မြန်မာသို့ ကိုရိုနာဗိုင်းရပ် (COVID-19) ခေါ် ကူးစက်ရောဂါ ရောက်ရှိလာခဲ့သည့် ၁ လကျော်ကာလအချိန်မှာ တိုတောင်း နေသေးသော်လည်း မြန်မာ့စီးပွားရေး၏ ကဏ္ဍ တော်တော်များများကို ဂယက်ရိုက်နေပြီ ဖြစ်သည်။
ကိုရိုနာ ကူးစက်ရောဂါမှာ တကမ္ဘာလုံး အထိနာခဲ့သလို မြန်မာနိုင်ငံတွင်လည်း စီးပွားရေး အချက်အချာမြို့ ဖြစ်သည့် ရန် ကုန်မြို့တွင် COVID -19 ပိုးတွေ့သူ ဦးရေမှာ မြင့်တက်နေလျက်ရှိကာ လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ဦးရေ ဧပြီ ၂၈ ရက်နေ့ မနက်ပိုင်းထိ စာရင်းအရ တနိုင်ငံလုံး လူနာ ၁၄၆ ဦး၌ ၁၀၈ ဦးမှာ ရန်ကုန်မြို့က ဖြစ်သည်။
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု တိုးလာသည့် ကာလဖြစ်သည့် ဧပြီလဆန်းနှင့် မြန်မာနှစ်ကူး သင်္ကြန်ကာလတွင် ပိတ်ထားခဲ့ သည့် လုပ်ငန်းများလည်း ယခုတွင် အများစုမှာလည်း ပြန်လည် ဖွင့်လှစ်လာကြသည့်အတွက် သင်္ကြန်ကာလ ခြောက်ကပ် ကပ် ဖြစ်နေခဲ့သည့် ရန်ကုန်မြို့ ပြန်လည် အသက်ဝင်လာခဲ့သည်။
ရန်ကုန်မြို့သည် အနယ်နယ် အရပ်ရပ်မှ ရွှေ့ပြောင်းလုပ်သားများ လာရောက်၍ အသက်မွေးကျောင်း လုပ်ဆောင်နေရ သည့် မြို့ဖြစ်သလို ကုန်စည် စီးဆင်းမှု၊ မြန်မာ့စီးပွားရေးအတွက် ထောက်တိုင် တခုလိုဖြစ်နေသည့် မြို့လည်း ဖြစ်နေသည်။
ထို့ပြင် သင်္ကြန်ပိတ်ရက်ကာလတွင် မိမိနေအိမ်ရှိရာ နယ်ဒေသများသို့ ပြန်သွားကြသည့် သောင်းနှင့်ချီသော ပြည်တွင်း ရွှေ့ပြောင်း လုပ်သားများသည်လည်း ရန်ကုန်မြို့ စက်မှုဇုန်များရှိ လုပ်ငန်းခွင်များသို့ ဝင်ရန် ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်သည်။
တိုင်းပြည် GDP (ပြည်တွင်း ထုတ်လုပ်မှု တန်ဖိုး)၏ ၂၅ ရာခိုင်နှုန်းကျော် အထိရှိနေသည့် ရန်ကုန်မြို့၏ စီးပွားရေး လုပ်ငန်း များသည် နှေးကွေး ကျဆင်းနေရာမှ အရှိန်ပြန်တက်ရန် ပြင်ဆင်ရမည့် အချိန်ကာလ ရောက်ရှိလာသလို တဖက်တွင် လည်း ကြိုတင် မှန်းဆထား၍ မရသည့် ကပ်ရောဂါဆိုး၏ အန္တရာယ်ကလည်း ရှိနေပြန်သည်။
စီးပွားရေး မူဝါဒရေးရာ ပညာရှင် ဒေါက်တာ အောင်ကိုကို က “အခုက ရောဂါပိုးတွေ့ရှိသူ ၁၀၀ ကျော်လာပြီ ဖြစ်တဲ့ အ တွက် ဒီထဲမှာလည်း တချို့အုပ်စုတွေက လူစုလူဝေးနဲ့ ဖြစ်လာတာဆိုတော့ ၅၀၀၊ ၁၀၀၀ လည်း ချက်ချင်း ဖြစ်သွားနိုင် တယ်။ အဲဒီလိုဆိုတော့ ရေရှည် စီးပွားရေးကို ထိခိုက်တာ ခံမလား၊ ရေတို စီးပွားရေးကို ထိခိုက်ခံမလားဆိုတဲ့ ရွေးချယ်မှု နှစ်ခုမှာ ၁ ခုတော့ ရွေးရမှာပေါ့” ဟု ပြောသည်။
ထိုအခြေအနေများကြောင့် အစိုးရ အနေဖြင့် အများပြည်သူများကို အသွားအလာ ကန့်သတ်ထားသည် Stay at Home အစီအစဉ်ကို ကိုဗစ် ရောဂါပိုးတွေ့ရှိသူ အများဆုံးဖြစ်သည့် အင်းစိန်မြို့နယ်နှင့် ပြည်တွင်း ရွှေ့ပြောင်းလုပ်သား အများဆုံး ရှိသည့် လှိုင်သာယာနှင့် ရွှေပြည်သာ အပါအဝင် မြို့နယ် ၁၀ ခုတွင် ထားရှိသတ်မှတ်ထားသည်။
အဆိုပါ မြို့နယ်များကို Stay at Home အစီအစဉ်ဖြင့် အသွားအလာ ကန့်သတ်ထားသော်လည်း လုပ်ငန်းခွင်ရမည့် အလုပ် သမားတိုင်းကိုမူ ဝင်ထွက်ခွင့် ပြုမည် ဖြစ်သည်။
ဒေါက်တာ အောင်ကိုကိုက “အမှန်က ဒီ ၁၀ မြို့နယ်ထဲက လူကလည်း အပြင်သွားလို့ ရမှာပဲ၊ အပြင်က လူတွေကလည်း ဒီ မြို့နယ်ထဲ ဝင်လာနေမှာပဲ ဆိုတော့ အမည်ခံအားဖြင့် ထိန်းချုပ်ထားတယ်လို့ ပြောလို့ရပေမယ့် တကယ်တမ်းတော့ မထိ ရောက်တဲ့ လုပ်ဆောင်ချက်ပဲ” ပြောသည်။
အစိုးရက လူရာချီမှ ထောင်ချီအထိ လုပ်ငန်းခွင်ဝင်ရမည့် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများကို ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များနှင့် အညီဖြင့်သာ ဖွင့်ရမည်ဟု အစိုးရက ဧပြီလ ၁၉ ရက်က အမိန့် ထုတ်ပြန်လိုက်သည်။
ဧပြီလ၂၀ ရက်၌ စတင် လိုက်နာရမည့် အမိန့်ကြေညာချက်တခုကို ဧပြီလ ၁၉ ရက် ည ၈ နာရီ အချိန်မှ ထုတ်ပြန် ကြေညာခဲ့ခြင်းကြောင့် လုပ်ငန်းများ ပြန်လည် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည့် စက်ရုံ၊ အလုပ်ရုံများနှင့် အလုပ်ဖွင့်ရက်ကို အချိန်မီ အလုပ်ဆင်းနိုင်ရန် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အသီးသီးမှ လုပ်ငန်းခွင်ရှိရာသို့ ပြန်လာကြသော ပြည်တွင်း လုပ်သားများ အားလုံးအတွက် ကမောက်ကမ ဖြစ်ခဲ့ရသည်။
ယင်းနေ့တွင် စက်ရုံအလုပ်ရုံ တချို့သည် အလုပ်သမားများကို အလုပ်ဆင်းစေခဲ့သော်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကွင်းဆင်း စစ်ဆေးပြီးမှသာ ဖွင့်လှစ်ရမည် ဖြစ်ခြင်းကြောင့် စက်ရုံတချို့က ပြန်လည် ပိတ်ခဲ့သလို ဆက် လက် ဖွင့်လှစ်နေသည့် စက်ရုံများလည်း ရှိနေသေးသည်။
အစိုးရအနေဖြင့် ကျန်းမာရေး ကိစ္စကိုလည်း ဂရုစိုက်မှု မလျှော့ဘဲ အပြည့်အဝ လုပ်ဆောင်နေသလို ရန်ကုန်သည် မြန်မာ နိုင်ငံ၏ အဓိကမြို့ကြီး တခုဖြစ်သည့်အတွက် အကန့်အသတ် ပိတ်ဆို့မှုများကို တင်းတင်းကြပ်ကြပ် လုပ်ဆောင်၍ မရ ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။
၎င်းက “ကျနော်တို့လည်း အဆိုးဆုံးကိုလည်း တွက်ပြီး ပြင်ဆင်မှုတွေ ကောင်းကောင်း လုပ်ထားပါတယ်။ ရန်ကုန် အခြေ အနေက တခြားမြို့တွေလို မဟုတ်ဘူး။ စီးပွားရေးအရ အချက်အခြာ ကျသလို၊ အခြေခံ လူတန်းစားများတယ်။ အဲဒီတော့ ကျနော်တို့က တခုခုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လိုက်ရင် တဖက်မှာ အခက်အခဲ ဖြစ်နိုင်တယ်။ အရမ်းကြီး လျှော့ ပေးလိုက်ရင်လည်း တဖက်က ရောဂါက ပိုဆိုးသွားနိုင်တော့ ဒါတွေကို ချိန်ညှိပြီး လုပ်နေရပါတယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် လူဦးရေ ရာချီနှင့် ထောင်ချီ ရှိသည့် စက်ရုံ၊ အလုပ်ရုံများကို ဧပြီလ ၃၀ ရက်အထိ ဖွင့်လှစ်ခွင့် ပေးသွား မည် မဟုတ်ဘဲ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးပြီးမှသာ ဖွင့်လှစ်ခွင့် ပေး သွားမည် ဖြစ်ကြောင်း ဦးနိုင်ငံလင်းက ပြောဆိုသည်။
ဧပြီလ ၂၄ ရက် ညပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လှိုင်သာယာမြို့နယ်ရှိ အလုပ်သ မား ၉ ထောင်ရှိသည့် ချန်းရီဖိနပ်စက်ရုံမှ တရုတ်စကားပြန်တဦးတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိကြောင်း သတင်းကြောင့် စက်ရုံ အလုပ်သမားများတင်မက ပြည်သူလူထုကြား စိုးရိမ်ပူပန်မှု မြင့်တက်လာခဲ့သည်။
လှိုင်သာယာ မြို့နယ်ရှိ အထည်ချုပ် စက်ရုံတခုမှ လုပ်သား မသန္တာဖြိုး က “အခုချိန်မှာ ကျန်းမာရေး ကိစ္စကို စိတ်ပူနေပေ မယ့် တချို့ အလုပ်သမားတွေက စားဝတ်နေရေး အခက်အခဲက တကြောင်း၊ နောက်တခုက အလုပ်ရပ်တည်မှုရယ် ဒါတွေ ပိုခက်ခဲသွားမှာ စိုးလို့ပေါ့” ဟု ၎င်းတို့ မဖြစ်မနေ အလုပ်ဆင်းရသည့် အခြေအနေကို ပြောသည်။
အလုပ်သမားများ အနေဖြင့် စက်ရုံ အလုပ်ရုံများကို ဧပြီ ၃၀ ရက် အထိ အနည်းဆုံး အခကြေးငွေပေး လုပ်ခလစာ ယာယီ ပိတ်ထားရန် လိုလားကြသော်လည်း လုပ်ငန်းရှင်များဘက်တွင်လည်း လစာမဲ့ခွင့်ရက် အဖြစ်သာ သတ်မှတ်လိုကြသည်။
ယင်းကိစ္စကို အစိုးရဘက်က အလုပ်ရှင်နှင့် အလုပ်သမားများဘက်ကို တိကျသည့် ညွှန်ကြားချက် ထုတ်ပြန်တာမျိုး မရှိပေ။
ရန်ကုန်မြို့သည် နိုင်ငံတဝန်းလုံးမှ ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများ အများဆုံး ရှိခြင်း၊ အခြေခံလူတန်းစား များပြားခြင်း နှင့် တိုင်းပြည်၏ စီးပွားရေးအတွက် အဓိကမြို့ဖြစ်နေသည့်အတွက် ကျန်းမာရေးအရေးကိစ္စ တခုတည်းအမြင်ဖြင့် တင်း တင်းကျပ်ကျပ် လုပ်ဆောင်၍ မရခြင်းကြောင့် အစိုးရအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေသည့် အနေထားတွင် ရှိနေသည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါပိုးရှိသူ အရေအတွက်သည် ၁၄၀ ကျော်သာရှိပြီး အခြား ကူးစက်မှုနှုန်း မြင့်တက်နေသော ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အခြေအနေကောင်း နေသေးသည်။
ယခုတွင် မြန်မာနိုင်ငံ၌ တွေ့ရှိနေရသည့် ရောဂါပိုး တွေ့ရှိသူများထဲတွင် ပြည်ပခရီးသို့လည်း သွားရောက်ထားခြင်း မရှိသလို ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ခြင်းမဟုတ်ဘဲ ဗိုင်းရပ်စ် ကူးစက်ခံနေရသည့် လူနာများလည်း ရှိလာပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ရောဂါ ဓာတ်ခွဲစစ်ဆေးမှုကို အသွားအလာ ကန့်သတ်ထားပြီး Quarantine ဝင်နေသူများ နှင့် ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့သူများထဲမှ တချို့ကို စစ်ဆေးနိုင်ခြင်းနှင့် ရောဂါပိုးတွေ့ရှိသူများ၏ နောက်ကြောင်း ရာဇ ဝင် အားလုံးကို အတည်တကျ မလိုက်သေးသည့် ကာလဖြစ်ခြင်းကြောင့် အစိုးရအနေဖြင့် အသွားအလာ ကန့်သတ်သည့် ကာလကို ဧပြီလကုန်ပိုင်းအထိ တိုးမြှင့်ထားသင့်ကြောင်း လေ့လာသုံးသပ်သူများက မှတ်ချက်ပြု ပြောဆိုကြသည်။
ဒေါက်တာ အောင်ကိုကို က “တဖက်မှာကျတော့လည်း ကျနော်တို့ နိုင်ငံရဲ့စီးပွားရေးက လုပ်သားအခြေပြုတဲ့ စီးပွားရေး ပုံစံပေါ့ (Labour intensive)။ လုပ်သားတွေရဲ့ ဝင်ငွေ၊ မိသားစုဝင်ငွေက စားသုံးမှု ဖြစ်စေတယ်။ ဒီစားသုံးမှုက နိုင်ငံရဲ့ GDP ထဲကို ဝင်စေသွားတယ်ပေါ့။ ဒါက Demand ဘက်ကို သက်ရောက်ပေးစေတယ်ပေါ့။ နောက် Supply ဘက်မှာ ကိုလည်း ရပ်ထားတော့ မရပြန်ဘူး။ ကမ္ဘာ့ Supply Chain တခုလုံးက ရပ်နေတဲ့ အခါမှာ ကုန်ကြမ်းရရှိမှု၊ ကုန်ချော ထုတ်လုပ်မှု အခြေအနေတွေ၊ ကုန်ကြမ်းနဲ့ ကုန်ချော ထုတ်လုပ်မှုဖြစ်စဉ်တွေမှာ လုပ်သားတွေရဲ့ အသင့် အနေအထားရှိမှု အခြေအနေတွေ၊ အဲဒါတွေကလည်း အများကြီး အရေးပါလာတယ်” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ပြည်တွင်း ရောဂါကူးစက်မှုများတွင် ပြည်ပခရီးသွားထားခြင်း မရှိခြင်း၊ ရောဂါပိုးရှိသူနှင့် ထိတွေ့သူများ မဟုတ်ဘဲ ရောဂါပိုးရှိသူများ တွေ့ရှိလာရခြင်းကြောင့် ရောဂါထိန်းချုပ်မှု အပိုင်းကို အားကောင်းကောင်းဖြင့် လုပ်ဆောင် သင့်ပြီး ယခုလိုကာလအတွင်း၌ ရောဂါပြန့်ပွားမှု တဟုန်ထိုး မြင့်တက်သွားပါက ရန်ကုန်၏ စီးပွားရေးသည် ယခုထက် အခြေအနေ ပိုဆိုးသွားနိုင်ကြောင်း ၎င်းက သတိပေး ပြောဆိုသည်။
လတ်တလောတွင် အစိုးရအနေဖြင့် COVID 19 ရောဂါကြောင့် စီးပွားရေး ထိခိုက်ဆုံးရှုံးမှုများ ကုစားရန် ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းများ၊ အထည်ချုပ် လုပ်ငန်းများ (CMP) နှင့် အသေးစား အလတ်စား (SME) လုပ်ငန်းများအတွက် ရန်ပုံငွေ ကျပ် ဘီလီယံ ၁၀၀ ထားရှိပြီး အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ၁ နှစ်သက်တမ်းရှိ ချေးငွေကို ထုတ်ချေးပေးလျက် ရှိသည်။
သို့သော်လည်း လုပ်ငန်းပေါင်း ၃၀၀၀ ခန့်က ချေးငွေလျှောက်ထားခဲ့သော်လည်း အချိန် တလကြာချိန်တွင် လုပ်ငန်း ၈၈ ခန့်ကိုသာ ပထမအသုတ်အဖြစ် ချေးငွေ ထုတ်ချေးပေးထားနိုင်သေးသည်။ ထိုချေးငွေ အစီအစဉ်ကို လုပ်ငန်းရှင်များ ဘက် က ချေးငွေ ရရှိမှုကို မြန်မြန်ဆန်ဆန် ဖြစ်လာစေရန် မျှော်လင့်နေကြရသည်။
သို့သော် ချေးငွေ ဒုတိယအသုတ်ကို ယခုတပတ်အတွင်း ချထားပေးမည်ဖြစ်ကြောင်း COVID-19 ဗိုင်းရပ်စ်ကြောင့် ဖြစ် ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြား ထားသည်။ ထို ချေးငွေသည် SME လုပ်ငန်းရှင်များအတွက် ခဏတာ ပြေလည်စေနိုင်မည့် နည်းလမ်းတခုလည်း ဖြစ်သည်။
လက်ရှိအချိန် ကုန်ကြမ်း အလုံအလောက် မရှိခြင်းကြောင့် ရပ်ဆိုင်းနေသည့် စီးပွားရေးလုပ်ငန်းများ ရှိနေသလို ကုန်ကြမ်း ရှိသော်လည်း ကုန်ချောဈေးကွက်မှ အမှာစာများ လျော့ကျသွားခြင်းကြောင့် ရပ်ဆိုင်းနေရသည့် လုပ်ငန်းများလည်း ရှိလာပြီ ဖြစ်သည်။
နောက်ပိုင်းတွင် ကုန်ကြမ်းများလည်း ရရှိသလို ဈေးကွက်အတွင်း ကုန်ချောအမှာစာများ ရှိနေသည့်တိုင် ရောဂါဖြစ်ပွားမှု ဂယက်နှင့် အစိုးရ၏ ညွှန်ကြားချက်များအရ လုပ်သားများအပြည့်အဝ အလုပ်မဆင်းနိုင်ကာ ထုတ်လုပ်မှု နှေးကွေးသွား နိုင်သည့် လုပ်ငန်းများလည်း ရှိလာနိုင်ကြောင်း သိရသည်။ (ဥပမာဆိုရသော် ရေသန့်လုပ်ငန်းများ ဖြစ်သည်)
မြန်မာနိုင်ငံ ကုန်သည် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးအောင်စိုးသာ က “ပြဿနာ တစုံတရာ ဖြစ်ရင် ကုန်ဈေးနှုန်းက တက်မှာပဲ။ ဒါက မြန်မာ တနိုင်ငံတည်း မဟုတ်ဘူး။ တကမ္ဘာလုံး ဖြစ်တာပဲ။ လက်သန့်ဆေးရည်ဆိုရင် အရင်တုန်းက ဝယ်မယ့်သူတောင် မရှိဘူး။ အခုက ထုတ်တာ ထုတ် သလောက် မလောက်နိုင်တော့ဘူး။ ရေသန့်ဆိုလည်း ထုတ်လို့တောင် မလောက်နိုင်တော့ဘူး။ ကုန်ထုတ်လုပ်မှုတွေ တော် တော်များများ ရပ်နေတဲ့အချိန်မှာ ရေသန့်ဆိုလည်း ပြတ်လပ်တာမျိုးတွေ ရှိသလို အခြေခံ စားသောက်ကုန်လည်း အတူ တူပဲ။ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဆန်တို့ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်ပြီး စီးပွားရေး လုပ်ငန်းများ ရပ်နားထားရပါက ကုန်ထုတ်လုပ် မှုများ ကျဆင်းပြီး ဈေးကွက်အတွင်း ကုန်ဈေးနှုန်း ကြီးမြင့်မှု ပြဿနာလည်း ရှိနေပြန်သည်။
ဦးအောင်စိုးသာက ဆက်လက်၍ “ကျနော်ဆိုရင်လည်း ဆန်တွေလုပ်တယ်၊ ဆီတွေ လုပ်တယ်။ အခြေခံစား သောက်ကုန် လုပ်ငန်းတွေ လုပ်တယ်ဆိုတော့ ဝန်ထမ်းတွေက ရာနဲ့ ထောင်နဲ့ ချီပြီး ရှိပါတယ်။ ဒီဝန်ထမ်းတွေကို လစာပေးဖို့ ဆိုတာက ဝင်ငွေ ရှိမှရမယ်။ အဲဒီတော့ လုပ်ငန်းတွေ မလည်ပတ်လို့ မရဘူး။ လည်ပတ်မှ ဖြစ်မယ်” ဟု ဆိုသည်။
လက်ရှိ ကာလတွင် အလုပ်ရှင်များဘက်မှ လုပ်ငန်း မလည်ပတ်နိုင်ခြင်း၊ လုပ်ငန်းများ နှေးကွေးနေခြင်းကြောင့် ဝန်ထမ်းများ အား လစာပေးထားရန် အခက်အခဲ ကြုံနေရပြီး အလုပ်နားထားခြင်း၊ အလုပ်သမား အင်အားလျှော့ခြင်း၊ လစာနှုန်းထား လျှော့ချပေးခြင်းတို့ကို ကဏ္ဍအသီးသီးက ပြုလုပ်လာကြသည်များကို တွေ့ရသည်။
အစိုးရ အနေဖြင့်လည်း ကူးစက်ရောဂါကြောင့် စီးပွားရေး လုပ်ငန်းများ လဲပြိုမကျသွားစေရန်အတွက် လုပ်ဆောင်ပေးမှုများ၊ ဖြေလျှော့ပေးမှုများကို တတ်နိုင်သမျှ ဆက်လက် လုပ်ဆောင်လျက်ရှိသည်။
မြန်မာ့ စီးပွားရေးအား မြှင့်တင်ပေးနိုင်ရေးနှင့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပိုမိုလှုံ့ဆော်ပေးနိုင်ရည်ရွယ်ပြီး ဗဟိုဘဏ်က အတိုနှုန်းကို ၇ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်သည်။ ထို့ပြင် ဘဏ်များ အပြည့်အဝ လိုက်နာရမည့် မတည် ရင်းနှီးငွေ မပြည့်မီခြင်းနှင့် ချေးငွေပြန်တောင်းခြင်း ဆိုင်ရာ ညွှန်ကြားချက် တချို့ကို ၂၀၂၃ အထိ သက်တမ်း ထပ်တိုး ပေးထားခဲ့သည်။
ယင်းကြောင့် ဝင်ငွေ ရပ်တန့်သွားသည့် စီးပွားရေး လုပ်ငန်းအနေဖြင့် အချိန်မီ ပြန်ဆပ်ရမည့် ဘဏ်ချေးငွေများအတွက် ဝန်ထုတ်ဝန်ပိုး လျှော့သွားမည် ဖြစ်သည်။
စီးပွားရေး လုပ်ငန်းရှင်များ တောက်လျှောက် တောင်းဆိုလာသည့် ဘဏ်အတိုးနှုန်းကို လျှော့ချပေးလိုက်ခြင်းကြောင့်လည်း ကိုဗစ်အလွန်ကာလတွင် လုပ်ငန်းပြန်စမည့် စီးပွားရေး လုပ်ငန်းများ လိုအပ်မည့် အရင်းအနှီးကို ယခင်ကထက် စရိတ်စက သက်သာစွာဖြင့် ရရှိလာနိုင်တော့မည် ဖြစ်သည်။
ကိုဗစ် နောက်ဆက်တွဲအဖြစ် ကုန်သွယ်မှုပိုင်းတွင်လည်း ရိုက်ခတ်မှု ရှိနေသဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက လိုင်စင်ကြေး၊ သက်တမ်းတိုးကြေးများ ဖြေလျှော့ပေးခဲ့သလို၊ အွန်လိုင်းမှ လိုင်စင် လျှောက်ထားနိုင်သည့် စနစ်များကို လုပ်ဆောင်ပေး လျက်ရှိသည်။
ယင်းပြင် မြန်မာ့ စီးပွားရေးအတွက် အဓိက အရေးပါနေသည့် အထည်ချုပ်လုပ်ငန်း (ဖြတ်-ထုတ်လုပ်-ထုပ်ပိုး – CMP) များအတွက် သွင်းအားစုဈေးနှုန်းများ၊ ကုန်ကြမ်းနှင့် သွင်းကုန်အပေါ် ကောက်ခံနေသည့်အကောက်ခွန်တွေကို ပိုမိုဖြေ လျှော့ပေးရန် လိုအပ်လာကြောင်းလည်း လုပ်ငန်းရှင်များက အကြံပြု ပြောဆိုကြသည်။
မြန်မာနိုင်ငံ အနေဖြင့် (၁) ဗိုင်းရပ်စ်ကို နိုင်ငံတွင်း၌ ကောင်းကောင်းထိန်းချုပ်နိုင်သည့် အခြေအနေ (၂) ကမ္ဘာ့ကုန်စည် ပို့ဆောင်ရေး ကွင်းဆက်က ကောင်းကောင်း နာလန်ထ မလာခြင်း (၃) အစိုးရ၏ အရေးပေါ် အသုံးစရိတ်က အမြင့်ဆုံး ကန့်သတ်ချက် ထက် လွန်ကဲစွာ ကျော်လွန်သွားခြင်း (၄) စုစုပေါင်းကုန်သွယ်မှုပ မာဏက ကြာရှည် သိသိသာသာ ကျ ဆင်းသွားခြင်း (၅) ဒီကာလအတွင်း ပြည်တွင်း အလုပ်အကိုင်ဈေးကွက်နှင့် အလုပ်အကိုင်ဖန်တီးမှုက မျှော်မှန်းထားတာ ထက် လွန်ကဲစွာ နှေးကွေးသွားခြင်း၊ တနည်းဆိုရသော် အလုပ်လက်မဲ့နှုန်းက ရုတ်ချည်းလွန်ကဲစွာ မြင့်တက်လာမယ် (၆) နိုင်ငံခြား အရန်ငွေက စိုးရိမ်ရေမှတ်ပမာဏ အထိ ကျဆင်းသွားခြင်း စသည့် မျှော်လင့်မထားသည့် အဆိုးဆုံး အခြေ အနေ များကို ကြိုတင်စဉ်းစားထားရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်တဦးက အကြံပြုပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို မြန်မာနိုင်ငံ အနေဖြင့် မေလလယ်ခန့်တွင် ထိန်းချုပ်နိုင်မည်ဟု ခန့့်မှန်းပြောဆိုနေကြပြီး ကိုရိုနာဗိုင်းရပ်အလွန် ကာလတွင် နှေးကွေး ထိခိုက်ခဲ့ရသည့် စီးပွားရေး လုပ်ငန်းများအတွက်လည်း အစိုးရအနေဖြင့် ကုစားပေးနိုင်ရန် အစီအမံများ ဆောင်ရွက်ရန် လိုအပ်နေပေသည်။
ယခုအချိန်တွင် အနယ်နယ် အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားများ စုရပ်ဖြစ်သည့် ရန်ကုန်၌ အလုပ်လက်မဲ့ ပြဿနာလည်း ကြီးထွားလာနေပြီး အချိန်ကာလ တခုထိ မထိန်းနိုင်ပါက ရန်ကုန်တင်မကဘဲ မြန်မာနိုင်ငံရှိ တိုင်းနှင့် ပြည်နယ်အသီးသီး သို့ပါ ရိုက်ခတ်လာနိုင်မည် ဖြစ်သည်။
ရန်ကုန်သည် ရောဂါ ထိန်းချုပ် ကုသရေးအတွက်လည်း အရေးပါနေသည့် နေရာဖြစ်သလို မြန်မာ့စီးပွားရေး၏ အဓိက ဆုံချက်ဗဟိုနေရာလည်း ဖြစ်သဖြင့် အစိုးရပိုင်းမှ အစီအမံများသည် အကြပ်အတည်းများ ကျော်လွှားနိုင်သည့် အထောက်အပံ့ ကောင်းများ မည်မျှထိ ဖြစ်နိုင်မည်ကိုမူ မကြာမီကာလ၌ အဖြေပေါ်တော့မည် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
Covid-19 ကြောင့် ကုန်ဈေးနှုန်း ရိုက်ခတ်မှုမရှိစေရန် အစိုးရက အရန်ဆန်နှင့် ဆီ ဝယ်ထားမည်
COVID-19 ကြောင့် ကုန်သွယ်မှု ထိခိုက်သွားတယ်
အလုပ်လက်မဲ့ ဖြစ်ပွားနိုင်ခြေက ရန်ကုန် တမြို့တည်း ဦးရေ သိန်းနဲ့ ချီရှိလာနိုင်တယ်