိသည့် St Peter’s Basilica ဘုရားကျောင်းမှ နေ၍ အွန်လိုင်းမှ ထုတ်လွှင့် ကျင်းပခဲ့ရသည်။
အီစတာကို စောင့်ကြည့်ရမည့် သူ၏ ဝတ္တရားအပေါ် တာဝန်ယူမှု သင်္ကေတအတွက် ပုပ်ရဟန်းမင်းကြီးကို အီတလီ ဝန်ကြီးချုပ်က ဂုဏ်ပြုခဲ့သည်။
“ဒီနွေဦးရာသီကို သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပုပ်ရဟန်းမင်းကြီးက ပရိတ်သတ်တွေကို ဦးဆောင်ပြီး ပြန်လည် ရှင်သန်ထမြောက်ခြင်း အခမ်းအနား ဆုတောင်းပွဲကို အွန်လိုင်းကနေ ထုတ်လွှင့် ကျင်းပခဲ့တဲ့အချိန်အဖြစ် မှတ်မိကြလိမ့်မယ်” ဟု Giuseppe Conte က အီတလီနိုင်ငံ၏ ကက်သလစ် နေ့စဉ် Avvenire တွင် ရေးသားခဲ့သည်။
“သူ့ ရဲ့ စကားတွေက Saint Peter ရင်ပြင်နဲ့ အဝေးကြီးကနေ ပြောတာဖြစ်ပေမယ့် အလွန်ဆန်းကျယ်သော တိတ်ဆိတ်မှုနဲ့ ရစ်ပတ်ထားတဲ့ စကားလုံးတွေက လူတိုင်းဆီကို ရောက်ခဲ့ပါတယ်။ ”
ရောမမြို့မှ ဝတ်ပြုသူများက ရိုးရာအီစတာကိတ်မုန့်များကို တနင်္ဂနွေနေ့မတိုင်မီ ကြိုတင် စုဆောင်းထားခဲ့ကြသည်။ အားလပ်ရက် အစဉ်အလာ၏ အစိတ်အပိုင်းများကို ဆက်လက် ထိန်းသိမ်းရန် စိတ်အားထက်သန်စွာဖြင့် အချို့က ကုန်စုံဆိုင်များ အပြင်ဘက်ရှိ ဆိုင်ကယ်များပေါ်သို့ အပုံလိုက် တင်ကြသည်။
အသေအပျောက်များမယ့် အပြင်ထွက်ရေး
ဥရောပတလွှားတွင် အစိုးရများက နိုင်ငံသားများကို သီတင်းပတ်ကုန်ရက်များအတွင်း အိမ်တွင်သာနေကြရန် တိုက်တွန်းခဲ့သည်။ ပြည်သူများက နွေးထွေးသော ရာသီဥတုကို ခံစားရန် သို့မဟုတ် အားလပ်ရက်တွင် အပန်းဖြေသည့် နေအိမ်များသို့ ထွက်ရန် အိမ်ပြင်သို့ ထွက်လာကြမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ပါရီတွင် နေထိုင်သူများက အားလပ်ရက်အတွက် ကုန်ပစ္စည်းများ သိုလှောင်ထားရန် အသားဆိုင်များ၏ အပြင်ဘက်၌ ဖောက်သည်များက အတန်းလိုက် ရှည်လျားစွာ ရှိနေကြသဖြင့် ပြင်သစ်နိုင်ငံက လူသူ ရှုပ်ထွေး နေသောလမ်းများကို ကင်းလှည့်ရန် ရဲတပ်ဖွဲ့ဝင် ၁၆၀၀၀၀ ခန့် တာဝန်ချထားခဲ့သည်။
ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုက ၁၀၀၀ အထိ ရောက်သွား သည့် အတွက် အန်ကာရာနှင့် အီစတန်ဘူ အပါအဝင် ဒါဇင်နှင့်ချီသော မြို့ များတွင် ၄၈ နာရီ ကြာ ပိတ်ထားမည့် အမိန့် တခု ထုတ်ပြန်မည်ဟု တူရကီနိုင်ငံက ဧပြီလ ၁၀ ရက်နေ့ တွင် ပြောကြားခဲ့သည်။
ညသန်းခေါင်တွင် စတင်မည့် ညမထွက်ရ အမိန့်မတိုင်မီ ကုန်ပစ္စည်းများသိုလှောင်ရန် ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ဈေးဝယ်သူများက အီစတန်ဘူရှိ စူပါမားကက်များတွင် ပြည့်ကျပ်နေခဲ့သည်။
အိန္ဒိယနိုင်ငံကလည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ပိတ်ဆို့တားမြစ်ထားမှုကို သက်တမ်းတိုးကြောင်း ကြေညာခဲ့ပြီး ကမာ္ဘပေါ်တွင် ဒုတိယမြောက် လူဦးရေ အထူထပ်ဆုံး နိုင်ငံတွင် နေထိုင်သူများကို နောက်ထပ် ၂ ပတ် ထပ်၍ တားဆီး ကန့်သတ်ခဲ့သည်။
အချိန်မတန်မီ ပိတ်ဆို့မှုများ လျှော့ချခြင်းသည် ရောဂါ ပြန်လည်ဖြစ်ပေါ်စေနိုင်သည့် အန္တရာယ်ရှိကြောင်း ကမာ္ဘ့ ကျန်းမာရေး အဖွဲ့ (WHO) က သတိပေးခဲ့သည်။
WHO ၏အကြီးအကဲ Tedros Adhanom Ghebreyesus က “ကန့်သတ်ချက်တွေ မြန်မြန်ဆန်ဆန် ရုတ်သိမ်းလိုက်တာက သေစေနိုင်တဲ့ အန္တရာယ်ကို ပြန်လည်တိုးပွား လာစေနိုင်ပါတယ်” ဟု ဧပြီလ ၁၀ ရက်နေ့တွင် သတိပေးခဲ့သည်။
နိုင်ငံများ အထူးသဖြင့် အာရှနိုင်ငံများက ပုံမှန်အတိုင်း တဖြည်းဖြည်း ပြန်ဖြစ်လာသည့် အချိန်တွင် ခရီးသွားများထံမှ တင်သွင်းလာမည့် ကူးစက်မှု ဒုတိယလှိုင်း ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ စိုးရိမ်နေကြသည်။
သို့သော် အစိုးရများအနေဖြင့် ပြည်သူများကို ဘေးကင်းလုံခြုံစွာ ထားရှိရေး နှင့် ထိခိုက်နစ်နာခဲ့ရပြီး ဖြစ်သော စီးပွားရေးများကို တည်ငြိမ်စေရန် ဆောင်ရွက်ရေး ကြားတွင် ဟန်ချက်ညီမျှအောင် ဆောင်ရွက်ရေး ဖိအားများ ရင်ဆိုင်နေကြရသည်။
ဗိုင်းရပ်စ် ပထမဆုံး ပေါ်ပေါက်ခဲ့သော တရုတ်နိုင်ငံက နေ့စဉ်တရားဝင် COVID-19 ကိန်းဂဏန်းများ ကျဆင်းသွားခဲ့ ပြီးနောက် နိုင်ငံသားများအပေါ် ပိတ်ဆို့မှုကို လျှော့ချ ပေးခဲ့သည်။
မဟာစီးပွားပျက်ကပ်
ကူးစက် ကပ်ရောဂါက ကမာ္ဘ့စီးပွားရေးကို လှုပ်ခါခဲ့သည်။ အမေရိကန် ဒေါ်လာ ၁ ထရီလီယံ ထုတ်ချေးနိုင်စွမ်း ရှိသော အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) က ၎င်းတို့အနေဖြင့် နိုင်ငံပေါင်း ၉၀ မှ အရေးပေါ် ဘဏ္ဍာရေး အကူအညီ တောင်းခံ မှုများကို တုန့်ပြန်နေသည်ဟု ဆိုသည်။
၁၉၃၀ နှစ်များအတွင်း စီးပွားပျက်ကပ် နောက်ပိုင်း၌ အဆိုးရွားဆုံးကျဆင်းမှုကို ကမာ္ဘက ရင်ဆိုင်နေရကြောင်း IMF က ပြောကြားခဲ့သည်။
ထိုအချိန်တွင် အဓိက ရေနံထုတ်လုပ်သူများက ထုတ်လုပ်မှုကို လျှော့ချရန် သဘောတူပြီးနောက် G20 စွမ်းအင်ဝန်ကြီးများက ရေနံဈေးကွက်တည်ငြိမ်ရေး သေချာစေရန် အတူတကွ ဆောင်ရွက်ရေး ကတိပြုခဲ့ကြသည်။
ဆော်ဒီနှင့် ရုရှားဈေးနှုန်း စစ်ပွဲကြောင့် ပိုမိုဆိုးဝါးလာခဲ့ပြီး ဖြစ်သည့် ရေနံဝယ်လိုအား သိသိသာသာ ကျဆင်းခြင်းက ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဆယ်စုနှစ် ၂ ခုနီးပါး အတွင်း အနိမ့်ဆုံးနီးပါးအထိ ဈေးနှုန်းများကို ကျဆင်းစေခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားတွင် ရောက်မလာသေးသည့် အဆိုးရွားဆုံးသော အခြေအနေ ရောက်လာမည်ကို စိုးရိမ်မှုများ ရှိနေသည်။
ကမာ္ဘ့အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပြဿနာများကို ခံစား နေရပြီးဖြစ်သည့် စစ်ဖြစ်ပွားနေသော ယီမင်နိုင်ငံက ၎င်း၏ ပထမဆုံး COVID-19 ကိစ္စ ထုတ်ပြန်ခဲ့သည်။
ဘရာဇီး နိုင်ငံတွင် လူဦးရေ အလွန်အကျွံ ပြည့်ကျပ်နေပြီး သန့်ရှင်းမှု အားနည်းသည့် အတွက် ကပ်ရောဂါ ပေါ်ပေါက်လာမည့်အပေါ် စိုးရိမ်မှုများ မြင့်တက်နေခဲ့ပြီးသား ဖြစ်သည့် ရီယိုဒီဂျနေးရိုး မြို့၏ ဆင်းရဲသား ရပ်ကွက်များတွင် ပထမဦးဆုံး သေဆုံးမှုကို အာဏာပိုင်များက အတည်ပြုခဲ့သည်။
ကိုးကား။ ။ AFP
You may also like these stories:
ရန်ကုန်တွင် ကိုဗစ် သံသယနှင့် စောင့်ကြည့်လူနာ ၄၀၀ ကျော်ရှိ
လက္ခဏာမပြတဲ့ ပိုးသယ်ဆောင်သူကတော့ ရှိနိုင်တယ်
COVID-19 ပိုးတွေ့လူနာကို ကုသပေးခဲ့သည့် ဆရာဝန် ၁ ဦး ပိုးကူးစက်ခံရ