မြန်မာနိုင်ငံထဲမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) ကူးစက် မှုရှိနေသေးပေမယ့် နိုင်ငံတကာက ပြန်လာမယ့် မြန်မာနိုင်ငံသားတွေကို အစိုးရက မေလဆန်းကစပြီး ပြန်ပြီးလက်ခံဖို့ဆုံးဖြတ်ထားပါတယ်။ ဒါဟာ မတ်လထဲက လက်ခံမှု အပြီး ဒုတိယမြောက် လက်ခံမယ့် အစီအစဉ်တရပ်ဖြစ်ပါတယ်။
အစီအစဉ်အရ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံသားတွေကို မြဝတီ-မဲဆောက် နယ်စပ်ဂိတ် ကတဆင့် မေလဆန်းမှာ စတင် ဝင်ရောက်ခွင့် ပေးမှာဖြစ်ပြီး အခြားပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေသူတွေကိုတော့ ကယ်ဆယ်ရေး လေယာဉ် (Relief Flight) တွေနဲ့ ပြန်လည်ခေါ်ဆောင်မှုတွေ လုပ်မှာ ဖြစ်တယ်။
ဒုတိယအကြိမ်အဖြစ် ပြည်ပရောက်နေသူတွေကို အလုံးအရင်းနဲ့ ခေါ်ဆောင်မယ့်အပေါ် စိုးရိမ်သူတွေရှိနေပေမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြန်လာမယ့်သူတွေကို ကြိုဆိုကြဖို့နဲ့ အခက်အခဲတွေကို ညီညွတ်စွာ ရင်ဆိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
“ထိုင်းနိုင်ငံက ကျမတို့ ပြည်သူတွေ COVID ရောဂါ ပြဿနာကြောင့် ဒီအပတ်အတွင်းမှာ သောင်းဂဏန်းနဲ့ ချီပြီး ပြန် လာကြပါတော့မယ်၊ အခက်အခဲကြုံနေလို့ အမိမြေကို အားကိုးတကြီး ပြန်လာကြတာကို ကျမတို့ ဂုဏ်ယူရမှာပါ၊ အတတ်နိုင်ဆုံး ကျန်းမာရေး အစီအစဉ်တွေနဲ့ ကြိုဆိုရမှာပါ၊ ငါတို့အမိမြေ ပြန်ရောက်ပြီ၊ ငါတို့လုံခြုံပြီလို့ ခံစား စေချင် တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၇ ရက်နေ့မှာ ၎င်းရဲ့ လူမှုကွန်ရက်ကတဆင့် တိုက်တွန်းပြောဆိုထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုက ရှိနေဆဲဖြစ်ပြီး ဧပြီလ ၂၉ ရက်နေ့အထိ ရောဂါပိုးရှိသူ ၁၅၀ ဦးရှိတဲ့ အနက် ၁၆ ဦးမှာ ပြန်လည်သက်သာ ကောင်းမွန်လာပြီဖြစ်လို့ ဆေးရုံဆင်းခွင့်ရခဲ့ပြီး ၎င်းတို့ကို Quarantine ဆက်လက်ထားရှိ တယ်လို့ သိရပါတယ်။
ဧပြီ ၂၉ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်ချက် အရ ပိုးအဖြေ ရလဒ် ၂ ကြိမ် စစ်ဆေးမှုမှာ Negative ပြသူ ၁၁ ဦး ထပ်မံတိုးလာပါတယ်။ သေဆုံးသူ စုစုပေါင်းကတော့ ၆ ဦးရှိပြီလို့ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
တိုင်းနှင့်ပြည်နယ်တွေမှာရှိတဲ့ ဆေးရုံတွေမှာလည်း ဧပြီ ၂၈ ရက်နေ့ မနက်ပိုင်းအထိ ရောဂါလက္ခဏာရှိသူနဲ့ အသွား အလာ ကန့်သတ်စောင့်ကြည့်နေသူ ၈၀၀ ကျော်နေဆဲဖြစ်ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားသူ (Quarantine ဝင်နေသူ) လေးသောင်းကျော် ရှိနေပါသေးတယ်။
ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဘယ်လိုအစီအစဉ်လဲ
ပြည်ပနိုင်ငံတွေမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိကာ ပိတ်မိနေတဲ့ အခက်အခဲတွေ့နေသူ နိုင်ငံသားတွေကို ခေါ်ယူမယ့် ကယ်ဆယ်ရေးလေယာဉ် အစီအစဉ်ဟာ ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံနဲ့ အန္ဒိယနိုင်ငံတွေမှာ ဆုံရပ်အဖြစ် သတ်မှတ်ပြီး ဆောင်ရွက်မယ့် အစီအစဉ်ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်တွေ၊ အသက်အရွယ်ကြီးသူတွေ၊ ကျန်းမာရေးကိစ္စနဲ့ ရောက်နေသူတွေနဲ့ ဗီဇာသက်တမ်း ကုန်နေသူတွေ ကို အဓိက ခေါ်ယူမှာဖြစ်ပြီး အလည်အပတ်နှင့် ခေတ္တခဏ ပြန်လိုသူတွေ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ပြန်လာခွင့်ရသူတွေအနေနဲ့ သတ်မှတ်ဆုံရပ် နိုင်ငံတွေကို လာရောက်ရမှာဖြစ်ပြီး မြန်မာနိုင်ငံသို့ အပြန်လေယာဉ် ၁ ကြောင်းစာ စရိတ်အား ကိုယ်တိုင်ကျခံရမှာ ဖြစ်ပါတယ်။
လတ်တလော အတည်ပြုချက်အရ ဧပြီ ၃၀ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံမှ ၉၇ ဦးနဲ့ မေလ ၂ ရက်နေ့မှာ ဂျပန်နိုင်ငံမှ ၁၉၈ ဦး ပြန်လာမှာဖြစ်ပြီး ကျန်ခရီးစဉ်တွေကိုတော့ သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေကနေ ထပ်မံ ကြေညာမှာ ဖြစ်ပါတယ်။
နယ်စပ်ဂိတ်မှ လက်ခံမည့်အစီအစဉ်
ထိုင်းနိုင်ငံမှာ ရောက်နေသူတွေ အတွက်ကတော့ မေလ ၁ ရက်နေ့မှာ မြဝတီ-မဲဆောက်နယ်ဂိတ်ကနေ ပြန်လည်လက်ခံ ခေါ်ယူမှာဖြစ်ပါတယ်။
ပြန်လာလိုသူတွေအနေနဲ့ ဧပြီ ၂၈ ရက်နေ့ စာရင်းပေးထားမှုအရ ၁၂၂၈၆ ဦးရှိတယ်လို့လည်း မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) က ဆိုထားပါတယ်။
ထိုသူတွေနဲ့ပတ်သက်လို့ အသွားအလာ ကန့်သတ်ကာ သီးခြားစောင့်ကြည့်ဖို့ သတ်မှတ်နေရာတွေကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အတွင်းမှာရှိတဲ့ မြို့နယ်အချို့မှာ ပြင်ဆင်ထားတယ်လို့ သက်ဆိုင်ရာအစိုးရအဖွဲ့တွေက ပြောထားပြီး အခြား တိုင်းနဲ့ ပြည်နယ်တွေက သူတွေကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးရတွေနဲ့ ညှိနှိုင်းပြီး ပြန်ပို့ဖို့ ဆွေးနွေး ထားတယ်လို့ သိရပါတယ်။
အစိုးရအနေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ဒုတိယအကြိမ် ခေါ်ယူမယ့်အစီအစဉ် မတိုင်မီ တရုတ်နိုင်ငံက ပြန်လည်ပို့ဆောင်မယ့် မြန်မာနိုင်ငံသား ၁၈၀၀၀ ခန့်ကို ဧပြီ ၁၆ ရက်နေ့က စတင်ကာ ကချင်ပြည်နယ်၊ လွယ် ဂျယ်နယ်စပ်ဂိတ်မှတဆင့် ပြန်လည်လက်ခံကာ ခေါ်ယူနေတာလည်း ရှိပါတယ်။
ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်း က “ကျနော်တို့ပြည်နယ်မှာတော့ စောင့်ကြည့်မယ့်နေရာ ၄၀၀ ကျော်လောက် လုပ်ထားပါတယ်၊ သက်ဆိုင်မြို့နယ်လိုက် ခွဲပြီး ပို့နေပါတယ်၊ တခြားတိုင်းနဲ့ ပြည်နယ်ကသူတွေဆိုရင်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့ချင်း ညှိနှိုင်းပြီး ပို့ပေးနေပါတယ်၊ အခုထိ ကချင်ပြည်နယ်မှာ ရန်ကုန်က ပြန်လာတဲ့ မိုးညှင်းက တယောက်ပဲ ပိုးတွေ့တာ ရှိပါသေးတယ်၊ တရုတ်ဘက်က ပြန်လာသူတွေထဲမှာ မရှိသေးပါဘူး” လို့ ပြောပါတယ်။
ခေါ်ယူတဲ့လုပ်ငန်းကို စနစ်တကျ ရှိစေရေးနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ် ကွင်းဆင်းတုံ့ပြန်ရေးအဖွဲ့ (Rapid Response Team) တွေကို တိုင်းနဲ့ပြည်နယ် အစိုးရတွေနဲ့ နယ်စပ်ဂိတ်တွေကို စေလွှတ်ထားတယ်လို့ သိရပါတယ်။
သောင်းနဲ့ချီတဲ့ ဝင်ရောက်လာသူတွေကို သက်ဆိုင်အစိုးရတွေနဲ့ ညှိနှိုင်းပြီး နေရပ်တွေကို ပြန်လည်ပို့ဆောင်မှာ ဖြစ်တဲ့ အတွက်လည်း တနိုင်ငံလုံးအနေအထားနဲ့ ပျံ့နှံ့ရောက်ရှိကြမှာဖြစ်ပါတယ်။
၎င်းတို့ အနေနဲ့ကတော့ အစိုးရရဲ့ သတ်မှတ်နေရာတွေမှာ လူထုအခြေပြု ကုသစောင့်ရှောက်မှုပေးခြင်း (Community-based Facility Quarantine) ၂၁ ရက်နဲ့ နေအိမ်တွင် သီးခြားနေထိုင်စောင့်ကြည့်ခြင်း (Home Quarantine) ၇ ရက်၊ စုစုပေါင်း ၂၈ ရက်အား မဖြစ်မနေ လိုက်နာနေထိုင်ရမှာဖြစ်ပါတယ်
ဝင်ရောက်လာသူတွေကို ထားရှိမယ့် Quarantine စင်တာတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် အစိုးရတွေရဲ့ ပြင်ဆင်မှုမှာ လက်ကျန် Quarantine ဝင်နေသူတွေရှိနေဆဲဖြစ်လို့ မနိုင်မနင်းဖြစ်မှာကို ထောက်ပြသူတွေရှိပေမယ့် အဆင်ပြေအောင် လုပ်ဆောင်နိုင်မယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ALARM) အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက “လိုအပ်ချက်တွေ ရှိပေမယ့်လည်း အစိုးရမှာ အတွေ့အကြုံရှိထားပြီဖြစ်လို့ အရင်ထက်ပိုပြီး Quarantine ကို စနစ်တကျ လုပ်နိုင်မယ်လို့ ယုံကြည်တယ်၊ အစိုးရဘက်က အတွေ့အကြုံ ရထားသလို ပြန်လာမယ့်သူတွေကလည်း ဒါနဲ့ ပတ်သက်လို့ ပိုပြီး သိထားကြပါပြီ၊ သူတို့လည်း ဟိုဘက်မှာ ဒုက္ခရောက်နေလို့ ပြန်လာကြမှာဆိုတော့ ကိုယ့်နိုင်ငံသားတွေကို လက်မခံ လို့လည်း မရဘူး” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းက ပထမအကြိမ်အနေနဲ့ နယ်စပ်ဂိတ်ပေါက်တွေနဲ့ လေကြောင်းက ဝင်ရောက်သူတွေ အလုံးအရင်းနဲ့ ရှိခဲ့တဲ့အတွက် အစိုးရ ကန့်သတ်စောင့်ကြည့်မှုတွေကို အရပ်ဖက်အဖွဲ့တွေနဲ့အတူ တက်သုတ်ရိုက် လုပ်ဆောင်ခဲ့ရသလို ကပ်ရောဂါကြီးအသွင်ဖြစ်နိုင်ချေများတယ်လို့ သတိပေးခဲ့ရပေမယ့် ရောဂါပိုးတွေ့ရှိမှုနဲ့ ကူးစက်မှုက ဒေသတွင်း နိုင်ငံအချို့နဲ့ယှဉ်ရင် နည်းပါနေသေးတဲ့ အခြေအနေဖြစ်လို့ သက်သာရာ ရနေသေးတယ်လို့ ထောက်ပြမှုတွေလည်း ရှိပါတယ်။
Marie Stopes International က မြန်မာနိုင်ငံဆိုင်ရာ ညွန်ကြားရေးမှူး ဒေါက်တာ စစ်နိုင်က “အရင်းအမြစ် မလုံလောက်တာ၊ မကြုံဖူးတဲ့ အခြေအနေဖြစ်လို့ အတွေ့အကြုံမရှိတာ၊ လူထုရဲ့ ကျန်းမာရေး အသိအမြင်နဲ့ သည်းခံနိုင်စွမ်းတွေကြောင့် အားနည်းချက်တွေရှိခဲ့တယ်၊ ဒီကြားထဲက အုံလိုက်ကျင်းလိုက်မဖြစ်ခဲ့တာ အဆင်ပြေခဲ့တယ်၊ ကံကောင်းခဲ့တယ်လို့ ပြောလို့ရပါတယ်၊ အခုလာမယ့်သူတွေထဲမှာလည်း ပိုးကပါလာနိုင်တယ်၊ ကျနော်တို့ လျော့လို့၊ ပေါ့လို့တော့ မရသေးပါဘူး” လို့ သတိပေးပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက အန္ဒိယနိုင်ငံမှ စာသင်သား သံဃာတော်တွေနဲ့ အတူ သွားရောက်ခေါ်ယူခဲ့တဲ့ အစီအစဉ်မှာ မြန်မာနိုင်ငံကို ပြန်လာသူတဦးထံက ရောဂါပိုးရှိတာ တွေ့ခဲ့ပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံကို တရားမဝင်သွားရောက်မှုနဲ့ ထိန်းသိမ်းခံရပြီး ထိုင်းနိုင်ငံကို လွှဲပြောင်းထားတဲ့ မြန်မာနိုင်ငံသား ၃၄ ဦးမှာလည်း ရောဂါပိုးကူးစက်ခံထားရတယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်နေ့မှာ ပြောထားပါတယ်။
ဒီအခြေအနေတွေအရ ပြည်ပက ပြန်လာသူတွေနဲ့ပတ်သက်လို့ ပြည်တွင်းမှာ ရောဂါပိုးတွေ့ရှိမှုတွေ ပြန်လည်မြင့် တက်လာမှာကို စိုးရိမ်နေကြပြီး ရောဂါပိုးရှာဖွေ စစ်ဆေးမှုတွေကိုလည်း ဒီထက်ပိုတိုးမြှင့်လုပ်ဆောင်ပေးဖို့ တောင်းဆိုကြတာတွေ ရှိနေပါသေးတယ်။
ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ကတော့ ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုကို နေ့စဉ်ဦးရေ ၃၀၀ မှ ၄၀၀ ကြား ပြုလုပ် ပေးနေသလို ဓာတ်ခွဲခန်းတွေ တိုးချဲ့ဖွင့်လှစ်ဖို့လည်း စီစဉ်လျှက်ရှိနေပါတယ်။ စစ်ဆေးမှုတွေ တိုးမြှင့်ပြုလုပ်ရင် ရောဂါပိုးရှိသူတွေလည်း ပိုမိုတိုးမြှင့်လာရနိုင်တယ်လို့လည်း ဧပြီ ၂၆ ရက်နေ့က ဆိုထားပါတယ်။
လတ်တလော ရောဂါပိုးရှိသူတွေထဲက ပိုးရှိသူနဲ့ထိတွေ့မှုမရှိ၊ ခရီးသွားရာဇဝင် မရှိသူတွေပါ ကူးစက်ခံရတဲ့ အခြေ အနေတွေ ရှိလာတာကြောင့် ရောဂါလက္ခဏာ ပြသမှုမရှိတဲ့သူတွေ ရှိနေနိုင်ခြင်းနဲ့ ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ်နဲ့ ပေါ်ပေါက်လာမှာကို သတိပေး ထောက်ပြသူတွေလည်း ရှိပါတယ်။
“ဒုတိယလှိုင်းကို သတိထားဖို့လိုတယ်၊ ထိတွေ့မှုမရှိဘဲ ကူးစက်သူတွေရှိလာပြီ၊ ရောဂါနဲ့ ပတ်သက်လို့ ဒုတိယ လှိုင်းကတော့ လာလိမ့်မယ်လို့ထင်တယ်၊ လာခဲ့ရင် ပိုပြင်းလာမယ်လို့လည်း ထင်တယ်၊ အဲဒီအတွက် ကြိုတင်ပြင်ဆင်မှု စစ်ဆေးမယ်၊ ထိတွေ့မှု ရာဇဝင်ရှာမယ်၊ စောင့်ကြည့်မယ် ပိုပြီးလုပ်စေချင်တယ်၊ စက်ရုံတွေကိုလည်း ရာခိုင်နှုန်းအလိုက် စစ်ပေးစေချင်မိတယ်” လို့ ဦးဝင်းမျိုးသူက ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ ပိုးရှိသူနဲ့ ထိတွေ့မှုရှိသူတွေ၊ အသွားအလာ ကန့်သတ်ထားသူတွေထဲက ၁၀ ရာခိုင်နှုန်း ကို စစ်ဆေးပေးနေတယ်လို့ ထုတ်ပြောထားပြီး မန္တလေးနဲ့ မော်လမြိုင်တို့မှာ ဓာတ်ခွဲခန်းတွေ တိုးချဲ့ဖို့ ဆွေးနွေး ဆောင်ရွက်နေတဲ့အပြင် တပ်မတော်ဘက်ကလည်း လိုအပ်ရင် စစ်ဆေးပေးနိုင်တယ်လို့ ပြေထားတဲ့အတွက် စစ်ဆေးမှုအရေအတွက် တိုးမြင့်လာဖို့ မျှော်လင့်ရပါတယ်။
အစိုးရအနေနဲ့ ပြည်ပက ပြန်လာမယ့် နိုင်ငံသားတွေကို ဒုတိယအသုတ် ခေါ်ယူမှာ ဖြစ်ပေမယ့်လည်း ပြည်တွင်း ကူးစက်မှု မြင့်တက်နေတဲ့ မြို့နယ်တွေကို ကန့်သတ်ထိန်းချုပ်မှု တိုးမြင့်ထားသလို ဗီဇာထုတ်ပေးခြင်း အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ကန့်သတ်ချက်တွေကို မေလ ၁၅ ရက်နေ့အထိ တိုးမြှင့် သတ်မှတ်ထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကလည်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ကန့်သတ်စောင့်ကြည့်ခံနေရသူတွေ သောင်းနဲ့ချီ ရှိနေသေး တဲ့အတွက် ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေကို လျှော့ချလို့ မရသေးကြောင်း သတိပေးပြောဆိုထား ပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနက “အနည်းဆုံး မေလလယ်ခန့်အထိ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ယခုအခြေ အနေ အတိုင်း ပိုင်နိုင်ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဆိုပါက ရောဂါကူးစက်ပျံ့နှံ့မှု ကြီးမားစွာ ဖြစ်ပေါ်နိုင်မည် မဟုတ်ဟု ယူဆကြောင်း” ဆိုထားပါတယ်။
လတ်တလော အစိုးရရဲ့ COVID-19 ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့တော့ ကိုင်တွယ်ဆောင်ရွက်ရတဲ့ အဆင့်အလိုက် ရှင်းလင်းပြတ်သားတဲ့ မူဝါဒတွေ ချမှတ်ဖို့နဲ့ ကိုင်တွယ်ဆောင်ရွက်ရမယ့် အဖွဲ့အစည်းတွေကို ကြိုတင်ပြောကြားဖို့လိုတယ်လို့ ဦးဝင်းမျိုးသူက တိုက်တွန်းထားပါတယ်။
“သိပ်တော့ ပျံ့နှံ့တာမရှိဘူးဆိုပေမယ့် လျော့လို့ မရသေးပါဘူး။ အခု လူတွေက သွားလာကြ၊ ထွက်နေကြတာ တွေ့နေရတယ်၊ တချို့နိုင်ငံတွေက ပြန်လည်ပတ်ပြီဆိုတဲ့ သတင်းတွေကလည်း ရှိနေတာကိုး။ လွတ်တော်ကလည်း ခေါ်မယ်ကြေညာတော့ ပြီးပြီလားဆိုတဲ့ အတွေးဝင်နေကြမလား မပြောတတ်ဘူး၊ မပေါ့လျော့သင့်သေးဘူး၊ ကိုယ့်မှာက အရင်းအမြစ်တွေရှိတာမဟုတ်ဘူး” ဒေါက်တာစစ်နိုင်က သတိပေးပြောကြားထားပါတယ်။
ဆက်စပ်လင့်-
ကိုဗစ်ကြောင့် မြန်မာ့ဟိုတယ်နှင့် ခရီးကဏ္ဍ အလုပ်လက်မဲ့ ၅ သိန်းကျော် အထိရှိနိုင်
မမြင်ရတဲ့ ရန်သူကို နွမ်းပါးတဲ့ မြန်မာပြည် ရင်ဆိုင်နေရပြီ
ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ သောင်းနှင့်ချီ၍ ပြည်တွင်းပြန်ဝင်