ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကပ်ရောဂါ (Pandemic) အဖြစ် ကြေညာလိုက်ရတဲ့ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ရောဂါဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ၂၀၁၉ ဒီဇင်ဘာလမှ စတင်ခဲ့ရာက ကမ္ဘာတဝှမ်း ကူးစက် ပြန့် ပွားလျက်ရှိပြီး ဒီနေ့အချိန်ထိ ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်မယ့် ဆေးဝါး မပေါ်သေးပါဘူး။
WHO ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ကမ္ဘာတဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၂.၅ သန်းကျော်ရှိပြီး သေဆုံးသူ အ ရေအတွက် ၁ သိန်း ၇ သောင်းကျော် ရှိပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ COVID-19 ကူးစက်ခံရသူ စတင်တွေ့ရှိခဲ့ပြီး အခုဆိုရင် ကူးစက်ခံ ရသူပေါင်း ၁၂၇ ဦးနဲ့ သေဆုံးသူ ၅ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဧပြီ ၂၃ ရက်မှာ မြန်မာနိုင်ငံတွင်း ပထမဆုံး COVID-19 လူနာ စတွေ့တာ ၁ လပြည့်ပြီ ဖြစ်ပါတယ်။ ဒီ ၁ လတာ ကာ လအတွင်း မြန်မာနိုင်ငံရဲ့ COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေ၊ အစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေနဲ့ ထူးခြားဖြစ် စဉ်တွေကို ဧရာဝတီက စုစည်းဖော်ပြလိုက်ပါတယ်။
မတ် ၂၃- ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂ ဦး စတင် တွေ့ရှိကြောင်း မတ် ၂၃ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်အချိန်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလူနာ အမျိုးသား ၂ ဦးဟာ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း (အမေရိကန်၊ အင်္ဂလန်နိုင်ငံ) ခရီးသွားရာဇဝင်ရှိခဲ့ပြီး သူတို့ နဲ့ ထိတွေ့ခဲ့သူတွေကို စုံစမ်းဖော်ထုတ်ကာ အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှု သွားမယ်လို့ ဆိုပါတယ်။
အဲဒီလို ကြေညာပြီး မရှေးမနှောင်းမှာပဲ ရန်ကုန်မြို့ရှိ ၂၄ နာရီဖွင့်ထားတဲ့ ဈေးဝယ်စင်တာတွေမှာ ကြိတ်ကြိတ်တိုး လာရောက်ပြီး စားသောက်ကုန် ဝယ်ယူမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ကိုဗစ် ကပ်ရောဂါကြီး မြန်မာနိုင်ငံကို အနှေးနဲ့အမြန် ရောက်လာတော့မယ်လို့ တွက်ဆထားကြပေမယ့် တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရချိန်မှာ ပြည်သူလူထုအကြား စိုးထိတ်မှုတွေ ဖြစ်ကြရပါတယ်။
မတ် ၂၄- လူ ၃၃ ဦးမှာ ရောဂါပိုးရှိနေတယ်ဆိုတဲ့ ကောလဟလ သတင်းမှား အသံဖိုင်တခုကို facebook မက်ဆင်ဂျာ ကနေ လိုက်ဖြန့်ဝေမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီအသံဖိုင်ဟာ လူမှုကွန်ရက် သုံးစွဲသူတွေအကြား အတော်လေး ပြန့်နှံ့သွားခဲ့လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးကိုယ်တိုင်က သတင်းမှားဖြစ်ကြောင်းနဲ့ မသေချာမရေရာတဲ့ သတင်းကို မဖြန့်ကြဖို့ သူ့ရဲ့ facebook အ ကောင့်ကနေတဆင့် မေတ္တာရပ်ခံခဲ့ရပါတယ်။
ဒီကာလမတိုင်ခင်ကလည်း အလားတူ ကောလဟလ သတင်းအမှားတွေ မက်ဆင်ဂျာကတဆင့် ဖြန့်ဖြူးမှုတွေ ရှိတာ ကြောင့် ဒီလိုလုပ်သူတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်း ရှာဖွေဖော်ထုတ်ပြီး တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ် ဆိုတာ မတ် ၁၂ ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။
မတ် ၂၉- ရောဂါပိုး စတင်တွေ့ရှိပြီး ၁ ပတ်ခန့်အကြာ မြန်မာနိုင်ငံမှာ COVID-19 ပိုးတွေ့ရှိသူ ၁၀ ဦး ရှိလာပြီးဖြစ်ပြီး အားလုံးဟာ နိုင်ငံခြားက ပြန်လာသူတွေဖြစ်လို့ ပြည်သူတွေအကြား အမြင်တိမ်းစောင်းမှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာ့နိုင်ငံအသီးသီးကနေ မြန်မာနိုင်ငံသို့ လာရောက်မယ့် နိုင်ငံခြားသားတွေ ကို မည်သည့်ပြည်ဝင်ဗီဇာ အမျိုးအစားမဆို ထုတ်ပေးမှုကို ဧပြီ ၃၀ ရက်ထိ ရပ်ဆိုင်းကြောင်း ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
နယ်စပ်ဂိတ်တွေကနေတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားတွေကိုလည်း ဧပြီ ၁၅ ရက် နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြဖို့ ပန်ကြားခဲ့ပါတယ်။
ညပိုင်းမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နိုင်ငံတွင်းကို ပြည်ပကနေ အထူးသဖြင့် မြဝတီ – မဲဆောက် တံတားကနေတဆင့် အစု/အပြုံလိုက် ပြန်လည်ဝင်ရောက်လာသူတွေမှာ ရောဂါကူးစက်ခံရသူတွေ ပါဝင်လာနိုင်ခြေ များပြီး ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ဖို့ အလားအလာ အလွန်များနေတယ်လို့ သတိပေး ထုတ်ပြန်ခဲ့ပါ တယ်။
ဘာကြောင့်လဲဆိုရင် Covid-19 ကူးစက်မှု အရှိန်မြင့်နေတဲ့ ထိုင်းနိုင်ငံထဲကနေ မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားတွေဟာ ထိုင်း-မြန်မာ နယ်စပ် အမှတ် ၂ ချစ်ကြည်ရေး တံတား အပါအဝင် တရားဝင် နယ်စပ် ဂိတ်ပေါက်တွေနဲ့ တရားမဝင် ကူးတို့ဂိတ်တွေကနေ ဝင်လာသူတွေဟာ တသိန်း ဝန်းကျင်ထိရှိခဲ့တာ ကြောင့်လဲ ပါပါတယ်။
အစိုးရကတော့ ပြည်သူတွေအနေနဲ့ ရောဂါပိုး မကူးစက်စေဖို့ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ နေအိမ်တွေမှာသာ နေထိုင်ကြဖို့ တိုက်တွန်းသလို လူစုလူဝေး မဖြစ်စေဖို့ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကိုပင် မကျင်းပဖို့ထိ တားမြစ်ခဲ့ ပါတယ်။
ဒေသအလိုက် အာဏာပိုင်တွေကလည်း တတ်နိုင်သမျှ အပြင်မထွက်ဘဲ နေအိမ်မှာ နေထိုင်ကြဖို့၊ မလိုအပ်တဲ့ ခရီး သွားလာမှုတွေ မပြုလုပ်ကြဖို့၊ လူစုလူဝေး ဖြစ်စေမယ့် တရားပွဲကစလို့ အလှူ၊ မင်္ဂလာပွဲတွေအဆုံး မကျင်းပဖို့ တား မြစ်တွေ ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။
မတ် ၃၀- နိုင်ငံတွင်း COVID-19 ထိန်းချုပ်ရေးနဲ့ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေကစလို့ စားနပ်ရိက္ခာအဆုံး ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်နိုင်ဖို့ဆိုကာ ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်ပြီး ၁၀ ဦး ပါဝင်တဲ့ ‘Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုန့်ပြန်ရေးကော်မတီ’ ကို မတ် ၃၀ မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ COVID-19 ကူးစက်ရောဂါ စစ်ဆေးခြင်း လုပ်ငန်းတွေ တိုးမြှင့်နိုင်ရေး လိုအပ်တဲ့ Test Kits အရေ အတွက် ၅ သောင်းထိ ထပ်မံပို့ဆောင်ဖို့ ရှိတယ်လို့ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်း(UN) က သတင်းထုတ်ပြန်ပါ တယ်။
Jack Ma ဖောင်ဒေးရှင်းနဲ့ Alibaba ဖောင်ဒေးရှင်းတို့က မြန်မာနိုင်ငံသို့ ကိုဗစ်ရောဂါပိုး ဓာတ်ခွဲစစ်ဆေးရေး ကိရိယာ လူဦးရေ ၂၈၈၀၀ ဦးစာနဲ့ N95 နှာခေါင်းစည်း အခုရေ ၁ သန်းတို့အား လွှဲပြောင်းလှူဒါန်းမှုကိုလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှာ ပြုလုပ်ခဲ့ပါတယ်။
မတ် ၃၁- မတ် ၂၇ ရက်မှာ အတည်ပြု ကြေညာထားတဲ့ အသက် ၆၉ နှစ် လူနာအမှတ် ၅ ဟာ မတ်လ ၃၁၊ နံနက် ၇ နာရီ ၂၅ မိနစ်မှာ သေဆုံးသွားပြီး မြန်မာနိုင်ငံမှာ COVID-19 ကြောင့် ပထမဦးဆုံး သေဆုံးစာရင်းထဲ ပါသွားခဲ့ပါတယ်။
ထိုသူဟာ လတ်တလော ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ သွေးဆိပ်တက်ခြင်း၊ COVID-19 နဲ့ ပြင်းထန်နမိုးနီးယားခံစား ရခြင်း၊ နဂိုရောဂါအခံရှိတဲ့ နှာခေါင်းကင်ဆာနဲ့ ဓာတ်ရောင်ခြည် ကုသမှုခံယူခဲ့ခြင်းတို့ကြောင့် သေဆုံးရတယ်လို့ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးရဲ့ facebook မှာ ထိုစဉ်က ဖော်ပြခဲ့ပါတယ်။
ဧပြီ ၁- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် facebook စသုံးပြီဆိုတဲ့ သတင်းစကားက လူမှုကွန် ရက် သုံးစွဲသူတွေအကြား တမဟုတ်ချင်း ပျံ့နှံသွားသလို ဧပြီ ၁ ရက်နေ့ဖြစ်တာကြောင့် April fool လုပ်သလားဆိုပြီး မယုံတဝက် ယုံတဝက် ဖြစ်ခဲ့ကြရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကလည်း “facebook ကို သုံးဖို့ ဆန္ဒလုံးဝ မရှိခဲ့ပါ။ ဒီအချိန်မှာတော့ COVID-19 စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့ သုံးလိုက်ပါတယ်” လို့ အဲ့ဒီ Facebook အကောင့်ကနေ စတင်ရေးသားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးပို့စ်ကို react ပေးသူပေါင်း ၆ သိန်းကျော်ခဲ့ပြီး ပြန်လည်ဝေမျှသူပေါင်း ၇ သောင်း ၇ ထောင်ကျော် ရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ သတင်းစကား ပါးချင်တာတွေ ကို အလျဉ်းသင့်ရင်သင့်သလို သူ့ရဲ့ facebook ကနေတဆင့် ပြည်သူကို အသိပေးမှုတွေ ပြုလုပ်ပါတယ်။
အဓိက အိမ်နီးချင်း ကုန်သွယ်ဘက် နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ မြန်မာနဲ့ ဆက်စပ်နေတဲ့ နယ်စပ်ဂိတ်ပေါက်တွေကို COVID-19 ရောဂါ ထိန်းချုပ်ဖို့ ဧပြီ ၁ ရက် နံနက် ၆ နာရီမှ စတင်ကာ ကုန်ကားမှအပ အဝင်အထွက်တွေကို ပိတ် လိုက်တာဖြစ်လို့ မြန်မာအတွက် ကုန်သွယ်ရေးသာမက နယ်စပ်ဂိတ်ကို မှီခိုနေတဲ့ လုပ်သားတွေလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဧပြီ ၂- ကျန်းမာရေးဝန်ကြီးဌာနရဲ့ ည ၈ နာရီ ပိုးတွေ့ရှိသူ သတင်းထုတ်ပြန်ချက်မှာ အသက် ၈ နှစ်နဲ့ ၁၀ နှစ် အရွယ် ကလေးနှစ်ဦး ပါဝင်လာပြီး ပိုးတွေ့ရှိသူ လူနာအမှတ်(၁၇)(၁၈)(၁၉)(၂၀) ၄ ဦးစလုံးဟာ မိသားစုဝင်တွေ ဖြစ်ပါတယ်။
သူတို့ဟာ ပေါက်ခေါင်းမြို့နယ်ကဖြစ်ပြီး ခရီးသွားရာဇဝင် မရှိပေမယ့် လူနာအမှတ်(၁၅)ဖြစ်တဲ့ မိသားစုဝင်ဆီကနေ အစုလိုက် ကူးစက်ခံရတာ ဖြစ်ပါတယ်။
ဧပြီ ၃- COVID-19 ထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ အစိုးရက ချမှတ်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းတွေကို မလိုက်နာတဲ့ စောင့်ကြည့်ကာလ သတ်မှတ်ရက်အတွင်း နေထိုင်သူတွေ၊ မင်္ဂလာပွဲကျင်းပသူတွေ၊ လူစုလူဝေး ပြုလုပ် တဲ့သူတွေကို တရားစွဲဆို၊ ထောင်ချ၊ ဒဏ်ငွေပေးဆောင်ခြင်းတွေ စတင် ပြုလုပ်ခဲ့ပါတယ်။
ဧပြီ ၆- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ COVID-19 ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကနေ သင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန် ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ပစ္စည်း ၅ မျိုး ဖြန့်ဖြူးထောက်ပံ့ပေးဖို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူတွေအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၁၅၀)ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့) ဧပြီလကုန်အထိ ပေးသွားမယ်ဆိုတဲ့ အချက်လည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဧပြီ ၈- ဒီနေ့ နံနက် ၃ နာရီ ၄၀ မိနစ်မှာ ပြည်ဆေးရုံက အသက် ၄၇ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၁၇ ဖြစ် တဲ့ ပေါက်ခေါင်းမြို့နယ် ဒု-အုပ်ချုပ်ရေးမှူး၊ နံနက် ၁၀ နာရီ ၅ မိနစ်မှာတော့ ဝေဘာဂီဆေးရုံက အသက် ၆၃ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၁၆ တို့ ၂ ဦး ကွယ်လွန်သွားခဲ့ပါတယ်။
လူနာအမှတ် ၁၇ ဟာ လူနာအမှတ် ၁၅ ရဲ့ ခင်ပွန်းဖြစ်ပြီး ပြည်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ၎င်းတို့ရဲ့ သား၊ သမီး၊ တူမ ဖြစ်သူတို့ကို မိခင်ဖြစ်သူ လူနာအမှတ် ၁၅ ဆေးရုံတက်နေတဲ့ ဝေဘာဂီအထူးကုဆေးရုံကို ညတွင်းချင်း လွှဲပြောင်းပေး ခဲ့ပါတယ်။
ဧပြီ ၈- တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ၎င်းတို့နဲ့ အတူ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့မှာ ယူနန်ပြည်နယ် ရောဂါထိန်းချုပ်ရေးစင်တာ၊ ကူမင်းဆေးတက္ကသိုလ် အမှတ်(၁) ဆေးရုံ၊ ယူနန်ပြည်နယ် တရုတ်တိုင်းရင်းဆေးရုံများမှ အသက်ရှူလမ်းကြောင်း ရောဂါ ကူးစက်ရောဂါ၊ ပြင်းထန်ရောဂါ၊ ရောဂါစစ်ဆေးရေး၊ တရုတ်တိုင်းရင်းဆေး စတဲ့ နယ်ပယ်တွေက ကျွမ်းကျင်ပညာရှင် ၁၂ ဦး ပါဝင်ပါတယ်။
လတ်တလောမှာ လိုအပ်ချက်တွေကြောင့် ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုကို နေ့စဉ် လူဦးရေ ၈၀ ခန့်သာ စစ်ဆေးနိုင်ရာ တရုတ်ပြည်မှ ဆေးအဖွဲ့နဲ့ ဆေးပစ္စည်းတွေ ရောက်လာရင် စစ်ဆေးမှုတွေ ပိုမြန်လာနိုင်လို့ မြန်မာဘက်က မျှော်လင့် ထားပါတယ်။
ဧပြီ ၉- နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူစမ်းချုပ်နေတဲ့ mask ပြီးသွားကြောင်း သူ့ရဲ့ facebook ပေါ်မှာ ဓာတ်ပုံနဲ့တကွ ဖော်ပြပေးခဲ့ပြီး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို အားလုံးအတူ နိုင်ငံရဲ့ ကိုယ်ခံ အား မွေးပြီး ကျော်လွှားကြရအောင်လို့ တိုက်တွန်းခဲ့ပါတယ်။
အခြေခံလူတန်းစား ပြည်သူတွေအတွက် ရိက္ခာဖြန့်ဖြူးရေး ဆောင်ရွက်ရာမှာ ဝေဖန်စရာဖြစ်ခဲ့ရတဲ့အပေါ် ဒေါ်အောင် ဆန်းစုကြည်က ဒီလိုထပ်မဖြစ်ရအောင် စီမံခန့်ခွဲသူတွေကို အထူးဂရုစိုက်ဖို့၊ ဘယ်သူမျှ (ဝန်ကြီးချုပ်တွေ အပါအဝင်) COVID မပြီးဘဲ ရောဂါကူးနိုင်တာမို့ အားလုံး စည်းကမ်းလိုက်နာကြဖို့ ဆိုပြီး ဧပြီ ၁၁ မှာ သတိပေး ရေးသားခဲ့ပါတယ်။
Quarantine ၁၄ ရက်လွန်မှ ရောဂါလက္ခဏာ ပြသူတွေ တွေ့ရလို့ စိတ်ချရအောင် Quarantine ရက်ကို ၂၁ ရက်ထိ တိုးရမယ်လို့လည်း အဲဒီနေ့မှာ ပြည်သူတွေကို အသိပေးခဲ့ပါတယ်။
ကိုဗစ်ကြောင့် စီးပွားရေး ထိခိုက်မှုကို ကုစားဖို့ဆိုပြီး မတ် ၁၃ ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအဆင့် လုပ် ငန်းကော်မတီကနေ ကိုဗစ်ကြောင့် ထိခိုက်မှုအများဆုံး ခံစားရတဲ့ အသေးစား/အလတ်စားလုပ်ငန်း (SME) တွေကို ဧပြီ ၉ ရက်မှာ ပထမအသုတ် စတင် ထုတ်ချေးပေးခဲ့ပါတယ်။
ဧပြီ ၁၁- ဒီနေ့ အသစ်တွေ့တဲ့ ၁၀ ဦးအပါအဝင် COVID-19 အတည်ပြုလူနာ ၃၈ ဦး ရှိပြီ ဖြစ်ပါတယ်။ ဒီနေ့ ထပ်တိုး စာရင်းထဲက လူနာအမှတ် ၃၀ ဟာ အသက် ၅၈ နှစ်အရွယ် မေ့ဆေးဆရာဝန်မကြီး တဦးဖြစ်ပြီး လူနာအမှတ် ၁၇ ကို ကုသပေးခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာမကြီးနဲ့ ပတ်သက်တဲ့ ဂုဏ်ယူစရာပို့စ်တွေကို facebook ပေါ်မှာ ဖော်ပြရင်း အမြန်ပြန်လည် ကောင်းမွန်လာဖို့ ဝိုင်း ပြီး ဆုတောင်းပေးကြသလို ပြည်ကနေ ရန်ကုန်၊ ဝေဘာဂီအထူးကု ဆေးရုံကို လွှဲပြောင်းဖို့ ပြည်ကအထွက်မှာလည်း ဆရာမကြီးကို ဂုဏ်ပြုအလေးပြုတဲ့ ဗီဒီယိုဖိုင်တွေ အွန်လိုင်းပေါ် ပျံ့နှံသွားခဲ့ပါတယ်။
ဧပြီ ၁၁ ရက်ကစပြီး ဘာသာရေး အခမ်းအနားတခု တက်ရောက်ခဲ့သူတွေကနေ နောက်ရက်ဆက်တိုက် ဆိုသလို အုပ် စုလိုက် ကူးစက်မှုတွေ ထွက်ပေါ်လာပါတယ်။
ဧပြီ ၁၁- မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ တိုးလာတာကြောင့် နယ်စပ်ဂိတ်တွေကတဆင့် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားတွေကို ဧပြီ ၁၅ ရက် နောက်ပိုင်းမှ ပြန်လည်ဝင်ရောက်ဖို့အစား ဧပြီ ၃၀ နောက် ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြရန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။
ဧပြီ ၁၂- မြန်မာ့နှစ်သစ်ကူး အခါသမယ ၂၀၂၀ ခုနှစ်ရဲ့ မဟာသင်္ကြန် အကြိုနေ့ကို ရောက်ရှိလာပြီ ဖြစ်ပေမယ့် COVID-19 ကြောင့် နိုင်ငံတဝှမ်း ခြောက်ကပ်တိတ်ဆိတ်လို့ နေပါတယ်။
သင်္ကြန်ရုံးပိတ်ရက် ကာလဖြစ်တဲ့ ဧပြီ ၁၀ ကနေ ၁၉ ရက်ထိ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ ကျန်းမာရေးကိစ္စနဲ့ ဈေး ဝယ်တာကလွဲလို့ မလိုအပ်ဘဲ အပြင်မထွက်ရန် ညွှန်ကြားချက်တွေကြောင့်လည်း အသွားအလာ နည်းပါးနေပါတယ်။
ဆီးချို၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါအခံရှိတဲ့ အသက် ၈၅ နှစ်အရွယ် အမျိုးသား ကိုဗစ်လူနာအမှတ် ၃၉ ဒီကနေ့ နံနက် ၆ နာရီမှာ သေဆုံးသွားခဲ့ပါတယ်။
ဧပြီ ၁၃ ရက်နေ့ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်ခံရသူပေါင်း ၆၂ ဦး ရှိပြီဖြစ်ပြီး ၁၃ ရက်နေ့ တရက်တည်းမှာပဲ လူနာအသစ် ၂၁ ဦး ထပ်မံတိုးခဲ့တာ ဖြစ်လို့ တလအတွင်း ပိုးတွေ့သူ အများဆုံးရက်လို့ ဆိုနိုင်ပါတယ်။
ဧပြီ ၁၄- ရောဂါပိုး ကူးစက်ခံရသူ အများဆုံးဖြစ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ပိုးတွေ့ရှိခဲ့သူတွေ နေထိုင်ရာ နေ ရာတွေကို အသွားအလာ ကန့်သတ်မှုတွေ ပြုလုပ်သလို ညွှန်ကြားချက်တွေ လိုက်နာဖို့ ပျက်ကွက်ပြီး ရောဂါဖြစ်ပွားစေ နိုင်တဲ့လူစုလူဝေး ပြုလုပ်ဆောင်ရွက်ခဲ့သူတွေကိုလည်း အမှုဖွင့်ထားတယ်လို့ တိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။
အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်က သူ့ facebook မှာ စိုးရိမ်စိတ်တွေ ကြီးလာတာနဲ့အမျှ ဒေါသတွေလည်း ကြီး လာကြပါတယ်၊ COVID-19 ကိုတိုက်ဖို့ လိုတဲ့အင်အားတွေကို ကိုယ့်အချင်းချင်းတိုက်ဖို့ မသုံးကြပါနဲ့လို့ ရေးသားခဲ့ပါ တယ်။
တဆက်တည်းမှာပဲ သူက အင်းစိန်မှာ လူတစု ရောဂါပိုးရှိကြောင်း သိရှိရမှုက အစချီပြီး ရန်ကုန်တိုင်း အစိုးရရဲ့ထပ်ဆင့် လုပ်ဆောင်ချက်ကြောင့် ကျမတို့ ပြည်သူတွေအကြား စိတ်ဝမ်းကွဲကြရတာတွေဟာ အလွန်ဝမ်းနည်းစရာ ကောင်းပါ တယ်။
ဒေါသတွေကို ဖျောက်ကြပါ။ COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီဥက္ကဋ္ဌ အနေ နဲ့ ကျမ ဒီကိစ္စကို မှန်ကန်မျှတအောင် ဖြေရှင်းဖို့ တာဝန်ယူပါမယ်လို့ သူက ဆိုပါတယ်။
ဧပြီ ၁၆- တရုတ်နိုင်ငံဘက်က ပြန်လာမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၈၀၀၀ ခန့်ကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်နယ်စပ်ဂိတ်က တဆင့် စတင်လက်ခံခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ဘက်မှာလည်း တရုတ်ပြန် မြန်မာနိုင်ငံသား ၁၈၀၀ လောက်ရောက်ရှိနေပါတယ်။
မြန်မာနိုင်ငံထဲကို ပြန်လည် ဝင်ရောက်လာသူတွေကို သက်ဆိုင်ရာ ဒေသမြို့နယ် အသီးသီးက Quarantine Center တွေမှာ ၂၁ ရက် စောင့်ကြည့်သွားမှာဖြစ်ပေမယ့် ဒီအခြေအနေကတဆင့် ကူးစက်မှုတွေ ဆက်တိုက်ဖြစ်လာမှာကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။
COVID-19 နဲ့ ပတ်သက်လို့ ဥပဒေအရ အရေးယူခြင်းနဲ့ စပါမယ်။ ဘယ်ဥပဒေအရ ဘာလုပ်သူကို ဘယ်လို အရေးယူမယ်ဆိုတာ ဒီည ထုတ်ပြန်ပါမယ်။ အားလုံးအတွက် တပြေးညီ မှန်ကန်မျှတစေဖို့ ဖြစ်ပါတယ်လို့ ဒေါ်အောင် ဆန်းစုကြည်က သူ့ facebook မှာ ရေးသားဖော်ပြပါတယ်။
ထိုနေ့ညမှာပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ကိစ္စရပ်တွေမှအပ လူ ၅ ဦးဖြစ်စေ၊ ၅ ဦး ထက် ပို၍ဖြစ်စေ စုဝေးခြင်းမပြုရ၊ လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
အပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://web.facebook.com/MinistryOfHealthAndSportsMyanmar/posts/3332544350108180
ဧပြီ ၁၇- COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ ရှေ့တန်းကနေ တက်တက်ကြွကြွ ဆောင် ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် အထူးခံစားခွင့်(စရိတ်) ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဝေဘာဂီအထူးကု ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေကြသူတွေနဲ့ အွန်လိုင်းဆွေးနွေးမှု ပြု လုပ်နေစဉ် ထည့်သွင်းပြောကြားသွားတာ ဖြစ်ပြီး ဒီလိုလုပ်တာဟာ ကျေးဇူးကို အသိအမှတ်ပြုတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဧပြီ ၁၈- နံနက် ၂ နာရီ ၅၅ မိနစ်မှာ အသက် ၇၈ နှစ် အမျိုးသား လူနာအမှတ် ၈၆ သေဆုံးသွားပါတယ်။ ဧပြီ ၁၈ ရက်နေ့ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၁၀၇ ဦးအနက် ၅ ဦး သေဆုံးသွားပြီ ဖြစ်ပါတယ်။
ဧပြီ ၁၉- ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက တနိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံတွေကို ဧပြီ ၂၀ ကနေ ၃၀ ရက်အတွင်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှ ပြန်လည်ဖွင့်လှစ်ခွင့် ရမှာပါ။
လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဟာ ဒီကြေညာချက်ကို ဧပြီ ၁၉ ရက်မှ ထုတ်ပြန်လိုက်တာ ဖြစ်လို့ အချိန်နီးကပ်မှ သိရတဲ့အတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာ၊ အခက်အခဲတွေ ဖြစ်သွားရပါတယ်။
သင်္ကြန်ရုံးပိတ်ရက် နယ်ပြန်သွားကြတဲ့ အလုပ်သမားတွေဟာ ၂၀ ရက်နေ့ ရုံးတက်ရက်အမီ စီစဉ်ပြီး ပြန်လာကြရ တာ ဖြစ်လို့ အတော်လေး အခက်တွေ့သွားပြီး တချို့ဆို ၂၀ ရက်နေ့ နံနက်မှာ စက်ရုံ၊ အလုပ်ရုံရှေ့တွေမှာ အလုပ်လုပ် ဖို့ ရောက်နေကြပါတော့တယ်။
အခုလို အချိန်ကပ်ပြီး ထုတ်ပြန်ခဲ့တဲ့အပေါ် နိုင်ငံတော် အတိုင်ပင်ခံက တောင်းပန်ကြောင်း ဧပြီ ၂၂ ရက် နံနက်ပိုင်းက အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ တာဝန်ရှိသူတွေ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောကြားပါတယ်။
ဧပြီ ၂၀- ၃၈ လမ်းဈေးက ဈေးသည်တွေ လမ်းဘေးဈေး ရောင်းချခွင့် မပေးလို့ဆိုကာ ဈေးသည်တွေနဲ့ စည်ပင်ဝန် ထမ်းတွေအကြား အငြင်းပွားမှု၊ လူ ၅ ဦးထက် ပိုမစုရဆိုပေမယ့် မီတာခပေးဆောင်ဖို့ လူများစွာ နေပူထဲမှာ စီတန်းနေ ကြတဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ သင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအပြီး ပထမဦးဆုံး ရန်ကုန် မနက်ခင်းကို ဖွင့်လှစ်ခဲ့ပါတယ်။
၃၈ လမ်းဈေးကိစ္စနဲ့ ပတ်သက်လို့ ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဥပဒေနဲ့အညီ ကိုင် တွယ်မယ်လို့ ဆိုပါတယ်။
ကိုဗစ်ကြောင့် မီတာခ ပေးဆောင်သူတွေ အခက်အခဲ မဖြစ်စေဖို့ ၂၀၂၀ မတ်လအတွက် မီတာခ ပေးဆောင်ခြင်းကို တလနောက်ဆုတ်၍ ပေးဆောင်ရန် ပြင်ဆင်သတ်မှတ်ကြောင်းကို ဧပြီ ၂၀ ရက် နံနက် ၁၀ နာရီ ၄၇ မိနစ်မှာ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာပါတယ်။
သတင်းထုတ်ပြန်မှု နောက်ကျခြင်းနဲ့ သက်ဆိုင်ရာဌာနရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် လူစုလူဝေး ဖြစ်ပေါ်စေခဲ့ရုံ သာမက မီတာခပေးဆောင်ဖို့ တန်းစီရင်း မူလဲသွားတဲ့ အသက် ၇၄ နှစ်အရွယ် အမျိုးသားတဦးဟာ အဲဒီနေ့မှာပဲ ရန် ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။
မန္တလေးတိုင်းအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်ဖို့ တိုင်းအစိုးရက လူထုအတွက် မရှိမဖြစ် လိုအပ်မယ့် လုပ်ငန်းတွေက လွဲလို့ တခြားလုပ်ငန်းတွေကို ဧပြီ ၂၁ ရက်ထိ ရပ်နားထားဖို့ ညွှန်ကြားချက်ကို ဧပြီလကုန်အထိ ထပ်မံ သက်တမ်း တိုးမြှင့်လိုက်ပါတယ်။
သင်္ကြန်ပိတ်ရက်အပြီး ပြန်လာကြမယ့် အထူးသဖြင့် ရောဂါပိုးတွေ့ရှိမှု ဒေသတွေကနေ ပြန်လည်ရောက်ရှိ လာမယ့် သူတွေကို Facility Quarantine ၂၁ ရက်နဲ့ Home Quarantine ၇ ရက် မဖြစ်မနေ ဝင်ရမယ်လို့ ဒေသဆိုင်ရာ အာ ဏာပိုင်တွေက အမိန့်တွေ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၀- ရောဂါပိုး ကူးစက်ခံရသူ ၁၁၇ ဦးအနက် ရောဂါပိုးကင်းစင်သူ ၉ ဦး ရှိလာခဲ့ပြီဖြစ်ရာ ၎င်းတို့အနက် ၄ ဦးကို ဧပြီ ၂၀ ရက်မှာ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်တာကြောင့် ဆေးရုံးဆင်းသူ စုစုပေါင်း ၆ ဦး (လူနာအမှတ် ၃၊ ၄၊ ၇၊ ၉၊ ၁၅၊ ၂၁) ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ တုန့်ပြန်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၅၀ ပေးမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဧပြီ ၂၀ မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။
ဧပြီ ၂၂- တရုတ်နိုင်ငံမှ ရောက်ရှိလာတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး ကူညီမှုတွေ ရက်သတ္တပတ် နှစ်ပတ်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် ဧပြီ ၂၂ ရက် နေ့လယ်ပိုင်းမှာ တရုတ်နိုင်ငံကို ပြန် လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဒီကာလအတွင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ဆေးပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သလို ရောဂါ ကာ ကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းအပေါ် အမြင်ချင်း ဖလှယ်တာ၊ အတွေ့အကြုံမျှဝေတာတွေ၊ သင်တန်းပေးတာတွေ၊ ဓာတ်ခွဲအတည်ပြုလူနာတွေကို ဆေးကုပေးဖို့ ကူညီမှုတွေ ပေးခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဧပြီ ၂၃- နံနက် ၇ နာရီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ လူနာသစ် ၄ ဦးတိုးပြီး မတ် ၂၃ ကနေ ဧပြီ ၂၃ တလတာအတွင်း မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်ခံရသူပေါင်း ၁၂၇ ဦး ရှိပြီ ဖြစ်ပါတယ်။
ဒီနေ့ထိ ၅ ဦး သေဆုံးသွားခဲ့ပြီး ၉ ယောက်ကတော့ ပိုးကင်စင်ပြီဖြစ်လို့ ဆေးရုံးဆင်းကာ ကျန်းမာရေးဝန်ကြီးဌာန ညွှန် ကြားချက်တွေအတိုင်း အသွားအလာ ကန့်သတ်မှှုတွေ လုပ်ထားပါတယ်။
ဝေဘာဂီမှာ အထူးကြပ်မတ်ကုသ ၂ ယောက် (လူနာအမှတ် ၈၇၊ ၈၉) နဲ့ တောင်ဥက္ကလာဆေးရုံမှာ အထူးကြပ်မတ် ၁ ယောက်(လူနာအမှတ် ၁၁၀) တို့ကလွဲပြီး ကျန်ပိုးတွေ့ လူနာတွေအားလုံး အခြေအနေ တည်ငြိမ်ကောင်းမွန်လျက် ရှိ တယ်လို့ သိရပါတယ်။
အာဆီယံနိုင်ငံအတွင်း ရောဂါကူးစက်ခံရမှု စင်ကာပူနိုင်ငံက ၁၀၁၄၁ ဦးနဲ့ အဆင့် ၁ မှာ တည်ရှိနေပြီး မြန်မာနိုင်ငံ ကတော့ အဆင့် ၈ မှာ ရှိနေပါတယ်။ အဆင့် ၉ မှာ ကမ္ဘောဒီးယားက ၁၂၂ ဦးနဲ့ အဆင့် ၁၀ မှာ လာအိုက ၁၉ ဦးတို့ ဖြစ်ပါတယ်။
You may also like these stories:
COVID-19 ဆက်လက်ပြန့်ပွားနေပါက ကျောင်းဖွင့်ရာသီ နောက်ဆုတ်ရနိုင်
တီးတိန် နံပါတ် ၁ လူနာ ၅ ကြိမ်မြောက် စစ်ဆေးမှု Positive သာ ဖြစ်နေ
COVID-19 ထပ်တိုး ဓာတ်ခွဲခန်းတခု စမ်းသပ် စစ်ဆေးနေ