တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါကြီးရဲ့ ကူးစက်မှုတွေဟာ မြန်မာနိုင်ငံကို ရောက် လာတာ ၁ လ ပြည့်သွားပါပြီ။
မြန်မာအစိုးရနဲ့ ကျန်းမာရေး ဝန်ကြီးဌာနတို့ကလည်း ဗိုင်းရပ်စ် ကူးစက်မှုနှုန်းတွေ တရိပ်ရိပ်တိုးလာတဲ့ ကြားမှာ ကာကွယ် ရေး၊ ကုသရေးနဲ့ ထိန်းချုပ်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရပါတယ်။
ပြည်မအပါအဝင် အေးချမ်းတဲ့ တိုင်းနဲ့ပြည်နယ်က မြို့တွေမှာတော့ လူထုက အစိုးရရဲ့ လမ်းညွှန်ချက်တွေ အတိုင်း အိမ်ထဲ မှာပဲ နေကြရင်း ရောဂါကူးစက် မခံရအောင် ကူညီတာတွေ လုပ်ဆောင်နေကြရပြီး၊ ဧပြီ ၂၇ရက်ကတော့ အစိုးရအနေနဲ့ နိုင်ငံတော် ပိုင်နက်အတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်မထားရ မူဝါဒ(No One Left Behind Policy) အရ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ အစည်း များနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ” အမည်ဖြင့် ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။
ကော်မတီမှာ တနိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင ်တပ်ဖွဲ့၂၀ နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၊ ဒုဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက ကော်မတီ ဥက္ကဌ အဖြစ် တာဝန်ယူပြီး၊ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာနက ဒုဥက္ကဌနဲ့ အတွင်းရေးမှူး တာဝန်ယူထားတာကို တွေ့ရပါတယ်။
လုပ်ငန်းတာဝန်တွေကတော့ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖလှယ်ဖို့ သံသယလူနာတွေ လူနာနဲ့ ထိတွေ့ ခဲ့သူ တွေကို ရှာဖွေ ဖော်ထုတ်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အပြင် ရောဂါလက္ခဏာ ပြသူတွေကို စောင့်ကြည့်ကုသရာ မှာလည်း ညှိနှိုင်း ဆောင်ရွက်ဖို့ ဆိုတာတွေ ပါပါတယ်။
ကပ်ရောဂါနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့ တိုင်းရင်းသားတပ်ဖွဲ့တွေ အုပ်ချုပ်တဲ့ နယ်မြေတွေမှာ ကပ်ရောဂါနဲ့ ပတ်သက်လို့ အရေးပေါ်အခြေအနေတွေ ဖြစ်လာရင် NRPC ရဲ့ လမ်းညွှန်ချက်အတိုင်း ပူးပေါင်းဖို့တွေလည်း ကော်မတီရဲ့ လုပ်ငန်းတာဝန် ထဲမှာ ထည့်သွင်းဖော်ပြ ထားပါတယ်။
အပစ်ရပ် အဖွဲ့တွေအနေနဲ့ အစိုးရနဲ့ လွယ်လင့်တကူ ပူးပေါင်းနိုင် ပေမယ့် အပစ်မရပ်ရသေးသလို မြေပြင်မှာ စစ်ရေး တင်းမာမှုတွေ ရှိတဲ့ အပစ်မရပ်အဖွဲ့တွေနဲ့ ဘယ်လို ပူးပေါင်းမယ်ဆိုတာကိုတော့ အတိအကျ ဖော်ပြထားတာ မတွေ့ရပါဘူး။
တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာနက ပြောခွင့်ရ ဦးအေးမင်းကိုအား မေးမြန်းရာမှာလည်း အပစ်မရပ်အဖွဲ့တွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မယ့် အသေးစိတ် လုပ်ငန်းတွေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ဒါကြောင့် အစိုးရ အာဏာ မသက်ရောက်တဲ့အပြင် အစိုးရနဲ့ အပစ်အခတ်လည်း ရပ်မထားတဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေ ရဲ့ နယ်မြေတွေမှာရော ဘယ်လိုများ ကာကွယ်နေကြလဲ ဆိုတာ လေ့လာကြည့်မိပါတယ်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA)
တရုတ်-မြန်မာ နယ်စပ်မျဉ်းတလျောက်က ကချင်ပြည်နယ်ထဲမှာ မြို့၂မြို့ တည်ဆောက်ထားတဲ့ အင်အားကြီး လက်နက် ကိုင် တပ်ဖွဲ့ တခုဖြစ်တဲ့ KIA ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာ တွေ့လာရင် ထားဖို့နဲ့ ကာကွယ်ရေး အတွက် ပြင်ဆင်ဆောင်ရွက် နေပါတယ်။
လိုင်ဇာနဲ့ မိုင်ဂျာယန်မှာ ဆေးရုံတွေ ရှိပေမယ့် ကပ်ရောဂါ ကူးစက်မှုတွေဖြစ်လာရင် သီးခြား ခွဲထားဖို့အတွက် ပြင်ဆင် နေကြတာပါ။
မြို့တွင်း အဝင်အထွက်နဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်တာမျိုး မရှိသေးပေမယ့် ပြင်ပက လူစိမ်းတွေ KIA နယ်မြေထဲ ဝင်မလာဖို့ကို အပူချိန်တိုင်းတာမျိုးတွေ၊ တင်းတင်းကြပ်ကြပ် စစ်ဆေးတာမျိုးတွေနဲ့ တားဆီးနေတယ်လို့ KIA ဘက်က ပြောပါတယ်။
KIA ရဲ့ကျန်းမာရေးဝန်ထမ်း ၂၀၀ ခန့်ကတော့ လိုင်ဇာနဲ့ မိုင်ဂျာယန်က ရောဂါ ခြေချုပ်စခန်း (Quarantine Center) တွေ မှာ အလုပ်လုပ်နေကြရင်း ရောဂါပိုး ကူးစက်ခံရသူ တွေ့လာရင် ကုသနိုင်ဖို့အတွက်လည်း အဆင်သင့် ပြင်ထား ကြပြီလို့ သိရပါတယ်။
KIAမှာ အောက်ဆီဂျင်စက် အလုံး ၅၀ နဲ့ ဗိုင်းရပ်စ်ပိုး စစ်ဖို့ Test Kit အခု ၂၀၀၀ ခန့်ဝယ်ယူထားပြီး ဖြစ်ပေမယ့် ဘယ် အချိန်ပြီးမယ်မသိတဲ့ ကပ်ရောဂါကြီးကို ရင်ဆိုင်ဖို့ ဆေးပစ္စည်းကိရိယာ အထောက်အကူတွေ ပိုလိုအပ်သေးတယ်လို့ ခန့်မှန်းထားပုံ ရပါတယ်။
KIA ရဲ့ COVID-19 နှိမ်နင်းရေး ကော်မတီက အတွင်းရေးမှူး ဗိုလ်မှူးကြီး ဟိန်ဝန်က“ဆေးရုံမှာ သုံးမယ့် စက်ကိရိယာ တွေ ဆေးဝါးတွေ အထူးလိုအပ်နေပါတယ်။ နောက်ပြီး PPE ဝတ်စုံ၊ ပိုးသတ်ဆေး၊ Spray တို့ အများကြီးပေါ့။ နေ့စဉ် အသုံးများတာတွေ အထူးသဖြင့် လိုအပ်ပါတယ်။ ဒါတွေက အခက်အခဲရှိပါတယ်”လို့ ပြောပါတယ်။
ဧပြီ ၁၄ ရက်တုန်းကဆိုရင် လိုင်ဇာမြို့မှာ ကိုဗစ်ပိုး ကူးစက်ခံထားရသလို လက္ခဏာတွေနဲ့ သံသယလူနာ တဦးတွေ့ တာ ကြောင့် လိုင်ဇာမြို့ခံတွေကြား စိုးရိမ်မှုတွေ ဖြစ်ခဲ့ကြရပါသေးတယ်။
တရုတ်နိုင်ငံက ဓာတ်ခွဲခန်းကို တို့ဖတ်နမူနာပို့ပြီး စစ်ဆေးမှ ပိုးမရှိကြောင်း သိခဲ့ကြရတာပါ။
ဗိုလ်မှူးကြီး ဟိန်ဝန်က ၎င်းတို့ ဝယ်ယူထားတဲ့ တရုတ်နိုင်ငံထုတ် Test Kit တွေက အားကိုးလို့ မရပေမယ့် လက်ရှိမှာ တော့ ရှိတာကိုပဲ တတ်နိုင်သလောက် အသုံးပြုပြီး စစ်ဆေးနေတယ်လို့ ပြောပါတယ်။
ရောဂါပိုးရှိကြောင်း ပြလာခဲ့ရင်တောင် သေချာအောင် ၃ ကြိမ်လောက် စစ်ဆေးပြီး တရုတ်နိုင်ငံ ဘက်ကို ထပ်ပို့ဆောင် စစ်ဆေးတာတွေ လုပ်ရမှာလို့လည်း သူက ဆိုပါတယ်။
KIA ထိန်းချုပ်နယ်မြေထဲမှာ ကချင်စစ်သားတွေအပြင် အရပ်သား ရာချီနေထိုင်သလို တပ်မတော်နဲ့ KIA တိုက်ပွဲ ကြောင့် နေရပ်စွန့်ခွာပြေးလာရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၅ သောင်း လောက်ကလည်း KIA ထိန်းချုပ် ဧရိယာထဲမှာ မှီခိုနေထိုင် နေကြတာပါ။
KIA အတွက်ကတော့ ကမ္ဘာ့ရောဂါကူးစက်မှု ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးနဲ့ ပတ်သက်ရင် သူ့ရဲ့ တပ်ဖွဲ့ဝင် တွေ အပြင် သူ့နယ်မြေဒေသမှာ မှီခိုနေထိုင်နေကြတဲ့ အရပ်သားတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အတွက်လည်း တာဝန် ရှိနေပါတယ်။
တရုတ်နိုင်ငံဘက်က ကျန်းမာရေး လမ်းညွှန်ချက်တွေ လာပို့ချ သင်ပေးတာ ရှိပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရရဲ့ အကူအညီတစုံတရာ မရရှိသေးဘူးလို့ ဗိုလ်မှူးကြီး ဟိန်ဝန်က ပြောပါတယ်။
ပြည်ထောင်စု အစိုးရအနေနဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေး တာ ကတော့ ဗိုင်းရပ်စ်ကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့ နယ်စပ်ဂိတ်တွေမှာ ဆောင်ရွက်ရမယ့် လမ်းညွှန်ချက်တွေကို အီးမေးလ်က တဆင့် ပို့ပေးတာပဲ ရှိသေးတယ်လို့ သိရပါတယ်။
KIA ရဲ့ လက်ရှိ ဆုံးဖြတ်ထားချက် အရတော့ ရောဂါပိုး ကူးစက်ခံထားရတဲ့ လူနာရှိလာခဲ့ရင် လိုင်ဇာမြို့ ဆေးရုံမှာပဲ ထားပြီး ကုသသွားမယ်လို့ သိရပါတယ်။
မြန်မာတနိုင်ငံလုံးမှာ လက်ရှိ ရောဂါပိုး ကူးစက်ခံထားရသူ ၁၄၆ ဦးရှိပြီဖြစ်ပြီး ၅ ဦးကတော့ အသက် ဆုံးပါးသွားပါပြီ။
ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ စာရင်းထဲမှာ ကချင်ပြည်နယ် မိုးညှင်းမြို့က အမျိုးသားတဦးလည်း ပါဝင်ပါတယ်။
အင်အား တောင့်တင်းတဲ့ ဝ နဲ့ မိုင်းလား
တရုတ်နိုင်ငံနဲ့ ကျောချင်းကပ် နေထိုင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဧရိယာ ၂ ခုရှိပါသေးတယ်။ အဲ့ဒါက တော့ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ရဲ့ နယ်မြေ ဒေသတွေပါ။
UWSA နဲ့ NDAA တို့ကတော့ အစိုးရ၊ တပ်မတော်တို့နဲ့ စစ်မက်မဖြစ်ပွားတာ နှစ် ၂၀ကျော်ပြီ ဖြစ်သလို စီးပွားရေး အင်အား တောင့်တင်းပြီး ငွေကြေးချမ်းသာတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်ခံရသူ မတွေ့ခင် မတ်လ အစောပိုင်းကတည်းက နယ်စပ်ဂိတ်တွေမှာ စစ်ဆေး တင်းကြပ် တာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်က အာဏာပိုင်တွေနဲ့ အစည်းအဝေးတွေ ပြုလုပ်တာတွေ အပြင် ဒေသတွင်းမှာ လည်း ကျန်းမာရေး စစ်ဆေးမှုတွေကို တင်းတင်းကြပ်ကြပ် ပြုလုပ်ခဲ့တာပါ။
မတ်လရဲ့ နောက်ဆုံး ရက်သတ္တပတ်မှာတော့ UWSA နဲ့ NDAA က သူတို့ရဲ့ နယ်မြေတွေထဲကို တရုတ်ဘက်ကရော မြန်မာအစိုးရ အုပ်ချုပ်တဲ့ နယ်မြေဘက်ကပါ ဝင်လာလို့မရအောင် ဂိတ်တွေ အားလုံးကို ပိတ်ပစ်လိုက်ပါတယ်။
သူတို့ဒေသတွင်းက လူထုကို ရောဂါပိုး ကူးစက်မခံရအောင် တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတာပါ။
UWSA နဲ့ NDAA တို့ရဲ့ မြို့တော်တွေ ဖြစ်တဲ့ ပန်ဆန်းနဲ့ မိုင်းလားမြို့မှာ ခေတ်မီဆေးရုံတွေ တည်ဆောက်ထားသလို အရေးကြုံလာရင်လည်း တရုတ်နိုင်ငံဘက်ကို ပို့ပြီး ကုသဖို့ တရုတ်နဲ့ ချိတ်ဆက်မှု ဆက်ဆံရေး အားကောင်းကြပါ တယ်။
ကပ်ရောဂါကြောင့် ထိခိုက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေကို အခွန်အကောက်တွေ လျှော့ပေးတာမျိုး မတ်လကတည်း က ဝ နဲ့ မိုင်းလား ဒေသထဲမှာ ဆောင်ရွက်ပေးနေတာပါ။
မိုင်းလားဒေသမှာဆိုရင် ရာဘာ စက်ရုံ၊ ကျောက်မီးသွေး စက်ရုံ၊ စားသောက်ဆိုင်တွေနဲ့ ကာစီနိုရုံတွေဟာ ပြည်မဒေသ က အခြေခံ အလုပ်သမားတွေ ရတဲ့ လုပ်အားခထက် များတာကြောင့် တိုင်းဒေသကြီးတွေနဲ့ အခြားပြည်နယ်က အလုပ်သမား တွေ သွားရောက် အလုပ်လုပ်ကိုင်ကြတာ ရှိပါတယ်။
လုပ်ငန်းတွေ ရပ်တန့်ထားရချိန်မှာ အလုပ်ပြုတ်သွားတဲ့ ရွှေ့ပြောင်းလုပ်သား ၂၀၀၀ ကျော်ကို မိုင်းလား အုပ်ချုပ်ရေး အဖွဲ့ က စားသောက်ရေး ကူညီပေးတာတွေ ရှိတယ်လို့ သိရပါတယ်။
ဒီ့အပြင် မြန်မာအစိုးရဘက်က လက်မခံနိုင်တဲ့ ထိုင်းနဲ့ တရုတ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀၀ နီးပါးကို လည်း ဒေသတွင်း ခေါ်ယူပြီး Quarantine လုပ်ပေးတာတွေတောင် ရှိနေပါတယ်။
UWSA ဆိုရင်လည်း ဒေသတွင်း ကူးစက်မှုမခံရအောင် ဝ နယ်မြေအဆုံး သံလွင်မြစ် တဖက်ကမ်းကို ကျော်ရင် ရောက် တဲ့ သူ့ရဲ့ မဟာမိတ် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နယ်မြေထဲကိုတောင် ကပ်ရောဂါ ကာကွယ်ရေး ပစ္စည်းတွေ အကူအညီ ပေးထားသေးတယ်လို့ သိရပါတယ်။
ဒီနေ့အချိန်ထိတော့ ဝ နဲ့ မိုင်းလားဒေသထဲမှာ ကပ်ရောဂါပိုး ကူးစက်ခံထားရသူ မရှိသေးပါဘူး။
ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)
SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းသန်းအောင်က“PPE က ၁၀၀ ကျော်တယ်။ ပိုးသတ်ဆေးက တန်ချီပြီး ကူညီ တယ်။ နှာခေါင်းစည်းက ဘူး ၅၀၀၀ လောက် ရှိတယ်။ လက်အိတ်တွေလည်း ပါတယ်။ သူတို့ပေးတာ နှစ်ပတ် လောက် ရှိပါပြီ”လို့ ပြောပါတယ်။
ဗိုလ်မှူး စိုင်းသန်းအောင်က ကပ်ရောဂါကာကွယ်ရေးအတွက် သူတို့ရဲ့ မဟာမိတ် UWSA က အကူအညီပေးတဲ့ ပစ္စည်း တွေစာရင်းကို ပြောပြနေတာပါ။
SSPP အနေနဲ့တော့ ပိုးသတ်ဆေး ဖြန်းတာတွေအပြင် အခြားဒေသက ဝင်ရောက်လာသူတွေ အိမ်နီးချင်း နိုင်ငံတွေမှာ အလုပ်လုပ်ပြီး ပြန်လာသူတွေကို ခွဲထားဖို့ Quarantine စခန်း ၆ ခု ဖွင့်ထားပေမယ့် စခန်းမှာ ထားထားရတဲ့သူ တဦးမှ မရှိဘူးလို့ ဗိုလ်မှူး စိုင်းသန်းအောင်က ပြောပါတယ်။
တကယ်တော့ မတ်နဲ့ ဧပြီ အတွင်းမှာဆိုရင် SSPP ထိန်းချုပ် နယ်မြေတချို့နဲ့ SSPP တပ်ဖွဲ့တွေ လှုပ်ရှားတဲ့ ကျေးရွာ တွေကို ပြန်လာကြတဲ့ ရွှေ့ပြောင်း အလုပ်သမား ၅၀၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။
စည်းကမ်းလိုက်နာမှု မရှိဘဲ Quarantine စခန်းတွေကို မလာဘဲ ရှောင်နေကြတာလို့ သိရပါတယ်။
ဗိုလ်မှူး စိုင်းသန်းအောင်က“ကျနော်တို့ ပြည်သူလူထုက ဒီရောဂါနဲ့ ပတ်သက်တာကို သိပ်အရေးမထားဘူး။ ပြည်ပက ပြန်လာတာကို ကျနော်တို့ တိတိကျကျ စာရင်းကောက်လို့ရတာ ၂၅၀၀ ပဲရှိတယ်။ တကယ်တမ်း ဝင်လာတာ ၅၀၀၀ လောက်။ ယိုးဒယားတို့ တရုတ်တို့ အလုပ်သွားလုပ်ပြီး ပြန်လာတာ ရွာလူကြီးတွေနဲ့ မပြောဘဲ ကိုယ့်မိသားစုနဲ့ ခိုးကြောင် ခိုးဝှက် ပုန်းနေတာတွေ များတယ်”လို့ ပြောပါတယ်။
ကျေးရွာထဲက အိမ်တွေမှာ လိုက်စုံစမ်းရှာဖွေရတာတွေလည်း လုပ်ရတယ်လို့ သူကပြောပါတယ်။
အခြားတိုင်းရင်းသား တပ်ဖွဲ့တွေနည်းတူ SSPP မှာလည်း ကပ်ရောဂါ ကာကွယ်ဖို့ အခြေခံအချက်တွေဖြစ်တဲ့ ပိုးသတ် ဆေး ဖြန်းတာ လက်ဆေးဖို့ တိုက်တွန်းတာတွေကို လုပ်ဆောင်နေတာ ၂ လ ဝန်းကျင် ရှိပြီလို့ ဆိုတယ်။
လက်ဆေးဖို့နဲ့ ကျန်းမာရေး အသိပညာပေးတာတွေကို အသံသွင်းပြီး SSPP ထိန်းချုပ် နယ်မြေတွေထဲမှာ အသံချဲ့စက် နဲ့ လိုက်ဖွင့်တာတွေ ရှိတယ်ဆိုပေမယ့် ဒေသခံတွေဘက်က လိုက်နာမှု အားနည်းတာတွေ ရှိတယ်လို့ သိရပါတယ်။
ကပ်ရောဂါနဲ့ ပတ်သက်လို့ SSPP နယ်မြေထဲ ကူးစက်လာမှာကို စိုးရိမ်မှု မရှိဘူးလားလို့ မေးတော့ ဗိုလ်မှူး စိုင်းသန်း အောင် က သံသယလူနာ ရှိလာခဲ့ရင် ဆေးစစ်နိုင်အောင် ကျေးသီးမြို့နယ်က တိုက်နယ် ဆေးရုံနဲ့ ညှိနှိုင်းထားပြီးပြီလို့ ပြောပါ တယ်။
သံသယလူနာ တွေ့တာနဲ့ ကျေးသီး၊ မိုင်းနောင်ဘက်က အစိုးရဆေးရုံကို တခါတည်း တန်းပို့မှာလို့ သိရပါတယ်။
ဗိုလ်မှူး စိုင်းသန်းအောင်က တိုက်နယ်ဆေးရုံတွေနဲ့ ချိတ်ဆက်ထားတယ်လို့ ဆိုပေမယ့် တကယ်တမ်း သံသယလူနာ တွေ့ရင် ပိုးရှိမရှိ စစ်ဆေးဖို့ တို့ဖတ်နာမူနာတွေကတော့ ရန်ကုန်က ဓာတ်ခွဲခန်းတွေကိုပဲ ပို့ရမှာ ဖြစ်ပါတယ်။
ဒီ့အပြင် SSPP ထိန်းချုပ်နယ်မြေထဲကနေ ကျေးသီး၊ မိုင်းနောင် ဒါမှမဟုတ် တောင်ကြီးနဲ့ လားရှိုးမြို့က ဆေးရုံတွေကို ပို့မယ်ဆိုရင်လည်း ရှည်လျားတဲ့ လမ်းကြောတလျှောက်ကို အဆင့်ဆင့်ဖြတ်ပြီးမှ ခက်ခက်ခဲခဲနဲ့ သယ်ဆောင်လာကြရ မှာ ဖြစ်ပါတယ်။
ဗိုလ်မှူး စိုင်းသန်းအောင်က သူတို့မှာတော့ ဗိုင်းရပ်စ်ပိုး စစ်ဖို့အတွက် တရုတ်နိုင်ငံထုတ် Test Kit ဝယ်ထားတာ အခု ၂၀ ပဲရှိတယ်လို့လည်း ပြောပါတယ်။
ရောဂါ ကာကွယ်ရေး အတွက် ရှိတဲ့အင်အားနဲ့ ဆောင်ရွက်နေတာတွေ ရှိပေမယ့် တဖက်မှာလည်း လူမှုကွန်ရက်ကနေ တဆင့် အလွဲတွေကို တွေ့ရပါတယ်။
တရုတ် ဝီချက် (WeChat) လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေထဲမှာ SSPP တပ်ဖွဲ့ တဖွဲ့က နှာခေါင်း စည်း၊ လက်အိပ်တွေ မပါဘဲ ဆီးနမူနာနဲ့ Test Kit ကို အသုံးပြု စစ်ဆေးနေတာကို တွေ့ရပါတယ်။
ဓာတ်ပုံထဲမှာပါတဲ့ SSPP စစ်သား ၂၀ ခန့်မှာ အပူချိန်တိုင်း သာမိုမီတာတခုနဲ့ အပူချိန်တိုင်းပြီး အစိမ်းရောင် ပလတ်စတစ် ခုံတခုပေါ်မှာ Test Kit ကို အသုံးပြု စစ်ဆေးနေကြတာပါ။
အဆိုပါ စစ်သား ၂၀ ခန့်ထဲမှာ တဦးတည်းကသာ ချည်ထည်နဲ့ ပြုလုပ်ထားတဲ့ အနက်ရောင် နှာခေါင်းစည်းကို ဝတ်ဆင် ထားတာ တွေ့ရပါတယ်။
Test Kit မှာ ဆီးနမူနာကို စစ်ဆေးတာဟာ လွဲမှားမှု တခုဖြစ်တဲ့အပြင် နှာခေါင်းစည်း မတပ်၊ လက်အိတ်မစွတ်ဘဲ Test Kit အသုံးပြုနေတာက အန္တရာယ်လည်း များလွန်းလှပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သတင်း ထုတ်ပြန်ချက်တွေအရ ရောဂါပိုး ကူးစက် ခံထားရသူတွေ စာရင်းထဲမှာ ရှမ်း ပြည်နယ် က ၇ ဦး ပါဝင်နေပြီ ဖြစ်ပါတယ်။ ။
အပိုင်း (၂) ကို ဆက်လက် ဖော်ပြပါမယ်။
ဆက်စပ်ဖတ်ရှုရန် –
တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများထဲက COVID -19 ကာကွယ်ရေး
ဆေးပစ္စည်းကိရိယာတွေ အဓိကလိုအပ်နေလို့ တတ်နိုင်သလောက် ကူညီဖို့ ပြောလိုပါတယ်
COVID-19 ကြောင့် ရှမ်းမြောက် ပလောင် ၈ ရွာ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ