ပြည်မကြီးသို့ ပြည်လည်ပေါင်းစည်းရမည့် ခွဲထွက်ပြည်နယ်အဖြစ် တရုတ်နိုင်ငံက သတ်မှတ်ထားသော ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ် ကျွန်းအနီးတွင် တရုတ်နိုင်ငံသည် ရန်စသည့် သဘောသက်ရောက်စေမည့် ဂျက်တိုက်လေယာဉ်များနှင့် ညူကလီးယား စွမ်းဆောင်ရည်ရှိသော ဗုံးကြဲလေယာဉ်များကို မကြာသေးမီက ဖြန့်ကျက်ထားလိုက်သည်။
တရုတ်နိုင်ငံ၏ Liaoning လေယာဉ်တင်သင်္ဘောသည် စစ်သင်္ဘော ၅ စင်း ခြံရံပြီး ထိုင်ဝမ်နှင့် ဖိလစ်ပိုင်အကြား ရေလက်ကြားတွင် အတိအလင်း အင်အားပြဖြတ်သန်းသွားကြောင်း တိုင်ပေက ဧပြီလ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။
လက်တုံ့ပြန်သည့်အနေဖြင့် အမေရိကန်စစ်သင်္ဘောများကလည်း ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးအကြား ရေလက်ကြားတွင် ယခုလအတွင်း နှစ်ကြိမ်ဖြတ်သန်းပြလိုက်ပြီး မကြာသေးမီက ဆိုလျှင် လမ်းညွှန်ဒုံးကျည်ဖျက်သင်္ဘော USS Barry ပင်ပါဝင်သည်။
ထိုသို့ပြုလုပ်ခြင်းသည် ပုံမှန် တပ်ရွှေ့ပြောင်းမှုသာဖြစ်ကြောင်းနှင့် ထိုရေလက်ကြားတွင် အမေရိကန်တပ်များ ရှိနေခြင်းမှာ လွတ်လပ်ပွင့်လင်းသော အင်ဒိုပိစိဖိတ်အတွက် ကတိကဝတ်ကို ပြသခြင်းသာဖြစ်ကြောင်း အမေရိကန် အမှတ် (၇) ရေတပ်မတော် ပြောခွင့်ရသူ အန်ထော်နီ ဂျန်ကိုပြောကြောင်း သတင်းများက ဖေါ်ပြသည်။
ထိုသို့သော တပ်ဖြန့်ချမှုများနှင့် ထုတ်ဖေါ်ပြောဆိုခဲ့ခြင်းများသည် အမေရိကန်နိုင်ငံတွင် လူ ၆၀၀၀၀ နီးပါး သေဆုံးစေသော ကိုဗစ်-၁၉ နှင့်လုံးပမ်းနေစဉ် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်အနီး သေနင်္ဂဗျူဟာအရ လစ်ဟာနယ်တခုပွင့်နေသည်ဟူသော အယူအဆကို မောင်းထုတ်ရန် ကြိုးစားခြင်းဖြစ်ကြောင်း သံသယဖြစ်ရန်မလိုပေ။
ထိုဖြစ်ရပ်များသည် အမေရိကန်-တရုတ် ဆက်ဆံရေး တင်းမာနေချိန်တွင် ဖြစ်ပေါ်ခဲ့သည်။ ထိုသို့တင်းမာရသော အကြောင်းရင်းများတွင် အမေရိကန်က တောင်တရုတ်ပင်လယ်မှ တရုတ်နိုင်ငံ၏ ပိုင်နက်တောင်းဆိုမှုများကို ဆန့်ကျင်ခြင်း၊ ဟောင်ကောင် ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံခြင်း၊ မဖြေရှင်းနိုင်သေးသော ကုန်သွယ်ရေးပြဿနာများနှင့် နောက်ဆုံးတွင် တကမ္ဘာလုံး ကူးစက်ရောဂါနှင့်ပတ်သက်ပြီး တဖက်နှင့်တဖက် အပြစ်တင်ခြင်းတို့ပါဝင်သည်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်ခဲ့လျှင် အမေရိကန်နိုင်ငံအနေဖြင့် ကြားဝင်စွက်ဖက်ရန် ဥပဒေအရ တာဝန်မရှိသော်လည်း ဘေ့ဂျင်းက ထိုကဲ့သို့သောတိုက်ခိုက်မှု ပြုလုပ်ခဲ့လျှင် အမေရိကန် သမ္မတ ထရမ့်သည် ယခင်သမ္မတ ဘားရက်အိုဘားမားလောက် အာရှပိစိဖိတ်ကို အာရုံမစိုက်သောကြောင့် ဝါရှင်တန်က လက်ပိုက်ကြည့်နေမည်ဟူသောအချက်ကို လုံခြုံရေး သုတေသီများက သံသယ ရှိကြသည်။
“ထရမ့်ဟာ ပစိဖိတ်ကမ်းခြေနိုင်ငံများ ပူးပေါင်းဆောင်ရွက်တာကနေ နှုတ်ထွက်တာတို့၊ ကာကွယ်ရေး အသုံးစရိတ်ကုန်ကျမှုကြောင့် တောင်ကိုရီးယားနဲ့ ဂျပန်ကို ခါချလိုက်တာတို့နဲ့ ဒေသတွင်း မဟာမိတ်တွေနဲ့ ခပ်ရှင်းရှင်း နေဖို့ အများကြီးလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအကြောင်းကြောင့်ပဲဖြစ်စေ ၁၉၇၉ ခုနှစ် ထိုင်ဝမ်နဲ့ ဆက်ဆံမှု လျှော့ချခြင်းနောက်ပိုင်း ဘယ်အမေရိကန် သမ္မတထက်မဆို ထိုင်ဝမ်ကို ကူညီဖို့ ပိုလုပ်ခဲ့တယ်” ဟု အမေရိကန်အခြေစိုက် သုတေသီ တဦးပြောသည်။
ထိုနှစ်က အမေရိကန်ပြည်ထောင်စုသည် ဘေ့ဂျင်းနှင့် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး တိုင်ပေနှင့် ဆက်ဆံရေးမှ အလွတ်သဘော ဆက်ဆံရေးဖြစ်သွားခဲ့သည်။ သို့သော် ထိုင်ဝမ်သည် ကျယ်ပြန့်သော သေနင်္ဂဗျူဟာ အကြောင်းများကြောင့် အမေရိကန်ပြည်ထောင်စုက မစွန့်လွှတ်နိုင်သည့် စစ်အေးတိုက်ပွဲ မဟာမိတ်အဖြစ် ဆက်လက်ရှိနေသည်။
ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းသည် တရုတ်နိုင်ငံ၏ အရှေ့ဖက်စစ်မျက်နှာတွင် အမေရိကန် နိုင်ငံက စုစည်းထားသည့် စစ်ဖက်မဟာမိတ်များတွင် ဂျပန်၊ တောင်ကိုရီးယားနှင့် မကြာမီကဆိုလျှင် ဖိလစ်ပိုင်တို့နှင့် အတူပါဝင်နေသည်။ ထို့ကြောင့်အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကျွန်း၏ ၎င်းကိုယ်၎င်း ကာကွယ်ရေးအတွက် အရေးပါသော စစ်ပစ္စည်းများကို နှစ်ပေါင်းများစွာ ထောက်ပံ့နေခဲ့သည်။
သို့သော် တရုတ်နိုင်ငံ၏ ကျူးကျော်ရန် အားထုတ်မှုကို ထိုင်ဝမ်က ခံနိုင်ရည် ရှိမရှိနှင့်ပတ်သက်ပြီး သုတေသီများ ရှင်းရှင်းလင်းလင်း မသိကြပေ။ ယခင်က ထိုင်ဝမ်ကာကွယ်ရေးစနစ်များသည် တရုတ်နိုင်ငံထက် ပိုမိုခေတ်မီပြီး အဆင့်မြင့်မားသည်။ သို့သော် တရုတ်နိုင်ငံ၏ စစ်ရေးတည်ဆောက်မှုများကြောင့် သေနင်္ဂဗျူဟာ ချိန်ခွင်လျှာသည် တရုတ်နိုင်ငံဖက်သို့ ယိမ်းနေနိုင်သည်။
ယခုလအစောပိုင်းက တရုတ်နိုင်ငံသည် ၎င်း၏ နောက်ထပ် ၀၇၅ အတန်းအစားရှိသော ဒုတိယမြောက် သင်္ဘောဖြစ်သည့် တန်ချိန် ၄၀၀၀၀၀ ရှိ ကုန်းရေ တိုက်ခိုက်ရေး ရေယာဉ်တစင်းကို စတင်အသုံးပြုသည်။ ထိုင်ဝမ်သည် ၎င်း၏ရေတပ်တွင် ထိုမျှကြီးမားသော လေယာဉ်တင် သင်္ဘောကြီးများကို ယှဉ်နိုင်သည့် သင်္ဘောတစင်းမျှ မရှိပေ။
ထို့အပြင် ထရမ့်၏ အမေရိကန် ဦးစားပေး အစီအစဉ်နှင့် ဒေသတွင်းတွင် အမေရိကန်၏ ကာကွယ်ရေးအနေအထား ရုတ်တရက် အထင်အရှား အားအင်ချိနဲ့သွားချိန်တွင် ထိုင်ဝမ်သည် အမေရိကန်ထံမှ ထောက်ခံမှု မည်မျှကို လက်တွေ့တွင် ရနိုင်သည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။ ထိုသို့ဆိုသော်လည်း ထိုင်ဝမ်သည် တရုတ်နိုင်ငံကို တန်ပြန်ရန် အမေရိကန်က ရောင်းချခဲ့သည့် ထိပ်တန်းကာကွယ်ရေး ကိရိယာများကို ပိုင်ဆိုင်ထားပြန်သည်။
၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထိုင်ဝမ်၏ ကာကွယ်ရေး စွမ်းရည်တိုးတက်စေရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၃၀ ရှိသော လက်နက်များ ရောင်းချရန် အတည်ပြုခဲ့သည်။ ထိုရောင်းချမှုတွင် အက်ဖ် ၁၆ လေယာဉ်များ၊ စီ ၁၃၀ ရဟတ်ယာဉ်များနှင့် အက်ဖ် ၅ စစ်လေယာဉ်များနှင့် သက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေး စနစ်များ ပါဝင်သည်။
ထရမ့်၏ အစိုးရတွင် သဘောထားတင်းမာသူများဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယိုနှင့် ကာကွယ်ရေး ဝန်ကြီး မိုက်အက်စပါတို့ ပါဝင်နေသောကြောင့် ထိုသို့ ထိုင်ဝမ်အတွက် ထိုသို့သော ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ဆက်လက်ရှိနေနိုင်သည်။ တချိန်တည်းတွင်လည်း တရုတ်နိုင်ငံသည် ယခုကဲသို့ သိမ်မွေ့သောအချိန်တွင် ထိုင်ဝမ်ရေလက်ကြား၌ အမေရိကန် ပြည်ထောင်စုနှင့် ထိပ်တိုက်တွေ့ရလောက်အောင် စွန့်စားနိုင်ခြေမရှိပေ။
တရုတ်သမ္မတရှီကျင့်ဖျင်သည် ထိုင်ဝမ်ကို ယခုနှစ်အတွင်း ကျူးကျော် မကျူးကျော်နှင့်ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ချရန် နောက်ဆုံးရက်စွဲ သတ်မှတ်ထားပြီးဖြစ်ကြောင်း တရုတ်ရေးရာလေ့လာသူများက ယုံကြည်ကြသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလက ပြောသောမိန့်ခွန်းတခုတွင် ရှီက ထိုင်ဝမ်သည် ယခုဟောင်ကောင်တွင် ကျင့်သုံးနေသည့် တနိုင်ငံ စနစ်နှစ်မျိုး စနစ်ကို လိုက်နာရမည်ဖြစ်ကြောင်းပြောသည်။ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းခြင်းကို သူလိုလားကြောင်းပြောသော်လည်း အင်အားသုံးခွင့်ကိုလည်း ဆက်လက်ထိန်းသိမ်းထားသည်။
ဘေ့ဂျင်းဆန့်ကျင်ရေး ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို ထိုင်ဝမ်က ဓါတ်ငွေ့ကာ မျက်နှာဖုံးများပေးခြင်းနှင့် ဖမ်းဆီးခံရနိုင်သောကြောင့် ထွက်ပြေးလာသူများကို ခိုလှုံခွင့်ပေးခြင်း စသည်တို့ဖြင့် ဗြောင်ကျကျထောက်ခံခဲ့သောကြောင့် ရှီ၏ တွက်ချက်မှု မည်မျှပြောင်းလဲသွားမည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လာမည့်နှစ်တွင်ကျရောက်မည့် တရုတ်ပြည်ကွန်မြူနစ်ပါတီ ထူထောင်သည့် နှစ်တရာပြည့်အထိမ်းအမှတ်သည် ထိုင်ဝမ်အတွက် အရေးပါသော နှစ်တနှစ်ဖြစ်မည်ဟု အချို့လေ့လာသူများပြောသည်။ သို့သော် အချို့လေ့လာသူများက ထိုသို့ယူဆခြင်းသည့် စောသေးကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် နှစ်တရာပြည့် ၂၀၄၉ ခုနှစ်သည် ပိုမိုဖြစ်နိုင်ခြေရှိသော အချိန်ကာလဖြစ်ကြောင်း ပြောကြသည်။
ထိုအချိန်တွင် ရှီသည် အာဏာရှိနေနိုင်ခြေ မရှိတော့ပေ။ ထို့ကြောင် တရုတ်နိုင်ငံသည် ထိုအကြံအစဉ်ကို မကြာမီ အကောင်အထည်ဖေါ်တော့မည့် သဘော သက်ရောက်နေပြန်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်သူ မော်စီတုန်းသည် နိုင်ငံကို စုစည်းညီညွတ်စေခဲ့ပြီး သူ၏ စစ်တပ်သည် တိဗက်ကို ကျူးကျော် နယ်ချဲ့ခဲ့သည်။
တရုတ်နိုင်ငံ၏ ဒုတိယ အာဏာရှင် တိန့်ရှောင်ဖိန်သည် ဗြိတိသျှတို့အုပ်ချုပ်သော ဟောင်ကောင်နှင့် ပေါ်တူဂီတို့ အုပ်ချုပ်သော မက္ကာအိုတို့ကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် ညှိနှိုင်းခဲ့သည်။
ခေတ်သစ်တရုတ်နိုင်ငံ၏ တတိယ အကြီးမြတ်ဆုံး ခေါင်းဆောင်အဖြစ် သူ့ကိုယ်သူမြင်နေသော ရှီသည် ထိုင်ဝမ်အပါအဝင် တရုတ်ပိုင်နက်အားလုံး နောက်ဆုံး သူ၏ရာထူးသက်တမ်းအတွင်း ပြန်လည်ပေါင်းစည်းသွားသည်ကို မြင်လိုပုံပေါက်သည်။
အရာတော်တော်များများသည် ကိုဗစ်-၁၉ အကျပ်အတည်း မည်သို့ ဆက်လက်ဖြစ်ပေါ်မည်အပေါ် မူတည်နေသည်။
ရှီသည် နိုင်ငံ၏လက်ရှိ စီးပွားရေး ပြဿနာများနှင့် ၎င်း၏အကျိုးဆက် အလုပ်လက်မဲ့ မြင့်မားလာခြင်းမှ ပြည်သူလူထုကို အာရုံလွှဲရန်အတွက် အမျိုးသားရေး မီးကိုမွှေးပြီး ထိုင်ဝမ်ကို ပြည်ပမှ ကျူးကျော်စွက်ဖက်မှု လုပ်လာနိုင်သည်ဟု အချို့ သုတေသီများမြင်ကြသည်။
တချိန်တည်းတွင် အမေရိကန် တပ်ဖွဲ့ဝင် ၄၀၀၀၀ နှင့် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် ၂၀၀၀၀ တို့သည့် ပြည်တွင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် ပါဝင် လုပ်ဆောင်နေကြရသည်။
ထို့အခြေအနေကြောင့် ပစိဖိတ် ဒေသအတွင်း အာဏာထူထောင်ရေး စွမ်းရည်ကို ထိန်းချုပ်ထားသော အမေရိကန် ပိုင်ဆိုင်သည့် ဂူအန်ကျွန်းပေါ်မှ ဘီ-၅၂ ဗုံးကြဲလေယာဉ်များ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နိုင်ရေး ပင်တဂွန်၏ တာဝန်များကို ဧပြီလ ၁၆ ရက်နေ့တွင် ရုတ်တရက် အကြောင်းပြချက်မပေးဘဲ အဆုံးသတ်လိုက်ရခြင်းဖြစ်နိုင်သည်။
ထိုဗုံးကြဲလေယာဉ်များကို ယခုအခါ အမေရိကန်နိုင်ငံတွင်းမှာပင် ချထားရပြီး အိန္ဒိယ သမုဒ္ဒရာနှင့် ပိစိဖိတ် သမုဒ္ဒရာများတွင် ဆက်လက်လှုပ်ရှားမည်ဖြစ်သည်။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် ၎င်းတို့ကို ဂူအမ်တွင် ချထားသည်နှင့်တူညီမည်မဟုတ်ကြောင်း ကာကွယ်ရေး သုတေသီ ဂျိုးဆက် ထရက်ဗွီသစ် က Drive အမည်ရှိ သေနင်္ဂဗျူဟာ အင်တာနက်စာမျက်နှာတွင် ရေးသားသည့် ဆောင်ပါးတွင် ဆွေးနွေးထားသည်။
ဂူအမ်ကျွန်းတွင် ဗုံးကြဲလေယာဉ်များ ထားရှိခြင်းသည် ထိုဒေသတွင် အမေရိကန် သြဇာနှင့် ဟန့်တားရေး စွမ်းရည် ထူထောင်ရေး၏ အရေးပါသော မှတ်တိုင်ဖြစ်ပြီး ပစိဖိတ်ဒေသတွင် အမေရိကန်တပ်များ၏ အဆင့်သည် မကြာသေးမီက ကြီးမားသော အပြောင်းအလဲဖြစ်သွားသည်ကို မငြင်းနိုင်ကြောင်း သူဆွေးနွေးသည်။
ထူးခြားသည်မှာ ထိုင်ဝမ်သည် ဗိုင်းရပ်စ်ကြောင့် အင်အားချိနဲ့မသွားခြင်းဖြစ်သည်။ လူဦးရေ ၂၃ သန်းတွင် ရောဂါကူးစက်မှုပေါင်း ၄၂၈ ခုဖြစ်ပွားခဲ့ပြီး လူ ၆ ဦးသာသေဆုံးပြီး ထိုင်ဝမ်သည် ထိုအသေအပျောက်များသော ရောဂါကို ကျွမ်းကျင်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်ခြင်းကြောင့် နိုင်ငံတကာ ချီးကျူးဂုဏ်ပြုခြင်းကို ခံရသည်။
လက်တွေ့တွင်လည်း ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် ထိတ်တိုက်တွေ့ပြီး နှာခေါင်းစည်း သံတမန်ရေးရာကို ကျင့်သုံးကာ ပိုးမွှားကာကွယ်ရေး ဝတ်စုံများကို ဥရောပသမဂ္ဂနိုင်ငံများသို့ ပို့ပေးနေသည်။
ဥရောပသမဂ္ဂ ကော်မရှင်နာမင်းကြီး အာဆူလာ ဗွန် ဒါ လီယန်သည် မကြာသေးမီက ကြေညာချက်တစောင် ထုတ်ပြန်ပြီး နှာခေါင်းစည်း ၅.၆ သန်း လှူဒါန်းသောကြောင့် ထိုင်ဝမ်ကို ကျေးဇူတင်ကာ ထိုသို့သောသွေစည်းချစ်ကြည်မှုကို ဥရောပသမဂ္ဂက တန်ဖိုးထားကြောင်း ပြောကြားသည်။
ထိုင်ဝမ်သည် အမေရိကန်ပြည်ထောင်စု၊ ပစိဖိတ်နှင့် အနောက်အင်ဒီးမှ တရုတ်နှင့်ဆက်ဆံရေးမထူထောင်ဘဲ ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် ကျွန်းနိုင်ငံများသို့လည်း နှာခေါင်းစည်းနှင့် ဆေးပစ္စည်းကိရိယာများ ပေးပို့သည်။
မတ်လက ထိုင်ဝမ်နိုင်ငံ၏ အထင်ရှားဆုံးသုတေသနအဖွဲ့အစည်းဖြစ်သော Academia Sinica သည် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့်ကနေဒါတို့မှ သုတေသနအဖွဲ့အစည်းများဖြင့် ကိုဗစ်-၁၉ စမ်းသပ်ရေးကိရိယာများ၊ ကာကွယ်ဆေးများနှင့် စစ်ဆေးမှု ကြာခံပစ္စည်းများနှင့်ပတ်သက်သည့် သုတေသနနှင့်ဖွံ့ဖြိုးရေးအတွက် ဗီဒီယို ကွန်းဖရင့် ကျင်းပခဲ့သည်။
ထိုလုပ်ရပ်များအားလုံးသည် ဘေ့ဂျင်း၏ ဒေါသကို ဆွပေးနေမည်မှာ ထင်ရှားလှသည်။ ယခုလ အစောပိုင်းက ဘေ့ဂျင်းတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ကျောက်လီကျန်း က ထိုင်ဝမ်ကို ဝေဖန်တိုက်ခိုက်သည်။
“ကိုဗစ်-၁၉ စတင်ဖြစ်ပွားကတည်းက ထိုင်ဝမ်အာဏာပိုင်တွေဟာ အတင့်ရဲတဲ့ နိုင်ငံရေး ဗျူဟာတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲက ကမ္ဘာ့ကျန်းမာရေး ညီလာခံမှာ ထိုင်ဝမ်ပါဝင်ပတ်သက်မှုကို မြှင့်တင်ဖို့ သူတို့တတ်နိုင်တာအကုန်လုပ်ခဲ့ကြတယ်” ဟု သူ ပြောသည်။
“သူတို့ရဲ့ တကယ့် ရည်ရွယ်ချက်က ကမ္ဘာ့ကူးစက်ရောဂါကိုအသုံးချပြီး လွတ်လပ်ရေးအတွက် ကြိုးစားဖို့ဖြစ်တယ်။ ကျနော်တို့က ဒါကို အခိုင်အမာဆန့်ကျင်တယ်။ သူတို့ရဲ့ အကြံအစီ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး” ဟု သူပြောသော်လည်း အသေးစိတ်ရှင်းပြခြင်း မရှိခဲ့ပေ။
သို့သော် ထိုင်ဝမ်သည် ကမ္ဘာ့အကျပ်အတည်းတွင် တာဝန်သိပြီး ဒီမိုကရေစီနည်လမ်းကျသော ဇာတ်ကောင်အဖြစ် ၎င်းတို့ကို ၎င်းတို့ သရုပ်ဖေါ်နိုင်ခဲ့ပြီး အာဏာရှင်တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုမရှိဘဲ မကြာခဏဆိုသလို ဆန့်ကျင်ဖက်ဖြစ်နေသော ဗိုင်းရပ်စ်နှင့်ပတ်သက်သည့် အချက်အလက်များ၊ စတင်ဖြစ်ပွားပျံ့နှံ့မှုနှင့်ပတ်သက်သော တရုတ်နိုင်ငံ၏ အခန်းကဏ္ဍတို့နှင့် လုံး၀ ဆန့်ကျင်ဖက်ဖြစ်နေသည်။
(Asia Times ပါ Bertil Lintner ၏ Time may be ripe for China to invade Taiwan ကို ဘာသာပြန်သည်။)
ဆက်စပ်လင့်
ထိုင်ဝမ်၏ ကိုဗစ်-၁၉ တုန့်ပြန်မှု ကမ္ဘာ့အကောင်းဆုံးများတွင် ပါဝင်
ကိုဗစ်-၁၉ ကာလ တောင်တရုတ်ပင်လယ်တွင် တရုတ် အမြတ်ထုတ်
ကင်ဂျုံအွန်း သေရင် သူ့ညီမ ကင်ယိုဂျုံ ရာထူးဆက်ခံမလား