မင်းသားဖြစ်သူ လင်ယောက်ျားရဲ့ ဖောက်ပြန်တဲ့အကြောင်းကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်မေးမြန်းနေတဲ့ ဇနီး သည်တဦးရဲ့ စစ်စစ်ပေါက်ပေါက် မကြားဝံ့မနာသာ မေးခွန်းတွေကို ကလေးသံမပျောက်သေးတဲ့ အမျိုးသမီး ငယ်တဦး ပြန်ဖြေထားတဲ့ ဖုန်းအသံဖိုင်တွေ ဧပြီလ အစပိုင်းမှာ လူမှုကွန်ရက်အပေါ် ဟိုးလေးတကျော် ပျံ့နှံ့ ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီ အမျိုးသမီးငယ်ဟာ လွန်ခဲ့သော ၅ နှစ်ကာလက ဆင်းရဲလွန်းတဲ့ မိဘကို လုပ်ကျွေးမယ်ဆိုပြီး သူမရဲ့ ကျေးရွာလေးကနေ လက်ခမောင်းခတ် မြို့ပေါ်တက်ပြီး မျှော်လင့်ချက်ကြီးကြီးနဲ့ အိမ်အကူအလုပ်လုပ်ဖို့ ထွက်သွားခဲ့ပါတယ်။
“သမီး တက်သွားတဲ့အချိန် (မြို့တက်အလုပ်လုပ်ချိန်) ကို အမေတို့ မှတ်ထား၊ အမေတို့ ဘယ်တော့မှ စိတ်မ ဆင်းရဲရဘူး၊ သမီး အမေတို့ကို ရှာကျွေးမယ်ဆိုပြီး ၁၀ နှစ်သမီးကတည်းကနေ သူတက်သွားတယ်” လို့ Myanmar Celebrity ရဲ့ ဗီဒီယို အင်တာဗျူးတခုမှာ သူမရဲ့ မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။
ဒါပေမဲ့ အခု သူမအမေနဲ့ ပြန်တွေ့ချိန် အသက် ၁၄ နှစ်ကျော်အရွယ်မှာတော့ သူမမှာ စိတ်ရော ကိုယ်ပါ ဒဏ် ရာတွေနဲ့သာ ပြည့်နေခဲ့ပါတယ်။
ရုပ်ရှင်မင်းသားရဲ့ နှစ်ချီကြာ လိင်အကြမ်းဖက် ခံခဲ့ရမှုအပြင် ခန္ဓာကိုယ် အောက်ပိုင်းက ဓားနဲ့မွန်း၊ အက်စစ် နဲ့ ပက်ခံရတဲ့ ဒဏ်ရာတွေ၊ မင်းသားယောက္ခမရဲ့ တူနဲ့ထုခဲ့တဲ့ ခေါင်းဒဏ်ရာတွေကြောင့် ခုချိန်ထိ သူမအနေနဲ့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
လူမှုအဖွဲ့အစည်းအချို့ရဲ့ ပူးပေါင်းကူညီမှုနဲ့ ဆေးကုသနိုင်ခဲ့သလို ကျူးလွန်သူ သရုပ်ဆောင် မင်းရာဇာ၊ ဇနီး ဖြစ်သူ မဖူးငုံပွင့် (ခ) ဖူးဖူး နဲ့ ဦးမောင်မောင်အေး (မဖူးငုံပွင့်၏ဖခင်) တို့ ၃ ဦးကိုလည်း ရာဇသတ်ကြီးပုဒ်မ ၃၂၄ ၊ ၃၂၅ ၊ ၃၅၄ ၊ ၁၁၄ တို့နဲ့ ရွှေပေါက်ကံရဲစခန်းမှာ အမှုဖွင့်ထားသလို ပုဒ်မ ၃၇၆ နဲ့လည်း တာမွေရဲစခန်း မှာ အမှုဖွင့် တရားစွဲဆိုထားပါတယ်။
သူမရဲ့အမှုကို အခုချိန်ကျမှ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာတော့ မဟုတ်ပါဘူး။
တူ၊ ဓား၊ အက်စစ်တွေ အသုံးပြုပြီး အကြမ်းဖက်မခံရခင်ကတည်းက မင်းသားဇနီးရဲ့ စေလွှတ်မှုနဲ့ မင်းသားရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို တာမွေရဲစခန်းမှာ ပထမအကြိမ်အဖြစ် သူမတဦးတည်း သွားရောက် တိုင် ကြားမှုရှိခဲ့ပါသေးတယ်။
တိုင်ကြားရာမှာ သူမအနေနဲ့ အသက်မပြည့်သေးတဲ့အပြင် အုပ်ထိန်းသူမပါတဲ့အတွက် ရဲစခန်းက အိမ်ပြန် လွှတ်လိုက်တဲ့အကြောင်း သူမရဲ့ မိသားစုဝင်တွေက မီဒီယာအသီးသီးမှာ ပြောခဲ့ပါတယ်။
သူမအနေနဲ့လည်း ရဲစခန်းကနေ အိမ်ပြန်သွားတဲ့နောက်ပိုင်းမှာမှ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ညဉ်းပမ်းနှိပ်စက်မှု တွေ ပိုမိုဆိုးဝါးစွာ ခံခဲ့ရတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။
“အဲဒီအိမ် ပြန်သွားတဲ့အချိန်ကစပြီး သူ့ကို နေ့ရောညရော အားရင် အားသလို နှိပ်စက်တယ်၊ လင်က အားရင် လင်က နှိပ်စက်တယ်၊ မယားက အားရင် မယားက နှိပ်စက်တယ်။ တောက်လျှောက်” လို့ ဦးလေးတော်စပ်သူ ဦးအောင်က ဧရာဝတီသတင်းဌာနရဲ့ ဗီဒီယိုအင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။
ဒီအကြောင်းကို ကြားရသူတွေရဲ့ ဒေါသစိတ်တွေဟာ ရုပ်ရှင်မင်းသား လင်မယား သာမက သက်ဆိုင်ရာ ရဲစခန်းဆီကိုပါ ကူးစက်ခဲ့ပါတယ်။
ရဲစခန်းကသာ ပထမအကြိမ် တိုင်ကြားခဲ့စဉ်ကတည်းက အာရုံစိုက်ကာ ကူညီအရေးယူ ဆောင်ရွက်ပေးခဲ့မည် ဆိုပါက သူမအနေနဲ့ ဒီလောက်ထိ ရက်စက်တဲ့ အကြမ်းဖက်မှုကို ထပ်ဆင့် မခံရနိုင်ဘူးဟုဆိုကာ လူမှုကွန်ရက် သုံးသူတွေကြား ပွက်လောရိုက်ခဲ့ပါတယ်။
အသက်မပြည့်သူ ကလေးငယ်တွေ အမှုတိုင်လို့ရလား
ရဲစခန်းဆိုတာ အကြမ်းဖက်ခံရသူ အမျိုးသမီးတွေ၊ အမျိုးသမီးငယ်တွေအတွက် လုံခြုံမှု အလျင်အမြန်ရရှိဖို့ အတွက် ဥပဒေအကူအညီကို အနီးစပ်ဆုံး လက်လှမ်းမီနိုင်တဲ့ တရားရေးစနစ်တခုလို့ ပြောရင် မမှားနိုင်ပါဘူး။
ဒီလို အခြေခံကျတဲ့နေရာမှာ ကလေးငယ်တယောက် အကြမ်းဖက်ခံရမှုကို အသက်မပြည့်ဘူးဆိုတဲ့ အချက် တခုနဲ့ လျစ်လျူရှုလို့ရလားဆိုတဲ့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။
မြန်မာ့ ရဲကျင့်ထုံးဥပဒေအရ မုဒိမ်းမှု၊ အထူးသဖြင့် သက်ငယ်မုဒိမ်းမှုတွေ လာတိုင်တဲ့အခါ ရဲအရေးပိုင်တဲ့အမှု ဆိုရင် ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄ အရ ရဲလက်စွဲ ဒုအပိုဒ် ၁၄၁၄ အရ ချက်ချင်း အမှုဖွင့်ရမယ်လို့ ပြဌာန်းထား ပါတယ်။
ဒါပေမဲ့ တိုင်ကြားသူဟာ ၁၈ နှစ်အောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ရဲလက်စွဲ ဒုတိယတွဲ အပိုဒ် ၁၇၇၁ အရ အုပ် ထိန်းသူ (သို့မဟုတ်) မိဘရဲ့ ခွင့်ပြုမိန့်လိုအပ်သလို သက်ဆိုင်ရာ တရားသူကြီးရဲ့ စစ်ဆေးသင့်မသင့် ဆုံးဖြတ် ချက်လည်းလိုအပ်ပြီး တိုင်တန်းတဲ့ အမှုကိစ္စဟာ တရားဥပဒေစိုးမိုးရေးအတွက် ဘယ်လောက်အရေးကြီးလဲ ဆိုတဲ့ အချက်အပေါ်မူတည်ပြီး အဆုံးအဖြတ်ပြုကြပါတယ်။
“ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အမှုကြီးမျိုး ဖြစ်နေတယ်ဆိုရင် အဲဒီနေ့မှာ တာဝန်ကျတဲ့ ရဲအရာရှိ တာဝန် မှူးက တရားလိုပြုလုပ်ပြီးတော့တောင်မှ အမှုဖွင့်လှစ်ဆောင်ရွက်နိုင်တဲ့ ပြဌာန်းချက်တွေ ရှိပါတယ်” လို့ ဥပဒေ အကြံပေးတဦးဖြစ်သူ ဦးခင်မောင်မြင့်က ဆိုပါတယ်။
အကယ်၍ အသက်မပြည့်လို့ အခြေအနေကြောင့် ချက်ချင်း အမှုမဖွင့်နိုင်ခဲ့ရင်တောင် ရဲလက်စွဲ ဒုတွဲ အပိုဒ် ၁၇၆၄ အရ ထိခိုက်နာကျင်စေမှုတွေနဲ့ မုဒိမ်းမှုတွေမှာ ရဲစခန်းအနေနဲ့ ကျူးလွန်ခံရသူကို ရှေးဦးစွာ ပြုစုပေး နိုင်ဖို့ ဆေးရုံကို ပို့ပေးနိုင်တယ်ဆိုတဲ့အချက်လည်း ပါရှိပါတယ်။
ဒါကြောင့် သရုပ်ဆောင် မင်းရဲဇာ အမှုမှာ ရဲစခန်းက အိမ်အကူမိန်းကလေးကို ပြန်လွှတ်လိုက်တယ်ဆိုတဲ့ သတင်း မှန်ခဲ့ရင် ဒါဟာ မဖြစ်သင့်ဘူးလို့ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကလည်း ဆိုပါတယ်။
“ရဲက ကျင့် (ကျင့်ထုံး ဥပဒေ) ၁၅၄ အရ အမှုမဖွင့်သေးရင်တောင် ရဲလက်စွဲ ၁၇၆၄ အရ မိဘအုပ်ထိန်းသူ မပါသေးရင်တောင် ရှေးဦးပြုစုနိုင်ဖို့ ဆေးရုံပို့ ကူညီတဲ့အနေနဲ့ ပို့ဆောင်သလား မေးရမှာဖြစ်ပါတယ်။ အဲဒီအချက်တွေ တခုမှ မလုပ်ခဲ့ပဲ ဒီအတိုင်း ပြန်လွှတ်ရင်တော့ ရဲမှားတယ်လို့ပဲ ဖြေပါရစေ” လို့ ဒုရဲမှူးဟောင်း မိုးရန်နိုင် က ဆိုပါတယ်။
အိမ်အကူမိန်းကလေး တဦးတည်း အမှုလာဖွင့်ချိန်မှာ ပြန်လွှတ်လိုက်တာနဲ့ပတ်သက်ပြီး တာမွေရဲစခန်းကို မေးမြန်းရာမှာတော့ သရုပ်ဆောင်မင်းရာဇာကို မုဒိမ်းမှုနဲ့ ဖွင့်ထားတဲ့ အမှုတခုပဲရှိကြောင်းနဲ့ အရင်က အမှု ဖွင့်ဖူးတာလည်း မရှိကြောင်း ရဲစခန်းတာဝန်ရှိသူက ဖြေကြားခဲ့ပါတယ်။
“အရင်က ကျနော်တို့စခန်းမှာ ဖွင့်တာမဟုတ်ဘူးနော်။ တခြားစခန်းမှာ ဖွင့်ထားတာ။ ကျနော်တို့စခန်းမှာ ဖွင့်ထားတာက ၃၇၆ တခုတည်း ဖွင့်ထားတာ” လို့ တာမွေရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။
ပထမအကြိမ် အိမ်အကူမိန်းကလေး အမှုဖွင့်ဖို့သွားချိန်မှာ ပြန်လွှတ်လိုက်တာ ဟုတ်မဟုတ် ရှင်းလင်းတိကျ တဲ့ ဖြေဆိုမှုတော့ မပေးခဲ့ပါဘူး။
ဒီအခြေအနေကို ထပ်မံ အတည်ပြုနိုင်ဖို့အတွက် တာမွေရဲစခန်းကို ပြန်လည်ဆက်သွယ်ရာမှာ တာဝန်ရှိတဲ့ စခန်းမှူးကို ဆက်သွယ်ရန် လမ်းညွှန်ခဲ့ပြီး ထိုစခန်းမှူးဖုန်းကို အကြိမ်ကြိမ် ဖုန်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေ ဆိုမှု မရှိခဲ့ပါဘူး။
ဒါပေမဲ့ မိန်းကလေးငယ်ရဲ့ ဦးလေးတော်စပ်သူ ဦးအောင်ကတော့ တာမွေရဲစခန်းကို အမှုဖွင့်ဖို့ ၂ ကြိမ်ကြိုးစား ခဲ့ပြီး ဒုတိယအကြိမ် တရားစွဲဆိုချိန်မှာ အမှုအတွက် ဆေးရုံမှာ ဆေးလိုက်စစ်ပေးခဲ့တဲ့ ရဲမေကလည်း ပထမ အကြိမ် ကလေးမတဦးတည်း အမှုလာဖွင့်ခဲ့တာကို မှတ်မိကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
“သြော်. ဟိုကလေးမလေး လားတဲ့။ သူလာတယ်တဲ့။ နှစ်ပတ်ကျော်လောက်ကပေါ့။ သူလာဖွင့်တော့ ကလေး ဆိုတော့ စခန်းက အမှုမဖွင့်ပေး လိုက်ဘူးပေါ့။ သမီးတောင်မှ ထမင်းကျွေးလိုက်သေးတယ်လို့ အဲဒီရဲမေလေး က ကျနော့်ကို တိတိကျကျပြောတာ” လို့ ဦးလေးတော်စပ်သူ ဦးအောင်က Hi သတင်းစာမျက်နှာကို ပြော ကြားခဲ့ပါတယ်။
အသက်မပြည့်တဲ့ ကလေးငယ်တွေရဲ့ အမှုတိုင်ကြားမှုတွေအတွက် မြန်မာနိုင်ငံ ရဲလက်စွဲဥပဒေမှာ ကာကွယ် မှုတွေရှိသလို ၂၀၁၉ ခုနှစ်က ပြဌာန်းခဲ့တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမှာလည်း ကလေးကိုယ် တိုင် တိုင်ကြားခွင့်ရှိကြောင်း အတိအလင်း ဖော်ပြထားပါတယ်။
ကျူးလွန်သူ သရုပ်ဆောင် မင်းရာဇာကို ထိုက်သင့်တဲ့ပြစ်ဒဏ် ချမှတ်နိုင်ခဲ့မယ်ဆိုရင်တောင် အိမ်အကူ မိန်း ကလေးကို အသက်မပြည့်လို့ ရဲစခန်းက အိမ်ပြန်လွှတ်ခဲ့တယ်ဆိုတဲ့အချက် မှန်ကန်မှု ရှိမရှိနဲ့ အကယ်၍ မှန် ကန်ခဲ့မယ်ဆိုရင် သက်ဆိုင်ရာ ရဲစခန်းရဲ့ တာဝန်ပျက်ကွက်မှုအတွက် ဘယ်လိုတာဝန်ယူမလဲဆိုတာ ရှင်း လင်းရမယ့် အချက်တွေအဖြစ် ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။
“ဒီအချက်အလက်သာမှန်ခဲ့မယ်ဆိုရင် ဒါဟာ ခုန ပြန်လွှတ်လိုက်တဲ့ ရဲအရာရှိရော သူ့ကို ကြီးကြပ်ရတဲ့ ရဲစခန်းရယ် စခန်းမှူးမှာရော တာဝန်ရှိပါလိမ့်မယ်။ ဒါဟာ ဥပဒေနဲ့ ညီညွတ်စွာဆောင်ရွက်တာ မဟုတ်ဘဲနဲ့ တာ ဝန်မဲ့ဆောင်ရွက်ချက်လို့ ပြောလို့ရပါတယ်” လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဆိုပါတယ်။
လိင်အကြမ်းဖက်မှုခံရသူတွေ ဥပဒေအကူအညီကို ဘယ်လောက် လက်လှမ်းမီနေလဲ
လိင်အကြမ်းဖက်မှု တိုင်ကြားတဲ့အပေါ် ရဲစခန်းရဲ့ အခန်းကဏ္ဍကို လူတွေအကြား ဝေဖန်မှုဖြစ်ခဲ့တာဟာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
ဗေဒင်ဆရာ အောင်ချစ်ပိုရဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုခံရတယ်ဆိုတဲ့ အမျိုးသမီးငယ်အချို့ ရဲစခန်းကို လာရောက်တိုင်ကြားချိန်မှာလည်း အပြစ်သဘောဆန်တဲ့ မေးခွန်းတွေ မေးမြန်းခဲ့မှုအတွက် ဝေဖန်မှု မြင့် တက်ခဲ့ပါသေးတယ်။
အထူးသဖြင့် လိင်အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေနဲ့ပတ်သက်ပြီး ရဲစခန်းတွေရဲ့ တုံ့ပြန်မှု မှာ အားနည်းချက်တွေ အများကြီးရှိနေသေးတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်တဲ့အဖွဲ့တွေက ထောက် ပြဝေဖန်လျှက် ရှိပါတယ်။
မင်းရာဇာအမှုနဲ့ ပက်သက်ပြီး အမျိုးသမီးငယ်ဘက်က လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ Triangle Women Support Group မှ ဒါရိုက်တာ ဒေါ်ခင်လေးက “ကျမတို့က အကူအညီ မရနေဘူး။ ဟောက်လား ဟမ်းလား စိတ်မရှည်သလိုပုံစံမျိုးနဲ့ ဆက်ဆံတဲ့ ဟာတွေ က သူတို့ရဲ့လုပ်ရိုးလုပ်စဉ်ပေမယ့် ဒီဘက်မှာ ထိခိုက်နာကျင် ခံစားရတဲ့သူတွေအတွက်က အဆင်မပြေပါဘူး။ လုံခြုံမှုအပြင် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် အားကိုးတကြီးနဲ့ သွားတဲ့အခါမှာ ကြုံ နေရတဲ့ ပြဿနာဖြစ်ပါတယ်” လို့ ပြောပါတယ်။
လိင်အကြမ်းဖက်မှုတွေ၊ အထူးသဖြင့် မသန်စွမ်းသူတွေနဲ့ သက်ငယ်သူတွေအပေါ် ကျူးလွန်တဲ့အကြမ်းဖက်မှု တွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ အစိုးရအနေနဲ့ ဥပဒေပြဌာန်းမှု၊ ပြင်ဆင်ဆောင်ရွက်မှုတွေ ရှိနေပေမယ့် တကယ့်လက်တွေ့ အကောင်ထည်ဖော် ဆောင်ရွက်တဲ့နေရာမှာတော့ အားနည်းနေဆဲဖြစ်ကြောင်း ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
အဓိက ကိုင်တွယ်ဆောင်ရွက်ရမယ့် တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲတပ်ဖွဲ့ရဲ့ လိုလိုလားလား လက်ခံ ဆောင် ရွက်မှုအပိုင်းမှာ အားနည်းနေသလို လူထုကြားမှာလည်း တရားစွဲဆိုတိုင်ကြားမှုတွေ လမ်းကြောင်းမှန်မှန်နဲ့ ပိုပိုလုပ်ဆောင်နိုင်ဖို့အတွက် ပညာပေးမှုတွေ လိုအပ်တယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါ တယ်။
“ရဲတပ်ဖွဲ့မှာလည်းဘဲ တကယ်လက်တွေ့ဆောင်ရွက်ရတဲ့ ရုံးဝန်ထမ်းရဲ့အားက အင်မတန် နည်းတဲ့အခါကျ တော့ ဒုရဲအုပ်အဆင့်ရှိတဲ့ တယောက်က အနည်းဆုံး အမှု ၂၅၊ ၃၀ လောက်ကိုင်တွယ်ပြီး မနိုင်မနင်း ဆောင် ရွက်ကြတော့ နောက်ထပ်ပြစ်မူကြီးတွေ တရားစွဲလာမှာကို အင်မတန်စိုးရိမ်ကြတယ်” လို့ ဦးခင်မောင်မြင့်က ဆိုပါတယ်။
ဒါကြောင့် ရဲအင်အားတိုးချဲ့ဖို့၊ ရဲအရာရှိတွေကို ဥပဒေရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြား ပေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့လိုအပ်သလို ရဲတာဝန် ဝတ္တရားပျက်ကွက်ခဲ့ရင်လည်း ရဲစည်းကမ်း ထိန်းသိမ်း ရေးဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက် အပြစ်ပေးဖို့ လိုအပ်တယ်လို့လည်း သူက ထောက်ပြ ပါတယ်။
ဒါပေမဲ့လည်း ဒီလို လိုအပ်ချက်တွေဟာ အမျိုးသမီးငယ်တွေ တရားမျှတမှု ရရှိရေးအတွက် ဆောင်ရွက်ရာမှာ အကြောင်းပြချက်တခုအဖြစ် ဆက်မရှိသင့်တော့ဘူးလို့ အမျိုးသမီးအဖွဲ့တွေက ဝေဖန်ကြပါတယ်။
“ငွေမရှိလို့ လူသားအရင်းအမြစ် မပြည့်စုံလို့ စကားတွေနဲ့ပဲ ကျမတို့ အပြစ်မဲ့သူတွေ ဒီထက် ပိုပြီးတော့ တရားမျှတမှု လမ်းကြောင်းနဲ့ သွေဖယ်အောင် လုပ်နေဦးမှာလား။ ကူရာကယ်ရာမဲ့ပြီးတော့ ကူမယ့်သူမရှိ ပိုပြီးတော့ စိတ်ဒဏ်ရာရအောင် လုပ်နေတဲ့ နေရာမျိုးမဖြစ်အောင်တော့ အခုချိန်ကစပြီးတော့ ပြုပြင် ပြောင်း လဲမှုတွေ လုပ်သင့်ပြီလို့ မြင်ပါတယ်” အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သူ ဒေါ်ခင်လေးက ဆိုပါတယ်။
မင်းရာဇာတို့ကို တရားစွဲဆိုမှု ဘယ်အခြေအနေရောက်ပြီလဲ
သရုပ်ဆောင် မင်းရာဇာအပေါ် တရားစွဲဆိုမှုဟာ အိမ်အကူမိန်းကလေးရဲ့ ပြောပြချက်အရ ပထမဆုံးအကြိမ် ရဲစခန်းမှာ တိုင်ကြားဖို့ သွားခဲ့တဲ့အချိန်ကနေ အခုဆိုရင် အချိန် တလကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
သူမရဲ့ဒဏ်ရာတွေဟာ စိုးရိမ်ရတဲ့ အခြေအနေကနေ သက်သာလာပေမယ့် အနာကျက်တဲ့အချိန်ထိ ဆေးရုံ ကနေ ဆင်းဖို့ စောင့်နေရဆဲဖြစ်ကြောင်း မိသားစုဝင်တွေကဆိုပါတယ်။
သူမရဲ့ မိသားစုဝင်တွေကတော့ ကျူးလွန်သူတွေကို တရားဥပဒေအတိုင်း ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို အမြန်ဆုံး ပေးနိုင်ဖို့ လိုလားကြပါတယ်။
“သူတို့ ထောင်ပဲဖြစ်ဖြစ် ကျသွားရင် ကျေနပ်ပြီ” လို့ မိခင်ဖြစ်သူက Myanmar Celebrities ရဲ့ ဗီဒီယိုအင်တာ ဗျူး တခုမှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့မှာ DKBA (ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်) က သရုပ်ဆောင် မင်းရာဇာ ကို ဇနီး၊ မန်နေဂျာတို့နဲ့အတူ ဖမ်းဆီးခဲ့ပြီး မြဝတီရဲစခန်းကို လွှဲပြောင်းပေးခဲ့ပေမယ့် အခု သူတို့ကို ဘယ်နေ ရာမှာ ထားထားလဲဆိုတာတော့ သတင်းထွက်ပေါ်ခြင်းမရှိသေးပါဘူး။
“နောင်တရပါတယ် အရာအားလုံးအတွက်ကို။ အခုလည်း ဒီဟာကို ရှောင်ပြေးဖို့မဟုတ်ပါဘူး၊ ကျနော် အားလုံးကို ရင်ဆိုင်ဖို့အတွက် ခဏလေးအချိန်ယူတာပါ။ အရာအားလုံးက မှားတယ်ပေါ့ဗျာ” လို့ သရုပ် ဆောင် မင်းရာဇာက ဖမ်းဆီးခံရချိန်မှာ ပြောကြားချက်ကို DVB ရုပ်သံမှာ ဖော်ပြခဲ့ပါတယ်။
မင်းရာဇာတို့ကို တရားစွဲဆိုထားမှုတွေနဲ့ပတ်သက်ပြီး ခုချိန်ထိ ဘာမှ စမလုပ်ရသေးသလို ရုံးပိတ်တဲ့ကာလမို့ နောက်ထပ် တလလောက်ကြာမှ အမှုကိစ္စကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိကြောင်း အမျိုးသမီးငယ်ရဲ့ တရားမျှတရေးအတွက် အခမဲ့ လိုက်ပါကူညီဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်း အောင် က ပြောပါတယ်။
“မင်းရာဇာအမှုက ကျနော်တို့ ဘာမှ ဆက်မလုပ်ရသေးဘူး။ ဒါတွေအားလုံးက ရုံးတွေ ပြန်ဖွင့်မှပဲ စမယ်” လို့ သူက ဆိုပါတယ်။
အမျိုးသမီးငယ်ရဲ့ မိသားစုဝင်တွေကတော့ မမှန်တာလုပ်ရင် မမှန်တာဖြစ်မယ်၊ မှန်တာလုပ်ရင် မှန်တာဖြစ် မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တရားမျှတမှုရဖို့ ယုံကြည်စောင့်မျှော်နေကြပါတယ်။
တဖက်မှာလည်း တနိုင်ငံလုံး ဟိုးလေးတကျော် နာမည်ကြီးခဲ့ပြီး လူမှုအသိုင်းအဝိုင်း အသီးသီးရဲ့ ပံ့ပိုးကူညီ မှုရခဲ့တဲ့ နေပြည်တော်က ဗစ်တိုးရီယားအမှုတောင် တရားခံမပေါ်နိုင်ခဲ့တဲ့ သာဓကကို ကြည့်ပြီး သရုပ်ဆောင် မင်းရာဇာတို့ ကျူးလွန်တဲ့အမှုကလည်း သက်သေအထောက်အထား အားကောင်းသည့်တိုင် လုံလောက်တဲ့ တရားမျှတမှု ရပါ့မလားလို့ စိုးရိမ်နေသူ အချို့လည်း ရှိနေပါတယ်။
မရေရာတဲ့ အနာဂါတ်အတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ
ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးနိုင်ပြီး ညဉ်းပမ်းနှိပ်စက်တဲ့ဒဏ်ရာတွေ ပျောက်ကင်းခဲ့ရင် တောင် ကျူးလွန်ခံရသူအတွက် ပြည့်ဝတဲ့ တရားမျှတမှု ရပြီလားဆိုတာ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ မေ့လျော့ခံရတဲ့ မေးခွန်းတခု ဖြစ်ပါတယ်။
ညဉ်းပမ်းနှိပ်စက်မှုနဲ့ နှစ်ချီကြာ လိင်အကြမ်းဖက်မှုကျူးလွန်မှုအတွက် သရုပ်ဆောင်မင်းရာဇာနဲ့ အပေါင်း အပါကို တရားဝင် တရားစွဲဆိုနိုင်ချိန်မှာတော့ အမျိုးသမီးငယ်ရဲ့ အသံဖိုင်တွေ၊ ရုပ်ပုံတွေ၊ နေရပ်လိပ်စာတွေ အားလုံးဟာ တောရော မြို့ပါမကျန် သတင်းပြန့်နှံ့လို့ နေခဲ့ပါပြီ။
ကလေးနေကောင်းသွားရင် ရွာပြန်ခေါ်သွားမှာလားလို့ ဗီဒီယိုအင်တာဗျူးတခုမှာ ကလေးမိခင်ကို မေးတဲ့အ ချိန်မှာ “အကုန်လုံးလည်းပျက်စီးသွားပြီ ကလေးက။ အဲဒါကြောင့်မို့ ရွာထဲ ပြန်မခေါ်တော့ဘူး” မျက်ရည်တွေ နဲ့ ဖြေဆိုခဲ့ပါတယ်။
အကြမ်းဖက်ခံရတဲ့ အမျိုးသမီးငယ်တွေ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးငယ် တွေအတွက် ကျူးလွန်သူကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့သည်တိုင်အောင် သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ပြန်လည် နေထိုင်ဖို့ ခက်ခဲနေပြီဖြစ် ပါတယ်။
ဒါကြောင့် မိသားစုဝင်အနေနဲ့ ကလေးငယ်ကျန်းမာဖို့နဲ့ တရားစွဲဆိုနိုင်ဖို့အရေး ကြိုးပမ်းနေတဲ့ တချိန်တည်း မှာ ရှေ့ဆက်သွားရမယ့် အနာဂါတ်အတွက်လည်း စိုးရိမ်နေကြရပြန်ပါတယ်။
မြန်မာနိုင်ငံမှာ တွေ့ရတဲ့ လိင်အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ ဥပဒေအရ ဖြေရှင်းမှုတွေမှာ အများအားဖြင့် ကျူး လွန်သူကို တရားစွဲဆိုနိုင်ရေးနဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ချမှတ်နိုင်ရေးသာ ဦးတည်ကြတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ဥပဒေအရ ကျူးလွန်ခံရသူတွေရဲ့ ဥပဒေဆိုင်ရာ ကုစားမှုအနေနဲ့ ကာယကံရှင်ဆီကနေ တရား မမှု စွဲဆိုပြီး လျော်ကြေးနစ်နာကြေးတွေကို တောင်းဆိုပိုင်ခွင့်ရှိပါတယ်။
ဒါပေမဲ့ လက်ရှိအခြေအနေမှာ ဥပဒေကို ကာကွယ်ထိန်းသိမ်းနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဥပဒေပညာရှင်တွေမှာ လိင်အကြမ်းဖက် ခံရသူတွေရဲ့ အနာဂတ်ရှင်သန်မှုအတွက် ထည့်သွင်းစဉ်းစားတဲ့ ယဉ်ကျေးမှုတရပ် အား နည်းနေတယ်လို့ ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က သုံးသပ်ပါတယ်။
“ရာဇဝတ်မူအရ ရဲမှာတရားစွဲလိုက် တရားရုံးမှာရင်ဆိုင်မယ် ပြစ်မူကျုးလွန်သူက ထိုက်သင့်တဲ့ ပြစ်ဒဏ်ရ သွားရင် ပြီးသွားပြီလို့ မြင်ကြတာပါ။ အမှန်တိုင်းပြောမယ်ဆိုရင်တော့ မဟုတ်ဘူး။ ကလေးတွေရဲ့ အနာဂတ် ကာလ ရှင်သန်ဖွံဖြိုးမူအတွက် ဥပဒေကုစားခွင့်တွေကို အပြည့်ဝရဖို့ အမှုကိုင်တဲ့ရှေ့နေမှာ တာဝန်ရှိပါတယ်” လို့ ဦးခင်မောင်မြင့်က ဆိုပါတယ်။
အခုချိန်ထိတော့ သရုပ်ဆောင်မင်းရာဇာရဲ့ အမှုကို ရာဇဝတ်မှုအရသာ တရားစွဲဆိုထားမှုရှိပြီး ဥပဒေအရ ကု စားခွင့်နဲ့ပတ်သက်ပြီး လတ်တလောမှာ ဘာမှ လုပ်ဆောင်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။
တနိုင်ငံလုံး ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့် အိမ်အကူမိန်းကလေးငယ်ရဲ့ မိသားစုဝင်တွေကတော့ ကလေး ရဲ့ အနာဂတ် အတွက် မွေးရပ်မြေမှာ အခြေချဖို့တော့ မဖြစ်နိုင်တော့ကြောင်းနဲ့ နယ်စပ်ရွာ တနေရာမှာ ဇာတ် မြုပ်နေသွားဖို့ စဉ်းစားနေတဲ့ အကြောင်း ပြောပါတယ်။
ဒါဟာ သူမတို့မိသားစု လက်ရှိအနေအထားမှာ အကောင်းဆုံး စဉ်းစားလို့ရတဲ့ ထွက်ပေါက်တခုသာ ဖြစ်ပါ တယ်။
ဒါပေမဲ့ ကလေးမလေးကတော့ သူမမိခင်ကို ကတိပေးခဲ့တဲ့ ၁၀ နှစ်သား အရွယ်တုန်းကလို တက်ကြွတဲ့စိတ်၊ ယုံကြည်မှုပြည့်တဲ့ မျှော်လင့်ချက်တွေလိုမျိုး ပြန်လည်ရရှိဖို့ ဘယ်လောက်ထိ ကြိုးစားရုန်းထရမလဲ၊ သူမ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ အတွက် ပြန်လည်ကုစားနိုင်ဖို့ မျှော်လင့်ချက် ရှိသေးလားဆိုတာ ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူး။
လိင်အကြမ်းဖက်မှုကြောင့် ရခဲ့တဲ့ ရေတွက်လို့မရတဲ့ လူမှုရေးဆိုင်ရာ နစ်နာမှုတွေအတွက် ပြန်လည်ကုစား ပေးတဲ့ ဥပဒေကာကွယ်မှုတွေ ကျင့်သုံးတဲ့ ယဉ်ကျေးမှုတရပ် မြန်မာနိုင်ငံမှာ အားမကောင်းသရွေ့ အိမ်အကူ မလေးတို့လို အကြမ်းဖက်ခံ ကလေးငယ်တွေနဲ့ မိသားစုဝင်တွေကတော့ သူတို့ကိုယ်တိုင် မဖန်တီးခဲ့ပဲ ပျက်စီး ခဲ့ရတဲ့ဘဝတွေအတွက် သူတို့ဘာသာ နိုင်သလောက် ရုန်းကန်နေကြဦးမည်သာ…။
hiburma.net မှ ဆောင်းပါးအား တဆင့် ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။