ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် (COVID-19) ကပ်ရောဂါအကြပ်အတည်း မြန်မာနိုင်ငံသို့ရောက်ရှိလာပြီးနောက်တွင် အစိုးရ ၊ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဘက်စေတနာ့ဝန်ထမ်းများ၏ ပူးပေါင်းလုပ်ဆောင်နေမှုကို မြင်နေရသော်လည်း ရှင်းလင်းစွာမမြင်ရသည့် ကိစ္စမှာ တိုင်းရင်းသားလက်နက်ကိုင် (EAO)များနှင့် အစိုးရတို့၏ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍဖြစ်သည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည့်နောက်တွင် နိုင်ငံတွင်းရှိ လူမျိုးစုများအကြား ညီညွတ်မှုမရှိဘဲ နှစ်ပေါင်း ၇၀ ကြာသည်အထိ ပြည်တွင်းစစ်ဒဏ်ကိုရင်ဆိုင်နေရသော နိုင်ငံဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများမှာလည်း များပြားလှသည်။
နိုင်ငံ၏ အစိုးရအာဏာစက် မသက်ရောက်သည့် ဒေသများကို EAO များက ထိန်းချုပ်ထားသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်မှာ ခြိမ်းခြောက်မှုကြီးမားနေသည်ဖြစ်ရာ EAO များသည်လည်း ၎င်းတို့ ထိန်းချုပ်ထားသည့် နေရာတွင် ဗိုင်းရပ်စ်ကာကွယ်ရေး တတ်နိုင်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နေသည်။
အချို့အဖွဲ့များသည် အစိုးရနှင့် ပူးပေါင်း၍ ဗိုင်းရပ်စ်ကာကွယ်ရေးဆောင်ရွက်နေသော်လည်း အချို့ EAO များသည် ပူးပေါင်းဆောင်ရွက်မှုထက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သာ ဗိုင်းရပ်စ်ကာကွယ်ရေးဆောင်ရွက်နေသည်။
ထိုကဲ့သို့ အခြေအနေတွင် ကိုရိုနာဗိုင်းရပ်စ်သည် လူမျိုး၊ ဘာသာမခွဲခြားဘဲ ကူးစက်တတ်သည်ဖြစ်ရာ ကိုယ်တတ်နိုင်သမျှ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်နေခြင်းထက် အစိုးရနှင့် EAO များ အားလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမိုထိရောက်မှုရှိနိုင်ကြောင်း အချို့သော EAO အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဆရာဝန်အချို့က အကြံပြုထောက်ပြလာသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင် က “ပေါင်းလုပ်သင့်တာပေါ့ဗျာ။ ဗမာပြည်မှာ အတူတူနေကြတာပဲလေ။ ဒီရောဂါက လူမျိုးလည်းမရွေးဘူး။ ဒေသလည်း မရွေးဘူး။ ကျား၊ မ လည်းမရွေးဘူးဆိုတဲ့ အခါကျတော့ ကျနော်တို့ တနိုင်ငံလုံးတမျိုးသားလုံးကို အန္တရာယ်ပေးနေတဲ့ အမျိုးသားရေးအန္တရာယ်လို့တောင်ပြောလို့ရပါတယ်” ဟု ပြောကြားသည်။
(၁) ကိုဗစ်ကာကွယ်ရေး ပူးပေါင်းမှုအခြေအနေ
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကို ပြည်ထောင်စုအစိုးရအပါအဝင် တိုင်းနှင့်ပြည်နယ် အစိုးရများက ဆောင်ရွက်နေပြီး ၊ EAO အဖွဲ့များကလည်း တတ်နိုင်သမျှဆောင်ရွက်နေသည်။
COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းတွေများကို ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ ကျန်းမာရေး ဝန်ကြီးဋ္ဌာနက စတင်လုပ်ဆောင်လာခဲ့သည်။
မတ်လတွင် နိုင်ငံတော်၏ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ပြီး၊ ဒုသမ္မတ ၁ ဦးဆောင်သည့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီကိုလည်း ဖွဲ့စည်းထားသည်။
တိုင်းနှင့်ပြည်နယ် အစိုးရကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရန် လူစုလူဝေးမလုပ်ဘဲ တတ်နိုင်သမျှအိမ်မှာ နေရန်တားမြစ်သည့် ဒေသန္တရအမိန့်များထုတ်ပြန်ခြင်း၊ ညမထွက်ရအမိန့်များထုတ်ပြန်ခြင်းများ ဆောင်ရွက်ပြီး စည်းကမ်းလိုက်နာစေရေးကြပ်မတ်မှုများလည်းဆောင်ရွက်နေသည်။
ထို့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း ဗိုင်းရပ်စ်ကာကွယ်ရေး ကော်မတီများ ဖွဲ့ထားပြီး လူစုလူဝေးမလုပ်ရန်၊ လက်ပုံမှန်ဆေးရန်၊ အပြင်မဖြစ်မနေထွက်ရပါက နှာခေါင်းစည်းများတပ်ရန် ကြပ်မတ်ဆောင်ရွက်နေသည်။
၎င်းတို့ ထိန်းချုပ်ရာနယ်မြေတွင် ကိုယ်အပူချိန်တိုင်းတာခြင်း နေရပ်ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများအား ၂၁ ရက်ကျန်းမာရေး စောင့်ကြည့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မိုင်းလားအဖွဲ့ (NDAA) ကဲ့သို့ နယ်မြေထိန်းချုပ်မှုရှိပြီး အင်အားတောင့်သော အဖွဲ့များသည် ဗိုင်းရပ်စ်ကာကွယ်ရေးကို ပိုမိုလုပ်ဆောင်နေကြောင်း တွေ့ရသည်။
KIA ကမူ ၎င်းတို့ဒေသတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် သံသယလူနာတွေ့ပါက တရုတ်နိုင်ငံသို့ ပို့ကာ ကျန်းမာရေးစောက်ရှောက်ရန် စဉ်းစားထားသည်။
ဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် မြန်မာအစိုးရထက် တရုတ်နိုင်ငံအစိုးရက အတွေ့အကြုံပိုရှိသဖြင့် သံသယလူနာကို တရုတ်နိုင်ငံတွင် ကျန်းမာရေးစစ်ဆေးမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုဖူးသည်။
UWSA ကမူ ၎င်းတို့ထိန်းချုပ်ရာ ဒေသတခုလုံးကို လက်ရှိကာလတွင် Lockdown ချထားပြီး ဗိုင်းရပ်စ် ကာကွယ်ရေးကို မြန်မာအစိုးရနှင့် သာမက တရုတ်အစိုးရနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။
မတ်လ ၂၃ ရက်အထိ မြန်မာနိုင်ငံအစိုးရနှင့် မည်ကဲ့သို့ပူးပေါင်းဆောင်ရွက်မည်ဟု သဘောတူထားသည် မရှိသေးကြောင်း UWSA ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ပြောကြားသည်။
၎င်းက “ကျနော်တို့ဝပြည်နယ် ပန်ဆန်းမှာ အစိုးရရဲ့ ဆေးရုံရှိတယ်။ အခုထက်ထိတော့ ဘာမှပြောသံ မကြားသေးဘူး။ ကျနော်တို့ကတော့ အားလုံး Lockdown လိုပုံစံမျိုးလုပ်ထားပြီးသားပဲ။ ပူးပေါင်းမှုတွေတော့ ရှိပါတယ်။ တရုတ်နဲ့ရော မြန်မာအစိုးရဘက်နဲ့ရော ပူးပေါင်းမှုတွေရှိပါတယ်။ အရင်ကတည်းကပေါ့” ဟု ဆိုသည်။
NDAA အဖွဲ့ကလည်း ဗိုင်းရပ်စ်ကာကွယ်ရေးကို တရုတ်နိုင်ငံဘက်က အကူအညီများ ရယူကာ ဆောင်ရွက်နေသည်များ ရှိပြီး မြန်မာနိုင်ငံ ရှမ်းပြည်နယ်အစိုးရနှင့် လည်းပူးပေါင်းဆောင်ရွက်မှုများရှိသည်။
NDAA အဖွဲ့ ဗဟိုကော်မတီဝင် ဦးကြည်မြင့်ကတော့ NDAA အဖွဲ့သည် မြန်မာနိုင်ငံ အစိုးရ၏ အကြံပြု လမ်းညွှန်မှုများ နှင့် အညီ ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်နေကြောင်း ပြောသည်။
၎င်းက “ကျနော်တို့ဆီကို ငြိမ်းချမ်းရေးကော်မရှင်က အကြောင်းကြားစာလာတယ်။ လမ်းညွှန်မှုလည်း ပေးထားတယ်။ အဲဒါနဲ့ တြိဂံ ဒေသမှာရှိတဲ့ အစိုးရအာဏာပိုင်နဲ့ တိုင်ပင်ပြီးနောက်မှာ စနစ်တကျနဲ့ ကာကွယ်တယ်။ လုပ်နေတယ်” ဟု ပြောသည်။
KNU ကတော့ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ တပ်မဟာ (၆) လုံခြုံရေး တပ်ဖွဲ့မှူး ဗိုလ်မှူး စောရန်နိုင် က ဧရာဝတီသို့ ပြောထားသည်။
WHO က ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာပြီးနောက် ကရင်ပြည်နယ် အစိုးရက ပြည်ပက ပြန်လာသူများကို ကျန်းမာရေး စစ်ဆေးခြင်း၊ နေအိမ်တွင် ၁၄ ရက်ကြာ စောင့်ကြည့်ခြင်း စသည်တို့အား စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် KNU ဘက် က ပူးပေါင်းပါဝင်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
မွန်ပြည်သစ်ပါတီ (NMSP) ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည်လည်း ၎င်းတို့ဒေသတွင် ဗိုင်းရပ်စ် ကာကွယ်ရေး ကော်မတီများဖွဲ့စည်းကာ ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ အားနည်းနေသေးကြောင်း အဆိုပါအဖွဲ့များထံမှသိရသည်။
RCSS မှ ဒုတိယဗိုလ်မှူးကြီး စိုင်းအုမ်ခေး က “အစိုးရနဲ့ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ဘာမှမရှိသေးဘူးနော်။ ရှိတယ်ဆိုတာ နည်းနည်းပါးပါး လူမုှရေးလား နားလည်မှုလား အဲ့လောက်ပဲရှိတယ်။ ဥပမာပြောရရင် မြို့ နယ်တိုင်းမှာရှိနေတဲ့ အစိုးရ ကျန်းမာရေး ဋ္ဌာနက ဆရာ ဆရာမတွေ ပူးပေါင်းမူှတော့ရှိပါတယ်” ဟု ဆိုသည်။
မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးကလည်း “ကျနော်တို့ အုပ်ချုပ်မှု ခွင်ထဲမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ အကယ်၍ ဒီရောဂါဖြစ်ဖို့ လက္ခဏာတွေပြလာရင်တော့ အစိုးရကို ကျနော်တို့ လှမ်းပို့မယ်ပေါ့” ဟုပြောဆိုသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ ဗိုင်းရပ်စ်ကာကွယ်ရေး ဆောင်ရွက်မှုအခြေအနေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့သည် ဗိုင်းရပ်စ်ကာကွယ်ရေးကို ကိုယ်နည်းကိုယ့်ဟန်နှင့် တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ဆောင်ရွက်နေပြီး အစိုးရနှင့် ပေါင်းလုပ်သည့် EAO က ပေါင်းလုပ်ပြီး မပေါင်းသည့် EAO က မပေါင်းပေ။
ရခိုင်ပြည်နယ်တွင်မူ ပေါင်းလုပ်ရန်မဆိုထားနှင့် ရခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့သည် တဖက်နှင့် တဖက် အပြင်းအထန်တိုက်ခိုက်နေလျက်ရှိပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်းများပြားနေသည်။
ဧပြီလ ၂၀ ရက် ကလည်း မင်းပြားမြို့နယ် ရာမောင်တံတား အနီးတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကားတစီး ပစ်ခတ်ခံရသဖြင့် ကားဒရိုင်ဘာ ဝန်ထမ်း ၁ ဦး သေဆုံးပြီး ကျန်းမားရေး ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။
(၂) ပူးပေါင်းမှုကို အစိုးရက ဦးဆောင်သင့်သည်
တိုင်းရင်းသားလက်နက်ကိုအဖွဲ့အချို့ကမူ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးတွင် အစိုးရ၏ သဘောထားကြီးမူ နှင့် အထောက်အပံ့ပေးမှုတချို့ကို မျှော်လင့်နေကြပြီး နီးကပ်စွာပူးပေါင်းဆောင်ရွက်လိုကြသည်။
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ရေးလုပ်ငန်းသည် စစ်ပွဲတပွဲတိုက်ရသည်နှင့် တူသည်ဟု ဆိုကြသည်ဖြစ်ရာ လက်ရှိအချိန်တွင် အစိုးရနှင့် EAO များသည် လူသားမျိုးနွယ်ကို အန္တရာယ်ပြုနေသည့် ဘုံရန်သူကို ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှုဆိုရာတွင်လည်း တစုတဖွဲ့ချင်းပူးပေါင်းဆောင်ရွက်မှုထက် EAO အဖွဲ့အားလုံးနှင့် အစိုးရညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေအထိ ဆန္ဒရှိနေကြသည်။
အထူးသဖြင့် NMSP၊ KNU၊ RCSS အဖွဲ့တို့မှ ပြောရေးဆိုခွင့်ရှိသူတို့က ၎င်းတို့အနေနှင့် ထိုသို့ ဆန္ဒရှိကြောင်း ဧရာဝတီသို့ ဖွင့်ဟပြောဆိုကြသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်က အစိုးရသည် တိုင်းပြည်ကို အုပ်ချုပ်နေသူဖြစ်သောကြောင့် တိုင်းပြည်၏ အကောင်းအဆိုးနှင့် ပတ်သက်၍ ကိစ္စအားလုံးတွင် အစိုးရက တာဝန်ပိုရှိကြောင်း ပြောသည်။
ထို့ကြောင့် တူညီသည့် ရန်သူကို အတူတူရင်ဆိုင်ရမည်ဆိုပါက ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းကို အစိုးရက ဦးဆောင်ကာ ခပ်ကျယ်ကျယ်ဖွင့်ပေးသင့်ကြောင်း ၎င်းးက ဆိုသည်။
ပဒိုမန်းငြိမ်းမောင် က “သူက တိုင်းပြည်ကို ဦးဆောင်ပြီး အုပ်ချုပ်နေတဲ့ အခါကျတော့ သူ့မှာက ကျနော်တို့ တိုင်းရင်းသားတွေထက် စာရင် အဘက်ဘက်က ပြည့်စုံတယ်။ အင်အားရှိတယ်။ အကုန်လုံးပေါ့။ အဲဒီတော့ သူအမြင်ကျယ်ဖို့ လိုတယ်။ သဘောထားကြီးဖို့လိုတယ်။ တိုင်းရင်းသားတွေကို ဖိတ်ခေါ်ဖို့လိုတယ်။ လက်တွဲနိုင်အောင်လမ်းဖွင့်ပေးဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု မှတ်ချက်ပေးသည်။
မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးကလည်း နေရာဒေသတခုခုက ရောဂါကာကွယ်ရေးကို ဂရုမစိုက်ပါက ကျန်ဒေသများသို့ အလွယ်တကူပျံနှံ့နိုင်သဖြင့် မြန်မာတနိုင်ငံလုံးရှိ နိုင်ငံသားအားလုံး အတူတူပူးပေါင်းလှုပ်ရှားမှသာ ကပ်ဆိုးမှ ကျော်လွန်နိုင်မည်ဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “ကျနော်တို့ နယ်မြေဒေသရော၊ ဘာသာစကားရော သူ့အားနည်းချက်၊ အားသာချက်တွေ ရှိတယ် ဆိုတော့ ဒီအားနည်းချက်၊ အားသာချက်ကို တဖက်နဲ့တဖက် ဝိုင်းဝန်းကူညီဖြည့်ဆည်း ပေးလိုက်ရင် ပိုပြီးအောင်မြင်မယ်။ တယောက်နဲ့ တယောက်ဒီဟာတွေဝိုင်းဝန်းကူညီမှုအားနည်းလို့ တနေရာကနေ ပေါက်သွားမယ်ဆိုရင် အကုန်လုံးက ဒီကိစ္စက ဆက်ပြီးတော့ စိုးရိမ်စရာဖြစ်လာဦးမှာပေါ့။ ဒါကြောင့်မို့ ပူးပေါင်းဆောင်ရွက်သင့် တာပေါ့” ဟု သုံးသပ်သည်။
ပြည်ထောင်စုအစိုးရက တိုင်းရင်းသား EAO များသည်လည်း မြန်မာနိုင်ငံသားများသာဖြစ်သဖြင့် ၎င်းတို့ကို ပစ်ပယ်မထားဘဲ ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ၎င်းတို့နှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နိုင်ရေး အစီအမံများ စဉ်းထားပုံရသည်။
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက COVID–19 ကာကွယ်ထိန်းချုပ်ကုသရေးတွင် အစိုးရအနေဖြင့် လူမျိုး၊ ဘာသာ ခွဲခြားခြင်း၊ နေထိုင်ရာဒေသ ခွဲခြား ခြင်း အလျဉ်းရှိဘဲ နိုင်ငံတော်၏ပိုင်နက်နယ်မြေအတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေး မူဝါဒ (No one left behind Policy) ကို ချမှတ်ဆောင်ရွက် နေကြောင်း ဧရာဝတီသို့ ပြောသည်။
“ဟန်ချက်ညီ ဆောင်ရွက်နိုင်ဖို့အတွက် NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန) ကနေ EAO အားလုံး (NCA ထိုးပြီးသား ၁၀ဖွဲ့၊ မထိုးရသေး ၈ဖွဲ့) စုစုပေါင်း (၁၈) ဖွဲ့ဆီကို (၁၉-၃-၂၀၂၀) ရက်စွဲနဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေ ပေးပို့ထားပြီး ဖြစ်ပါတယ်။ EAO များအနေနဲ့ ပြည်သူလူထုအတွင်း ဆောင်ရွက်ရမည့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်များမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းလမ်းညွှန်တွေ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ထံလည်း ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးထားသည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ (၄) မိုင်းလားဒေသတွင် တရုတ်နိုင်ငံမှ ပြန်လည်စေ လွှတ်လိုက်သည့် မြန်မာနိုင်ငံသား ၃၆၀၇ ဦးကို ၂၁ ရက်ကျန်းမာရေးစောင့်ကြည့်နေသည်ဖြစ်ရာ ၎င်းတို့ကို ကျွေးမွေးနိုင်ရေး အတွက် မိုင်းလားအဖွဲ့ NDAA ထံ ဆန်အိတ် (၁၀၀၀) နဲ့ စားဆီ (၂) ပေပါကို ရှမ်းပြည်နယ်အစိုးရမှ တဆင့် NRPC က ပေးပို့ထားကြောင်း ၎င်းက ပြောသည်။
၎င်းက “ဒီကြားထဲမှာ NCA-S EAO ကိုယ်စားလှယ်တွေနဲ့ အလွတ်သဘော အစည်းအဝေးတွေမှာ ဒီကိစ္စကို ထည့်သွင်းပြီး ဆွေးနွေးတာတွေလည်း ရှိပါတယ်။ ဆက်လက်ပြီးလည်း NRPC အနေနဲ့ ပိုမိုပြီး ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတာတွေလည်း ရှိပါတယ်” ဟု ဆိုသည်။
(၃) မည်သို့ပူးပေါင်းကြမည်နည်း
မည်သို့ပင်ဖြစ်စေ ဧရာဝတီသတင်းဌာနက စုံစမ်းသိရသည့် အချက်အလက်များအရ သေချာသည့်အချက်မှာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးစုစည်းပူးပေါင်းဆောင်ရွက်မှုသည် တိကျရှင်းလင်းစွာ ရှိမနေခြင်းဖြစ်သည်။
ထို့သို့ဖြစ်နေရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP- Myanmar) ၏ ပြင်ပဆက်ဆံ ဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ယခုကဲ့သို့ဆိုသည်။
“မိုင်းလားကို ထောက်ပံ့တယ်ဆိုတဲ့ သတင်းတွေတွေ့တယ်။ ကျနော်ဒီရက်ပိုင်း သတင်းစာတွေမှာ ဖတ်ကြည့်နေတော့ အထူးသဖြင့် IDP စခန်းတွေကိစ္စက အလားတူပဲ။ အစိုးရသတင်းစာတွေမှာ နေ့တိုင်းနီးပါးပဲ။ ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုးပေါ့။ အကြံပြုချက်တွေပါတယ်။ လက်တွေ့မှာကျတော့ အဲဒါက ပြဿနာရှိတယ်” ဟု ၎င်းက ဆိုသည်။
EAO ဒေသများရှိ စစ်ဘေးရှောင်များ၊ အရပ်သားများအား ကူညီထောက်ပံ့ရေးကို အစိုးရက လူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို တာဝန်ပေးထားသည်ဟု သိရကြောင်း ဦးအောင်သူငြိမ်း က ဆိုသည်။
သို့သော် လူကယ်ပြန်ဌာနများသည် ပြည်နယ်အဆင့်ရုံးများသာရှိပြီး တိုင်းရင်းသားဒေသများ၌ မြို့နယ်အဆင့် ရုံးများပင်မရှိကြောင်း ၎င်းကဆိုသည်။
မြေပြင်တွင် ထောက်ပံ့ရေး ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့များ၏ ပြောဆိုချက်အရ လူကယ်ပြန် ဝန်ကြီးဌာနသည် ပူးပေါင်းဆောင်ရွက်ရေးကို နွေးထွေးစွာကြိုဆိုသော်လည်း ထိရောက်သည့် ထောက်ပံ့မှုများ မလုပ်နိုင်ကြောင်း ဦးအောင်သူငြိမ်းက ပြောပြသည်။
“လူကယ်ပြန်က ဘတ်ဂျက်အရနည်းတော့ သူတို့မှာ ထောက်ပံ့ဖို့ ရင်းမြစ်လုံလုံ လောက်လောက်မရှိတာလည်း ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ထောက်ပံ့တယ်ဆိုတာကို ဖတ်ကြည့်တော့ ဒုက္ခသည်စခန်းတခုကို လူတကိုယ်ဆပ်ပြာ ၂ တုံးလောက်ပဲဆိုတော့ ဒီထက်ပိုတဲ့ စားနပ်ရိက္ခာထောက်ပံ့တာတွေလုပ်သင့်တာ” ဟု ၎င်းက ဆိုသည်။
ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် ဆက်သွယ်ဆောင်ရွက်ရေးတွင် အဓိကတာဝန်ရှိသည့် NRPC သည်လည်း EAO များနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် တက်တက်ကြွကြွရှိသည်ကို မတွေ့ရကြောင်း ဦးအောင်သူငြိမ်းက ထောက်ပြသည်။
ကမ္ဘာတွင် အချို့သောနိုင်ငံများသည် သဘာဝဘေးအန္တရာယ်ကို အတူတူပူးပေါင်းရင်ဆိုင်ခြင်းဖြင့် အစိုးရ အာဏာပိုင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား သဘာဝဘေးအလွန်တွင် ပဋိပက္ခ ပြေလည်သွားတတ်သည်များ ရှိရာ မြန်မာအစိုးရအနေနှင့်လည်း လက်ရှိရင်ဆိုင်နေရသည် ကပ်ရောဂါ အကျပ်အတည်းကို အခွင့်အလမ်းတခုအဖြစ်အသုံးချသင့်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် သင့်ကြောင်း ၎င်းက ရှင်းပြသည်။
ဦးအောင်သူငြိမ်း က “ကျနော်မြင်တာကတော့ အစိုးရအနေနဲ့ အခုအခြေအနေကို အခွင့်ကောင်း ယူသင့်တယ် မြင်ပါတယ်။ လက်တွေ့မှာ ကျတော့ နှစ်ဘက်မျက်နှာချင်းဆိုင် အစည်းအဝေးတွေ လုပ်ဖို့တော့ ခက်မယ်။ ဒါပေမယ့် ဒါတွေကို ဘယ်လိုပြန်ဖွင့်မလဲပေါ့။ စဉ်းစားတာတွေ လိုအပ်မယ်ထင်တယ်” ဟု မှတ်ချက်ပေးသည်။
ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ရွှေ့ပြောင်းလုပ်သားများ၊ မိဘမဲ့များ၊ စစ်ရှောင်ဒုက္ခသည်များကို ဆေးကုသပေးနေသည့် ဒေါက်တာ စင်သီယာမောင်ကလည်း ဗိုင်းရပ်စစ်ကာကွယ်ရေးတွင် အစိုးရ နှင့် EAO များသည် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်သင့်ကြောင်း တိုက်တွန်းပြောဆိုသည်။
ဒေါက်တာစင်သီယာမောင်သည် မြန်မာနိုင်ငံသား၊ ကရင်လူမျိုး ဆရာဝန်တဦးဖြစ်ပြီး လူမှုကူညီရေး ဆောင်ရွက်မှုများကြောင့် ဆစ်ဒနီ ငြိမ်းချမ်းရေးဆု အပါအဝင်နိုင်ငံတကာမှ ဆုပေါင်း ၁၈ ခုတိုင်အောင် ချီးမြှင့်ခံရသူ ဖြစ်သည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များသည် အချင်းချင်းပူးပေါင်းဆောင်ရွက်ရာတွင် တိကျသည့် သတင်းအချက်အလက်များကို မျှဝေခြင်း၊ ရောဂါကာကွယ်ရေး စံနှုန်းများ တပြေးညီညှိနှိုင်းခြင်းတို့ကို လျင်မြန်စွာလုပ်ဆောင့်သင့်ကြောင်း ၎င်းက အကြံပြုသည်။
ကျန်းမာရေးဆိုင်ရာ ကိစ္စများကို ဒေသအလိုက်ရှင်းပြရာတွင် ဘာသာစကားအခက်အခဲကြုံရနိုင်ပြီး ၊ စစ်ပွဲဖြစ်ပွားရာဒေသများတွင် ရောဂါကာကွယ်ရေးဆောင်ရွက်မည်ဆိုပါက တိုက်ပွဲများကြောင့် မသွားရောက်နိုင်သည့် အခြေအနေများလည်းရှိတတ်ကြောင်း ဒေါက်တာ စင်သီယာမောင်က ပြောသည်။
ထိုကဲ့သို့အခြေအနေမျိုးတွင် သက်ဆိုင်ရာဒေသအလိုက် လူထုအခြေပြုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အဓိကကျလာပြီး အစိုးရနှင့် အခြားအဖွဲ့အစည်းများက ကူညီထောက်ပံ့ပေးရန် လိုအပ်လာမည် ဖြစ်ကြောင်း၎င်းက ဆိုသည်။
၎င်းက “စစ်ဖြစ်ပွားတဲ့နေရာကျတော့ ဘယ်လိုမှလဲ လက်တွေ့ကျကျ မလုပ်နိုင်တာရှိတော့ အဲ့ဒေသမှာရှိတဲ့ ပြည်သူလူထု အခြေပြုအဖွဲ့အစည်းတွေနဲ့ ကျန်းမာရေး မြှင့်တင်ဖို့ကိစ္စတွေကိုဆောင်ရွက်ပေးဖို့ အချက် အလက်တွေ ဖလှယ်နိုင်မှူတွေကို အဓိကထားဆောင်ရွက်ဖို့လိုပါတယ်” ဟု အကြံပေးသည်။
ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများ အနေနှင့်လည်း ကိုယ့်ဒေသအလိုက် အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်ထားသင့်သည်ဟုလည်း ဒေါက်တာ စင်သီယာမောင်ကပြောသည်။
အချုပ်ဆိုရလျှင် အစိုးရနှင့် EAO များသည် ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့် အချက်ကို ယေဘုယျအားဖြင့် သဘောတူကြသည်။ ပူးပေါင်းရန်စီစဉ်နေသည်ဟုလည်း ပြည်ထောင်စုအစိုးရက ဆိုသည်။
သို့သော် ရုပ်လုံးမပေါ်လာသည်မှာ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အားလုံးစုစည်း ပူးပေါင်း ဆောင်ရွက်မှုနှင့် EAO ထိန်းချုပ်နယ်မြေများအတွက် ဗိုင်းရပ်စ်ကာကွယ်ရေး ထိရောက်သည့် တိုက်ပွဲဝင် မဟာဗျူဟာတရပ်တို့ဖြစ်ရာ မည်သည့်ကာလတွင်မှ ရှင်းလင်းစွာပေါ်ပေါက်လာမည်ကို ဆက်လက် စောင့်ကြည့်ရမည့် သဘောရှိသည်။
သေချာတာကတော့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးသည် အားလုံး၏ ဘုံရန်သူဖြစ်သည်။ ထို့ကြောင့် ပြည်သူများ စိုးရိမ်ကြောက်လန့်နေရသည့် ဗိုင်းရပ်စ်ပိုးကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ လက်တွဲကာကွယ်ပြီး နိုင်ငံနှင့် လူမျိုးအတွက် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ယူဆောင်ပေးနိုင်သည့် အချိန်အခါကောင်းလည်း ဖြစ်သည်။
You may also like these stories:
ကင်ဂျုံအွန်း သေရင် သူ့ညီမ ကင်ယိုဂျုံ ရာထူးဆက်ခံမလား
မြန်မာနိုင်ငံရဲ့ တလတာ COVID-19 မှတ်စု