အစားအသောက် ဘေးကင်းလုံခြုံရေးနှင့် အိမ်အရောက်ပို့စနစ်
ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မည့် အန္တရာယ်ကြောင့် တကမ္ဘာလုံးနည်းတူ မြန်မာနိုင်ငံတွင်လည်း လူအများ အိမ်တွင်းအောင်း လာရသည့်နောက်တွင် အိမ်အရောက် အစားအစာပို့ဆောင်သည့် လုပ်ငန်းများသည် ယခင်က ထက် ပိုမိုအလုပ်များလာကြောင်း တွေ့ရသည်။
ရန်ကုန်မြို့၏ လူရှင်းလင်းသည့် လမ်းမများတွင် Foodpanda၊ Grab Food၊ Hi so Mall၊ Food Mall စသည့် အိမ်တိုင်ရာ ရောက် အစားအစာပို့သည့် လုပ်ငန်းများ၏ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများသည် စက်ဘီးများဖြင့် သွားလာ လှုပ်ရှားကာ ဝန်ဆောင်မှု ပေးနေသညကို မကြာခဏ တွေ့မြင်လာရသည်။
ဗိုင်းရပ်စ် ပြန့်ပွားမှုကို ကူးစက်မြန်ကပ်ရောဂါအဖြစ် WHO က ကြေညာပြီးနောက်တွင် မြန်မာနိုင်ငံ အစိုးရကလည်း လူစုလူဝေးပွဲများကို ဧပြီလ ၃၀ ရက်အထိ မလုပ်ရန် မတ်လ ၁၃ ရက်က ထုတ်ပြန်ကြေညာထားသည်။ တတ်နိုင်ပါက မိမိအိမ်တွင်နေထိုင်ကြရန်လည်း အစိုးရက တိုက်တွန်းထားသည်။
လူသားတိုင်းအတွက် အစာအစားရန်မှာ နေ့စဉ် လိုအပ်ချက်တခုဖြစ်ရာ အိမ်ပြင်မထွက်ဘဲ နေရပါက အစား စားရန်အတွက် အစားအစာကို အိမ်အရောက်လာပို့ပေးမည့်သူများကိုသာ အားထားရတော့မည့် သဘောမျိုး ဖြစ်နေရာ ဝန်ဆောင်မှု ပေးသည့် အလုပ်များက ပိုမိုတွင်ကျယ်လာသည်။
သို့ရာတွင် အရေးကြီးသည့် အခြားစဉ်းစားစရာ ကိစ္စနှစ်ခုလည်းရှိသည်။ အိမ်အရောက် အစားအစာပို့သည့် သူများကို အားထားရမည် ဆိုပါက ၎င်းတို့ပေးပို့သည့် အစားအစာသည် ဗိုင်းရပ်စ်နှင့် ပတ်သက်၍ အန္တရာယ်ကင်း၊ မကင်းနှင့် အစားအစာ လာပို့သူသည် ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ဟုတ်၊ မဟုတ်ဆိုသည့် အချက်တို့ပင် ဖြစ်သည်။
ယင်းအချက်နှစ်ချက်နှင့် ပတ်သက်၍ စနစ်တကျ စစ်ဆေးနိုင်သည့် စနစ်တခု မြန်မာနိုင်ငံတွင် ရှိမနေကြောင်း အစား အသောက် ဘေးကင်းလုံခြုံရေး ကိစ္စများကို အာရုံစိုက် လုပ်ဆောင်နေသည့် မြန်မာနိုင်ငံစားသုံးသူများ သမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က ပြောကြားသည်။
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ အဖွဲ့ဝင်လည်း ဖြစ်သည့် ၎င်းက “အစားအသောက် ဘေးကင်း လုံခြုံရေးနဲ့ ပတ်သက်ရင် အိမ်တိုင်ရာရောက် အစားအစာပို့တဲ့ အစားအသောက်စနစ်ကို ကျနော်တို့ ကောင်းကောင်း မထိန်းသိမ်း ထားနိုင်သေးဘူး။ ဒါတွေကို မှတ်ပုံတင်ပြီး စနစ်တကျ စီစဉ်စစ်ဆေးထားတာ မရှိသေးဘူး” ဟု ရှင်းပြသည်။

အိမ်အရောက်ပို့ ဝန်ဆောင်မှုများ
မြန်မာနိုင်ငံတွင် အိမ်အရောက် အစားအစာပို့ပေးသည့် ဝန်ဆောင်မှုလုပ်ငန်း ၂ မျိုးရှိသည်။
၎င်းတို့မှာ အခကြေးငွေယူကာ စီးပွားရေး ရည်ရွယ်ချက်ဖြင့် အိမ်အရောက် အစားအစာ ပို့ဆောင်သည့် လုပ်ငန်းနှင့် လူအများ အိမ်အပြင်ထွက်ရမှု နည်းပါးရန် ရည်ရွယ်ကာ မှာယူသည့် ပစ္စည်း၏ ကုန်ကျငွေသာ ပေးရပြီး ပို့ခမပေးရသည့် ပရဟိတ ဝန်ဆောင်မှုလုပ်ငန်းတို့ ဖြစ်သည်။
အခကြေးငွေယူကာ အစားအစာပို့ပေးသည့် လုပ်ငန်းများ မြန်မာနိုင်ငံတွင် တွင်ကျယ်လာသည်မှာ လပိုင်းမျှသာ ရှိသေးကြောင်း အစားအစာမှာယူသည့် စားသုံးသူများထံမှ သိရသည်။
Foodpanda ၊ Grab Food ၊ Hi So Mall ၊ Food Mall စသည့် ကုမ္ပဏီများသည် ၎င်းတို့ကုမ္ပဏီ၏ အက်ပလီကေးရှင်း၊ Facebook စာမျက်နှာ စသည့် အွန်လိုင်းပလက်ဖောင်းများပြုလုပ်ထားပြီး ယင်းပလက်ဖောင်းများမှ တဆင့် အစားအစာ မှယူနိုင်သလို ဖုန်းဖြင့် ဆက်သွယ်၍လည်း မှာယူနိုင်သည်။
ထိုကုမ္ပဏီများသည် ၎င်းတို့ လက်လှမ်းမီရာ စားသောက်ဆိုင် များနှင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် ဆိုင်များမှ အစားအသောက်များကို စားသုံးသူများက အက်ပလီကေးရှင်းများ သုံး၍ မှာယူစားသောက်နိုင်သည်။
မှာယူသည့် စားသုံးသူထံ အစားအစာရောက်လာမှသာ လာပို့သူကို ကျသင့် ငွေပေးချေရသည်။
ဗိုင်းရပ်စ် အန္တရာယ်ကြောင့် လူအများ အိမ်တွင်းအောင်းသည့် ကာလတွင် အိမ်အရောက် အစားအစာမှာယူမှု မည်မျှအထိ များပြားလာသည်ကို စုံစမ်းရန် နှင့် အစားအသောက်ပို့ပေးသည့် ဝန်ထမ်းများက ဗိုင်းရပ်စ် ကာကွယ်ရေး မည်မျှ ဂရုစိုက် သည်ကို မေးမြန်းရန် ယင်းကုမ္ပဏီများထံ ဧရာဝတီသတင်းဌာနက Email ဖြင့် မေးခွန်းများ ပေးပို့ကာ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ၎င်းတို့က မဖြေကြားခဲ့ပေ။
“အခုကတော့ မထွက်ရဆိုတော့ ပါဆယ်ပဲရောင်းတာဆိုတော့ သွားစားလို့မရတော့ဘူး။ မှာတဲ့သူ များလာတာပေါ့” ဟု ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှ အိမ်တိုင်ရာရောက် အစားအစာပို့ပေးရန် မှာယူသည့် စားသုံးသူ တဦးဖြစ်သူ မယွန်းစန္ဒီက ပြောဆိုသည်။
အခကြေးငွေဖြင့် အိမ်အရောက် အစားအစာပို့ဆောင်သည့် လုပ်ငန်းများသည် ၎င်းတို့၏ အက်ပလီကေးရှင်းတွင် ပစ္စည်းပို့မည့်ကြာချိန်ကို ရေးထားသည်ဖြစ်ရာ မတ်လ အကုန်မှ ဧပြီလ ပထမပတ်အထိ မှာယူသူ များပြားသဖြင့် သတ်မှတ်အချိန်အတိုင်း ပစ္စည်းမရောက်ဘဲ ကြန့်ကြာသည်များလည်း ရှိကြောင်း စားသုံးသူအချို့က ဆိုကြသည်။
မတ်လနောက်ဆုံးပတ်တွင် ကိုဗစ်-၁၉ ဂယက်ကြောင့် မြို့ကြီးများ၌ အလုအယက်ဈေးဝယ်ယူမှုများ ရှိလာပြီးနောက် ရန်ကုန်၊ မန္တလေး၊ ကလေး၊ မုံရွာ နှင့် ပဲခူး စသည့် မြို့များတွင် မှာယူသည့် ပစ္စည်း၏ ကုန်ကျငွေသာ ပေးရပြီး ပို့ခမပေးရသည့် ပရဟိတ ဝန်ဆောင်မှုလုပ်ငန်းများမှာ ပေါ်ပေါက်လာသည်။
ထိုဝန်ဆောင်မှုများကို ဒေသဆိုင်ရာ ပရဟိတအဖွဲ့များက ဦးဆောင်ကာ စေတနာ့ဝန်ထမ်း လူငယ်များဖြင့် ဆောင်ရွက်နေကြခြင်း လည်းဖြစ်သည်။
အဆိုပါ အဖွဲ့များသည် အိမ်အပြင်ထွက်ရန် အခက်အခဲရှိသူများအတွက် မီးဖိုချောင်သုံး စားနပ်ရိက္ခာ၊ အစားအသောက်၊ ဆေးဝါးစသည့် ကုန်ပစ္စည်းများကို ကနဦး ငွေကြေးစိုက်ထုတ်ဝယ်ထားပြီး ပစ္စည်းပို့ပေးကာ ပစ္စည်းအိမ်ရောက်မှသာ ကျသင့်ငွေကို ပေးချေရသည်။
လိုက်ထရပ်ကား ၅ စီး၊ ဆိုင်ကယ်အစီး ၂၀ ဖြင့် အိမ်အရောက် ပစ္စည်းပို့ဆောင်းပေးသည့် ပဲခူးမြို့အခြေစိုက် Together Bago ပရဟိတ အဖွဲ့ကမူ အဖွဲ့ဖွဲ့စည်းပြီး ရက်သတ္တပတ် ၂ ပတ်အတွင်းမှာပင် ပစ္စည်းပို့ပေးသည့် အခေါက်ရေ ၅၀၀ ခန့်ကို ဆောင်ရွက်ပေးပို့ထားကြောင်း ယင်းအဖွဲ့ထံမှသိရသည်။
“မှာယူမှုပေါင်း ၅၀၀ ကျော် ၆၀၀ လောက်တက်လာတယ်။ တရက်ကို ပျမ်းမျှ အခေါက်ရေ ၅၀ လောက် ဝန်ဆောင်မှု ပေး နေတယ်။ အဓိက မှာတာတွေကတော့ ဆေးရယ်၊ ဆန်ရယ်၊ မီးဖိုချောင်သုံးပစ္စည်းတွေရယ်ပေါ့။ ကြက်သွန်တို့၊ အာလူးတို့ အဲဒီလို မှာယူတာတွေ များတယ်” ဟု Together Bago အဖွဲ့ ပူးတွဲတည်ထောင်သူ ဦးရဲထွန်းအောင်က ဧရာဝတီသို့ ပြောကြားသည်။
အသက် ၅၀ နှင့်အထက် အသက်အရွယ်ကြီးသည့် အမျိုးသမီးကြီးများက ဖုန်းဖြင့် ဆက်သွယ်ကာ ၎င်းတို့လိုချင်သည့် ပစ္စည်းများပို့ပေးရန် မှာယူလေ့ရှိကြောင်း ၎င်းက ပြောဆိုသည်။
“မှာယူတဲ့ နှုန်းက တက်လာတယ်။ ဒီနေ့ (ဧပြီ ၆ ရက်) ဆိုရင်ကျနော်တို့ ကလေးတွေ မနက်ပိုင်းတပိုင်းလုံး လုံးဝမနားရဘူး။ ဒီမှာလုပ်အားပေးတဲ့ ကလေးတွေ အယောက် ၂၀ လောက်ရှိတယ်။ ကလေး ၇ ယောက်ကို တဆိုင်းနှုန်းနဲ့ ကျနော်တို့ တနေ့ကို သုံးကြိမ်လောက် လုပ်ပေးနေတယ်” ဟု ၎င်းက ဆိုသည်။
ပစ္စည်းသယ်ယူ ပို့ဆောင်ပေးသည့် လူငယ်များကို နှာခေါင်းစည်း (Surgical Mask) များ နှင့် လက်အိတ်များ ပံ့ပိုးပေးထားပြီး ကျန်းမာရေးကောင်းမွန်ရန်လည်း အမြဲဂရုစိုက်နေကြောင်း ဦးရဲထွန်းအောင်က ဆက်လက်ပြောဆိုသည်။
၎င်းတို့ အဖွဲ့ကြုံနေရသည့် အခက်အခဲနှင့်ပတ်သက်၍ ဦးရဲထွန်းအောင် က “ကျနော်တို့ Volunteer တွေက ရောဂါဖြန့်ဖြူးသူ မဖြစ်စေရဆိုတဲ့ မူအရ ကျနော်တို့ကလည်း ကိုယ်တိုင် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ ဒီကလေးလေးတွေကို ပေးထားတာဖြစ်တဲ့အတွက် လက်ရှိ အခက်အခဲကတော့ ကျန်းမာရေး အထောက် အကူ ပစ္စည်းဖြစ်တဲ့ Mask တို့ ၊ လက်အိတ်တို့ ၊ Hand Gel တို့ကတော့ ကျနော်တို့ အတွက် ဝယ်ရခြမ်းရတာမှာ အခက်အခဲ ရှိတယ်” ဟု ရှင်းပြသည်။
ကမ္ဘာ့နိုင်ငံတချို့၏ အစားအသောက်ဘေးကင်းရေး ဆောင်ရွက်ချက်
ဗိုင်းရပ်စ်ကူးစက်မှု ဒဏ်ခံနေရသည် ဖွံ့ဖြိုးပြီး နိုင်ငံများတွင် အစားအစာမှာ တဆင့် ဗိုင်းရပ်စ်ပြန့်ပွားမှု မဖြစ်ရန်နှင့် အစားအစာ ပို့ဆောင်သူသည် ရောဂါဖြန့်ဖြူးနေသူ မဖြစ်ရန် ဂရုတစိုက် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိသည်။
ဗိုင်းရပ်စ်ကူးစက်ခံရမှု ဖြစ်ပွားပြီး ကူးစက်မှုကို ထိန်းချုပ်နိုင်နေပြီဖြစ်သည့် တရုတ်နိုင်ငံတွင် အစားအစာထုတ်လုပ်မှုကို ဗိုင်းရပ်စ်မပါရန် အစားအစာကို အပူချိန်မြင့်မားစွာပေး၍ ပိုးသတ်သည်။
ယင်းနောက် အစားအစာကို စနစ်တကျထုတ်ပိုးကာ ပလပ်စတစ် စည်း ၁ ခုနှင့် ချည်နှောင်လိုက်သည်။ ယင်းစည်းမပြေရန် အစားအစာပို့သူက ဂရုစိုက်ရပြီး စည်းတံဆိပ်ပြေသွားပါက အစားအစာမှာယူသူက ယင်းအစားအစာကို လက်မခံကြောင်း၊ အစားအစာ ပြန်လည် အသစ်ပြုလုပ်ပေးရကြောင်း မတ်လ တတိယပတ်က ထုတ်လွှင့်သည့် တရုတ်နိုင်ငံ အခြေစိုက် CGTN သတင်းဌာန၏ ရုပ်သံသတင်းတခုတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံတွင်မူ တချို့သော အစားအစာပေးပို့သည့် လုပ်ငန်းများသည် ငွေကြေးမှ တဆင့် ရောဂါကူးစက်မှုမဖြစ်ရန် အွန်လိုင်းမှသာ ငွေပေးချေရေးဆောင်ရွက်စေပြီး အစားအစာကို ပို့ပေးသည်။
အစားအစာ လာပို့ပေးသူသည်လည်း မှာယူသူက စေခိုင်းသည့် သတ်မှတ်နေရာတွင်သာ ပစ္စည်းကို ချထားရပြီး မှာယူသူကလည်း အစားအစာထုပ်ကို ယူပြီးပါက လက်ကို ဆေးကြော သန့်ရှင်းသည်။
အစားအစာ ပေးပို့သူသည် Mask ၊ လက်အိတ်စသည်တို့ကို အပြည့်အစုံဝတ်ဆင်ပြီး ပို့မှသာ မှာယူသူက လက်ခံကြောင်း အမေရိကန်အခြေစိုက် အစားအသောက်ကဏ္ဍ သတင်းများ ဖော်ပြနေသည့် Good Housekeeping ဝက်ဘ်ဆိုက်တွင် KAYLA KEEGAN ဆိုသည့် ဆောင်းပါးရှင်က ရေးသားထားသည်။
အစားအစာကို အိမ်အရောက်ယူခြင်းသည် အခြားဈေးဝယ်သူ အများအပြားနှင့် တွေ့ရခြင်း မဟုတ်သဖြင့် အပြင်ထွက် ဈေးဝယ်ခြင်းထက် အန္တရာယ် နည်းသော်လည်း အစားအစာလာပို့သူက တဆင့် ကူးစက်နိုင်ချေ ရှိကြောင်း စားသောက် ကုန် ဘေးကင်းရေး ပညာရှင်လည်းဖြစ် ဘလော့ဂါလည်း ဖြစ်သည့် ဒေါက်တာလီဆာ အက္ကာလေက BBC သတင်းဌာနသို့ ပြောဆိုထားသည်။
အစားအစာပေးပို့သူများမှ တဆင့် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေကိုလည်း သတိထားသင့်ကြောင်း ၎င်းက ဆိုထားသည်။

အစားအသောက် လုံခြုံမှု အာမခံသည့် စနစ်
မြန်မာနိုင်ငံတွင် အခမဲ့ ပို့ဆောင်ပေးသည့် ပရဟိတအဖွဲ့များကမူ ပစ္စည်းပေးပို့သူက တဆင့် ဗိုင်းရပ်စ်ဖြန့်ဖြူးမှု မဖြစ်ရန် ပစ္စည်းပို့သူ၏ ကျန်းမာရေးကို ဂရုစိုက်သည်ဟု ပြောဆိုကြသော်လည်း အခကြေးငွေယူကာ အိမ်အရောက် ပစ္စည်း ပို့ဆောင်ပေးသည့် လုပ်ငန်းများကမူ ပစ္စည်းပို့သူ၏ ကျန်းမာရေး ၊ ၎င်းတို့ပို့သည့် အစားအစာ၏ ဘေးကင်းလုံခြုံမှု မည်မျှရှိသည်ကို စားသုံးသူများထံ ရှင်းလင်းစွာ အသိပေးကြေညာခြင်း မရှိသေးပေ။
မြန်မာနိုင်ငံစားသုံးသူများ သမဂ္ဂအတွင်းရေးမှူး ဦးမောင်မောင်ကမူ မြန်မာနိုင်ငံတွင် အစားအသောက် ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ ဝန်ဆောင်မှုပေးသူများက မည်ကဲ့သို့ စီစဉ်ထားသည်ကို စားသုံးသူက အလွယ်တကူမသိနိုင်သဖြင့် အစားအစာ မှာယူရာတွင် သံသယဖြင့် မှာယူနေရပြီး ရွေးချယ်စရာလည်း များများစားစား မရှိသဖြင့် ရှိသည့် ဝန်ဆောင်မှုများကိုသာ အသုံးပြုနေရကြောင်း ဆိုသည်။
မြန်မာနိုင်ငံတွင် အစားအသောက် ဘေးကင်းလုံခြုံမှုကို ဝန်ဆောင်မှုပေးသူများက အတိုင်းအတာတခုအထိ တာဝန်ယူ တာဝန်ခံပေးမည့် စနစ်တခု လိုအပ်နေကြောင်း ၎င်းက ထောက်ပြသည်။
“အစားအသောက်တွေ မှာလိုက်တယ်ဆိုရင် ဘယ်က အစားအသောက်ကို ဘယ်ကိုယူလာသလဲဆိုတာ သိဖို့ လိုသလို အစားအသောက်ကို ကိုင်တွယ်တဲ့သူက ကျန်းမာရေး အသိပညာရှိသလား။ သူတို့ ကိုယ်၌က ကျန်းမာနေသလား။ ထုတ်လုပ်တဲ့ နေရာမှာလည်း တကယ် အဆင့်အတန်းမီစွာနဲ့ ကျန်းမာသန့်ရှင်း ဘေးကင်းစွာနဲ့ ထုတ်လုပ်နေတာလား ဆိုတာ သိနေဖို့ အရေးကြီးတယ်။ အဲဒီပင်ရင်းကို သိလွယ်မယ့် စနစ် ကျနော်တို့မှာ ရှိမနေဘူး” ဟု ၎င်းက ဆိုသည်။
အိမ်အရောက် အစားအသောက် ပေးပို့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို မည်သူက ထိန်းကြောင်း ကြီးကြပ်နေသည် ဆိုသည့် အချက်မှာလည်း ရှင်းလင်းစွာ မရှိသေးဟု ဦးမောင်မောင်က ဆိုသည်။
ဗိုင်းရပ်စ်ကူးစက်မည့် အန္တရာယ်ကြောင့် လူအများက နိုးနိုးကြားကြား ဖြစ်နေချိန်တွင် စားသုံးသူများ၏ ဘေးကင်းလုံခြုံရေး အတွက် ကောင်းမွန်သည့် စနစ်တခုကို အကောင်အထည်ဖော်သင့်ပြီး၊ အဆိုပါစနစ် ခိုင်မာသွားပါက ကပ်ရောဂါ အလွန်တွင် မြန်မာနိုင်ငံရှိ စားသုံးသူများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စနစ်ကောင်းတရပ်ကျန်ရှိမည့် အကျိုးရှိလာမည် ဟု ဆိုသည်။
အစားအသောက် ဘေးကင်းလုံခြုံမှုကို တာဝန်ခံနိုင်သည့် စနစ်တခု ပေါ်ထွန်းရန် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများနှင့် စားသုံးသူများတွင် တာဝန်ရှိပြီး အားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။
ဦးမောင်မောင် က “ဒီစနစ်ကို မလုပ်ခဲ့တာအတွက် အခုအချိန်မှာ အဆင်သင့်မဖြစ်ခဲ့ဘူး။ ဒါပေမယ့် မလုပ်ရင်လည်း မရဘူး။ အဲဒါကြောင့်လုပ် မယ်ဆိုရင်လည်း ဒီအလုပ်သည် စိတ်ပါရင် စေတနာပါရင် အရမ်းခက်တဲ့ အလုပ်မဟုတ်ဘူး။ အားလုံးဝိုင်းဝန်းပြီး လုပ်ဖို့ လိုတယ်” ဟု သုံးသပ်သည်။
You may also like these stories:
Covid-19 ကြောင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် နယ်စပ်ဂိတ်က လုပ်သားများ